Total Pageviews
Saturday, September 29, 2012
ကမ္ဘာနှင့် မြန်မာတို့ ၏ ပျားရည်ဆမ်း
၁။
ဤစာအတွက်"ကမ္ဘာ"ဟူသည်ကား "အနောက်တိုင်းယဉ်ကျေးမှု"ကျင့်သုံးကြသည့်လူ့ အသိုင်းအဝန်းကို 
ရည်ရွယ်သည်ဟု ဆိုချင်ပါသည်။ တိတိကျကျဆိုရလျှင် ဥရောပယဉ်ကျေးမှု-ဟု ဆိုရပါတော့မည်။ ကြင်နာစတူစုံမောင်မယ်တို့ မင်္ဂလာဦးအပျော်ခရီးလည်ပတ်သည်ကို အင်္ဂလိပ်လူမျိုးတို့ ဘာသာစကားဖြင့် “Honeymoon" ခေါ်သည်ဖြစ်ရာ မြန်မာတို့ က "ပျားရည်ဆမ်းခရီး"ဟု ဘာသာပြန်ကြသည်။
 မြန်မာအဘိဓာန်တခုကတော့ "မင်္ဂလာဦးခရီး"ဟု အနက်ပေးသည်။
လက်မွန်မဆွစာလုံးပေါင်းမှာ "Hony moone" ဖြစ်ပြီး အေဒီ ၁၅၄၆ လောက်မှာယင်းစကားလုံးကို မှတ်တမ်းတင်
နိုင်ခဲ့ကြသည်။ အနောက်တိုင်းသားတို့ သည် မင်္ဂလာဦးခရီးထွက်သည့်အလေ့အထကို အထက်တန်းစားအိန္ဒိယ
လူမျိုးတို့ ထံမှ အတုယူခဲ့သည်ဟူ၏။ လက်ထပ်ပြီးစ အိန္ဒိယလူမျိုးဇနီးမောင်နှံတို့ သည် သူတို့ မင်္ဂလာပွဲသို့ မလာ
ရောက်နိုင်သော ဆွေမျိုးများထံသို့  ဆွေပြမျိုးပြအလည်အပတ်သွားရောက်လေ့ရှိကြသည်။ ယင်းအလေ့သည် ဥရောပတိုက်သားများထံ ကူးစက်ရောက်ရှိသွားခဲ့သည်။
"တရက်ပျော်ချင် အရက်သောက်၊ တလပျော်ချင် မိန်းမယူ၊ တသက်လုံးပျော်ချင် သစ်ပင်စိုက်"ဆိုတာလို မင်္ဂလာဆောင်ပြီးစ တလအတွင်းမှာ အိမ်ထောင်ရေးအခက်အခဲ၊လူမှုဒုက္ခတွေ၊ အပူအပင်တွေမရှိသေးလို့  အိမ်ထောင်ရေးသုခကို မငြီးနိုင်၊ မရိုးနိုင်ခံစားရသည်မှာ ချိုမြိန်ခြင်းအတိပြီးသောပြည့်ပြည့်ဝဝကာလဟု အနောက်တိုင်းသားတို့ ယူဆကြလေသည်။
အနှစ်ချုပ်ကြည့်လိုက်လျှင် အနောက်ကမ္ဘာ၏ပျားရည်ဆမ်းသည် အိမ်ထောင်ဦးအပျော်ကာလကို ရည်ညွှန်းပါ
သည်။
၂။
မြန်မာတို့ ၏ "ပျားရည်ဆမ်း"ကို မြန်မာသက္ကရာဇ် ၈၇၁ တွင် ဖွဲ့ ဆိုပြီးစီးသော စာဆိုတော်အရှင်တေဇောသာရ၏
"ငါ့အားချမ်းချမ်း ၊ ပျားရည်ဆမ်းသို့ 
