Total Pageviews

Tuesday, June 11, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၈



လှသူဇာပျို နှင့် ဘုန်းကြီးတို့ ၏ ရေတွင်းနားက အရှိန်ယူစ နှလုံးသားရေးရာကိစ္စကို ဆရာတော် အရှင်သောဏုတ္တ
ရ ဖြတ်တောက်ပစ်ပြီးနောက် ဘုန်းကြီးကျောင်းနှင့်ဆိုင်ရာ စိတ်အလိုမကျမှုများ ဘုန်းကြီးမှာ မြင့်မားလာခဲ့သည်။
ဘုန်းကြီးကား ဤဆရာတော် သင်ပြပေးနေသည်ထက် ပိုပြီးစနစ်ကျသော ပညာရေးမျိုးကို ကိုယ့်သဘော ကိုယ့်အလိုဆန္ဒအမှန်အတိုင်း လိုချင်သူ ဆယ်ကျော်သက်တဦးဖြစ်ပါသည်။ကိုရင့်ဘဝနှင့်ဆက်လက်နေချင်သည်။
သို့ သော် လှေကြီးထိုးရိုးရိုးသွားဆရာတော်၏ အချုပ်အချယ်အောက်မှာ နေချင်သည်မဟုတ်။  ဤပြဿနာအတွက် ဖြေရှင်းနည်းမှာ ထွက်ပြေးခြင်းမှတပါး အခြားမရှိချေ။ ဟုတ်ပြီ။ မည်သည့်အရပ်သို့ 
ပြေးမည်နည်း…။

အိမ်ပြန်ပြေးခြင်းမှာ အလုပ်မဖြစ်မှန်း ဘုန်းကြီးသိသည်။ နောက်တကြိမ်လူထွက်လာပြန်လျှင် မိဘများ အကြီးအကျယ် စိတ်ဆင်းရဲကြလိမ့်မည်။ မိဘမျက်နှာ အိုးမည်းသုတ်သည့်အလုပ်မျိုး ဘုန်းကြီးမလုပ်သင့်တော့ပြီ။

ထိုကာလတွင် သားအဖနှစ်ယောက် ဘုန်းကြီးကျောင်းမှာ လာနေကြသည်။ သားဖြစ်သူ၏
အမည်မှာ ဂုဏဝါဒေန ဖြစ်သည်။ ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့ အလွန်ခင်မင်ကြသည်။ သူကဤကျောင်းထက်ပိုကောင်းသောနေရာကို သိသည်ဟု ပြောလေ့ရှိသည်။
 ထို့ ကြောင့် တနေရာသို့ အတူတူထွက်ပြေးကြဖို့ တိတ်တဆိတ်အစီအစဉ်ဆွဲထား
ကြသည်။ ဤတကြိမ် ထွက်ပြေးလျှင် မည်သူမျှရှာမတွေ့ နိုင်သည့်နေရာသို့ ပြေးမည်ဟု
ရည်ရွယ်ထားသည်။

ထွက်ပြေးကြမည့်ရက်တွင်  ခါတိုင်းသွားနေကျ ရွာဆိုင်သို့  ကတုံးတုံးရန် ထွက်လာခဲ့သည်။
တနေ့ လုံး မျှော်လင့်ချက်ကြောင့် လှုပ်ရှားနေသည်။ဂုဏဝါဒေနလည်း ဘုန်းကြီးကဲ့သို့ ဖြစ်ပေလိမ့်မည်။ ညဆယ့်တနာရီ ဘုန်းကြီး အိမ်သာသွားပြီးအပြန် ကျောင်းရှေ့ တံခါးကို အသာကလေးဟထားပစ်ခဲ့သည်။

ညဆယ့်နှစ်နာရီခွဲခန့် တွင် ဆရာတော့်ဟောက်သံကို ဘုန်းကြီးတို့ ကြားရသည်။ ဖယောင်းတိုင်များကို စုကိုင်ပြီး ဆွမ်းချက်ဆောင်သို့ လျှောက်ခဲ့ကြသည်။ ဆွမ်းချက်ဆောင်မှာ သင်္ကန်းများချွတ်၊ လုံချည်နှင့် အင်္ကျီလဲဝတ်သည်။

ကျောင်းပြင်အရောက် အရင်တခေါက်ထွက်ပြေးခဲ့ကြသည့်အရပ်နှင့်ဆန့် ကျင်ဖက်ဆီ တူရူ
ဦးတည်လိုက်ကြသည်။ နှစ်မိုင်ခန့် ဝေးသည့် လမ်းမကြီးသို့ ရောက်နိုင်ရေးအတွက် လယ်ကွင်း
စပါးခင်းများကိုဖြတ်ကာ အစွမ်းကုန် သုတ်ခြေတင်ကြသည်။ ပတ်ဝန်းကျင်တဝိုက် ညဥ့်ငှက်အော်သံ၊ 
ဖားအော်သံ၊ ပရစ်အော်သံ နှင့် အဝေးဆီမှ ခွေးဟောင်သံများကို ကြားနေရသည်။

လမ်းမကြီးသို့ ရောက်သည့်အခါ အရှိန်လျှော့ကာ လမ်းလျှောက်ရုံလျှောက်ကြသည်။ မကြာမီ မီးအိမ်ကိုင်စွဲကာ ဘုန်းကြီးတို့ ထံမျက်နှာချင်းဆိုင် လျှောက်လာသူ နှစ်ဦးကို မြင်ကြသည်။ ထိုအချိန်က ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းကာလဖြစ်သည်။ စီလုံတကျွန်းလုံး နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားသည်။

ဂုဏဝါဒေနသည် အထိတ်တလန့် ဖြင့် ဘုန်းကြီးကို ပြောလေသည်။ သူက ဘုန်းကြီး၏ ကိုရင်ဘွဲ့ ကိုမခေါ်၊ လူအမည်ကို ခေါ်သည်။
"ဟေ့…ဥက္ကုဘဏ္ဍ ၊ အဲဒါ ပုလိပ်တွေဟ ၊ ဒီလူတွေ ငါတို့ ကို စစ်လားဆေးလားလုပ်တော့မယ်။ ငါတို့ ဘယ်လို ပြောကြမလဲ.. "

အချိန်တိုအတွင်း လံကြုတ်ထိုးဇာတ်တပုဒ်ကို ဘုန်းကြီးဖန်တီးလိုက်သည်။
" မနေ့ က ငါ့အမေ ဆုံးသွားတယ်လို့ ပြောမယ်ကွာ ၊လူတယောက်က ဘုန်းကြီးကျောင်းလာပြီး သတင်းပေးလို့  နာရေးအသွား ဘတ်စ်ကား မမှီဘူးဖြစ်သွားတယ်။ ဒါနဲ့ အခု လမ်းလျှောက်နေရတာပဲ၊ မနက်ကျရင် သွားမယ့် ဘတ်စ်ကား နောက်တစီးကို မှီလိုမှီငြားသဘောထားပြီး လမ်းလျှောက်လာတာပဲ…."

ပုလိပ်များ ဘုန်းကြီးတို့ နှစ်ဦးထံ ရောက်လာကြ၏။ သံသယအကြည့်ဖြင့် ဘုန်းကြီးတို့ ကို ကြည့်သည်။ လက်ကိုင်ပုဝါတထည်ကို ဘုန်းကြီး၏ ကတုံးပြောင်ပြောင်မှာ စည်းနှောင်ထား၏။ နောက်တထည်ကိုမူ လည်ပင်းမှာ စည်းထားသေး၏။ ခါးပတ်မရှိသောကြောင့် လုံချည်မြဲအောင် ခါးမှာလည်း လက်ကိုင်ပုဝါတထည် စည်ထားရပြန်၏။ လက်ထဲရှိ ဖယောင်းတိုင်များကိုလည်း လက်ကိုင်ပုဝါဖြင့်ပင် ထုပ်ထားရပြန်၏။ ပုလိပ်တယောက်က
 ပြောသည်။
"ဒီငနဲလေးကို ကြည့်စမ်း…..။ သူ့ တကိုယ်လုံးမှာ  လက်ကိုင်ပုဝါတွေချည်းပဲ….။"

ပုလိပ်နှစ်ယောက်က ဘုန်းကြီးတို့ နှစ်ယောက်ကို ဆယ်ကိုက်အကွာလောက်မှာ ခွဲနေစေပြီး
 "ညဥ့်နက်သန်းခေါင် ဘယ်သွားကြမလဲ"ဟူသော မေးခွန်းတမျိုးတည်းကို တယောက်စီအား မေးလေသည်။

ဘုန်းကြီးတို့ နှစ်ယောက်လုံး၏ နုတ်ထွက်စကားချင်းတူညီသောကြောင့် ပုလိပ်တို့ က သွားခွင့်ပြုလိုက်သည်။ နေဝင်မီးငြိမ်းအမိန့် အကြောင်းကိုပင် မပြောပြချေ။ လမ်းလျှောက်သွားစဉ် ဖယောင်းတိုင်မီးထွန်းသွားဖို့ ကိုသာ ပုလိပ်နှစ်ယောက်လုံး ပြောကြသည်။
နှစ်နာရီအတွင်း ဘုန်းတော်ကြီးကျောင်းမှ ဆယ့်တမိုင်ခန့် ဝေးမည့် ကုရုနေဂလအရပ်သို့ ဘုန်းကြီးတို့ ရောက်သွား
သည်။ ယခုမှပင် စိတ်အေးချမ်းသွားသည်။ ဤမျှဝေးလျှင် ဘုန်းကြီးတို့ နောက်သို့ ဆရာတော်အရှင်သောဏုတ္တရ လိုက်မလာနိုင်သည်မှာ အလွန်သေချာပါပြီ။

အလင်းရောင်သန်းစပြုလာချိန်တွင် ဘုန်းကြီးတို့ သည် လမ်းဘေးတဲတလုံးအနားရောက်လာကြ၏။ 
၎င်းမှာဘုရားဖူးများ နားခိုသည့်နေရာတခုဖြစ်ဟန်တူသည်။ တဲ၏နံရံအကာများကား ခပ်နိမ့်နိမ့်၊
 ကောက်ရိုးအမိုးနှင့် ဖြစ်သည်။ ညစ်ပေနေသည့်ကြမ်းပြင်ပေါ် ကောက်ရိုးခင်းကာ လဲလျောင်းနိုင်သည်။ များသောအားဖြင့် ဤရှေးဆန်ဆန် မြေစိုက်တဲများမှာ တဲရိပ်မှာအနားယူနေသော ခရီးသွားများနှင့်
 တောင်းရမ်းရသမျှကို ချက်ပြုတ်နေကြသည့် သူတောင်းစားများ နေရာယူထားတတ်ကြသည်။

ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့  ကံကောင်းကြပါပေသည်။ ဤတဲစခန်းမှာ ထိုမနက်က နေရာယူထားသူများမရှိကြ။
အားရဝမ်းသာစွာ မြေကြီးပေါ်လှဲချလိုက်ကြသည်နှင့် မြန်မြန်ဆန်ဆန် အိပ်ပျော်သွားကြသည်။

နာရီများစွာကြာပြီးနောက် အိပ်ရာနိုးလာကြသည်။ ရေတွင်းမှရေအေးအေးနှင့် မျက်နှာသစ်ကြသည်။ ပြီးနောက်
မည်သည့်နေရာသို့ သွားကြမည်ဟု မသိဘဲ လမ်းဆက်လျှောက်ကြသည်။ လျှောက်မည့်သာ လျှောက်နေရပါ
သည်။

မြင်ကွင်းများ  တရိပ်ရိပ် ပြောင်းလဲလာသည်။ အုန်းခြံ၊ ရာဘာခြံ၊ လယ်ကန်သင်းရိုး၊ ငှက်ပျောခင်း၊ ဟင်းသီးဟင်းရွက်ခင်းနှင့် အစောင့်တဲများကို ဖြတ်သန်းခဲ့ကြသည်။ ခွေးလေခွေးလွင့်များလည်း နေရာအနှံ့ တွေ့ ရ
သည်။ ခွေးအများစုမှာ အမွှေးလုံးဝပြောင်အောင်ကျွတ်နေသည်။ ခွေးချင်းကိုက်၍ရသောဒဏ်ရာ နှင့် လူများရိုက်
လိုက်၍ရသောဒဏ်ရာများလည်း ကိုယ်အနှံ့ ဗရပွပြည့်နှက်နေကြသည်။

သစ်ပင်ပေါ်မှာ တွဲလောင်းခို သို့ မဟုတ် မြေကြီးပေါ်ပြေးလွှားနေကြသော မျောက်ရိုင်းများကိုလည်း မကြာခဏ တွေ့ ကြသည်။ အဝေးဆီမှ ဆင်အော်သံများကိုလည်း မပြတ်တမ်းဆိုသလို ကြားကြရသည်။

ကားများ၊ ကုန်ကားများ၊ ဘတ်စ်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ လံခြားများ တခါတခါ ဖြတ်သွားသည်။ ၄င်းယာဉ်များသည် လမ်းသွားလမ်းလာများနှင့် လမ်းအနီးထိုင်နေသူများကို သတိပေးရန် ဟွန်းတီးကြသည်။

သို့ သော် ဖြတ်ကနဲဖြတ်ကနဲ တွေ့ ခဲ့သည်မှာ လူအများစု ဖြစ်သည်။ ယောင်္ကျား၊ မိန်းမနှင့် နွားကျောင်း ၊ ကြက်ကျောင်းနေသော သို့ မဟုတ် သူ့ ကိစ္စနှင့်သူသွားနေကြသော ကလေးများကို ဖြတ်ကျော်ခဲ့ကြသည်။ အချို့ 
လူများမှာ နွားဆွဲသည့်ခေတ်ဟောင်းသစ်သားလှည်းများကို စီးနင်းသွားကြသည်။

ဘုန်းကြီးတို့ သွားရာလမ်းတလျှောက်လုံး ဈေးဆိုင်အဖြစ်သုံးကြသည့်နေရာမှာ ရွှံ့ တဲအသေးလေးများဖြစ်သည်။ လူတို့ သည် ကွမ်းယားဝါးလျှက်၊ လဘက်ရည်သောက်လျှက်၊ အတင်းအဖျင်းပြောလျှက် ရွှံ့ တဲရှေ့ မှာ ထိုင်နေကြ
သည်။ ခရီးသွားများသည် ထိုတဲအိမ်များမှာ ရပ်နားကြပြီး လက်ဖက်ရည်၊ ပေါင်မုန့် ၊ ကွမ်းသီး၊ ငါးကြော်၊ အုန်းဆံ
ကြိုးနှင့် တခါတလေ သကြား၊ ဆား၊ ဆန်၊ ပဲတောင့်ရှည်၊ ရေနံဆီတို့ လို အခြေခံစားကုန်များကိုဝယ်ခြမ်းနိုင်သည်။