ရွှမ်းရွှမ်းသံချို ၊ ပြောပဆိုသည့်
ရွှေကိုယ်ရောင်ပြေး ၊ အို ငါ့မြေး……။"  (ပိုဒ်ရေ-၄၄) ...ဟု တွေ့ ရပါသည်။
သက္ကရာဇ် ၉ဝ၄ တွင် ဖွဲ့ ဆိုပြီးစီးသော စာဆိုတော် အသျှင်အဂ္ဂသမာဓိ၏ဘုံခန်းပျို့ တွင်လည်းပျားရည်ဆမ်း
ပြန်ပါသည်။
"ဝမ်းထဲကြည်မွှမ်း ၊ ပျားရည်ဆမ်းသို့ 
ချစ်ကျွမ်းဝင်ဘိ ၊ မာတလိ ……။"    (ပိုဒ်ရေ- ၁)
ရွှေဟင်္သာမင်းပျို့ ၊ ဘုံခန်းပျို့ လာ "ပျားရည်ဆမ်း" ဥပမာတို့ မှာ စကားချိုသာပြောဆိုခြင်း ၊ စိတ်ထားကောင်းမွန်
ခြင်း၊ သဘောချိုသာခြင်းတို့ ကို ရည်ညွှန်းကြပါသည်။ ကောင်းဂုဏ်ကို ဖွင့်ဟပြောဆိုခြင်းပါတည်း။
ကောင်းဂုဏ်ကို ဖွင့်ဟပြောဆိုသည့်အခါ  ရှေးမြန်မာတို့ "ပျားရည်ဆမ်း" ကြောင်းဆိုတော့ မကောင်းတာကို ဖွင့်ဟပြောဆိုရာမှာကော "ပျားရည်မဆမ်းဘူးလား"ဟု ကတ်သီးကတ်သတ်မေးခွန်းထုတ်လိုကြပေမည်။ မကောင်းသည့်နေရာမှာလည်း ရှေးမြန်မာတို့ "ပျားရည်ဆမ်း"ခဲ့ကြသေးသည်။
အလောင်းမင်းတရား ဦးအောင်ဇေယျအနိစ္စရောက်သောအခါ မင်းခေါင်နော်ရထာဘွဲ့ ခံ မုဆိုးချုံရွာဇာတိ
 သွေးသောက်ရဲဘော်ကြီး ဦးတွန်သည် ရွှေဘိုနန်းရှင်နောင်တော်ကြီးမင်းထံသို့  အခစားမဝင်ရောက်ဘဲ အင်းဝမြို့ 
ကို သိမ်းပိုက်ပြီး ပုန်ကန်ခြားနားလေသည်။ ယင်းအကြောင်းကို ပလိပ်စားဧးချင်းတွင် ဖော်ပြထား၏။
"ညစ်ကျူမည်းသမ်း ၊ နှလုံးနှမ်းနှင့်
ပေါ်ဆမ်းပျားရည် ၊ ထဲကွေ့ လည်သား
ကြံစည်မှားလေ ၊သစ္စာသွေလျက်
မြို့ ရွှေဝတွင်း ၊ ဗိုလ်ပါသွင်း၍
တစင်းပြည်ညှောင့် ၊ ငတွန်မှောင့်သော် ။"  (ပိုဒ်ရေ-၆၂)
အပေါ်ယံမှာတော့ ပျားရည်ဆမ်းထားသလို ချိုမြနေသော်လည်း အတွင်းစိတ်ကောက်ကျစ်ပုံ၊ သစ္စာမဲ့ပုံတို့ ကို "ပျားရည်ဆမ်း"ကို သုံးလျှက် နင့်နင့်နဲနဲ ရေးသားထားလေသည်။ ဧးချင်းဆရာက "ပျားရည်ဆမ်း"ကို မကောင်းဘက်မှာ သုံးပြလိုက်တော့ နောက်နှောင်းစာဆို မဟာသုတကာရီမဃဒေဝလင်္ကာသစ်ဆရာလည်း မနေတော့ပြီ။ "ပျားရည်ဆမ်း"ကို သုံးစွဲလျက် လင်္ကာစီပြန်သည်။