ခရီးသွားအများစုမှာ ဆေးလိပ်သောက်ကြသည်။ တခါဝယ်လျှင် စီးကရက် တလိပ်စ နှစ်လိပ်စ ဝယ်သူလည်း ဝယ်ကြသည်။ သို့ မဟုတ် ဗီဒီလို ဆင်းရဲသားသောက်ဆေးလိပ်တလိပ်ကိုလည်းဝယ်ကြသည်။ ဗီဒီတလိပ်တန်ဖိုး
မှာ ငါးပြားစေ့တစေ့ကို ငါးပုံပုံ တပုံမျှသာ ဖြစ်သည်။ ဗီဒီဆေးလိပ်တွင် ဆေးရွက်ကြီးအစအနများကို အရွက်ခြောက်များနှင့် ရောနှောထားသည်။ ဆေးရွက်ကြီးနည်းသည်။ သို့ သော် အလုပ်ဖြစ်ပါသည်။

ဂုဏဝါဒေနနှင့် ဘုန်းကြီးမှာ ကျောင်းမှထွက်မပြေးခင် ဆရာတော်အရှင်သောဏုတ္တရ၏အခန်းထဲမှ ခိုးယူခဲ့သော ငွေကြေးအနည်းငယ် ပါလာသည်။ ထိုငွေဖြင့် ပေါင်မုန့် ဝယ်လိုက်ကြသည်။ လမ်းတဖက်ရှိ
 ခြံထဲတွင် အုန်းသီးပုံတွေ့ ရာ ယင်းမှ အုန်းသီးတလုံး ခိုးခဲ့သည်။ 
အုန်းသီးကို မြေကြီးနှင့် တိုက်ခွဲလိုက်ကြသည်။ အုန်းသီးနှင့် ပေါင်မုန့် သည် ဘုန်းကြီးတို့ ခရီးစဉ်၏
 ပထမဦးဆုံးသော ထမင်းတနပ်ဖြစ်ပါသည်။

ထိုနေ့ က နှစ်ဆယ့်ငါးမိုင်ခရီးကို ဘုန်းကြီးတို့ လမ်းလျှောက်ခဲ့ကြသည်။ ညနေပိုင်းတွင် ဒံဘူလမြို့ သို့ ရောက်ကြ
သည်။ ဘုရားဖူးတို့ ခိုနားရာ အိမ်အလွတ်တလုံးကို တွေ့ ရပြန်သည်။ ယင်းအိမ်တွင် ကြမ်းပြင်ပေါ် ထန်းရွက်အချို့ 
တွေ့ ရာ လှဲအိပ်ခဲ့ကြသည်။ ဘုန်းကြီးတို့ ပင်ပန်းနွမ်းနယ်နေကြပါပြီ…။

နောက်တနေ့ နံနက်တွင် သဲယင်ကောင်များ၊ မွှားများခန္ဓာကိုယ်ပေါ် တဝီဝီအုံဖွဲ့ ဖုံးလွှမ်းခံရရင်းအိပ်ရာနိုးကြသည်။
တဲအိမ်အနီးရှိ ရေတွင်းသို့ သွားကြသည်။ ချုံဖုတ်တခုမှ  သစ်သားတုတ်ချောင်းတစ ချိုးဖဲ့ယူပြီး သွားတိုက်ကြ
သည်။

ရဟန်းတပါးသည် ဘုန်းကြီးကို အသေအချာကြည့်ကာ အနီးသို့ ချဉ်းကပ်လာသည်။ ဘုန်းကြီးက ထိုရဟန်းကို မသိကျိုးကျွံ ပြုနေဖို့ ကြိုးစားပါသည်။
"မင်း ကိုရင်ဝတ်ခဲ့တာလားကွ…"
သူက ဘုန်းကြီး၏ ဆံပင်ပြန်မပေါက်သေးသည့် ဦးခေါင်းပြောင်ကိုကြည့်ကာ မေးခွန်းမေးသည်။
"မဟုတ်ပါဘူး၊ တပည့်တော် နေမကောင်းဘူး။ မနေ့ ကမှ ဆေးရုံက ဆင်းလာတာ"
ပြီးစလွယ် ဘုန်းကြီး လိမ်ညာလိုက်သည်။
"မင်း နေမကောင်းတဲ့ပုံလဲ မရှိပါဘူးကွာ။ ငါထင်တာ မင်းဟာ ကိုရင်တပါးပဲကွ။ငါနဲ့ လိုက်ခဲ့။
 ငါ့ကျောင်းမှာ မင်းကို ကိုရင်ပြန်ဝတ်ပေးမယ်"
ထိုရဟန်းက ပြောသည်။
ထိုရဟန်းတော်၏ ကမ်းလှမ်းချက်ကို ဘုန်းကြီးစဉ်းစားပါသည်။ ဘုန်းကြီးတပါးဖြစ်ချင်သည့်စိတ်ဆန္ဒ နက်နက်ရှိုင်းရှိုင်း ဘုန်းကြီးမှာ ရှိနေဆဲဖြစ်သည်။ ဆရာတော်အရှင်သောဏုတ္တရအလွန်အမင်းကြမ်းတမ်းလွန်း
သောကြောင့်သာလျှင် ဘုန်းကြီးသင်္ကန်းချွတ်ပစ်ခဲ့ရသည်။ ယခုဤရဟန်းမှာ ကြင်နာသနားတတ်ပုံပေါ်သည်။ သို့ 
ဖြစ်လင့်ကစား သူငယ်ချင်းကို မတိုင်ပင်ဘဲ လိုက်မသွားသင့်ချေ။

ဂုဏဝါဒေနဖက်သို့  ဘုန်းကြီးလှည့်လိုက်သည်။
"မင်း ဘယ်လိုသဘောရလဲကွာ။ တကယ်တမ်း ငါသင်္ကန်းချွတ်ချင်တာ မဟုတ်ဘူးကွ။ 
ငါ ကိုရင်ပြန်ဝတ်ဖို့ အခွင့်ကောင်းပဲ…ကိုယ့်လူ"
ဘုန်းကြီး သူ့ ကို မေးလိုက်သည်။
ဂုဏဝါဒေန ဘုန်းကြီးကို ပြန်ပြောသည်။
"မင်း ရူးနေသလား။ ငါတို့ ဆရာတော်က ငါတို့ ကို ဘာလုပ်သလဲ မင်းမမှတ်ဘူးလား။ ဘုန်းကြီးတိုင်း အတူတူနဲ့ 
အနူနူတွေချည်းပဲကွ။  ဘုန်းကြီးတွေဟာ အသည်းနှလုံးမရှိဘူး။ ဒီဘုန်းကြီးတွေသိတာ ဝိနည်းစည်းကမ်း၊ ဝိနည်းစည်းကမ်း ဆိုတာလောက်ပဲရှိတာ။ မင်း အရူးမထစမ်းနဲ့ ..။ လာ--သွားကြစို့ "


ထိုရဟန်းတော်က သူ၏ကမ်းလှမ်းချက်ကို တမျိုးပြောင်းပြောပြန်၏။ ဤမြို့ အနီး စစ်တပ်လေယာဉ်ကွင်းမှ
 ဗြိတိသျှအရာရှိများနှင့် သူသိကျွမ်းသည်။ သူက ဂုဏဝါဒေနကို လေယာဉ်ကွင်းမှာ အလုပ်ရှာပေးမည်ဟု ကတိပေးသည်။ ဘုန်းကြီးတို့ နှစ်ယောက်လုံး သူ့ ကျောင်းမှာ နေနိုင်သည်။ ဂုဏဝါဒေန လေယာဉ်ကွင်းမှာ အလုပ်လုပ်စဉ် ဘုန်းကြီးက ကိုရင်ဝတ်ပါဟု ဆိုပြန်၏။

ဂုဏဝါဒေနကား မည်သည့်စကားကိုမျှ နားမဝင်ချေ။ ဘုန်းကြီးသည်လည်း သူငယ်ချင်းကို စွန့် ခွါမပစ်လိုပါ။
သို့ နှင့် ဘုန်းကြီးတို့ သည် ထိုရဟန်းတော်နှင့် လမ်းခွဲခဲ့ကြသည်။ လမ်းလျှောက်ခြင်းကို ပြန်စတင်လိုက်ကြ၏။

နောက်တနေ့ အရပ်သားကန်ထရိုက်လုပ်ငန်းရှင်တယောက်အတွက် အလုပ်လုပ်နေသူလူတယောက်နှင့် ရင်ဆိုင်တွေ့ ရာမှ ဘုန်းကြီးတို့ ကို ပြောလာသည်။
"မင်းတို့ အလုပ်လုပ်ချင်ရင် ငါနဲ့ လိုက်ခဲ့ကြ၊ ငါတို့ မှာ အလုပ်တွေအများကြီးရှိတယ်"

ဘုန်းကြီးတို့ ထိုလူနှင့်အလုပ်လုပ်ရန် သဘောတူလိုက်ကြသည်။

ဘုန်းကြီးတို့ အလုပ်မှာ အလုပ်ကြမ်းအလုပ်ဖြစ်သည်။ ဘုန်းကြီးတို့ ကို ဂေါ်ပြားနှစ်ချောင်း၊ ဝါးခြင်းတောင်းနှစ်လုံး
ပေးသည်။ ချောင်းငယ်တခု၏အောက်ခြေကြမ်းပြင်မှ သဲများကျူံးပြီး တနေရာမှာ စုပုံထားရသည့်အလုပ်ဖြစ်သည်။

ဘုန်းကြီးအပါအဝင်လူငယ်လူရွယ်နှစ်ဆယ်လောက်သည် သဲကျူံးသည့်လုပ်ငန်းခွင်တွင် လပေါင်းများစွာ လုပ်ကိုင်ခဲ့ကြ၏။  နံနက် ၇ နာရီမှ ည ၇ နာရီအထိ အလုပ်လုပ်ကြရသည်။ တနေ့ တာ လုပ်ခမှာ အမေရိကန်သုံး
ငွေ ၅၅ ပြားနှင့်ညီမျှသည့် ရူပီးငွေကို ရရှိကြသည်။ လစာထဲမှ ထမင်းစရိတ်၂၅ ပြားကို အလုပ်ရှင်က နုတ်ထား
သည်။ နံနက်စာမှာ သကြားပါသည့်လက်ဖက်ရည်တခွက် ဖြစ်ပြီး ညစာမှာ ထမင်းနှင့် ပဲတောင့်ရှည်သီးဟင်းတို့ 
ဖြစ်ကြသည်။ အိပ်စက်သည့်အခါ သစ်ပင်နှစ်ပင်ကြားတွင်  ဂုန်နီအိတ်များကို ပူးချည်ထားသည့်  ကြိုးပုခက်ကို ဆင်ကာ အိပ်ကြသည်။

ခြင်အလွန်ပေါများသည့် တောနက်ဖြစ်လေရာ ဘုန်းကြီးတို့ မှာ နေ့ ရော ညပါ ခြင်ကိုက်ခံရသည်။ မကြာမီ ဂုဏဝါဒေန ငှက်ဖျားရောဂါဖြစ်လာသည်။ အပြင်းအထန်ဖျားပြီး အလုပ်မလုပ်နိုင်တော့ပြီ။ ဂုဏဝါဒေနကိုပြုစုရန် အလုပ်ရှင်ထံ ဘုန်းကြီး အလုပ်နားခွင့်  နှစ်ရက်တောင်းသည်။ အလုပ်ရှင်က ခွင့်မပြု။
" ကျွန်တော်တို့ ခင်ဗျားဆီအလုပ်လုပ်တာလဲ ကြာပြီပဲဗျာ။ တပတ်မှာ ခုနှစ်ရက်၊တရက်မှာ ခုနှစ်နာရီလုပ်နေတာ
ပဲ။ ကျွန်တော်လိုချင်တာ တရက်၊နှစ်ရက်လောက်နားခွင့်လိုချင်တာပဲဗျာ…။"
ဘုန်းကြီးအလုပ်ရှင်ကို ပြောသည်။ သူက ငြင်းပြန်သည်။ဘုန်းကြီး အလုပ်ဆက်လုပ်လျှင်လုပ် သို့ မဟုတ် ဘုန်းကြီးကော ဂုဏဝါဒေနပါ အလုပ်ထွက် တခုခုလုပ်ရုံသာ ရှိတော့သည်။
"ဒါဆိုလဲ ကောင်းပြီလေ။ ကျန်တဲ့ကျွန်တော်တို့ လစာတွေသာ ပေးပါတော့…။"
အလုပ်ရှင်က ဘုန်းကြီးတို့ လစာလက်ကျန်ကို ထုတ်ပေးသည်။ ပြီးနောက် ဘုန်းကြီးတို့  အလုပ်မှ အပြီးထွက်ခဲ့ကြ
သည်။

ဤသို့ ဖြင့် သူတောင်းစားများလို ဘုန်းကြီးတို့  ဘဝစတင်ကြပြန်၏။ နေ့ ဖက်မှာ ဖုန်ထူထူလမ်းတလျှောက် ရောက်ရာပေါက်ရာ လျှောက်ကြသည်။ ညဖက်တွင် လမ်းဘေးတဲအိမ်များသို့ ဝင်ကာ အချိန်ဖြုန်းရန်ရယ်စရာမောစရာပြောရင်း၊ သီချင်းဆိုရင်း၊ ကခုန်ရင်း သူတောင်းစားများထံမှာ ထမင်းနည်းနည်းစီ တောင်းစားကြသည်။

ရက်သတ္တပတ်များစွာကြာအောင် ဘုန်းကြီးတို့ ရေမချိုးကြ..။ အဝတ်အစားများမှာ ကြေးအထပ်ထပ်နှင့်အနံ့ အ
သက်မှာလည်း ဆိုးရွားလာသည်။ နံနက်တိုင်း အခြားသော သူတောင်းစားများ "အလုပ်ခွင်"သို့ သွားကြသည်။ ဘုန်းကြီးတို့ ကိုလည်း ယနေ့ မည်သည့်နေရာတွင် တောင်းရမ်းဖို့  စိတ်ကူးထားပါနည်းဟု မေးကြသည်။

"မသိဘူး"မှာ ဘုန်းကြီးတို့ လက်သုံး အဖြေစကားဖြစ်သည်။ အမှန်တကယ်လည်း ဘုန်းကြီးတို့  တောင်းမစားခဲ့ကြ
ပါ။ အခြားသူများ ပေးကမ်းသမျှကို စားရုံသာစားခဲ့ကြသည်။ ဘုန်းကြီးတို့ သည် "သူတောင်းစားငပျင်းများ" ဖြစ်ကြ၏။

ဂုဏဝါဒေန၏ငှက်ဖျားရောဂါမှာ ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းလာသည်။ ထူထူထောင်ထောင်ပြန်ဖြစ်
လာသည်။ သို့ သော် ကြုံရပြန်သည်ကား နံနက်အခါတခုတွင် ညာဖက်ခြေထောက် ပြင်းထန်စွာ နာကျင်သည့်
အတွက် အိပ်ရာမှ ဘုန်းကြီးနိုး၏။ အဖျားတက်သလိုလည်း ခံစားရ၏။ ခြေထောက်ကို အသေအချာကြည့်သောအ
ခါ ဒူးခေါင်းအထက် လေးလက်မအကွာ ပေါင်ပေါ်တွင် အနီအကွက်တခုကို တွေ့ ရ၏။ ဘုန်းကြီးတို့ နေသည့်တဲမှ သူတောင်းစားတယောက်က ဒဏ်ရာကို အနီးကပ်ကြည့်ရှုပြီး မြွေကိုက်သည်ဟု ပြောသည်။ နာချက်ကား အလွန်အမင်း ပြင်းထန်ခံခက်ဖြစ်၏။ ခြေထောက်ကို အနိုင်နိုင် မနေရသည်။

သူတောင်းစားများ ထွက်သွားသည့်အခါ ဂုဏဝါဒေန နှင့် ဘုန်းကြီးတို့ သာ တဲမှာ ကျန်ရစ်သည်။ နှစ်နာရီလောက်
ကြာပြီးနောက်တွင် ခြေထောက်ကို ကြိုးစားပမ်းစားလှမ်းပြီး တဲအပြင်သို့ ထော့နဲ့ ထော့နဲ့ ထွက်လာခဲ့သည်။

လမ်းလျှောက်၍ ဆယ်ကိုက်လောက်အရောက်တွင် အသက် ၂၅ နှစ်အရွယ် လူတယောက်နှင့် ရင်ဆိုင်တွေ့ ကြ၏
။ ဘုန်းကြီးတို့ နှစ်ဦးလုံး သူ့ ကို အရင်က မမြင်ဖူး မတွေ့ ဖူးကြချေ။ သို့ သော် မည်သည့်အကြောင်းရင်းရှိမှန်း ဘုန်းကြီးမသိပါ။ ထိုသူနှင့် ဂုဏဝါဒေနတို့ ကောက်ကာငင်ကာ မိတ်ဆွေဖြစ်သွားကြသည်။ ငယ်ပေါင်းကြီးဖော်များ
လို  ရယ်စရာပြောလိုက် ရယ်လိုက်ဖြစ်နေကြ၏။ ဘုန်းကြီးနှင့်ဘုန်းကြီး၏ခြေထောက် မဟန်နိုင်ဖြစ်နေမှုက ဂုဏဝါဒေနအတွက် ဝန်ထုပ်ဝန်ပိုးတရပ်လို ခံစားနေဟန် တူပြီး  လူပျော်တယောက်နှင့် တွေ့ လိုက်သော
အခါ သူပေါ့ပေါ့ပါးပါး ဖြစ်ပုံရသည်။

ဘုန်းကြီးမှာ ဖင့်နွှဲလေးကန်ကန်ကြီးဖြစ်ကာ နောက်ကျကျန်ရစ်ရင်း သုံးယောက်သား အတူလျှောက်လာခဲ့ကြရာ ငါးမိနစ်အတွင်းမှာပင် ဂုဏဝါဒေနသည် ဘုန်းကြီးထံသို့  နောက်ပြန်လှည့်လျှောက်လာသည်။
"ဥက္ကုဘဏ္ဍ…၊ မင်း ..ကောင်းကောင်းလမ်းမလျှောက်နိုင်မယ့်အတူတူ ငါ ဒီလူနဲ့ ရှေ့ က ကြိုသွားလိုက်တော့မယ်။
အေးအေးသက်သာနဲ့  မင်းလိုက်လာခဲ့ပါလား။ ငါတို့ မင်းကို လဝမဟာပယ မှာ စောင့်နေမယ်လေ…"

ဘုန်းကြီး ရုတ်တရက် ကြောက်စိတ်ဝင်လာသည်။ လဝမဟာပယကို ခြောက်နာရီ ခုနှစ်နာရီလောက် လမ်းလျှောက်ရဦးမည်။
"မလုပ်ပါနဲ့ ကွာ..၊ ငါ့တယောက်ထဲ မထားခဲ့ပါနဲ့ ။ ငါတယောက်ထဲ ဘယ်လိုမှ မလျှောက်နိုင်ဘူး။ မင်းအကူအညီ ငါလိုနေတယ်။ ငါနဲ့ နေခဲ့စမ်းပါကွာ…"
ဘုန်းကြီး တောင်းတောင်းပန်ပန် ပြောသည်။

ယင်းနောက် နားမလည်နိုင်အောင် ဖြစ်သွားသည်။ ဂုဏဝါဒေနသည် ဘုန်းကြီးကို မျက်နှာလွှဲကာ မိတ်ဆွေသစ်နှင့်အတူ အေးအေးလူလူပင် လမ်းလျှောက်ထွက်ခွါသွားလေသည်။

ဘုန်းကြီး ထိုင်ပြီး ရှိုက်ကြီးတငင် ငိုမိပါသည်။ ခြေထောက်မှ သွေးတဒိတ်ဒိတ်တိုးလာသည်။
 ဖြစ်ပျက်နေသမျှကို ဘုန်းကြီးနားလည်နိုင်စွမ်းမရှိတော့ပါချေ။

လုပ်ရက်နိုင်ပါပေ့ ဂုဏဝါဒေန….။ သီတင်းပတ်များစွာ ကြိုတင်အချိန်ယူကာ စွန့် စားခန်းစကြဖို့  အတူတိုင်ပင်ခဲ့ ကြသည်။ သူနှင့်အတူထွက်ပြေးရန် ကိုရင်ဘဝကို ဘုန်းကြီးစွန့် လွှတ်ခဲ့ရသည်။  တောနက်အတွင်း သူ
နေမကောင်းဖြစ်နေစဉ်  ဘုန်းကြီး အလုပ်ထွက်ပစ်လိုက်ရ၏။လပေါင်းများစွာ ဘုန်းကြီးတို့ သူငယ်ချင်းနှစ်ယောက် ခရီးလှည့်လည်နေခဲ့ကြသည်။ တယောက်ကို တယောက် အားကိုးအားထားပြုခဲ့ကြသည်။ အခုအခါ၌ကား သူ့ ကို
အလိုအပ်ဆုံးဖြစ်နေချိန်တွင် သူသည် ဘုန်းကြီးကို စွန့် ပစ်ထားခဲ့သည်။

ဘုန်းကြီးမှာ သူငယ်ချင်းမရှိတော့ပြီ..။ အိမ်မရှိ…။ ငွေမရှိ…။ စားစရာမရှိ..။
ကျောက်ဆောင်အောက်ခြေမှာ ဘုန်းကြီး ထိုင်နေခဲ့သည်။ တယောက်တည်းဆိုမှ တကယ့်တယောက်တည်း….။
လောကအလယ် ဘုန်းကြီး ဘာလုပ်ရပါတော့မည်နည်း…။
 အမရဒီပ
ဇွန်လ ၁၁၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။

Saturday, June 8, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၇



နေ့ လယ်ပိုင်းတွင်ဆရာတော်သည် ကန္ဒီမြို့ မှ ပြန်လည်ကြွလာသည်။ ဘုရားကျောင်းဆောင်အတွင်း ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှာဆွမ်းကပ်လှူသည့် သပိတ်ကို  အဆောတလျင်ရှောင်တခင် စစ်ဆေးသည်။ ဘုန်းကြီးတို့ 
အတွက် လမ်းညွှန်ချက်မှာ " နေ့ စဉ် မွန်းမတည့်ခင် သပိတ်ထဲမှဆွမ်းကို သန့် ရှင်းဆေးကြောပြီးဖြစ်ရမည်"ဟူ၍
ဖြစ်သည်။

ထိုနေ့ က နေ့ လယ်တနာရီအထိ သပိတ်မှာ ဆွမ်းအပြည့်ရှိနေဆဲဖြစ်ကြောင်း ဆရာတော်  တွေ့ မြင်၏။  ထိုအချိန်တွင် ဘုန်းကြီးမှာ ဆွမ်းချက်ဆောင်တွင် ဆရာတော်အတွက် ရေနွေးကြမ်းပွဲပြင်ဆင်နေ၏။ ဆရာတော်ကဘုန်းကြီးကို ခေါ်သည်။ ဆွမ်းချက်ဆောင်မှထွက်ပြီး ကျောင်းမကြီးအတွင်း ခြေလှမ်းစနင်းရုံ ရှိသေးသည်။ ရုတ်တရက် ဘုန်းကြီးထံ ပျံဝဲလွင့်လာသော အရာတခုကို မြင်လိုက်ရ၏။ ဘုရားကျောင်းဆောင်မှ ဆွမ်းသပိတ်ဖြစ်သည်။ ဆရာတော် အလွန်စိတ်တိုသွားသည်။ အဘယ့်ကြောင့် ဤအချိန်အထိ ဆွမ်းသပိတ်
အပြည့်ရှိနေရသနည်းဟု ဘုန်းကြီးကိုမေးမြန်းစုံစမ်းခြင်းပင်မပြုလုပ်သေးခင် ဘုရားဆွမ်းတော်သပိတ်ဖြင့် ဘုန်းကြီးကို ပစ်ပေါက်လေသည်။ အရှိန်ပြင်းပြင်း ဆွမ်းသပိတ်ပျံသည် ဘုန်းကြီးကို တည့်တည့်မတ်မတ် ထိမှန်သည်။ ဘုန်းကြီး မြေကြီးပေါ်ဘုန်းကနဲလဲကျသည်။ သွေးများ ဖြာကျလာ၏။

ယနေ့ အချိန်အထိ ဘုန်းကြီး၏နဖူးပြင်ပေါ် အမာရွတ်ထင်ကျန်ရစ်ခဲ့သည်။

ဆရာတော်သည် ဟန္နီမဟတ္တယ၏ နုတ်ခမ်းတဝိုက်မီးလောင်ရာများကိုလည်း သတိထားမိသွားသည်။
"ဒါကကော ဘယ်လိုဖြစ်တာတုန်း"
ဆရာတော်က ဘုန်းကြီးကို မေးခွန်းထုတ်သည်။
စီးကရက်နှင့်ပတ်သက်သည့် ထိခိုက်မှုကို ဆရာတော်ထံမလျှောက်ထားဖို့ ဟန္နီမဟတ္တယကို ဘုန်းကြီးသတိပေး
ထားပြီးဖြစ်သည်။ အကယ်၍ သူ ဆရာတော့်ကို လျှောက်ထားလျှင် ဆေးလိပ်သောက်မှုအတွက်
 နှစ်ဦးလုံး ပြဿနာတက်ရဦးမည်။ ကံကောင်းထောက်မစွာဖြင့် ဟန္နီမဟတ္တယ ဘာမျှမပြော။

ကျောင်းသားသည် ဘုန်းကြီးကို ဆဲဆိုသည်။ ပြစ်ဒဏ်ပေးသည့်အနေဖြင့် သူ့ နုတ်ခမ်းကို မီးရှို့ ရသည်ဟု ဆရာတော့်ကို ဘုန်းကြီး  ရှင်းပြသည်။ ဘုန်းကြီး၏ဇာတ်လမ်းကို ဆရာတော်လက်ခံပုံပေါ်သည်။
 နောက်ထပ် မေးမြန်းပြောဆိုခြင်းမပြုတော့ချေ။ ထူးဆန်းပေစွ…..။

ဤသည်မှာ အကျဉ်းအကြပ်ထဲမှ  ရှောင်ထွက်နိုင်ခဲ့သည့် ရှာမှရှားဖြစ်ရပ်များအနက် တခုတလေဖြစ်သည်။
ဆရာတော်၏ဒေါသမှာ အထိန်းအကွပ်မရှိ …။ စည်းကမ်းကို နည်းနည်းကလေးချိုးဖောက်သည့်အတွက်ပင် မနားတမ်း ရိုက်နှက်သည်။ ဆရာတော်သည် အာဏာရှင်ကြီးဖြစ်သည်။ မေးခွန်းမမေးရ၊ ဆွေးနွေးခွင့်မရ။ ဘုန်းကြီးတို့ သည် သူ၏အမိန့် အာဏာသက်သက်ကိုသာ လက်ခံနေရသည်။

ထိုသို့ ပင်ဖြစ်နေသော်လည်း ဆရာတော်အရှင်သောဏုတ္တရမှာ ကြင်နာသိမ်မွေ့ သည့်အကျင့်တခုရှိပါသည်။
ဆရာတော်သည် တိရစ္ဆာန်များကိုညှာတာသနားသည်။ ထို ကြောင့်ပင်လျှင် ရွာနားတဝိုက်ရှိ လေလွင့်ခွေးများ၊
 ကြောင်များအားလုံးကို အစာကျွေးတတ်သည်။ မကျန်းမာသူတဦးဦး အကူအညီတောင်းလာလျှင် တိုင်းရင်းဆေး
များ အခမဲ့ပေးတတ်သည်။ ရံဖန်ရံခါ ကျောင်းသားများ ကြေးမီးအိမ်၊ ဗုဒ္ဓဆင်းတုတို့ လို တန်ဖိုးကြီးပစ္စည်းများ
ခိုးယူထွက်ပြေးကြသည်။ 

"ယူပါစေကွာ ၊ သူ့ ခမျာ ဆင်းရဲပါတယ်။ ဒါတွေသူရောင်းတော့ ပိုက်ဆံလေးဘာလေး နည်းနည်းပါးပါးရမှာပေါ့။ အခိုးခံရတာတွေလဲ အစားထိုးလို့ ရပါတယ်"
သူက ပြောတတ်သည်။

အခုအချိန်ဆရာတော်အရှင်သောဏုတ္တရအကြောင်း ပြန်တွေးမိလျှင် ဆရာတော်သည် ဘုန်းကြီးကို ရဟန်း
ကောင်းတပါးအဖြစ် မြင်လိုတွေ့ လိုသည်မှာ အသေအချာဖြစ်သည်။ ချုပ်ချယ်မှုကင်းရေးအတွက်သဘာဝ
အားဖြင့် အရွယ်ရောက်ခါစအချိန်မှာ  လမ်းလွဲမသွားစေလိုသူဖြစ်သည်။ သို့ ဖြစ်လေရာ ထိုခေတ်ထိုအခါ
သမားရိုးကျပုံစံ ကိုယ်ထိလက်ရောက်ရိုက်နှက်သည့်နည်းကို သုံးခြင်းဖြင့် အပြုအမူကောင်းများပျိုးထောင်နိုင်
အောင် တွန်းအားပေးခဲ့လေသည်။

အမှန်တကယ်အားဖြင့် ဆရာတော်၏၄င်းရည်ရွယ်ချက်ကို အရွယ်ရောက်ပြီးချိန်အထိ ဘုန်းကြီးမြင်သိနိုင်စွမ်း
မရှိခဲ့ပါချေ။ ကိုရင်တပါးအဖြစ် သူ၏ကျောင်းမှာဘုန်းကြီးနေထိုင်ခဲ့စဉ် ဘုန်းကြီးသည် စိတ်ပျက်စရာကောင်းသူ
 ဖြစ်နေခဲ့သည်။ သူ၏သြဇာအာဏာအောက်တွင် အစဉ်မပြတ် ပြဿနာရှာတတ်သူဖြစ်နေခဲ့သည်။

အခြေအနေပေးသည့်တချိန်တွင် ဘုန်းကြီးနှင့် ကျောင်းသားတယောက် ထွက်ပြေးကြဖို့ တိုင်ပင်ကြသည်။
 ကျောင်းသားသည် ကျောင်းမှာနေရသည်ကို အလွန်စိတ်ညစ်လှပြီ။ နှစ်ဦးသား ငွေ နှင့် ဖယောင်းတိုင်ထုပ် စုဆောင်းကြပြီး တနေ့ ထွက်ပြေးကြဖို့ အစီအစဉ်ဆွဲလိုက်ကြသည်။ တနေ့ တွင် ညနက်ပိုင်းအချိန် ထွက်ပြေးကြ
ရန် သဘောတူလိုက်ကြသည်။ ယင်းနေ့ ကျောင်းဝေယျာဝစ္စကို ခါတိုင်းထက်ပို၍  ကြိုးစားလုပ်ကြသည်။ ဆရာတော်သဘောကျပြီး ဘုန်းကြီးတို့ အပေါ် သင်္ကာယုံမှားစိတ်ကင်းအောင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုညတွင် ကျောင်းနေသူအားလုံး အိပ်ရာဝင်သွားပြီးနောက် ဘုန်းကြီးသည် သင်္ကန်းချွတ်ပြီး လုံချည်နှင့် 
အင်္ကျီကို ဝတ်လိုက်သည်။ 

ဘုန်းကြီးနှင့် ကြံရာပါကျောင်းသားတို့ သည် တံခါးမှ တိတ်တဆိတ်လစ်ထွက်လိုက်ကြ၏။

ရှေးဦးစွာ သုသာန်ကို ဖြတ်လျှောက်ရမည်။ ဤနေရာကိုကား ဘုန်းကြီးတို့ နှစ်ဦးလုံး မကြောက်ကြချေ။
 ယင်းနောက် ချောင်းငယ်တခုပေါ် ဖြတ်သွယ်ထားသော သစ်သားတံတားကို  တွေ့ ရသည်။ ဤတံတားနေရာမှာ စုန်းသဘက်နှင့် တစ္ဆေမှင်စာများ လူများကို ဖမ်းစားတတ်သည်ဟု လူပြောသူပြောများသည်ကို ကြားရဖူးသည်။ ထိုဒဏ္ဍာရီဆန်ဆန် ပုံပြင်အရ မကောင်းဆိုးဝါးများ ကိုယ်ထင်မပြခင် ပထမဦးဆုံးကိုယ်ထင်ရှားပြသည်ကား
 ခွေးနက်ကြီးတကောင်ဖြစ်သည်ဟူ၏။

ရိုးရိုးသာမန်အချိန်  လူများ ဤတံတားကို ဖြတ်လျှောက်မည်ဆိုလျှင် လူအရင်စုကြသည်။ စကားကျယ်ကျယ် ပြောရသည်။ မကောင်းဆိုးဝါးများရှောင်ရှားသွားစေရန် အလင်းရောင်ကောင်းကောင်း
မီးတုတ်များကိုလည်း ကိုင်စွဲထားရသည်။ သို့ ဖြစ်စေကာမူ ဘုန်းကြီးတို့ မှာ ထွက်ပြေးလာသူများဖြစ်သောကြောင့် အသံတိတ်နေရသည်။ တပါတည်းယူဆောင်လာသော ဖယောင်းတိုင်များကိုလည်း 

လူများမြင်တွေ့ မည်စိုးရိမ်ရ၍ မီးမထွန်းရဲ….။

သန်းခေါင်ယံတိတိမှာဘုန်းကြီးတို့ တံတားကို ဖြတ်ကျော်ခဲ့ကြသည်။ နှစ်ယောက်လုံး တုန်တုန်ယင်ယင်ဖြစ်နေကြ
သည်။ အာခြောက်နေကြသည်။ ဆံပင်အဖျားလည်း ထိုးထိုးထောင်ထောင်ဖြစ်နေကြသည်။ တယောက်ကိုတ
ယောက် စကားမပြောနိုင်ကြချေ။ အမှောင်ထုထူထူပိန်းပိန်းထဲမှာ လမ်းကိုသာ အတွင်သားလျှောက်လာကြ၏။

ခွေးနက်ကြီးတကောင် ဗြုန်းစားကြီး လူနှစ်ယောက်အရှေ့ ပေါ်လာ၏။ ဗြောင်းဆန်အောင် အသည်းတုန်ခါနေသည်
။ ယင်းနောက် နှစ်ယောက်လုံး တဖြန်းဖြန်းမြည်အောင် ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်ခံရပြန်၏။ တံတားပေါ်လဲပြို
ပြီး ရေထဲပြုတ်ကျလုမတတ်ဖြစ်သွားကြသည်။

လက်စသတ်တော့ ခွေးနက်ကြီးသည် ဘုန်းကြီးတို့ ကျောင်းမှ ကျောင်းခွေးကြီးဖြစ်နေ၏။  ပါးရိုက်ချက်ကား ဘုန်းကြီးတို့ ဆရာတော်၏လက်ချက်ဖြစ်သည်။ ဘုန်းကြီးတို့ နှစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် တံခါးဖွင့်ထွက်
သွားကြသည်ကို ဆရာတော်ကြားသွားပြီး တံတားအထိ ဘုန်းကြီးတို့ နှစ်ယောက်နောက် နောက်ယောင်ခံ
လိုက်လာခြင်းပင် ဖြစ်တော့သည်။

အမိန့် တော်အရ ဘုန်းကြီးတို့ သည် ဆရာတော်နှင့်အတူ ဘုန်းကြီးကျောင်းသို့ ပြန်လိုက်ခဲ့ပြန်၏။
 ကျောင်းပြန်ရောက်သည်နှင့်ချက်ချင်း ဘုန်းကြီးသည် တတိယအကြိမ် ရှင်သာမဏေပြုရပြန်၏။
 စံတော်ချိန်ကား ညသန်းခေါင်ယံဖြစ်သတည်း…။

ဘုန်းကြီးတို့ ၏သန်းခေါင်ယံဖြစ်စဉ်ကို အခြား ဘုန်းကြီးကျောင်းသားများ လုံးဝမသိမရိပ်မိလိုက်ကြချေ။ ရွာသူရွာသားများလည်း လုံးဝမသိကြပေ။ နောက်တနေ့ တွင် ခါတော်မီ သင်္ကန်းပြန်စည်းထားသူ ဘုန်းကြီးသည် သပိတ်ကြီးလွယ်ကာ ရွာထဲသို့ အစဉ်အလာမပျက် ဆွမ်းခံဝင်ခဲ့ရလေတော့သည်။

ဘုန်းကြီးအသက် ၁၅ နှစ် သို့ မဟုတ် ၁၅ နှစ်ကျော်လောက်မှာ ထိုရွာဇာတိသက်ရွယ်တူ သည့်မိန်းကလေး တယောက်ကို စိတ်ဝင်စားမိပါသည်။ နေ့ စဉ် ဆွမ်းခံဝင်လာသည့်အခါတိုင်း ထိုမိန်းကလေးသည် သူ့ အိမ်ရှေ့ မှာ မတ်တပ်ရပ်နေတတ်သည်။ အရပ်အမောင်းမှာ ဘုန်းကြီးနှင့်မတိမ်းမယိမ်း..။  ရှည်လျားသော ပိတုန်းရောင်
 ကေသာကျော့ ပိုင်ရှင်…။ ဘုန်းကြီးလိုပင် မျက်နှာဝိုင်းဝိုင်း..၊ သာမန် ဆင်ဟာလီအမျိုးသမီးများထက် 
အသားအရေ ပိုလတ်သည်။ ပုလဲသွယ်ကို စီခြယ်ပမာ လွန်ညီညာသည့် ပြုံးလိုက်တိုင်းပေါ်လာတတ်သော
သွားများမှာလည်း ကောင်းခြင်းနှင့်ပြည့်စုံလှသည်။ ဘုန်းကြီးအထင် သူသည် ချောမောလှပတင့်တယ်၏။

တနေ့ ဘုန်းကြီး၏သပိတ်ထဲသို့ သူဆွမ်းလောင်းထည့်နေစဉ် နှစ်ဦးသားစကားစမြည်ပြောဖြစ်ကြသည်။ စကားမှာ တိုသည်။ အသံမှာ နှစ်ကိုယ်ကြားရုံမျှဖြစ်သည်။ ဝိနည်းစည်းကမ်းတော်နှင့် ဖြောင့်ဖြောင့်ဆန့် ကျင်သော စကားဆိုခြင်းဖြစ်သည်။

ထိုနေ့ ညနေပိုင်းတွင် ရေတွင်းသို့ ရေချိုးအသွား သူ့ အိမ်ဖက်မှကြားနိုင်အောင် ရေပုံးကို တမင်တကာ အသံ
ကျယ်ကျယ် ထုရိုက်လိုက်သည်။ ဤသည်မှာ ဘုန်းကြီးတို့ အကြား အချိန်းအချက်ပေးခြင်းဖြစ်သည်။
မကြာမီ ရေခပ်ရန် ရေတွင်းသို့ လာသည့်အမူအရာဖြင့် ရေအိုးရွက်ကာ အပြေးတပိုင်း သူရောက်လာသည်။ သူလာသည်ကိုကြည့်ပြီး ဘုန်းကြီး သည်းထိတ်ရင်ဖိုဖြစ်နေမိသည်။

ဆယ်ရက်လောက်သက်တမ်းကြာသည့်အခါ ချိန်းတွေ့ ခြင်းမှာ ဘုန်းကြီးတို့ ၏ လုပ်ရိုးလုပ်စဉ်ဖြစ်လာသည်။ ဘုန်းကြီးက ရေတွင်းမှရေပုံးကို ထုရိုက်မည်။ သူက အိမ်ရှိ ရေအိုးတလုံးကို ကောက်ဆွဲမည်။ အကယ်၍ ရေအိုးမှာ ရေအပြည့်ရှိနေလျှင် ရေကိုသွန်ပစ်မည်။ ရေတွင်းသို့ သွားရန် အကြောင်းပြရှာခြင်းဖြစ်သည်။ ဖူးသစ်ပျိုမျစ်စအရွယ်၏ ခံစားချက်များကို တယောက်နှင့်တယောက် အတူခွဲဝေမျှကြဖို့ 
ရှက်စိတ်သည်းနေကြဆဲဖြစ်သော်လည်း ပြောစရာစကားလည်း မကုန်ခမ်းနိုင်၊ နားထောင်၍လည်း မငြီးငွေ့ နိုင်ခဲ့ကြပါချေ။ တွေ့ ကြလေတိုင်း စကားပြောချိန် ရှည်လျားကြာမြင့်လေသည်ချည်းပင်…။

ဘုန်းကြီးကျောင်းသည် အကျဉ်းထောင်တခုလိုဖြစ်ကြောင်း ဘုန်းကြီးက သူ့ ကို ပြောပြသည်။ ပြီးနောက် ရွာထဲက အခြားလူများအကြောင်းကိုလည်း အတင်းပြောမိကြသည်။ သူကလည်း သူ့ အိမ်မှာနေရသည့်အကြောင်းများအား
ဘုန်းကြီးကို ပြောပြသည်။

နောက်ဆုံး ဆရာတော်ကပင် ရေတွင်းမှာ ဘုန်းကြီး ရေချိုးကြာနေခြင်း
အကြောင်းကို တွေးစရာဖြစ်လာနေ၏။ တနေ့ ဆရာတော်ကိုယ်တိုင် ရေတွင်းသို့ ကြွလာပြီး ဘုန်းကြီးကိုကြည့်ရာ စကားပြောလိုက်၊ ရယ်မောလိုက်ဖြစ်နေကြသည့် ဘုန်းကြီးတို့ 
နှစ်ယောက်ကို တွေ့ သွားလေသည်။

ဆရာတော်စိတ်ပျက်သွားမည်ကား အမှန်ပင်။ အသက်ကြီးငယ်မရွေး ဘုန်းကြီးဟူသည် မာတုဂါမနှင့် နီးနီးစပ်စပ် မနေသင့်၊ မနေထိုက်။ ဘုန်းကြီး ရေတွင်းမှာရှိနေခိုက် မာတုဂါမကလေး ရေတွင်းသို့ မလာရဟု ဆရာတော်အမိန့် 
တော်ချမှတ်လိုက်သည်။ ကျောင်းပြန်ရောက်သည့်အခါ ဘုန်းကြီးကို အလွန်ပြင်းထန်သည့်စကားလုံးများသုံးကာ ဆရာတော် ရှုတ်ချကဲ့ရဲ့သည်။ နေ့ နှောင်းပိုင်းညအချိန်ရောက်မှသာ ရေချိုးရန်လည်း အမိန့် ချမှတ်ပြန်၏။ ညအချိန်ဆိုလျှင် အချိန်လင့်ပြီဖြစ်၍ မာတုဂါမကလေး ရေတွင်းသို့ မလာလောက်ပြီဟုလည်း ဆရာတော် တွေးမိပုံ
ပေါ်သည်။

တကယ်တမ်းအားဖြင့် ညအချိန်မှာ ဘုန်းကြီးအတွက် အံကိုက်အချိန်ဖြစ်သည်။ ညနေရီအမှောင်ဖုံးသွားပြီးနောက် တူနှစ်ကိုယ်လွတ်လွတ်လပ်လပ် စကားပြောခွင့် ပိုရလာမည်။ ဘုန်းကြီးတို့ ကို မည်သူမျှလည်း မမြင်နိုင်တော့ပြီ
မှန်း ဘုန်းကြီး ကြိုသိထားပြီးဖြစ်သည်။ သို့ နှင့် "ဖော်ချင်းတွေ့ ဆုံ ချစ်ရိပ်မြုံ" အစည်းအဝေးကလေးကိုကား တက်ရောက်သူရာနှုန်းပြည့်ဖြင့် မပြတ်တမ်းဆက်ခဲ့ကြပါသည်။

နောက်တကြိမ်တွင်လည်း ဆရာတော်က ဘုန်းကြီးတို့ နှစ်ယောက်ကို ထပ်တိုက်ရင်ဆိုင်ဖမ်းမိခဲ့ပြန်သည်။ သည်တကြိမ် ဆရာတော်၏အရေးယူအပြစ်ပေးမှုမှာ ပို၍ကြမ်းတမ်းလာသည်။ သူက မာတုဂါမကလေးကို
 ရေတွင်းဆီ မည်သည့်အခါမျှ ထပ်မလာတော့ရန် နှင့် ကလေးမအပြုအမူကို မိဘများအား အသိပေးတော့မည်
 ဖြစ်ကြောင်း ပြောပါသည်။

ဘုန်းကြီး၏သူငယ်ချင်းမသည် ငိုယိုပြီး ဆရာတော့်အနေဖြင့် သူ့ မိဘများအား မတိုင်ကြားရန် တောင်းပန်သည်။ မည်သည့်အခါမျှ ရေတွင်းသို့ မသွားမလာတော့ပါဟုလည်း ကတိပေးသည်။ ဟုတ်ပါသည်။ သူ ရေတွင်းဆီ မလာတော့ပါ။ သူ့ ကို ဘုန်းကြီး မည်သည့်အခါမျှ ပြန်မတွေ့ ရတော့ပါ။

တရားဓမ္မကို နှစ်ပေါင်းများစွာလေ့လာ၊ ကိုယ်တိုင်လည်းလက်တွေ့ ကျင့်သုံးပြီးနောက် ယင်းဖြစ်ရပ်ကို ပြန်လည်
တွေးမိသည့်အခါ သက်သေခံဖြစ်ရပ်တခုအဖြစ် မြင်မိလာသည်။ ဘုန်းကြီးတို့ ငယ်ရွယ်စဉ်အခါက  အစဉ်အလာ
များကဲ့သို့ ကလေးများကို ငယ်ငယ်ကတည်းက ရှင်ရဟန်းပြုမပေးသင့်ပါ။  ကလေးငယ်များအား ပထမဦးစွာ  လောကီပညာရေးကို  သင်ပေးသင့်သည်။ လူငယ်များနှစ်သက်စွဲလမ်းသည့်အရာများဖြစ်သည့် အားကစားနည်းများ၊ သူငယ်ချင်းအသိုင်းအဝိုင်း နှင့် ပျော်ပွဲရွှင်ပွဲများ၌ ပါဝင်ပြီး

ပျော်ပျော်ရွှင်ရွှင်နေစေသင့်သည်။ ယင်းနောက် သူတို့ အရွယ်ရောက်၍ လူကြီးဖြစ်လာသည့်အခါ ရှင်ရဟန်းပြုခြင်းနှင့်ပတ်သက်ပြီး ရင့်ကျက်ခိုင်မာသော ဆုံးဖြတ်ချက် ကို ချမှတ်နိုင်ပေလိမ့်မည်။ ရှင်ရဟန်းတို့ ဘောင်သို့ ဝင်ရောက်ခြင်းသည် အလွန်အရေးကြီးသော ကတိကဝတ်ပြုမှုဖြစ်သည်။ အလွန်အမင်းငယ်ရွယ်သူတို့ သည် ရှင်ရဟန်းပြုသည်နှင့်ပတ်သက်၍ ကိုယ်ပိုင်အသိဉာဏ်ဖြင့် 

ကိုယ့်လမ်းကိုယ်ရွေးချယ်ကြဖို့ ကြိုတင်ပြင်ဆင်ထားပြီးကြပြီဟု ဘုန်းကြီး မထင်မိပါ။ ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ့်လမ်းကိုယ်ရွေးချယ်တတ်ခြင်းက တိကျပြင်းထန်ပြီးစည်းစနစ်ကြီးသော ဘုရားဥပဒေကို စိတ်ပါလက်ပါ လိုက်နာကျင့်သုံးရန်အဆင်သင့်ဖြစ်သော ရှားရှားပါးပါးလူငယ် တယောက်ဖြစ်လာပေလိမ့်မည်။

 စိတ်ဓာတ်ပိုင်းဆိုင်ရာနုပျိုတက်ကြွသူ လူငယ်များသည်  လူကြီးများထက် ဘာသာရေးကျမ်းစာကို 
လွယ်လင့်တကူ အာဂုံကျက်နိုင်စွမ်းရှိကြ၏။ အပြုအမူ၊ အနေအထိုင် ကိုယ်ရည်ကိုယ်သွေးကိုလည်း
 လိုသလိုပုံဖော်နိုင်သည်။  ရဟန်းပီပီ နေထိုင်ပြောဆိုကြံတွေးတတ်သောကြည်ညိုဘွယ်ဗဟိဒ္ဓအသွင်အပြင်
ကိုလည်း ငယ်စဉ်ကပင် အချိုးတကျ ပုံသွင်းထားပြီးဖြစ်သည်။ ဤသည်မှာ ဘုန်းကြီး၏ဇာတိနိုင်ငံ သီရိလင်္ကာတွင်
 အစဉ်အလာ ယူဆချက်ဖြစ်သည်။ ဤယူဆချက်သည် မှန်ကန်သည်ဟု ဘုန်းကြီးအနေဖြင့် ယခုအခါ မယူဆတော့ပါ။ လူလတ်ပိုင်းအရွယ်နှင့် အသက်ကြီးပိုင်းအရွယ် သို့ မဟုတ် အိမ်ထောင်ကျပြီး ၊ သားသမီးများကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့သူများမှ ရဟန်းဖြစ်လာသူများစွာကို ဘုန်းကြီးတွေ့ မြင်ခဲ့ဖူးပါသည်။ သူတို့ သည် ရဟန်းကောင်းများ ဖြစ်နိုင်ကြပါသည်။ အခြားတဖက်တွင် အရွယ်မရောက်မီကပင် ကိုရင်ဖြစ်၊ ကိုရင်မှသည် ရဟန်းဖြစ်သူများစွာကိုလည်း ဘုန်းကြီးမြင်တွေ့ ခဲ့ဖူးပါသည်။ ထိုငယ်ဖြူကိုယ်တော်များသည် ကလေးဆန်ဆန် ပြုမူပြောဆိုကြဆဲပင် ဖြစ်၏။

အမရဒီပ
ဇွန်လ ၈၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။


Friday, June 7, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၆



                                    အခန်း ၃ ၊ လွတ်မြောက်ပြီ

သင်္ကန်းချွတ်ပြီး ဘုန်းတော်ကြီးကျောင်းမှထွက်ခွါလာသောအခါ ဘုန်းကြီးစိတ်ထဲဦးတည်သော
 နေရာကား မေးခွန်းထုတ်စရာမလို…..။ အိမ်…။
သို့ သော် အရင်ဦးစွာ အမကြီးအိမ် ဝင်သည်။ယောက်ဖသည် ဘုန်းကြီးမြင်သည့်အခါ အံ့သြသော်လည်း ထိန်းထိန်းသိမ်းသိမ်းရှိလှသည်။ ဘုန်းကြီးကြိုးပမ်းခဲ့ရပုံကို သူနားထောင်ပြီး ပြုံးလျက်ပင် ပြောသည်။
"အဲဒီလိုဘုန်းကြီးကျောင်းမျိုးကနေ မင်းထွက်လာတာ ကောင်းပါတယ်၊ တို့ အိမ် ခဏဖြစ်ဖြစ် နေလိုက်ဦး။ မင်းအတွက် နောက်တကျောင်း ငါရှာကြည့်ပါဦးမယ်"
သို့ သော် ယောက်ဖအိမ်နေလျှင် နောက်ကျောမလုံ ။ ဆရာတော်အရှင်သောဏုတ္တရလာပြီး ဘုန်းကြီးကို ရှာနိုင်သည်။ ထို့ ကြောင့် မိဘအိမ်သို့  ဘုန်းကြီးပြေးပြန်သည်။

ဘုန်းကြီးကိုမြင်သည်နှင့် မိခင်ခမျာ အံ့သြတုန်လှုပ်သွားသည်။ ဘုန်းကြီးကျောင်းကနေ ထွက်လာခြင်းအကြောင်း
ကို မေးသည်။ ဘုန်းကြီးကလည်း ဖြစ်သမျှအလုံးစုံကို ပြောပြသည်။ မိခင်သည် စကားများများမဆို ၊ ငိုတော့၏။
ညနေပိုင်း လယ်ကွင်းအလုပ်မှ ဖခင်ပြန်လာသည်။ ဘုန်းကြီးကျောင်းမှာဖြစ်သမျှ ဆဲဆိုမှုအကြောင်း သူ့ ကို
 ပြောပြရပြန်သည်။ သူ့ မျက်နှာအရိပ်အကဲကိုကြည့်ရသည်မှာ ဘုန်းကြီးပြောသည်ကို သူယုံကြည်ပုံမရ၊ တည်တည်ငြိမ်ငြိမ် ရှိလှသည်။ အကို နှင့်အမများသည်လည်း ဘုန်းကြီးပြန်ရောက်လာသည့်အတွက် ဝမ်းမြောက်
ကြသည်။ မည်သူမျှ စကားများများ မပြောကြပေ။ ဘုန်းကြီး အိမ်ပြန်ရောက်သည်ကို အခြေအနေအရ
လက်ခံကြပုံ ပေါ်၏။

လက်ရှိအနေအထားအတိုင်းဆက်သွားလို့ မရနိုင်တော့မှန်း မိသားစုအားလုံး နားလည်ကြသည်။ ကိုရင် ၊ ရဟန်း တပါး လူဝတ်လဲခြင်းသည် မလုပ်စကောင်းအရာတခုဖြစ်သည်။ တမိသားစုလုံး အရှက်တကွဲ ကိုယ်ကျိုးနည်းသည်
အထိဖြစ်တတ်ပြီး ကံဆိုးမိုးမှောင်ကျတတ်သည်။

နောက်တနေ့ နေ့ လယ်ပိုင်း ဆရာတော် အိမ်သို့ ကြွလာသည်။ ဘုန်းကြီး၏မိဘများမှာ ဆရာတော်ကို ရိုသေလေးစားသမှုပြုသည့်အနေဖြင့် သူ့ ထံမှဘုန်းကြီးထွက်ပြေးလာသည့်အကြောင်းကို မမေး။
 ဖြစ်ခဲ့သမျှကို သူတို့  မသိကျိုးကျွံ ပြုနေကြသည်။

စကားပြောပြီးနောက်အချိန်အနည်းငယ်အကြာ ဆရာတော်က ဘုန်းကြီးကို သူနှင့်အတူ ကျောင်းပြန်လိုက်ရန် အမိန့် ရှိပါသည်။  ဘုန်းကြီးသည် ဆိတ်ဆိတ်နေကာ မိဘများဆီ အကူအညီရလိုရငြား ကြည့်လိုက်သည်။ ဘုန်းကြီးဘက်ကရပ်တည်ပြီး ပြောပေးကြလိမ့်မည်၊ ဘုန်းကြီးကို သူတို့ နှင့်အတူနေစေလိုကြောင်း ပြောလိမ့်မည်
ဟုလည်း မျှော်လင့်ထားသည်။

တမိနစ် နှစ်မိနစ်လောက်ကြာသည်။ မည်သူမျှ စကားမပြော။ နုတ်ဆိတ်နေကြသည်။ မိဘတို့ သည် ဘုန်းကြီးကို မကြည့်ရက်နိုင်ဖြစ်ပုံပေါ်သည်။ ဆရာတော်က သူ၏ကမ်းလှမ်းချက်ကို ထပ်ပြောပြန်၏။

ဖခင်က ဦးခေါင်းငြိမ့်လိုက်ပြီး လေသံဖြင့်ပြောသည်။
"ဟုတ်တယ်…၊ ဆရာတော်နဲ့ အတူ ပြန်လိုက်သွား"
ဘုန်းကြီးစိတ်ပျက်သွားသည်။ အကယ်၍ ဘုန်းကြီးဇွတ်ပေကပ်ပြီးဆက်နေလျှင်လည်း တရက်ပြီးတရက် ဘုန်းကြီးကျောင်းပြန်သွားအောင် ဖခင်က ဖိအားပေးတော့မည်။ ဘုန်းကြီးသည် မိသားစုကို အရှက်မကွဲစေလိုပါ။

ထိုအကြောင်းများနှင့်ပင် ဆရာတော်နှင့်အတူ ဘုန်းကြီးပြန်ပါလာခဲ့ပြန်သည်။ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်ပြီး
နောက် ဆရာတော်က ဘုန်းကြီးကို ထပ်မံရှင်ပြုပေးသည်။ပထမအကြိမ် အခမ်းအနားလောက်ကား မကြီးကျယ်။
ဒုတိယအကြိမ်ရှင်ပြုပြီးတွင် လိမ္မော်ရောင်သင်္ကန်းကို ဘုန်းကြီးဝတ်ဆင်သည်။ ဤတကြိမ် ပိုအဆင်ပြေပါစေ
ဟုသာ မျှော်လင့်မိပါတော့သည်။

ဘုန်းကြီး၏ဆရာတော်သည် ဆိုင်ရာသံဃာဂိုဏ်း၏ သံဃာ့ကောင်စီအဖွဲ့ ဝင်တပါးဖြစ်သည်။ ဇွန်လပြည့်နှင့် ဇူလိုင်လပြည့် တို့ အကြား ကာလများတွင် ကန္ဒီမြို့ သို့ ကြွရောက်သီတင်းသုံးရသည်။ ထိုနှစ်လအတွင်း သံဃာ့ကောင်စီသည် ကိုရင်များအတွက်  သိမ်တက်ရဟန်းခံပွဲများ ကျင်းပပါသည်။ တနေ့ တာအတွင်းမှာပင်
လူငယ်သုံးဆယ်လောက်ကို ရဟန်းတက်ပေးသည်။ ဆရာတော်ခရီးကြွစဉ်ကာလတွင် ဘုန်းကြီးသည် အသက် ဆယ့်သုံးနှစ်သားကိုရင်ပင်ဖြစ်သော်လည်း ကျောင်းတိုက်အကြီးအကဲအဖြစ် တာဝန်ယူရပါသည်။

ဆရာတော်မရှိ၍ ဘုန်းကြီးသည် ကျောင်းတာဝန်ခံဖြစ်နေခိုက်တနေ့ တွင် ရွာသားတယောက် လိမ္မော်သီး
လာတောင်းသည်။ ကျောင်းဝင်းခြံအတွင်း လိမ္မော်ပင်နှစ်ပင်ရှိရာ လိမ္မော်သီးလိုလျှင် ရွာသားများ အချိန်မရွေး ကျောင်းသို့ ရောက်လာတတ်သည်။ ထိုသူက လိမ္မော်သီးအတွက် ငွေတမတ်ပေးသွားခဲ့သည်။

ဘုန်းကြီးကျောင်းသားတယောက်မှာ ဆရာတော်နှင့်အတူ ကန္ဒီမြို့ သို့ လိုက်ပါသွားသည်။ ဟန္နီမဟတ္တယ ခေါ်သည့် ကျောင်းသားမှာ ဘုန်းကြီးနှင့်အတူ ကျောင်းမှာကျန်ရစ်သည်။ ပုံမှန်အားဖြင့် ဘုန်းကြီးတို့ နှစ်ဦးသည် ရောင်းရင်းများလို အရာရာ ဝေစားမျှစားဖြစ်ကြသည်။ လိမ္မော်သီးအိတ်ထမ်းပြီး ရွာသားထွက်သွားသည်နှင့် ဟန္နီမဟတ္တယသည် သူ့ အတွက် ဝေစုကို ဘုန်းကြီးထံတောင်းတော့သည်။
"သူက ပိုက်ဆံတမတ်ပဲပေးသွားတာကွ ၊ သကြားရယ် ၊ လက်ဖက်ခြောက်ရယ်၊ ဒီည မီးခွက်ထွန်းဖို့ ရေနံဆီရယ် ဝယ်စရာရှိတယ်"

ဟန္နီမဟတ္တယကို ဘုန်းကြီးပြောသည်။ သူအလွန်စိတ်ဆိုးသည်။ အယုတ္တအနတ္တစကားလုံးများ သူ ထံမှ ထွက်လာတော့သည်။ ဘုန်းကြီး သူ့ ကို ရိုက်ပစ်လိုက်သည်။

နောက်တကြိမ်ဖြစ်ရပ်မှာ မီးခွက်မီးတို့ ရန် မီးခြစ်ကုန်သွားပြန်သည်။ ခြံနီးနားချင်းတအိမ်အိမ်ပြေးပြီး ထင်းမီးစတချောင်းယူပေးရန် ဟန္နီမဟတ္တယကို ဘုန်းကြီးခိုင်းပြန်၏။ "ထင်းမီးစတောင်းသည့်ကိစ္စ"မှာ ထိုခေတ်အခါက လုပ်ရိုးလုပ်စဉ်တခုဖြစ်သည်။

သို့ သော် သူမသွားလိုဟု ဟန္နီမဟတ္တယငြင်းသည်။ သို့ နှင့်သူ့ ကိုဘုန်းကြီး အကျပ်ကိုင်ရသည်။ သူထင်းမီးစ
မယူပေးလျှင် နောင်စီးကရက်သောက်က သူ့ ကိုတဝက်မပေးနိုင်ဟု ပြောခြင်းပင်…။ (သူနှင့် ဘုန်းကြီးမှာ စီကရက်ဝေသောက်နေကျ၊ ဘုန်းကြီးတဝက်သောက်သည်၊ သူ့ ကို တဝက်ပေးသည်။) သူကား စည်းရုံး၍ မရနိုင်သူဖြစ်နေချေပြီ။ တောက်တိုမယ်ရလုပ်ပေးခစီးကရက်တပိုင်းတစကိုပင် စွန့် လွှတ်နိုင်သူဖြစ်၏။

ဘုန်းကြီးကိုယ်တိုင်ပင် ထင်းမီးစသွားယူသည်။ ကျောင်းပြန်ရောက်သည့်အခါ စီးကရက်ကို မီးညှိသောက်
သည်။အစပိုင်းတွင် သူက ဘုန်းကြီးကို စောင့်ကြည့်နေ၏။ စီကရက်မီးစာတဝက်ကျိုးသောအခါ နောက်တဝက်
သူ့ ကို ပေးပါဟု တောင်းဆိုလာ၏။
"မေ့ထားစမ်းကွာ၊ အပေးအယူဟာ အပေးအယူပဲကွ၊ ငါ့ဖာသာ ထင်းမီးစသွားယူတာလေကွာ၊
 အဲဒီတော့ မင်းစီးကရက်ဝေစု မင်းမရဘူးပေါ့"
ဘုန်းကြီးပြောလိုက်သည်။

ဤတွင် ဟန္နီမဟတ္တယသည် ဘုန်းကြီးကို ကျိန်စာတိုက်တော့၏။ ဘုန်းကြီးဒေါသထွက်အောင်လုပ်လာသည်။ သူ့ 
ကို နံရံနှင့်ညှပ်တွန်းထားပြီး ချုပ်ထားကာ သူ့ နုတ်ခမ်းထောင့်စွန်းနှစ်ဖက်စုံကို စီးကရက်မီးနှင့် တို့ ပစ်ရှို့ ပစ်လိုက်
သည်။

အခြားအဖြစ်အပျက်များလည်း ရှိပါသည်။ ဆရာတော် ကန္ဒီကို ခရီးကြွနေခိုက် ဘုန်းကြီးနှင့်သက်တူရွယ်တူများ
 ကျောင်းလာလည်ကြ ၊ ကျောင်းမှာနေကြအိပ်ကြသည်။ကစားနည်းမျိုးစုံအောင် ကစားကြသည်။ စင်စစ်အားဖြင့် ကိုရင်တပါးအနေဖြင့် မြူးတူးပျော်ပါး ကစားခြင်း မလုပ်သင့်ပါပေ ၊ သို့ သော် ဆရာတော်အနီးအနားမှာမရှိလျှင်
သူကောင်းသားမည်သည့်ကိုရင်က ဂရုစိုက်ပါတော့နည်း…….။

အကြိုက်ဆုံးကစားနည်းများအနက် တခုမှာ "၅ ဂဏန်းနှင့်ကစားခြင်း"ဟူသည့် "ပဉ္စဂဏဟဝ"နည်းပင် ဖြစ်၏။
ခရုခွံအသေးစားလေးများကို ကြမ်းပြင်ပေါ် ကြဲချကာ အကျမှန်၊ အကျမမှန်သောအခွံအရေအတွက်အလိုက် အမှတ်ယူရသော ကစားနည်းဖြစ်သည်။

တနေ့ သ၌ ဘုန်းကြီးကျောင်းနှင့်ခြံနားနီးချင်းတဦး ရောက်လာပြီလျှင် ဘုန်းကြီးတို့ ကို ဖဲကစားနည်းသင်ပေးချင်
သည်ဟု ဆိုလေ၏။ သူကစားပြ၍ ဘုန်းကြီးတို့  စိတ်ဝင်စားကြသည်။ ကစားပွဲကြိမ်ရေများစွာကို ဆက်တိုက်
ဆက်တိုက် ဘုန်းကြီးတို့ နိုင်အောင် သူလုပ်ပြပြီးနောက် သူကပြောသည်။

" ကိုရင်မှာ ပိုက်ဆံရှိရင် ဒီတပွဲကို အလျော်အစားအနေနဲ့ ကစားနိုင်ပါတယ်။ 
ဒီနေ့  ကိုရင်တို့ ကံကောင်းတဲ့နေ့ ပဲ ၊ နိုင်မယ့်ပုံချည်းပေါ်နေတယ်"

ဘုန်းကြီးမှာ  ငွေ တရူပီးရှိကြောင်း သူ့ ကို ပြောသည်။
"ကောင်းတာပေါ့၊ ပိုက်ဆံကြေးကစားလိုက်ရအောင်"
သူက ပြန်ပြောသည်။

ဘုန်းကြီးက ငွေတရူပီးကို လောင်းကြေးထပ်လိုက်သည်။ ချက်ချင်း နှစ်ရူပီး နိုင်သည်။ ဘုန်းကြီးအကြီးအကျယ်
ဝမ်းသာတုန်လှုပ်မိသည်။ သူက နောက်တပွဲကစားရန် အားပေးအားမြှောက်ပြု၏။ သည်တပွဲတွင် ဘုန်းကြီးရှုံးပါ
သည်။ ခြံနီးချင်းလူသည် သုံးရူပီးကို အိတ်ကပ်ထဲကောက်ထည့်ပြီး ဘုန်းကြီးကျောင်းမှ ပြုံးပြုံးကြီး အိမ်ပြန်သည်။

ဤပွဲသည် တိုတောင်းလှသော ဘုန်းကြီး၏လောင်းကစားသမားဘဝနိဂုံးပေတည်း။
ဤပွဲသည် တချီတမောင်းစမ်းရုံမျှဖြင့် ဘုန်းကြီးရလိုက်သော သင်ခန်းစာတရပ်ပါတည်း။

အမရဒီပ
ဇွန်လ ၇၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။

Sunday, June 2, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၅



လပြည့်နေ့ ၊ လပြည့်ကျော်တရက်နေ့ များတွင် ဘုန်းကြီးနှင့် ကျောင်းသားများ နေ့ စဉ်လုပ်ငန်းမှ အနားယူခွင့်ရ
သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပေသည်။ ထိုနေ့ များတွင် ဘုန်းကြီးတို့ မှာ ဝေယျာဝစ္စအလုပ်ကြမ်းသ
မားများအဖြစ်မှ အထူးနေ့ ရက်များတွင် ကျောင်းမှာအချိန်ကုန်ရန်ရောက်လာကြသည့် ရွာသားများအတွက် အိမ်ရှင်များ ဖြစ်သွားကြပေသည်။ ကျောင်းရောက်လာသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်။ စာရေးစာဖတ်မတတ်ကြချေ။ ဘုန်းကြီးကျောင်းများတွင် ရဟန်းတော်များက လူဝတ်ကြောင်များအတွက် ဇာတ်တော်များဖတ်ပြရပြီး အဓိပ္ပါယ်ဆိုလိုချက်ကို ရှင်းလင်းပြောပြလေ့ရှိကြသည်။

ဇာတ်တော်ဟူသည် ဗုဒ္ဓဘုရား၏အတိတ်ဘဝဖြစ်ရပ်များကို တင်ပြထားသော ဇာတ်လမ်းများဖြစ်ကြသည်။  ဇာတ်လမ်းပုဒ်ရေ ၅၅ဝ ရှိသည်။ ဇာတ်တော်တိုင်းဝယ် ဗုဒ္ဓဘုရားရှင်သည် အတိတ်ဘဝများစွာတွင် ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတည်းဟူသော မြင့်မြတ်သည့်အရည်အသွေးများကို ထင်ရှားပေါ်လွင်အောင်ပြသပုံကို ဇာတ်
လမ်းဖြင့် သရုပ်ဖော်ထားသည်။ အချို့ ဇာတ်တော်များတွင် ဗုဒ္ဓသည် တိရစ္ဆာန်တမျိုးမျိုးဖြစ်ဖူးကြောင်း၊ သူသည်အမြဲတစေ ဘုရားဖြစ်ဖို့  စိတ်အားထက်သန်သူ ဗောဓိသတ္တ (ဘုရားလောင်း) ဖြစ်ကြောင်း တွေ့ ရသည်။

ဘုန်းကြီးသည် လေးတန်းအောင်မြင်ပြီးသူဖြစ်သောကြောင့် ဘုန်းကြီးကျောင်းသို့ ရောက်လာကြသည့် စာမတတ်
သူရွာသားများကြားတွင် လူတော်လူတတ်တဦးဖြစ်နေခဲ့ပြန်သည်။ သူတို့ က ဘုန်းကြီး၏ မိန်းကလေးအသံလိုလို
ကလေးအသံလေးဖြင့် ဇာတ်တော်များဖတ်ပြသည်ကိုလည်း သဘောကျနှစ်သက်ကြသည်။

တနေ့ … ဗုဒ္ဓဘုရား၏လူဝတ်ကြောင် သိဒ္ဓတ္ထမင်းသားဘဝဇာတ်လမ်း ပြောပြသည်ကို ဘုန်းကြီးမှတ်မိနေ၏။ မင်းသားသည် ခမည်းတော်၏နန်းတော်ကိုစွန့် ခွါခဲ့ပြီးနောက် ဆံပင်ကိုဖြတ်ပယ်ကာ တရားရှာဖွေသူယောဂီတဦး
ဖြစ်လာခဲ့သည်။ အဝါရောင်အဝတ်ဖားဖားကြီးကို ခန္ဓာကိုယ်မှာ ရစ်ပတ်ဝတ်ရုံကာ သပိတ်ဖြင့် ဆွမ်းခံလေကြောင်း ဘုန်းကြီးပြောပြပါသည်။ နားထောင်နေသူရွာသားများအနက်  ဘုန်းကြီး၏အဖိုးအရွယ်လူကြီးတဦးကပြောလာ၏။

"ကိုရင်လေး…၊ တပည့်တော်အထင် ကိုရင်မှားနေပြီနော်။ တပည့်တော်အထင်ပြောရရင် သပိတ်တို့ သင်္ကန်းတို့ 
ဆိုတာ သိဒ္ဓတ္ထမင်းသားဘုရာဖြစ်မှ၊ ရဟန်းသံဃာရယ်လို့ ပေါ်လာတော့မှ သင်္ကန်းနဲ့ သပိတ်ရယ်လို့ လောကမှာ
ပေါ်လာတာ မဟုတ်လားဘုရား…."

"ဒကာကြီး… သပိတ်ကို ခေါ်တဲ့ သက္ကတစကားလုံး "ပတ္တ" ဆိုတာဟာ ထိပ်ဝအပွင့်နဲ့ ထည့်စရာ ဘယ်ခွက်ကို 
မဆို ဆိုလိုတာပါပဲ။ အဲဒီလိုခွက်မျိုးက ဗုဒ္ဓဘုရားမပွင့်ခင်ကတည်းက အသုံးပြုနေကြတာပါပဲ။ အဲဒီ "ပတ္တ"ဆိုတာ
ကို အလှူခံတောင်းရမ်းစားသူတိုင်းလိုလို သုံးကြပါတယ်။ နောက်ပြီးတော့ အဝါရောင်သင်္ကန်း ကို ခေါ်တဲ့
"ကာသာယဝတ္ထ" ဆိုတဲ့ သက္ကတစကားလုံးဟာလဲ  အဝါရောင်အဝတ်တိုင်းကို ဆိုလိုတာပါပဲ။ 
သိဒ္ဓတ္ထမင်းသား က အဝါရောင်သင်္ကန်းရှည်ကြီးကို ဝတ်ရုံတာ ဘယ်လိုလုပ်မဖြစ်နိုင်ရမှာလဲ…ဒကာကြီးရဲ့"

ဘုန်းကြီးက ထိုလူကြီးအား ဖြေခဲ့ပါသည်။ ဘုန်းကြီးပြန်လည်တွေးမိသောအခါ ဘုန်းကြီးအဖြေက ထိုလူကြီးအား အတိုင်းထက်အလွန် ဘဝင်ကျသွားစေခဲ့ကြောင်း သိရပါသည်။

သို့ သော် ဘုန်းတော်ကြီးကျောင်းမှာ ကြုံတွေ့ သမျှအရာအားလုံးသည် ငါကွဟုသွေးကြီးစရာတို့ ချည်းသာ
မဟုတ်ခဲ့ပါချေ..။ တနေ့  ဘုန်းကြီးကျောင်းသားကြီးများက သူတို့ နှင့်အတူ ဆေးပြင်းလိပ်သောက်ရန် ဖိတ်
မန္တကပြုလာပါသည်။ ဘုန်းကြီးလည်း ဆေးပြင်းလိပ်သောက်သည်။ ဤနည်းအားဖြင့် စွဲလမ်းမှုတခုကို စတင်
မွေးဖွားခဲ့သည်။ စီးကရက်ဝယ်မသောက်နိုင်သည့်အခါ ကျောင်းထိုင်ဆရာတော်၏အခန်းမှ ဆေးရွက်ကြီး
ခိုးကြသည်။ ဆရာတော်က ဆေးရွက်ကြီးများကို ကွမ်းဝါးသည့်အခါ ရောနှောသုံးစွဲရန်သိမ်းထားခြင်းဖြစ်သည်။ ဘုန်းကြီးတို့ သည် ဆေးရွက်ကြီးကို သတင်းစာစက္ကူအပိုင်းစများတွင်လိပ်ကာခိုးကြောင်ခိုးဝှက်သောက်ခဲ့ကြ
သည်။ ဆရာတော်မိသွားသည့်အခါ ဘုန်းကြီးတို့ ကို ရိုက်ပါသည်။ ရိုက်ခံရမည့်အကြောက်တရားက ဘုန်းကြီး
တို့ ကို ရပ်တန့် အောင်မလုပ်နိုင်ပါ။ ထပ်အမိမခံရအောင် ပိုသတိထားလုပ်ကြသည်။

တနေ့ ဆွမ်းခံအပြန် ဆွမ်းချက်ဆောင်ထဲတွင် ဆေးပြင်းလိပ်အသေးလေးကို မီးညှိပြီး စဖွာခါစမှာပင် ဆရာတော် ရေပုံးကိုင်လျက် ရေတွင်းသို့ ရေချိုးအသွားလမ်းပေါ် ဘွားကနဲ ပေါ်လာသည်။ သူက
 ရပ်လိုက်ပြီး ဘုန်းကြီးကို စိန်းစိန်းကြီး ကြည့်သည်။ ဘုန်းကြီးကား ခိုးထုပ်ခိုးထည်နှင့်တကွ လက်ပူးလက်ကြပ်အဖမ်းခံရပြီတည်း..။

"ဒီတကြိမ်တော့ မင်းကို ငါမရိုက်တော့ဘူး၊ နောက်တကြိမ် မိခဲ့ရင် မင်းကိုငါဘာလုပ်ရမလဲ ပြောစမ်း…။"
ဆရာတော်က ပြောသည်။
ဘုန်းကြီးဖြေဖို့ ခက်နေမိသည်။ ဆရာတော်၏ဒေါသကား အင်မတန်ကြောက်စရာကောင်းသည်။
 မေးခွန်းအဖြေမှာ တခုတည်းသာရှိကြောင်း ဘုန်းကြီးနားလည်ပါသည်။
"မှန်ပါ….၊ ဆေးလိပ်သောက်တာ နောက်တခါတွေ့ ရင် အရှင်ဘုရား တပည့်တော်ကို ရိုက်ချင်သလောက်ရိုက်ပါ
ဘုရား……"
ဘုန်းကြီးဖြေလိုက်သည်။

သို့ သော် ဘုန်းကြီးဆေးလိပ်သောက်သည်ကို ရပ်တန့် မပစ်ပါ။ ဘုန်းကြီး ဆေးလိပ်အစွဲကြီးစွဲမိနေပြီကော…။
သီတင်းပတ်များစွာကြာပြီးနောက် ဆေးလိပ်သောက်သည်ကိုမိသွားသည့်အတွက် ဆရာတော်က ဘုန်းကြီးကို လက်ဝါးစာကျွေးလေတော့သည်။

ယင်းနောက် ဆရာတော်က ဆေးရွက်ကြီးကို သော့ခတ်သိမ်းဆည်းသည်။ ဘုန်းကြီးတို့ဆေးရွက်ကြီးမရနိုင်တော့
ပြီ။ ဘုန်းကြီးတို့ ကား အကြောက်အလန့် လည်း မရှိတော့ချေ။ ဆေးရွက်ကြီးရစရာအခွင့်အလမ်းများလည်း
 ပေါပေါများများဖြစ်လာလေသည်။ ဆေးရွက်ကြီးဝယ်ရန် အုန်းသီး ထုတ်ရောင်းသည်။ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ ၊ဆန်  အလှူရှင်များ၏လှူဖွယ်ပစ္စည်း လက်ထဲရောက်လာသမျှ အကုန်ရောင်းသည်။

ဘုန်းကြီးအသက်ဆယ်ကျော်သက်ဖြစ်ဖို့ နီးလာသည်နှင့်အမျှ အချုပ်အချယ်နှင့်ဝေးဝေးနေလိုစိတ်တို့ သွေးကြွလာ
သည်။ ဆရာတော်အရှင်သောဏုတ္တရ၏ ခန့် မှန်းရခက်သည့် ဒေါသူပုန်ထကြွသောင်းကျန်းမှုကို အရေထူလာ
သည်။ ကြောက်ရွံ့ စိတ်မဖြစ်တော့ပြီ။ သူ၏အလွန်အကျွံအပြစ်ပေးမှုသည် တရားမျှတမှုမရှိ၊ အကြမ်းပတမ်းလုပ်
လွန်းသည်။ ထို့ ကြောင့် သူ့ ကို အာခံပုန်ကန်လိုမှုတို့ ဘုန်းကြီးအစပြုလာသည်။

ထို့ ပြင် ဘုန်းကြီး၏ပညာရေးမှာ အားနည်းချွတ်ချော်မှုရှိနေသည်ဟုလည်း ခံစားလာရသည်။ အသက်ဆယ့်သုံးနှစ်
ရှိနေပြီ၊ စတုတ္ထတန်းမျှသာ အောင်သေးသည်။ ထိုခေတ်ထိုအခါက စတုတ္ထတန်းအောင်လျှင်အတော်အတန်ခရီး
ပေါက်သော်လည်း ဘုန်းကြီးအတွက် လုံလောက်မှုမရှိသေး။ ဆရာတော်အရှင်သောဏုတ္တရသည်လည်းကောင်း၊ ရွာနီးချင်းရှိ ဘုန်းကြီး၏ပါဠိဆရာ ဆရာတော်သည်လည်းကောင်း တရားဝင်ပညာရေးစနစ်ဖြင့် အောင်မြင်ပေါက်
မြောက်ပြီးသူတို့ မဟုတ်ကြချေ။ ပညာရေးကို သည်မျှနှင့် မတင်းတိမ်နိုင်၊ ဆက်သင်လိုသေးသည်။ ဤသည်မှာ ဘုန်းကြီးအသက်ရှင်နေသမျှရှိနေဦးမည့် ကိုယ်ပိုင်ဆန္ဒဖြစ်ပေသည်။

ဘုန်းကြီးကျောင်းသည် အကျဉ်းထောင်တခုလိုဖြစ်သည်ဟုစတင်ခံစားလာရသည်။ ဤအနေအထားသည် ဘုန်းကြီးမြင်မက်ခဲ့သော လင်းလက်တောက်ပသည့် ဘာသာရေးဘဝမျိုးလည်းမဟုတ်ပြန်ချေ။

တနေ့ တွင်ဆရာတော်အရှင်သောဏုတ္တရသည် နေ့ ဆွမ်းဘုဉ်းပေးအပြီး တခဏတာမှေးစက်အနားယူသည်။
 ကျောင်းသားတယောက်သည် ဆရာတော်၏အခန်းအပြင်ဖက်ရှိအပင်မှ လိမ္မော်သီးကို ခူးဆွတ်ချင်သည်။ ထိုကျောင်းသားသည် လိမ္မော်သီးကို ကျောက်ခဲများဖြင့် ပစ်ချသည်။

ဆူဆူညံညံအသံများကြောင့် ဆရာတော်နိုးလာသည်။ ဒေါသတရှုးရှုးထွက်ကာ အခန်းထဲမှ အပြင်သို့ ထွက်လာပြီး ဆူဆူညံညံလုပ်သူကို မေးမြန်းလေသည်။ အခြားကျောင်းသားတဦးက ဘုန်းကြီးကို အပြစ်လွှဲချသည်။ ဆူညံဆူညံလုပ်သူမှာ ဘုန်းကြီးဖြစ်သည်ဟူ၏။

ဘုန်းကြီးသည်လည်း ရုတ်တရက်ဒေါသထွက်သွားခဲ့သည်။ ဆရာတော့်ကို အဘယ့်ကြောင့်လိမ်ညာတင်လျှောက်
သနည်းဟု ကြမ်းတမ်းသည့်စကားလုံးများသုံးကာ ထိုကျောင်းသားကို ဘုန်းကြီးမေးသည်။ ဤတွင် ဆရာတော်၏
ဒေါသမြှားဦးသည် ဘုန်းကြီးဖက်ဦးတည်လှည့်လာသည်။ ဘုန်းကြီးသည် သူ့ ကို မထီလေးစားပြုမူသည်ဟု သူကဆိုသည်။ ကျောက်ခဲပစ်သူမှာ မည်သူပင်ဖြစ်စေ၊ သူဂရုမစိုက်။ ဘုန်းကြီးသည် မထီလေးစားလုပ်သူဖြစ်
သည်။ ပြစ်ဒဏ်ပေးထိုက်သူမှာ ဘုန်းကြီးဖြစ်သည်ဟု သူကဆိုသည်။

ဆရာတော်သည် တံမြက်စည်းတံတုတ်တချောင်းကို ဆွဲယူပြီး ဘုန်းကြီးကို ထပ်တလဲလဲ ရိုက်သည်။ ကြမ်းပြင်ပေါ် ဘုန်းကြီးလဲကျသွားရသည်။ အသက်ကိုပင် အနိုင်နိုင် ရှုနေရသည်။

ဤရိုက်နှက်မှုသည် သည်းခံစိတ်ကိုပေါက်ကွဲအောင်ဖန်တီးသည့် စနက်မီးဖြစ်သည်။

နေ့ လယ်ခင်းနှောင်းပိုင်းတွင် ခါတိုင်းလိုပင် ဘုန်းကြီးသည် စာအုပ်များကို စုစည်းသိမ်းဆည်းသည်။ ကေဘိလိတိဂေါဓကျောင်းသို့ ပါဠိစာသင်သွားရန် အချိန်ဖြစ်သည်။ ဆရာတော်နှင့်ကျောင်းသားများ ကျောင်းခြံနောက်ဖက်မှာ အိမ်သာကျင်းအသစ်တူးရန် 
ထွက်သွားခိုက် ဘုန်းကြီးလည်း ကျောင်းတံခါးအပြင်သို့ ထွက်လိုက်သည်။ သူတို့ ထွက်သွားသည်ကို
 စောင့်ကြည့်လိုက်ပြီးနောက်ကျောင်းတွင်းသို ပြန်ဝင်လာကာ ပါဠိစာအုပ်များကို ပစ်ချလိုက်သည်။

ကျောင်းသားများအဝတ်အစားထားရာအခန်းသို့ ဝင်ပြီး အင်္ကျီဖြူတထည်နှင့် လုံချည်တထည်ကို ဆတ်ကနဲဆွဲယူ
သည်။ နောင်တနောက်ဆံတင်းမနေဘဲ သင်္ကန်းများကို ချွတ်ချလိုက်ပြီး အင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်လိုက်
သည်။

ကိုယ်အတွင်းထဲမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းများ  တလိပ်လိပ်တက်လာနေသည်။ ကျောင်းရှေ့ တံခါးမှ အသာလစ်
ထွက်လိုက်ပြီး သံဆူးကြိုးဂိတ်တံခါးကို ဖြတ်ကာ ကြမ်းတမ်းသည့်လမ်းမပေါ်တက်လိုက်သည်။

ကိုရင်မဟုတ်တော့ပြီတကား……။
ဘေးမခရန်မသီလွတ်လပ်ပြီတကား…….။
အမရဒီပ
ဇွန်လ ၂ ၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
 

Saturday, June 1, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၄



ရှင်ပြုပွဲပြီးနောက် ဘုန်းကြီးကျောင်းရောက် ဘုန်းကြီးဘဝအခြေအနေထူးခြားသွားပြီလားမေးသော် မထူးခြားပါ 
ဟု ဆိုရပေချိမ့်မည်။ ဘာသာရေးကျမ်းစာများကို အာဂုံကျက်မှတ်ရဆဲ …၊ ကျောင်းဝေယျာဝစ္စကို လုပ်ရဆဲ…။ ခံနိုင်ရည်ပြည့်ဝဖို့ ဒဏ်ပေးခံရဆဲပင် ဖြစ်သည်။ အစားအေသာက်အပိုင်းတွင် သိသိသာသာ ကွာခြားသွားသည်။  ရှင်သာမဏေသီလသိက္ခာပုဒ်အရ မွန်းလွဲပြီးနောက် အဖတ်ပါသည်အစားအသောက်တို့ ကို မစားရတော့ပါ။ အခြေခံအားဖြင့် တနေ့ ဆွမ်းတထပ်သာ အပြည့်အဝစားရတော့သည်။ ယင်းဆွမ်းမှာလည်း ရွာထဲ ဆွမ်းခံဝင်ပြီး စုဆောင်းရခြင်းဖြစ်သည်။ ကျောင်းနေကိုရင်တပါးအနေဖြင့် ဆွမ်းခံသည်မှာ ကိုရင်၏တာဝန်ဖြစ်သည်။

နေ့ စဉ် ကျောင်းဝေယျာဝစ္စလုပ်ပြီးနောက် နံနက် ၉ နာရီခွဲတွင် ဆွမ်းခံကြွရသည်။ သပိတ်အိပ်ထဲရှိ သံသပိတ်မှာ အတော်ကြီးမားသည်။ ထိုသပိတ်အိပ်ကြီးကို လည်ပင်းမှာ ချိတ်ရသည်။ အိပ်အဖုံးပိတ်မှာ ပိတ်ချည်အဖုံးဖြစ်သည်
အိမ်ခြေခြောက်ဆယ်မှ ကျောင်းထိုင်ဆရာတော်နှင့် ဘုန်းကြီးနှစ်ပါးစာအတွက် ဆွမ်းခံရသည်မှာ ဘုန်းကြီး၏
တာဝန်ဖြစ်ပါသည်။ ရွာသားများသည် သူတို့ တဲရှေ့ တွင် ဆွမ်းအိုး၊ အသီးအရွက်ဟင်း၊ မုန့် ချိုကလေးကို လက်မှာ ကိုင်လျက် မတ်တပ်ရပ်နေကြသည်။ တိတ်ဆိတ်ကာ စက္ခုနြေ္ဒကိုထိန်းပြီး ဖြည်းဖြည်းချင်း ဘုန်းကြီးလျှောက်လှမ်း
လာသောအခါ သူတို့ ၏အလှူပစ္စည်းများကို သပိတ်ထဲသို့ လောင်းလှူကြသည်။

ဆွမ်းခံခြင်းအလေ့အထသည် ယနေ့ အချိန်အထိ အာရှတိုက် ကျေးရွာများမှာ ထွန်းကားဆဲဖြစ်သည်။
 ဖိနပ်မပါ ခြေဗလာဖြင့် စကားပြောသံဆူညံခြင်းလည်းမရှိပါဘဲ လမ်းလျှောက်နေသော သံဃာတန်းရှည်ကြီးသည် ဆွမ်းအလှူရှင်အိမ်ရှေ့ မှာ ရပ်နေကြသည်မှာ ကျက်သရေရှိလှသည့် မြင်ကွင်းဖြစ်သည်။ ဆွမ်းအလှူရှင်က ဆွမ်းကို သပိတ်များထဲသို့ လောင်းလှူသည်။ အချင်းချင်း စကားဖလှယ်ပြောဆိုခြင်းမရှိ…..။

ဆွမ်းခံခြင်းသည် သာသနာတော်နှင့် လူဝတ်ကြောင်အကြား အချင်းအချင်းအမှီသဟဲပြုမှုပင်ဖြစ်သည်။ သိက္ခာပုဒ်အရ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ခွင့်မရသော ရဟန်းသည် လူဝတ်ကြောင်များ အစားအသောက်ထောက်ပံ့မှုကို လက်ခံယူရသည်။ ရဟန်းတော်များကို အစားအသောက်လှူဒါန်းသော လူဝတ်ကြောင်များသည်လည်း ဆွမ်းလှူရသည်အတွက် ဒါနကုသိုလ်ရသည်။ ထို့ ပြင် သာသနာတော်
အဓွန့် ရှည်အောင် ထောက်ပံ့ရာလည်း ရောက်ပါသည်။

သို့ သော် …. ဘုန်းကြီးအတွက် မူ ဆွမ်းခံခြင်းသည် အမြဲတစေ စိတ်ဖိစီးမှုရှိနေသည်။ အိမ်ခြေခြောက်ဆယ် အကုန်နှံ့ အောင် ဆွမ်းခံရသည်။ ကျောင်းသို့  နံနက် ၁၁ နာရီအတိအကျ အရောက်ပြန်ရသည်။ အကယ်၍ ငါးမိနစ်လောက်နောက်ကျလျှင် ဘုန်းကြီး၏ဆရာတော်သည် ဆွမ်းမစားတော့ပြီ။ နေ့ ဆွမ်းကို မွန်းမတည့်မီ စားသောက်ပြီးရမည်ဟု ဝိနည်းတော်က အတိအကျဆိုသည်။ ဆရာတော်သည် အချိန်လုပြီး ဆွမ်းမစားလိုပေ။
တအိမ်တလေမျှကိုလည်း ကျော်ပြီး သုတ်ခြေတင်ကာ ဆွမ်းမခံရဲပါ။ အကြောင်းမှာ ဆွမ်းအလှူရှင်ရမည့်
ကုသိုလ်ကောင်းမှုကို မပေးဘဲထားရောက်ရာသည့်အပြင် ထိုဆွမ်းအလှူရှင်တို့ က ဆရာတော်ထံ တိုင်ကြားကြ
လျှင် ဘုန်းကြီးမှာ ပြစ်တင်မောင်းမဲခံရမှာလည်း သေချာသည်။

ထိုဆွမ်းခံရွာမှာ အစာငတ်ပြတ်သော ခွေးအလွန်ပေါများသည်။ မွှေးရနံ့ တသင်းသင်း အငွေ့ တထောင်းထောင်း
ပြည့်သော ဆွမ်းသပိတ်ကို သူငယ်လေးတယောက်ထမ်းပိုးလာသည်ကို ခွေးများမြင်ကြသောအခါ ခွေးများမှာ
ဝိုင်းလုလိုစိတ်  ဖြစ်ပေါ်လာလေသည်။ ထိုခွေးများကို တရှိန်ရှိန်ပူလောင်နေသည့်နေရောင်ကို ကာကွယ်ရန် ယူဆောင်လာသည့် ထီးဖြင့် ကာကွယ်ဟန့် တားရန် ကြိုးစားပါသေးသည်။ သို့ သော် မည်သည့်အခါမျှ
 အောင်မြင်သည် မရှိခဲ့ပါချေ။

တခါတရံ ခွေးအုပ်စုနှင့် ဝေးအောင် ပြေးဖို့ ဘုန်းကြီးကြိုးစားသည်။ သို့ သော် လည်ပင်းမှာချိတ်ထားသည့် သပိတ်မှာ လေးလံလှသည့်အတွက် အဆင်မပြေဖြစ်ပါသည်။ အမြဲတမ်းလဲကျပြီး ဆွမ်းနှင့် ဆွမ်းဟင်းများ
 မြေပြင်ပေါ် ဖိတ်ကျသွားကြသည်။ ထိုခွေးများသည် သူတို့ ၏အစွယ်တဖွေးဖွေးကိုပြကာ မာန်ဖီလျက် ဘုန်းကြီးကို မောင်းထုတ်ကြသည်။

ခြေထောက်မှာ သွေးအလိမ်းလိမ်းထွက်ကာ သပိတ်ထဲမှာလည်း ဆွမ်းတဝက်မျှသာကျန်ပြီး ကျောင်းပြန်ခဲ့ရ
သည်မှာ လည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပါသည်။ ရွာသားအချို့  ဘုန်းကြီးအတွက် စိတ်မကောင်းဖြစ်ကြဟန်တူသည်။ ဘုန်းကြီးကို ကိုက်လိုက်သည့်ခွေးတရားခံကို သိကြသည့်အခါတိုင်း တရက်နှစ်ရက်ကြာလျှင် ရွာသားများကျောင်း
သို့ ရောက်လာကြသည်။ ကိုရင်အားကိုက်လိုက်သည့်ခွေး သေလေပြီဟု ဆိုတတ်ကြသည်။ ဤသည်မှာ ဘုန်းကြီး
ဖြစ်လိုသော ဆန္ဒမဟုတ်ပါ။ သို့ သော် ပြီးခဲ့သမျှသည်ကား လွန်ပြီးသွားလေပြီတည်း….။

နေ့ ဆွမ်းဘုဉ်းပေးပြီးနောက် ကျောင်းသားနှစ်ယောက်နှင့်အတူ ဆွမ်းစားဆောင်သန့် ရှင်းရေးလုပ်ရသည်။ ထိုကိစ္စပြီးပါက နှစ်မိုင်ခန့် ဝေးသည့် ရွာနီးစပ်ရှိဘုန်းတော်ကြီးကျောင်းသို့ လမ်းလျှောက်ရသည်။ ထိုကျောင်း ဘုန်းတော်ကြီးက ဘုန်းကြီးအား ပါဠိသင်ခန်းစာများ သင်ပေးပါသည်။ ကဗျာစာပိုဒ်များကို လွယ်လွယ်ကူကူ ကျက်မှတ်နိုင်သည့်အတွက် ထိုကျောင်းဘုန်းတော်ကြီးက ဘုန်းကြီးကို အလွန်သဘောကျသည်။ ပါဠိသင်ခန်းစာ
သင်ပြီးနောက် ညနေပိုင်း ဝေယျာဝစ္စအလုပ်နှင့် ဘုရားဝတ်တက်အမှီ ကျောင်းသို့ သုတ်ခြေတင်ပြန်ရသည်။

ညနေပိုင်း လုပ်ငန်းဆောင်တာများအပြီးတွင် လက်ဖက်ရည်သောက်ချိန် နှင့် စာသင်ချိန်ဖြစ်ပြန်သည်။ ည ၉ နာရီခွဲလောက်မှာ အိပ်ရာဝင်လေ့ရှိပြီး နောက်နေ့ နံနက် ၄ နာရီတွင် အိပ်ရာထ ခေါင်းလောင်းသံ ကြားရပြန်၏။

ဘုန်းကြီး၏ဖခင်ကဲ့သို့  ဆရာတော်အရှင်သောဏုတ္တရသည်လည်း စိတ်တိုတတ်သူ ဖြစ်၏။ ဘုန်းကြီးနှင့်
 ကျောင်းသားများကို ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတတ်သည်။ စည်းကမ်းချိုးဖောက်မိလျှင် သို့ မဟုတ် နေ့ စဉ်လုပ်
ငန်းဆောင်တာအသေးအဖွဲကိစ္စလစ်ဟင်းသွားလျှင် လက်ထဲရှိသည့် ကျောက်ခဲ၊ တုတ်၊ အုတ်ခဲ ၊ တံမြက်စည်း
 တွေ့ သမျှနှင့် ထုရိုက်ပစ်ပေါက်ရန် ဝန်လေးသူလည်း မဟုတ်ချေ။ ကုန်ကုန်ပြောလျှင် ဓားရှိလျှင် ဓားနှင့်ပစ်တတ်၊ ခုတ်တတ်သည်။

ထို့ ကြောင့် စည်းကမ်းများကို လိုက်နာနိုင်အောင် အသေအလဲကြိုးစားရသည်။ နံနက်တိုင်း ၄ နာရီတွင် အိပ်ရာထ
ရသည်။ ပြီးနောက် အရုဏ်ဆွမ်းချက်၊ ရေနွေးကျိုသည်။ ၅ နာရီမှာ ရေနွေးနှင့် ဆရာတော် မျက်နှာသစ်သည်။ ယင်းနောက် ပန်းအသစ်များကောက်ယူပြီး နံနက်ငါးနာရီခွဲ ဘုရားဝတ်ပြုရန်အတွက် ဘုရားပန်းကပ်လှူရသည်။

အရုဏ်ဆွမ်းကို နံနက် ၆ နာရီအတိအကျတွင် အဆင်သင့်ဖြစ်စေရသည်။ သူ့ လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ
 ခွေးများကို အစာကျွေးလိုသည့်အတွက် ဆရာတော်ထိုင်သည့်နေရာအနီးမှာ ခွေးစာခွက်ပန်းကန်များ ချထားပေးရ
သည်။ ဆရာတော်ဆွမ်းစားမပြီးမချင်း ဘုန်းကြီးတို့ စားခွင့်မရသေးပါ။ ပြီးမှ နံနက်ပိုင်း ကျောင်းဝေယျာဝစ္စလုပ်ချိန်
အမှီ အရုဏ်ဆွမ်းကို ကပျာကယာမျိုချရသည်။  ဘုန်းကြီးကိုရင်ဖြစ်ပြီးနောက်တွင် ဆရာတော့်အနားမှာ ဆွမ်းစား
ခွင့်ရသည်။ သို့ သော် ဆရာတော်က ထိုင်ခုံပေါ်ထိုင်ပြီး စားပွဲပေါ်ပန်းကန်တင်ကာ စားပါသည်။ ဘုန်းကြီးကတော့ ဆရာတော့်အနီး ကြမ်းပြင်ပေါ်ထိုင်ကာ ရှေ့ ရှိ ခုံရှည်နိမ့်နိမ့်လေးပေါ်ပန်းကန်တင်ကာ စားရသည်။

နံနက် ၁၁ နာရီ ဆွမ်းခံပြန်ရောက်သောအခါ နေ့ ဆွမ်းကပ်သည့်ကိစ္စကို အရုဏ်ဆွမ်းနည်းတူ ဖြတ်သန်းရပြီး
နောက် ဘုန်းကြီးတို့ ၏နေ့ ဆွမ်းကို အငမ်းမရမျိုချပြီးစေရသည်။

နေ့ လယ် ၁ နာရီထိုးသည်နှင့် သီးသန့် စားပွဲပေါ် လက်ဖက်ရည်ရောက်နှင့်ပြီးဖြစ်စေရသည်။ လက်ဖက်ရည်ကပ်ပြီး ချိန်တွင် ပါဠိသင်ခန်းစာသင်ရန် အခြားဘုန်းတော်ကြီးကျောင်းသို့ သွားရသည်။ နေ့ လယ်သုံးနာရီထက်နောက်
မကျစေဘဲ ကျောင်းပြန်ရောက်ရသည်။

ညနေ ငါးနာရီခွဲတွင် ပန်းခြံနှင့်ဥယျာဉ်ကို ရေလောင်းပြီး ညနေ ၆ နာရီဘုရားဝတ်မပြုခင် အလျင်အမြန်ရေချိုးရ
သည်။ ညနေ ၆ နာရီခွဲတွင် ဆရာတော့်ကို လက်ဖက်ရည်ကပ်ရသည်။ ည ၇ နာရီတွင် ဆရာတော့်ထံ စာပြန်
ရသည်။ ယင်းနောက် ကွမ်းယာပြင်ဆင်ပြီး ၇ နာရီခွဲမှာ ကွမ်းကပ်ရသည်။ ထိုမှနောက်တွင် ကိုယ်လက်သန့် စင်ပြီး
အိပ်ရာဝင်သည်။ 
အမရဒီပ
ဇွန်လ ၁၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။