"မိစ္ဆာစာရ ၊ ကျင့်ပါပနှင့်
ဒုဿီလမျိုး ၊ လိုဆိုးဟော့ရမ်း
မိန်းမသွမ်းတို့ ၊ ပေါ်ဆမ်းပျားရည်
ယုံစိမ့်သည်ဟု ၊ ထွေလည်ထိုထို
တောင်ကြီးမျို၍ ၊ ရွတ်ဆိုနုတ်က
ကျိန်သမျှလည်း ၊ မိန်းမသစ္စာ
မုသားသာတည်း………….။ "   (ပိုဒ်ရေ- ၃ဝ၈)
ဆရာကြီးမင်းသုဝဏ်အပြောအတိုင်းရေးရလျှင်" ပလိပ်စားဧချင်းဆရာက ဦးတွန်ကို မဲ၍ ရေးသည်။ မဃဒေဝလင်္ကာသစ်ဆရာက မိန်းမတွေကို မဲ၍ ရေးသည်။ ခံရသူတို့ ကား သက်သာမည်မဟုတ်…."ဟူသတည်း။
ဤစာ၊ဤကဗျာလင်္ကာတွေကို ကြည့်ရှုထေက်ချင့်တွေးဆခြင်းဖြင့် မြန်မာတို့ ၏"ပျားရည်ဆမ်း"သည်
 ကောင်းသည့်ဘက်ရော၊ မကောင်းသည့်ဘက်မှာပါ သုံးစွဲနိုင်သည့် "နှစ်ဘက်ရ"စကားလုံးပေတည်း။
၃။
ကမ္ဘာ့အသုံး "ပျားရည်ဆမ်း"သည် တသက်မှာတခါ၊ အိမ်ထောင်ပြုသူတို့ မင်္ဂလာဦးအခါသမယမှာ ရနိုင်သည့်အတွက် ကာလတိုတောင်းပါသည်။ အိမ်ထောင်မပြုသူတို့ မှာ ပျားရည်ဆမ်းကာလကို ရဖို့ ရန် အခွင့်အရေးကား မမြင်သာပါ။ သူတို့ ပျားရည်ဆမ်းမှာ အချိန်နှင့် ပုဂ္ဂိုလ်အကန့် အသတ်ရှိပါသည်။
မြန်မာအသုံး"ပျားရည်ဆမ်း"ကား နုတ်အပြော ၊ စိတ်အကြံ ကောင်းမွန်တော်ဖြောင့်ခြင်း ၊ရည်မွန်ယဉ်ကျေးခြင်း 
ကိုဖော်ပြလို သည့်အခါကာလမှာဖြစ်စေ ၊ နုတ်အပြော၊စိတ်အကြံ စဉ်းလဲကောက်ကျစ်အကျင့်ညစ်ကိုဖော်ပြလို
သည့်အခါကာလမှာဖြစ်စေ ရနိုင်သည့်အတွက် ကာလရှည်လျားပါသည်။ အသက်ရှင်သမျှ သုံးနိုင်ပါသည်။
 ဖော်မဲ့သူရော ၊ ဖော်စုံသူပါ မြန်မာ"ပျားရည်ဆမ်း"နှင့် သက်ဆိုင်နိုင်ပါသည်။ မြန်မာတို့ ၏ပျားရည်ဆမ်းကား 
အချိန်၊ ပုဂ္ဂိုလ် အကန့် အသတ်မရှိပါ။ ကျယ်ပြောလှပါသည်။
အမရဒီပ
စက်တင်ဘာ ၂၉၊ ၂ဝ၁၂
စာကိုး။ မြန်မာစာမြန်မာမှု၊ မင်းသုဝဏ်။
No comments: