Total Pageviews
Friday, January 18, 2013
Wednesday, January 16, 2013
ဗုဒ္ဓဘာသာဆိုင်ရာကဗျာကို ခရစ်ယာန်ဓမ္မဆရာက ဆင်တူယိုးမှားအတုပြုလုပ်ခြင်း၊ ရှက်ဖွယ်
-ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည့်တည် (တယ်)။
-ငယ်သာငယ်
ကယ်ဆယ်မယ့်ဘုရား ။
-ကျွတ်ထိုက်သူလူအများရယ်
ဖူးကြစေသား။
ဒီကဗျာ မူရင်းဖြစ်မယ်ထင်တာပဲ။ အဓိပ္ပါယ်ရှင်းပါတယ်။ နားမလည်စရာဘာမှမရှိဘူး။
နောက်မူကွဲကဗျာကဒီလို ။ ရွာတရွာမှာ ၉ တောင်ပြည့်ဘုရားစေတီတဆူ ရွာကျောင်းဆရာတော်နဲ့ 
ရွာသူရွာသားတွေစုပြီးတည်ထားပူဇော်ကြတယ်။ဘုရားတည်ပြီး ဘုရားပွဲကျင်းပဆိုတော့ ဆရာတော်က
ဘာဘာညာညာချဲ့ မနေကြနဲ့ ၊ ဘုရားအနေကဇာတင်၊ သံဃာဆွမ်းကပ်၊ တရားနာ၊ ရေစက်ချလောက်နဲ့ 
ပွဲကို အကျဉ်းချုံးတာပေါ့ဆိုတာ ရွာကာလသားနားမထောင်ချင်၊ ရွာမိရွာဖကလည်း အပျော်စိတ်များများနဲ့ 
ဆိုတော့ ဘုရားပွဲအထိမ်းအမှတ်အငြိမ့်လေးတခုငှါးလိုက်ကြတယ်။ အငြိမ့်ပါလို့ ပွဲကအတော်စည်တယ်။
အငြိမ့်မင်းသမီးလေးက တော်တော်လေးလှတယ်ဆိုတော့ ရွာကခပ်ထွေထွေကာလသားတွေ မင်းသမီးကို
လုကြပါလေရော။ ရိုက်ပွဲဖြစ်တော့ လူ ၃ဝ ခေါင်းကွဲထိပ်ပြဲဖြစ်သတဲ့။ မြို့ ရဲစခန်းကလည်း အဲဒီကောင်တွေကို
ဆွဲစိလိုက်ပါသတဲ့။ အဲဒီလိုဖြစ်တာကို သူ့ စကားနားမထောင်လို့ စိတ်ပေါက်နေတဲ့ ရွာကျောင်းဆရာတော်က
ခံစားချက်ပေါက်ကွဲပြီး ကဗျာစပ်ပါသတဲ့...။
ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည့်တယ်။
ငယ်သာငယ်
တယ်တွယ်တဲ့ဘုရား။
လူ ၃ဝ ခေါင်းတွေကွဲတယ်ကွယ်
ရဲ ရဲဌာနသွား။
ဆရာတော်ကသူ့ ကဗျာကို ၉ တောင်ပြည့်ဘုရားနားက ကုက္ကိုပင်ကြီးမှာ စာရွက်ကြီးပေါ် စာလုံးကြီးကြီးရေးပြီးကပ်ထားသတဲ့။
နောက်---မူကွဲတပုဒ်က ၂ဝ၁၂ ခုနှစ် ခရစ္စမတ်နေ့ မှာ VOA မြန်မာပိုင်းက အင်တာဗျူးတခုမှာ ခရစ်ယာန်ဓမ္မဆရာတဦးက
ပြောသွားတာ။ နားထောင်လို့ ရအောင် VOA လင့်ကိုပါထည့်ပေးထားတယ်။
-ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည့်တည် (တယ်)။
-ငယ်သာငယ်
ကယ်ဆယ်မယ့်ဘုရား ။
-တွေ့ မြင်သူအပူငြိမ်းမယ်
ဖူးကြအများ။
ဘုရားလေးငယ်ငယ်ဆိုတာ သူငယ်တော်လေးဘဝဖြစ်တယ်။ ၉ ဂဏန်းဟာ သူပဲဖြစ်တယ်။
ကိုးတောင်ပြည့်တယ်ဆိုတာက ယေရှုခရစ်ကိုဆိုလိုတာပါပဲ။
ငယ်သာငယ်ကယ်မယ့်ဘုရား-ဆိုတာ ငယ်သာငယ်ပေမယ့်သူက ကယ်မယ့်ဘုရားဖြစ်တယ်၊ အသက်ကြီးကြီးနဲ့ ကယ်မယ့်ဘုရား
မဟုတ်ဘူး။ တွေ့ မြင်သူအပူငြိမ်းမယ်-လို့ ပြောထားတယ်၊ သူ့ ကိုလက်ခံသောသူ အပူငြိမ်းမယ်၊ ဘာအပူငြိမ်းမလဲဆိုတော့ မီးဟူသမျှ
အားလုံးငြိမ်းမယ်ပေါ့နော်။ထာဝရအသက်ကိုလဲ ရသွားမယ်။ ကိုးနဝင်းဆိုပြီးတော့ပြောကြတယ်။ အမှန်တကယ် ကိုးနဝင်း၊ ကိုးတောင်ပြည့်ဆိုတာက ယေရှုခရစ်ကို ပြောတာပါပဲ-ဟု အဆိုပါဓမ္မဆရာက ရှင်းပြသွားတယ်။
ယေရှုခရစ်နဲ့ ၉ ဂဏန်းဘာမှမဆိုင်တာကို ဘာကြောင့်တမင်တကာဆွဲထည့်ရလဲ။
ယေရှုခရစ်က ကိုးတောင်ပြည့်တယ်ဆိုတာ အရပ်အမောင်းကိုပြောတာလား။ ဘာကို ၉ တောင်ပြည့်တာလဲ။
ခရစ်တော်ရဲ့ခန္ဓာကိုယ်မှာ ၉ တောင်ပြည့်တဲ့ပစ္စည်းဘယ်နေရာများရှိသလဲ။ ကြည့်လဲလုပ်ကြပါဦး..ဒေါက်တာဓမ္မဆရာရေ။
ခရစ်ယာန်အဆုံးအမနဲ့  ကိုးနဝင်းနဲ့ ဘယ်ပုံဘယ်နည်းဆက်စပ်ပတ်သက်သွားတာလဲ။ ခရစ်ယာန်တွေ ဘယ်တုန်းက
ကိုးနဝင်းဆိုတာကို လက်ခံသွားကြတာလဲ။ အတော်ပုံပျက်ပန်းပျက်စကားတွေပဲ။
ဘုရားလေးငယ်ငယ်ဆိုတာကို ခရစ်တော်နဲ့ ယှဉ်တွဲပြီး ထိထိမိမိရှင်းပြနိုင်ပေမယ့် ၉ တောင်ပြည့်၊ ၉ နဝင်းဆိုတာကျတော့
ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ညွှန်းဆိုထားတဲ့ကဗျာဖြစ်လို့  ခရစ်ယာန်ယဉ်ကျေးမှုနဲ့  ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်ဘူး။
မတူဘဲနဲ့  တုပဖို့ ၊ ဆင်တူယိုးမှားလုပ်ဖို့ ၊ ပုံတူကူးချဖို့ ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ ခရစ်ယာန်ဓမ္မဆရာကြီး
သတိပြုသင့်ပါတယ်။
ခရစ္စမတ်နေ့ မှာ ခရစ်ယာန်ဘာသာဝင်တွေ ဆုတောင်းသံတွေ၊ ခရစ္စမတ်တေးသံတွေ နေထိုင်ရာပတ်ဝန်းကျင်မှာ
ဖုံးလွှမ်းနေလို့  ပျော်ရွှင်ကြည်နူးမိပေမယ့် ရေဒီယိုမှာပြောခွင့်ရပြီဆိုပြီး မဟုတ်မဟတ်တွေကို သိက္ခာမဲ့ပြောတာ
ကိုတော့ အတော်အော်ဂလီဆန်လို့ ဒီစာကို ရေးပါတယ်။
ယုံကြည်ကိုးကွယ်သူတိုင်း ကိုယ့်ဘာသာကို ကိုယ့်ကျမ်းစာတော်နဲ့ အညီ ငြိမ်းချမ်းစွာဖြန့် ချီဟောပြောနိုင်ကြပါစေ.....။
အမရဒီပ
ဒီဇင်ဘာ ၂၅၊ ၂ဝ၁၂၊ ခရစ္စမတ်နေ့ 
Sunday, January 13, 2013
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ သမ္မာပရိဗ္ဗာဇနီယသုတ်အနှစ်ချုပ်
(၁)
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား…..
- ကာမဂုဏ်ကိုပယ်စွန့် ၍ အိမ်ရာတည်ထောင်လူ့ ဘောင်မှထွက်ခွါကာ ရဟန်းပြုလာသူသည် လောက၌ အဘယ်သို့ ကောင်းစွာကျင့်သုံး၍ နေထိုင်ရာသနည်း----။
(၂)
နိမ္မိတရုပ်ပွားရှင်တော်မြတ်ဘုရား....
- လောကီဆိုင်ရာမင်္ဂလာ၊ မိုးကြိုးပစ်-လောင်မီးကျခြင်းစသော ဘေးဥပါဒ်ဆိုင်ရာအယူအစွဲ၊ အိပ်မက်အယူ
အစွဲ၊ သက်ရှိသက်မဲ့အသုံးအဆောင်တို့ ၏လက္ခဏာဆိုင်ရာအယူအစွဲတို
့ကို အရိယမဂ်ဖြင့် ပယ်ထားပြီးပြီ--။
ထိုရဟန်းသည် လောက၌ ကောင်းစွာကျင့်သုံး၍နေသည်မည်လေတော့၏။
(၃)
- ကာမဂုဏ်ပယ်ခွါတောထွက်လာသောရဟန်းသည် လူ့ လောကကာမဂုဏ်တို့ ၌ တပ်မက်သာယာသော တဏှာရာဂ၊ နတ်လောကကာမဂုဏ်တို့ ၌ တပ်မက်သာယာသော တဏှာရာဂကို ပယ်ဖျောက်ရာ၏။ သစ္စာ ၄ ပါးကို မဂ်ဉာဏ်ဖြင့်သိ၍ ဘဝ ၃ ပါးကို ကျော်လွန်သူဖြစ်ရာ၏။ ထိုရဟန်းသည် လောက၌ ကောင်းစွာကျင့်သုံး၍နေသည်မည်လေတော့၏။
(၄)
- ကုန်းချောစကား၊ စိတ်ဆိုးခြင်း၊ ဝန်တိုနှမြောခြင်းတို့ ကို ပယ်ရှားရာ၏။
- လိုက်လျောခြင်းဟူသော နှစ်သက်ခင်မင်တွယ်တာခြင်း၊ ဆန့် ကျင်ခြင်းဟူသော စိတ်ဆိုးစိတ်ပျက်ခြင်း၊ ပြစ်မှားမုန်းထားခြင်းတို့ ကို ပယ်ပြီးဖြစ်စေရာ၏။ ထိုရဟန်းသည် လောက၌ ကောင်းစွာကျင့်သုံး၍ နေသည်မည်လေတော့၏။
(၅)
- ချစ်စရာ မုန်းစရာတို့ ကို တရံတခါမျှ မတွေ့ ရပါစေသတည်း၊ ချစ်စရာတို့ ကို မမြင်မတွေ့ ရခြင်းသည် ဆင်းရဲ၍ မုန်းစရာတို့ ကို မြင်ရခြင်းသည်လည်း ဆင်းရဲပင်ဖြစ်၏။ အစွဲအလမ်းကင်း၊ အမှီအတွယ်ကင်း စေရာ၏။သံယောဇဉ်၏အာရုံ သက်ရှိသက်မဲ့တည်းဟူသောချည်တိုင်မှလည်း ကောင်းစွာလွတ်ရာ၏။ ထိုရဟန်းသည် လောက၌ ကောင်းစွာကျင့်သုံး၍ နေသည်မည်လေတော့၏။
(၆)
- ချမ်းသာဆင်းရဲ၏မှီတည်ရာရုပ်နာမ်တို့ ၏ အနှစ်သာရမရှိပုံကို သိရမည်။ထိုရုပ်နာမ်ခန္ဓာတို့ ၌ တပ်မက်မှု ကို ပယ်ဖျက်ရမည်။ အမှီအတွယ်ကင်း၍ ကိုယ်တိုင်တွေ့ သိဖြစ်စေရမည်။ ထိုရဟန်းသည် လောက၌ ကောင်းစွာကျင့်သုံး၍ နေသည်မည်လေတော့၏။
(၇)
- ကိုယ်၊နုတ်၊ စိတ်မဆန့် ကျင်အောင်ကျင့်ရမည်။
- ဆင်းရဲငြိမ်းရာနိဗ္ဗာန်ကိုသာလျှင် လိုလားတောင့်တ၏။
- သူတပါးကရှိခိုးသော်လည်း မာန်မတက်ရာ…။
- သူတပါးကဆဲရေးစွပ်စွဲသော်လည်း စိတ်မဆိုးရာ….။
- ပစ္စည်း ၄ ပါးပေါများသော်လည်း မာန်မတက်ရာ….။
- လောဘကို အကြွင်းမဲ့ ပယ်ရှားရာ၏။
- ဘဝသစ်ဖြစ်ကြောင်းကံကိုလည်း ပယ်ရှားရာ၏။
- လက်ခြေစသည်ကို ဖြတ်ခြင်း၊ သတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း ကင်းရှင်းရာ၏။
- သို့ လော သို့ လောယုံမှားတွေးတောမှု(ဝိစိကိစ္ဆာ) ကင်းရာ၏။
- ကိလေသာငြောင့်ကင်းရှင်းရာ၏။
- မိမိနှင့်သင့်တော်တာကိုသိပြီး ပြုမူကျင့်ကြံနေထိုင်ပါ။
- သူတပါးကိုလည်း မနှိပ်စက်ရာ..။
- သစ္စာ ၄ ပါးအမှန်တရားကို သိသင့်သည့်အတိုင်း မှန်စွာသိပြီးဖြစ်ရာ၏။
- အနုသယ (ကိလေသာ) လည်း ကင်းရှင်းရာ၏။
- အကုသိုလ်မူလတရားများကိုလည်း ပယ်ရှားရာ၏။
- အနုသယနှင့် အကုသိုလ်မူလကို ပယ်ပြီးသူသည် အာသာ (လိုချင်) နှင့် အာသီသ (တောင့်တ) မရှိတော့ပြီ…။
- အာသဝ၊ မာနကင်းရာ၏။
- ရာဂဝင်ရာလမ်းကြောင်း သင်္ခါရတရားအပေါင်းကို ဉာဏ်ဖြင့်သိ၍ ရှုမှတ်ကာ ကျော်လွှားရာ၏။
- ရိုင်းစိုင်းမှုကိုပယ်ပြီး ယဉ်ကျေးရာ၏။ ကိလေသာငြိမ်းအေးပြီး စိတ်တည်တံ့ရာ၏။
- သဒ္ဓါ၊ သုတနှင့်ပြည့်စုံ၍ နိယာမ ခေါ် အရိယမဂ် ၄ ပါးကိုလည်း သိမြင်ရာ၏။
- အယူမှား မိစ္ဆာဒိဋ္ဌိလည်း ကင်းရာ၏။ လောဘဒေါသကိုလည်း ပယ်ဖျောက်ရာ၏။
- ကိလေသာရန်သူကို အရဟတ္တမဂ်ဖြင့်အောင်မြင်မှု ယူပါ၊ ဝဋ် ၃ ပါးလည်း ကင်းစေရာ၏။ ကိလေသာအမှောင် အဖုံးအကွယ်များလည်း ကင်းစေရာ၏။
- သစ္စာ ၄ ပါးကို ပိုင်နိုင်စေရာ၏၊ ဟိုဘက်ကမ်းသို့ ရောက်သူ (ပါရဂူ) ဖြစ်ရာ၏။ တဏှာကင်းရာ၏။ သင်္ခါရ ချုပ်ရာနိဗ္ဗာန်ကိုသိသောဉာဏ်၌ ကောင်းစွာသိမြင်ကျွမ်းကျင်ရာ၏။
- အတိတ်၊ အနာဂတ်တို့ ၌ ကြံတွေးခြင်းကို လွန်မြောက်ရာ၏။
- အာယတန ၁၂ ပါးနှင့်ပတ်သက်၍ ကိလေသာကိုပယ်ရှားရာ၏။
သဒ္ဓါ၊ သုတနှင့်ပြည့်စုံ၍
နိယာမ ခေါ် အရိယမဂ် ၄ ပါးကိုလည်း သိမြင်ရာ၏။
- အယူမှား မိစ္ဆာဒိဋ္ဌိလည်း ကင်းရာ၏။ လောဘဒေါသကိုလည်း ပယ်ဖျောက်ရာ၏။
- ကိလေသာရန်သူကို အရဟတ္တမဂ်ဖြင့်အောင်မြင်မှု ယူပါ၊ ဝဋ် ၃ ပါးလည်း ကင်းစေရာ၏။ ကိလေသာအမှောင် အဖုံးအကွယ်များလည်း ကင်းစေရာ၏။
- သစ္စာ ၄ ပါးကို ပိုင်နိုင်စေရာ၏၊ ဟိုဘက်ကမ်းသို့ ရောက်သူ (ပါရဂူ) ဖြစ်ရာ၏။ တဏှာကင်းရာ၏။ သင်္ခါရ ချုပ်ရာနိဗ္ဗာန်ကိုသိသောဉာဏ်၌ ကောင်းစွာသိမြင်ကျွမ်းကျင်ရာ၏။
- အတိတ်၊ အနာဂတ်တို့ ၌ ကြံတွေးခြင်းကို လွန်မြောက်ရာ၏။
- အာယတန ၁၂ ပါးနှင့်ပတ်သက်၍ ကိလေသာကိုပယ်ရှားရာ၏။
- သစ္စာ ၄ ပါးတရားကို သင်ကြားလေ့လာစဉ်၊ ဝိပဿနာရှုစဉ်မှာ သစ္စာ ၄ ပါးကို တပြိုင်နက်မသိနိုင်ပေ…။ တပါးချင်းစီသာသိသည်။ အရိယမဂ်ခဏတွင်နိရောဓကို မျက်မှောက်ပြုသိခြင်းဖြင့် ကျန်သစ္စာ ၃ ပါးကိုပါ ကိစ္စပြီးသိသောအားဖြင့် သစ္စာ ၄ ပါးကို တပြိုင်နက်သိနိုင်သည်။
- (တနည်း) နိဗ္ဗာန်ကိုမျက်မှောက်အာရုံပြုသောအားဖြင့်သိ၍ သစ္စာ ၄ ပါးကို တပြိုင်နက်သိသည်။
- အာသဝတို့ ကိုပယ်ကြောင်းနိဗ္ဗာန်ကို ထင်ထင်ရှားရှားသိရမည်။
- ခန္ဓဥပဓိ၊ ကာမဥပဓိ၊ ကိလေသဥပဓိ၊ အဘိသင်္ခါရဥပဓိ ၄ ပါးကုန်က ကပ်ငြိတွယ်တာခြင်းကင်းလေပြီ။
- မဟာစည်ဆရာတော်၏သံယောဇဉ် ၁ဝ ပါး ကဗျာ
- ၁-အာရုံငါးဝ၊ တပ်စွဲက၊ ကာမသံယောဇဉ်။
- ၂-သုံးပါးဘဝ၊ တပ်စွဲက၊ဘဝသံယောဇဉ်။
- ၃- အမျက်ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃသံယောဇဉ်။
- ၄- ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာနသံယောဇဉ်။
- ၅- ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
- ၆- တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ဝေဖန်ကြည့်၊ ဝိစိကိစ္ဆာပင်။
- ၇- သစ္စာမမြင်၊ မဂ္ဂင်မပါ၊လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
- ၈- ကိုယ့်ထက်သာကို၊မနာလို၊ ခေါ်ဆိုဣဿာပင်။
- ၉- ကိုယ့်လိုသူများ၊ကောင်းစားမည်မှ၊ ဝန်တိုက၊ မစ္ဆရိယပင်။
- ၁ဝ-သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အဝိဇ္ဇာသံယောဇဉ်။
- ၁၁- ဝဋ်ဆင်းရဲမှ၊ မလွတ်ရအောင်၊ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာသံယောဇဉ်။
- ၁၂-ဒိ-ဝိ-သိ-ဣ-မစ္ဆရိ၊ ကင်း၏သောတာပန်။
- ၁၃-ကာမရာဂ၊ပဋိဃ၊ ကင်းပအနာဂါမ်။
- ၁၄-ဘဝ-မာနာ၊ အဝိဇ္ဇာ၊ ကင်းကွာအရဟံ။
သမ္မာပရိဗ္ဗာဇနီယသုတ်အနှစ်ချုပ်ပြီးပြီ
Friday, December 28, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ မဟာဗျူဟသုတ်အနှစ်ချုပ်
(၁)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား---
- ဘာသာရေးအယူသည်းနေကြသူတို့ သည် ကိုယ့်အယူဝါဒသာမှန်၏၊ သူတပါးမှား၏ဟု ငြင်းခုံနေကြရာ သူများ၏ကဲ့ရဲ့ခြင်းကိုသာ ရနေကြပါသလား၊ သူများ၏ချီးမွမ်းခြင်းကိုလည်းရကြပါသေးသလား--။
(၂)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
- ဘာသာရေးအယူဝါဒငြင်းခုံနေသောကြောင့် နှစ်သက်သူတို့ ၏ချီးမွမ်းကောင်းချီးပေးမှုမှာ အနည်းငယ်မျှ သာတည်း။ ယင်းကောင်းချီးပေးမှုသည် ကိလေသာငြိမ်းရန် မစွမ်းနိုင်ပါ။ ငြင်းခုံခြင်းအကျိုးတို့ သည် ၂ ပါးတို့ ဟူ၍ ငါဘုရားဟောပါ၏။ ငြင်းခုံခြင်း၏ရလာဒ်အပြစ် နှင့် ငြင်းခုံမှုကင်းရာနိဗ္ဗာန်ကို ရှုဆင်ခြင်ပြီး ငြင်းခုံခြင်းအမှုကို ပယ်စွန့် ရာ၏။
(၃)
- အလုံးစုံသောအယူဝါဒတို့ သည် ဘာသာရေးဆရာအများကြောင့်ဖြစ်ကုန်၏။ ဤဘာသာရေးအယူဝါဒတို့ ကို ဘုရားတပည့်ပညာရှိသည် မချဉ်းကပ်တော့ပေ---။ ဘုရားတပည့်ရဟန္တာပညာရှိသည် မည်သည့်အ ရသို့ မျှ တဏှာ၊ ဒိဋ္ဌိဖြင့် မကပ်ရောက်ရာ---။ ဒိဋ္ဌ၊သုတ၊မုတမင်္ဂလာတို့ ၌ သာယာနှစ်သက်မှုကင်းရာ၏။
(၄)
- သီလကို အမြတ်ဆုံးဟု ယူဆသူတို့ သည် ကိုယ်နှင့်နုတ်ကိုစောင့်စည်းခြင်းဖြင့် သံသရာဆင်းရဲမှလွတ် မြောက်ခြင်းကို ဟောပြကြကုန်၏။ ထိုသူတို့ သည် နွား ခွေးစသည်တို့ ၏အကျင့်၊ နတ်သိကြားစသည်ကို ကိုးကွယ်သောအကျင့်ကို လက်ခံယူစွဲကြကုန်၏။ လိုက်နာကျင့်သုံးကြ၏။ ကောင်းချီးပေးကြ၏။ သူတို့  အကျင့်ဖြင့် ဘဝကောင်းရောက်မည်၊ ဆင်းရဲမှလွတ်မည်ဟု ယုံကြည်ယူဆကြ၏။ ပညာရှိဟုဝန်ခံကြ၏။
(၅)
- သီလအကျင့်ကိုအမြတ်ဆုံးဟုယူဆသူသည် သူ၏ဘာသာတရားညွန်ကြားချက်အတိုင်း ဆောင်ရန် ရှောင်ရန်တို့ ကို လိုက်နာ၏။ မလိုက်နာမိပါက စိတ်သောကရောက်၏။ ဥပမာ- ခရီးကြမ်း၌သင်းကွဲကျန် ရစ်သူသည် သူ၏အဖော်များကို အမှီလိုက်ရန်တောင့်တသကဲ့သို့ တည်း--။
(၆)
- ထို့ ကြောင့် သီလအကျင့်ကိုပယ်စွန့် ပါလေ--။ အပြစ်ရှိအပြစ်ကင်းကံတို့ ကိုပယ်စွန့် ပါလေ--။သုဒ္ဓိ နှင့်အသုဒ္ဓိကိုလည်း မတောင့်တလေနှင့်--။ မိစ္ဆာအယူဟူသော သန္တိကိုလည်းမယူစွဲဘဲ နေရာ၏။ (တနည်း) သန္တိဟူသော နိဗ္ဗာန်ကိုချီးမြှောက်၍နေရာ၏။
(၇)
- ကိုယ်ကာယကိုပင်ပန်းစေသောတပအကျင့်ကြောင့် အကုသိုလ်ကံဟောင်းသည် အကျိုးပေးပြီးဖြစ်သွား သည်၊ ယခုအခါ ကာမရာဂကင်းနေသည်၊ နောက်ဘဝမှာ အိုနာသေလွတ်မည်၊ ဒိဋ္ဌ၊သုတ၊မုတမင်္ဂလာကို ယုံသူသည် နောက်ဘဝတွင် ဆင်းရဲမှလွတ်သည်ဟု ဥဒ္ဓံသရခေါ် သဿတဝါဒီတို့ ပြောဟောကြ၏။ ထိုသူတို့ သည် ဘဝအသွယ်သွယ်၌ တပ်မက်မှုမကင်းကြချေ--။
(၈)
- တဏှာမကင်းသူသည် လိုရာလိုရာကို တောင့်တ၏။ နောင်ရေးအကြောင်းအရာကို ကြံတွေးပူပန်၏။ ဤလောက၌ ရဟန္တာအား ဖြစ်ခြင်း-သေခြင်းမရှိ၊ တုန်လှုပ်ခြင်းလည်း မရှိ--။
(၉)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား---
- အချို့ ဘာသာရေးဆရာတို့ သည် သူတို့ ဘာသာရေးတရားကို အမြတ်ဆုံးဟု ပြောဆိုကြ၏။ သို့ သော် ထိုဘာသာရေးတရားကိုပင် အပေါစား၊ အညံ့စားဟု အချို့ ဆရာတို့ ဆိုကြပြန်၏။ သူတို့ ဝါဒတွင် အဘယ်ဝါဒသည် အမှန်ဖြစ်ပါသနည်း----။
(၁ဝ)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
- စူဠဗျူဟသုတ်-စာပိုဒ် ၁၊၂၊ ၃၊ ၄၊ ၅၊ ပြန်ကြည့်ပါ။
(၁၁)
- ရဟန္တာသည် သစ္စာ ၄ ပါးကို သိပြီးသူဖြစ်သည်။ တပါးသူက သင်ကြားပေးရန်မလိုအပ်ပြီ။
- အယူမှားခြင်း၊ အယူမှားကိုစွဲလမ်းခြင်း ကင်းသည်။ ငြင်းခုံခြင်းလည်း ကင်းသည်။အရိယာအကျင့်မှတပါး အခြားအကျင့်ကို မကျင့်တော့ပြီ--။
(၁၂)
- သူတပါးစိတ်ကိုသိခြင်း၊ ရှေးဘဝအကြောင်းကိုသိခြင်း၊ နတ်မျက်စိရခြင်းတို့ သည် ဝဋ်ဆင်းရဲမှလွတ် မြောက်ကြောင်းဖြစ်သည်ဟု အချို့ ယုံကြည်ယူဆကြ၏။ သူတို့ ၏အဘိညာဉ်သည် သစ္စာ ၄ ပါးကို သိခြင်းကိစ္စကို မပြီးစီးစေနိုင်လျှင် ဝဋ်မှလွတ်မြောက်ခြင်းဟူသည် မဖြစ်နိုင်ပါ။ သူတို့ သည် နည်းလမ်းမှန်ကို ပစ်ပယ်၍ နည်းမှားဖြင့်စင်ကြယ်ခြင်းကို ပြောဆိုကြကုန်၏။
(၁၃)
- ပကတိမျက်စိ၊ အဘိညာဉ်တို့ ဖြင့် မြင်သောလူသည် နာမ်ရုပ်ကို ရိုးရိုးသာမန်သာမြင်၏။ မြင်ခဲ့သောနာမ်ရုပ်ကို ရိုးရိုးမြင်ခဲ့ပြီးအတိုင်းပင် ပုဂ္ဂိုလ်-သတ္တဝါစသည်ဖြင့် ကြံတွေးသိလတံ့။ ပကတိမျက် စိ၊ လောကီအဘိညာဉ်မျက်စိတို့ ဖြင့် နည်းနည်းဖြစ်စေ၊ များများဖြစ်စေ နာမ်ရုပ်ကိုသိမြင်သော်လည်း ယင်းအမြင်ကို သံသရာမှလွတ်သည်ဟု ဘုရားစသောသူမြတ်တို့ မဟောကြပါ။
(၁၄)
- အယူမှားကိုသက်ဝင်စွဲလမ်းလျက်ဟောပြောနေသူကို ဆုံးမသွန်သင်ပြုပြင်ပေးရန် မလွယ်ကူပါ။ အတွေးအကြံမှားကို စွဲလမ်းမှု၊ ဆရာမှားကို အထင်ကြီးမှုတို့ သည် အယူမှားကိုစွဲလမ်းမှုတို့ ၏ အကြောင်းဖြစ်ပေ၏။
(၁၅)
- ဗြာဟ္မဏ ခေါ် ရဟန္တာသည် သိသင့်သမျှကိုသိပြီးသောကြောင့် တဏှာ-ဒိဋ္ဌိဖြင့်တွေးကြံခြင်းကင်း၏။
တိတ္ထိတို့ ၏အယူမှားကိုလည်း
ဂရုမစိုက်လျစ်လျူရှုလေတော့၏။ ဂန္ထ ၄ ပါး (အဘိဇ္ဈာ-ဗျာပါဒ-သီလဗ္ဗတ
ပရာမာသ- ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ)
ကိုစွန့်ပယ်ပြီးသောကြောင့် အယူမှားအသင်းအပင်းတွင်မ
ပါဝင်တော့ပြီ---။ ရဟန္တာမဟုတ်သူတို့ မှာ
မိစ္ဆာအယူကို မြဲမြံစွာယူကြကုန်၏။
(၁၆)
- ရဟန္တာသည် အာသဝအဟောင်းကိုစွန့် ပယ်ပြီး အာသဝအသစ်ကို မပြုတော့ပြီ။ အလိုဆန္ဒနောက်လည်း မလိုက်တော့ပြီ။ အယူမှားမှန်သမျှမှလည်း ကင်းရှင်းလွန်မြောက်ပြီ။ တဏှာဖြင့်လည်း လောကကိုမကပ် ငြိတော့ပြီ။ မိမိကိုယ်ကိုလည်း ကဲ့ရဲ့ခြင်း ကင်းလေပြီ။
(၁၇)
- မြင်-ကြား-နံ-စား-ထိ-ကြံရသမျှသောအရာတို့ ၌ ရဟန္တာသည် သေမင်းစစ်သည် ကင်းလေပြီ။ ကိလေသ-အဘိသင်္ခါရ-ခန္ဓာဝန်ထုပ်များကို ပစ်ချထားပြီးပြီ။ ကိလေသာအနှောင်အဖွဲ့ မှ လွတ်မြောက်ပြီ။
မဟာဗျူဟသုတ်အနှစ်ချုပ်ပြီးပြီ။
Monday, December 24, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ စူဠဗျူဟသုတ်အနှစ်ချုပ်
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား-----
- ကိုယ့်အယူအဆနှင့်ကိုယ်နေထိုင်ကြပြီး ကျွမ်းကျင်လိမ္မာသူ-ဟုဝန်ခံသူတို့ သည် ကွဲပြားခြားနားစွာဖြင့် အယူအဆအမျိုးမျိုးကို ဟောပြောနေကြပါ၏။ သူတို့ အယူကိုသိလျှင် အမှန်သိမြင်သူ၊ ဆန့် ကျင်တား မြစ်ပယ်ချလျှင် အသိဉာဏ်မပြည့်စုံသူ-ဟု ဆိုကြပါသည်။
(၂)
- သူတို့ အယူကိုသိလျှင် အမှန်သိမြင်သူ၊ ဆန့် ကျင်တား မြစ်ပယ်ချလျှင် အသိဉာဏ်မပြည့်စုံသူ-ဟု
- ပြောဆိုနေကြသူတို့ ၏မှန်ကန်သောအယူဝါဒကား အဘယ်ပါနည်း--။ ဤမေးခွန်းမေးရခြင်းအကြောင်း မှာ ဤသူအားလုံးတို့ သည် ဘာသာရေးအယူဝါဒအရာမှာ ကျွမ်းကျင်သူဟု ဝန်ခံနေသောကြောင့် ဖြစ်ပါသည်။
(၃)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
- သူတပါး၏ဘာသာတရားကိုလက်မခံဘဲ ပစ်ပယ်သူသည် အသိဉာဏ်ပညာနိမ့်ကျသူ "လူညံ့လူဖျင်း"ဖြစ် သည်ဆိုပါက လူအားလုံးသည် အသိပညာမဲ့သူချည်းသာ ဖြစ်ရာ၏။ အကြောင်းပြမှာ အားလုံးပင် အမြင် မှားနေသောကြောင့်ဖြစ်၏။
(၄)
- ကိုယ့်အယူကိုယ်သိမြင်လက်ခံသူတိုင်း အသိဉာဏ်ပညာစင်ကြယ်မြင့်မြတ်သူဖြစ်ခဲ့ပြန်လျှင် အယူမှားသူ တိုင်း အသိဉာဏ်ပညာမြင့်မြတ်သူချည်းသာဖြစ်ရာ၏။ အကြောင်းပြမှာ သူ့ အယူနှင့်သူပြည့်စုံ
- (ကောင်းမွန်) သောကြောင့်ပင်ဖြစ်၏။
(၅)
- ကိုယ်အားသန်ရာအယူအဆကိုအစွဲသန်ပြီး အယူကွဲပြားသူတို့ သည် အချင်းချင်း(တဦးကိုတဦး) "လူညံ့လူဖျင်း"ဟု နှိမ့်ချပြောကြားကြကုန်၏။ ငါသည် သူတို့ စွဲကိုင်သောအယူကို အမှန်တရားဟု မပြောဆိုပါ။ အကြောင်းပြမှာ သူတို့ သည် မိမိအယူကို မှန်လှပြီဟု အယူသည်းနေကြပြီး အယူကွဲပြားသူ ကို "ဗာလ"ဟု မှတ်ထင်တတ်သောကြောင့်ပါတည်း---။
(၆)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား-----
- တဦးကအမှန်သစ္စာဟုဟောပြောသည်ကို နောက်တဦးက မမှန်၊အမှားဟု ပြောဆိုသည်။ ဤနည်းဖြင့် အယူအစွဲကွဲလွဲပြီး ငြင်းခုံနေကြသည်။ အမှန်သစ္စာတရားကို တပါးတည်းသာ ဟောသင့်ပါလျက် အမှန်သစ္စာကို တပါးမကများပြားစွာဟောပြောနေကြပါသနည်း---။
(၇)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား---
- အမှန်တရားသည် တပါးတည်းသာရှိပါသည်။ နှစ်ခုမြောက်အမှန်တရားဟု မရှိပါ။ အမှန်သစ္စာတရားကို သိသော နတ်လူဗြဟ္မာအရိယာပုဂ္ဂိုလ်သည် ငြင်းခုံမှုမပြုတော့ပါ။ အမှန်တရားကိုမသိဘဲငြင်းခုံသူတို့ မှာ သောင်းပြောင်းထွေလာသစ္စာတရားတို့ ကို ကိုယ်တိုင်တွေးခေါ်ကြံစည်၍ ကိုယ်ပိုင်အမှန်ကို ကိုယ်တိုင် ချီးမွမ်းပြောဆိုနေကြပါသည်။ ကိုယ့်အထင်နှင့်ကိုယ်ဟောပြောကြသောကြောင့် သစ္စာသည် တပါးမက များစွာပေါ်ပေါက်လာသည်။
(၈)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား------
- အရာရာသိသူပညာရှိဆိုသူတို့ သည် အဘယ်ကြောင့် သစ္စာအမျိုးမျိုးတို့ ကို ဟောပြောနေကြသနည်း။ သစ္စာအမျိုးမျိုးကို ဆရာအဆက်ဆက်ထံမှကြားဖူးသောကြောင့် ဟောသလော။ သို့ မဟုတ် ကိုယ်တိုင် ကြံတွေးကာ ဟောသလော---။
(၉)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား-----
- လောကမှာအမြဲတည်သောသစ္စာဟူသည် မူကွဲအမျိုးမျိုးမရှိပါ--။ အလွဲအမှားကိုမှတ်သားသည့်သညာ ကြောင့်သာ သစ္စာအမျိုးမျိုးကို ဟောပြောကြပါသည်။ မိမိယုံကြည်နှစ်သက်သောအယူဝါဒအရ အဖန်ဖန် ကြံစည်တွေးဆပြီး "ငါမှန်၊ သူမှား"နှစ်ပါးသောတရားကိုသာ ဟောပြောနေကြပါသည်။ (သညာ၊ ဝိတက်)
(၁ဝ)
- ထိုမှတပါး ဟောပြောပုံကား ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာ၊အလေ့အကျင့် (သီလဝတ)အယူအ ဆတို့ ကိုစွဲမှီ၍ ကျေနပ်ဖွယ်မရှိ၊ ကဲ့ရဲ့ရှုတ်ချပြစ်တင်ဖွယ်ရှိသည်ကို (ဆင်ခြင်စဉ်းစားလျှင်) တွေ့ မြင်နိုင် သော်လည်း မူလစွဲယူဆုံးဖြတ်ထားသည့်အတိုင်း "ငါမှန်၊ သူမှား" "ငါပဏ္ဍိတ၊ သူဗာလ"ဟု အယူမတူသူ ကို ရွှင်ရွှင်ပျပျရှုတ်ချပြောဆိုတတ်လေသည်။
(၁၁)
- မိမိကိုယ်ကိုချီးမွှမ်း၊ အယူမတူသူကိုရှုတ်ချပြီး မိမိအယူကိုစိတ်အားထက်သန်စွာပြောဟောသူမှာ အကြောင်း-လက္ခဏာ-ဌာနဟူသောအနှစ်သာရကင်းမဲ့သောအယူကိုယူကာ မာန်ယစ်၏။ မိမိကိုယ်မိမိပညာရှင်ဘိသိက်သွန်း၏။
(၁၂)
- အထင်ကြီးသူက နှိမ်ချပြောဆိုသည့်အတိုင်း ပြောခံရသူမှာ ဉာဏ်ပညာနိမ့်ကျသူဖြစ်လျှင် ပြောသူသည် လည်း ဉာဏ်ပညာနိမ့်ကျသူပင်ဖြစ်၏။ အကြောင်းမှာ သူတပါးအားနှိမ်တတ်သူကို အခြားသူများက လည်း နှိမ်မည်သာဖြစ်၏။ ထိုသို့ မဟုတ် နှိမ်ပြောတတ်သူသည် ပညာရှိစစ်စစ်ဖြစ်ပါလျှင် ဘာသာရေး ငြင်းခုံသူများထဲတွင် လူယုတ်လူညံ့တယောက်မျှမရှိဘဲ အားလုံးပညာရှိသူတို့ သာ ဖြစ်ရာ၏။
(၁၃)
- "ငါတို့ အယူဝါဒမှအခြားအယူဝါဒကိုဟောပြောသူတို့ သည် လမ်းမှန်နှင့်ဝေးသူဖြစ်သည်၊ အယူလွဲသူ-ဗာလ--ဖြစ်သည်"ဟု များစွာသော တိတ္ထိတို့ ပြောဆိုကြ၏။ ယင်းသို့ ပြောခြင်းအကြောင်းမှာ ကိုယ့်အယူ ကိုသာအထင်ကြီးပြီး အလွန်တပ်မက်စွဲလမ်းနေသောကြောင့် (မပြောသင့်သောစကားကို)ပြောဆိုခြင်း ဖြစ်၏။
(၁၄)
- ကိုယ့်အယူကိုသာအစွဲသန်သူတို့ သည် မိမိတို့ အယူကိုသာ ကောင်းမြတ်သန့် ရှင်းသည်၊ သူတပါးအယူ မကောင်း၊မမြတ်၊မသန့် ရှင်းဟု ဆိုကြ၏။ ကိုယ့်အယူ၊အကျင့်လမ်းစဉ်မှာ ခိုင်မာသည်ဟု ဆိုကြ၏။
(၁၅)
- ကိုယ့်အယူကိုကောင်းမွန်ခိုင်မာသည်ဟု ဆိုနိုင်ပါ၏။ အယူကွဲပြားသူကိုကား "ဗာလ"ဟု မပြောဆိုရပါ။ အခြားသူ၊ အခြားအယူကို "မသန့် ရှင်းသောအယူရှိသူဗာလ"ဟုပြောဆိုပါမူ "မိမိကိုယ်တိုင်ပင် မိမိထံသို့  ငြင်းခုံပွဲကို ဆောင်ယူလာရာရောက်၏။"
(၁၆)
- ငြင်းခုံပွဲဝင်အယူသည်းသူသည် အယူမှားကိုစွဲစွဲမြဲမြဲလက်ကိုင်ပြု၍ လောကတခွင် ငြင်းပွဲဆင်၏။
- မိစ္ဆာအယူစွဲလမ်းမှု၊ ဆုံးဖြတ်မှုအားလုံးကိုပယ်စွန့် သူ ရဟန္တာသည် မည်သူနှင့်မျှ ငြင်းခုံခြင်းမပြုပေ-။
စူဠဗျူဟသုတ္တန်ပြီးပြီ
Friday, December 14, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ ကလဟဝိဝါဒသုတ်အနှစ်ချုပ်
(၁)
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား----
- ခိုက်ရန်ဖြစ်ခြင်း
- ငြင်းခုံခြင်း
- ငိုကြွေးခြင်း
- စိုးရိမ်ပူဆွေးခြင်း
- ဝန်တိုခြင်း
- မာန်ထောင်လွှားခြင်း
- မိမိကိုယ်ကိုအထင်ကြီး၍ သူတပါးကို မထီမဲ့မြင်ပြုခြင်း
- ကုန်းတိုက်ခြင်း---ဟူသော အကုသိုလ်တရား ၈ ပါးတို့ သည် ဘယ်အကြောင်းကြောင့်ဖြစ်ကြသနည်း--။
(၂)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား-----
- ခိုက်ရန်ဖြစ်ခြင်း
- ငြင်းခုံခြင်း
- ငိုကြွေးခြင်း
- စိုးရိမ်ပူဆွေးခြင်း
- ဝန်တိုခြင်း
- မာန်ထောင်လွှားခြင်း
- မိမိကိုယ်ကိုအထင်ကြီး၍ သူတပါးကို မထီမဲ့မြင်ပြုခြင်း
- ကုန်းတိုက်ခြင်း---တို့ သည် ချစ်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံတို့ ကြောင့် ဖြစ်ကုန်၏။
(၃)
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား---
- လောက၌ ချစ်ခင်နှစ်သက်ဖွယ်တို့ သည် ဘယ်အကြောင်းကြောင့် ဖြစ်သနည်း---။
- လောဘသည် ဘယ်အကြောင်းကြောင့်ဖြစ်သနည်း--။
- ကာမဂုဏ်အကျိုးစီးပွားတို့ ၌တောင့်တမှုအာသာ၊ တောင့်တတိုင်းရမှုနိဋ္ဌာတို့ သည် ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း---။
(၄)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား--------
- လောက၌ ချစ်ခင်နှစ်သက်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံတို့ သည် လိုချင်မှုဆန္ဒကြောင့် ဖြစ်ကုန်၏၊
- လောကသားတို့ သည် လောဘစိတ်ဖြင့် ပျော်ရွှင်ကျက်စားနေကြကုန်၏။ ထိုလောကသားတို့ ၏ လောဘသည်လည်း ဆန္ဒကြောင့်ပင် ဖြစ်၏။
- ကာမဂုဏ်အကျိုးစီးပွားတို့ ၌တောင့်တမှုအာသာ၊ တောင့်တတိုင်းရမှုနိဋ္ဌာတို့ သည်လည်း တဏှာဆန္ဒ
ကြောင့်ပင် ဖြစ်ပါသည်။
(၅)
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား-------
- လိုချင်နှစ်သက်မှုတဏှာဆန္ဒသည် ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။
- ဆုံးဖြတ်ခြင်းသည်ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။
- အမျက်ထွက်၊ လိမ်ပြော၊ ယုံမှားသံသယတို့ သည် ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း--။
(၆)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား-----
- သာယာဖွယ်၊ ရွံမုန်းဖွယ်ကို အမှီပြု၍ တဏှာဆန္ဒဖြစ်ပေါ်သည်။
- လောက၌ ပုဂ္ဂိုလ်သတ္တဝါသည် ရုပ်ဝတ္ထုတို့ ၏ဖြစ်ပျက်ကိုမြင်၍ လိုချင်စရာ၊ မည်သို့ ပြုရမည်ဟူသော ဆုံးဖြတ်ချက်ဖြစ်ပေါ်သည်။
- အမျက်ထွက်၊ လိမ်ပြော၊ ယုံမှားသံသယတို့ သည် သာယာဖွယ်၊ ရွံမုန်းဖွယ်ကိုအမှီပြု၍ ဖြစ်ကြသည်။
- = ယုံမှားသူသည် ကိုယ်တိုင်သိသူသမဏက ဟောသည့်အတိုင်း သိအောင်ကျင့်ရာ၏။
(၇)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား-----
- သာယာဖွယ်သည်လည်းကောင်း၊ မသာယာဖွယ်ရွံမုန်းဖွယ်သည်လည်းကောင်း အဘယ်အကြောင်း
ကြောင့် ဖြစ်ကြပါသနည်း။ အဘယ်တရားမရှိလတ်သော် သာယာဖွယ်
မသာယာဖွယ်တို့ သည် မဖြစ်ဘဲရှိကြ
ပါသနည်း။
- ပြတ်စဲအယူ၊ တည်မြဲအယူတို့ ဖြစ်ပေါ်လာခြင်းအကြောင်းတရားကိုလည်း ဖြေရှင်းပြပါလော-----။
(၈)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား--------
- သာယာဖွယ်သည်လည်းကောင်း၊ မသာယာဖွယ်သည်လည်းကောင်း အာရုံကို တွေ့ ထိသော ဖဿကြောင့်ဖြစ်ကြ၏။ ဖဿမရှိလျှင် သာယာခြင်း၊ မသာယာခြင်းဟူသည် မဖြစ်တော့ပါ။
- တည်မြဲ၊ ပြတ်စဲအယူ ၂ပါးသည်လည်း ဖဿကြောင့်ပင် ဖြစ်ပေါ်ပါသည်။
(၉)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား-----
·
ဖဿသည်အဘယ်အကြောင်းကြောင့်ဖြစ်ပါသနည်း--။
·
ငါ-ငါ့ဥစ္စာဟုသိမ်းပိုက်ခြင်းသည်
အဘယ်အကြောင်းကြောင့်ဖြစ်ပါသနည်း--။
·
အဘယ်တရားရှိလျှင်
ငါ-ငါ့ဥစ္စာဟုသိမ်းပိုက်ခြင်းကင်းရှင်းပါသနည်း--။
·
အဘယ်တရားပျက်လျှင်
ရုပ်ဒွါရ-ရုပ်အာရုံအတွေ့  ဖဿကင်းပါသနည်း။
(၁ဝ)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား------
- မြင်သိမှုစသောနာမ်၊ မျက်စိ-အဆင်းစသောရုပ်ကို အစွဲပြုသောကြောင့် ဖဿဖြစ်ပေါ်သည်။
- ငါ-ငါ့ဥစ္စာဟုသိမ်းပိုက်ခြင်းမှာ တဏှာကြောင့် ဖြစ်ပါသည်။
- တဏှာမရှိတော့လျှင် ငါ-ငါ့ဥစ္စာဟု သိမ်းပိုက်ခြင်းကင်းရှင်းပါသည်။
- ရုပ် (ရုပ်အာရုံ)မရှိတော့လျှင် မြင်-ကြား-နံ-စား-ထိတွေ့ ဟုဆိုသော ရုပ်အတွေ့ ဖဿကင်း၏။
(၁၁)
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား----
- အဘယ်သို့ ကျင့်က ရုပ်အာရုံကို ကျော်လွန်နိုင်ပါသနည်း။
- သုခ-ဒုက္ခဖြစ်ကြောင်း အကောင်း-အဆိုးရုပ်အာရုံ ၂ မျိုးကို အဘယ်သို့ ကျင့်ကကျော်လွန်နိုင်ပါသနည်း။
(၁၂)
နိမ္မိတရုပ်ပွား
မြတ်စွာဘုရား---
- ပကတိကာမသညာမရှိ၊ အရူးသညာမရှိ၊ ရူပဈာန်သညာမရှိ၊ အမှတ်သညာလုံးဝမရှိသည်လည်း
မဟုတ်ပေ၊ ထိုသို့  ဖြစ်အောင်ကျင့်သူအားရုပ်အာရုံကို
ကျော်လွန်လေတော့၏။ အကြောင်းမှာ တဏှာ-မာန-ဒိဋ္ဌိ ဟူသော ပပဉ္စ (နယ်ချဲ့ ) ၃ ပါး သည် သညာသာလျှင်
အကြောင်းရင်းရှိသောကြောင့်ဖြစ်၏။
(၁၃)
ဂေါတမနွယ်ဖွား
မြတ်စွာဘုရား----
- ပကတိကာမသညာမရှိ၊ အရူးသညာမရှိ၊ ကသိုဏ်းရုပ်စသည်ကိုအာရုံပြုသည့် ထင်ရှားသော
ရူပါဝစရဈာန်
သညာမရှိ၊ အာကာသစသည်ကိုအာရုံပြုသော အရူပါဝစရဈာန်သညာရှိနေသောကြောင့် သညာမရှိ
သည်လည်းမဟုတ်ဟုဆိုခဲ့သောအထက်ပါစကားဖြင့် လူနတ်ဗြဟ္မာသတ္တဝါတို့ ၏ ဆင်းရဲမှ
သန့် ရှင်းစင် ကြယ်ပုံကို အချို့ က--အမြတ်ဆုံး--ဟု ပြောဆိုကြပါသလား---။
- ထိုသို့ မဟုတ် အရူပဈာန် အရူပဘုံမှအခြားသောအရာကို အမြတ်ဆုံး--ဟု ဆိုကြပါသလား။
(၁၄)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
- အရူပဈာန်၊အရူပဘဝကို အချို့ က--အမြတ်ဆုံး--ဟုဆိုကြသည်။
- အချို့ ကား ဥစ္ဆေဒ(ပြတ်စဲ)အယူကို --အမြတ်ဆုံး--ဟု ဆိုကြသည်။
- ရဟန္တာရဟန်းသည် အရူပဘဝကိုအမြတ်ဆုံးဟု၎င်း၊ လူနတ်ဗြဟ္မာဘဝမှ စုတေလျှင် ဘဝပြတ်သည်ဟု ယူဆသူတို့ သည်၎င်း တည်မြဲ-ပြတ်စဲအယူကို ယူစွဲနေကြသည်ဟုသိ၍ စွဲမှီရာဒိဋ္ဌိနှင့်ခန္ဓာတို့ ကို သိပြီး သစ္စာသိသောဉာဏ်ပညာနှင့်ပြည့်စုံ၊ အာသဝ-ကိလေသာတို့ မှ လွန်မြောက်သဖြင့် ငြင်းခုံခြင်းသို့  မရောက်တော့ပေ--။
- ရဟန္တာရဟန်းသည် ဘဝယုတ်မြတ်သို့ လည်း နောက်ထပ်တဖန် မရောက်တော့ပြီ--။
ကလဟဝိဝါဒသုတ်အနှစ်ချုပ်ပြီးပြီ။
Thursday, December 13, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ ပုရာဘေဒသုတ်အနှစ်ချုပ်
(၁)
- မသေမီ တဏှာကင်းအောင်ကြိုးစားပါ
- ရှေးအစွန်းကို မမှီရ
- နောင်ကာလကို မျှော်၍တောင့်တခြင်းမရှိရ
- ပစ္စုပ္ပန်မှာ တပ်မက်သူဟု ခေါ်ဝေါ်မခံရအောင် နေထိုင်ပါ။
(၂)
- အမျက်မထွက်ရ
- စိုးရိမ်ပူပန်ခြင်းကင်းပါစေ
- မကြွားဝါရ
- စက်ဆုပ်ဖွယ် ကိုယ်၊ နုတ်အမူအရာကင်းပါစေ
- နှိုင်းနှိုင်းချင့်ချင့် စကားပြောပါ
- စိတ်မပျံ့လွင့်စေနှင့်။
(၃)
- အနာဂတ်ကို မမျှော်ခြင်း
- အတိတ်ကိုမပူဆွေးမတမ်းတခြင်း
- မြင်တွေ့ မှုစသောဖဿတို့ ကို ခွဲခြား၍သိခြင်း
- အယူမှား (မိစ္ဆာဒိဋ္ဌိ)ဟူသမျှ ကင်းရှင်းအောင် အားထုတ်ပါ။
(၄)
- ကိလေသာဖြစ်မည်ကို တွန့် ဆုတ်ရမည်
- မြင်သူတိုင်းက အံ့သြနေအောင် ဟန်မဆောင်ရ
- အားကျပြီး မတောင့်တရာ
- ဝန်တိုစိတ်ကင်းရှင်းပါ
- ကိုယ်နုတ်စိတ်မကြမ်းတမ်းပါစေနှင့်
- ကြည်ညိုဖွယ်ကိုယ်နုတ်စိတ်ရှိပါစေ
- ကုန်းချောစကားမပြောရ။
(၅)
- ကာမဂုဏ်ဝတ္ထုတွင်းသို့  မသက်ဝင်မစီးဆင်းစေရာ
- အထင်ကြီး၊ အထင်သေးမာနကင်းပါစေ
- တည်ငြိမ်သိမ်မွေ့  ရမည်
- လေ့လာ၊ ကျင့်ကြံမှု၊ ပြဿနာများကို ထင်မြင်သော အသိဉာဏ်ပြည့်စုံပါစေ
- သူတပါးကိုချည်းပုံပြီးယုံသူမဖြစ်စေရ
- တပ်မက်ခြင်းကင်းပါစေ။
(၆)
- လာဘ်ပစ္စည်းလိုချင်သောကြောင့် မကျင့်ရ
- လာဘ်ပစ္စည်းမရသောကြောင့် စိတ်ဆိုး၊အမျက်ထွက်ခြင်းမရှိရ
- ဆန့်ကျင်ဘက်ကြောင့် စိတ်မဆိုးပေရာ
- တဏှာဖြင့် အရသာတို့ ၌ မစွဲလမ်းရာ (အစားကောင်းကို မမက်ရာ-စသည်)--။
(၇)
- အမြဲတမ်းအမှတ်သတိနှင့်နေ
- သူတပါးနှင့်မိမိ အတူတူပဲဟုထင်သော မာနမရှိရာ
- မိမိကသူတပါးထက်ထူးကဲသာလွန်တာပဲဟုထင်သောမာနမရှိရာ
- မိမိက သူတပါးအောက်နိမ့်ကျသိမ်ငယ်တာပဲဟုထင်သော မာနမရှိရာ
- သံသရာ၏မြေသြဇာ ကိလေသာကံများလည်း မရှိရာ---။
(၈)
- မှီတွယ်ရာ တဏှာ၊ ဒိဋ္ဌိမရှိရာ
- ရုပ်နာမ်ဓမ္မသင်္ခါရကိုသိပြီး အမှီအတွယ်ကင်းရာ၏
- ရဟန္တာမှာ ဘဝဒိဋ္ဌိ၊ သဿတဒိဋ္ဌိကိုတပ်မက်သည့် တဏှာမရှိ
- ရဟန္တာမှာ ဝိဘဝဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကို တပ်မက်သည့်တဏှာမရှိ--။
(၉)
- ရဟန္တာပုဂ္ဂိုလ်သည်ကာမဂုဏ်တို့ ၌ ငဲ့ကွက်တွယ်တာခြင်းမရှိ
- ဘဝသံသရာကို ရှည်စေသော ကြိုးထုံးနှင့်တူသော ဂန္ထတရားမရှိ
- တဏှာနယ်ကို ကျော်လွန်ပြီးပြီ။
(၁ဝ)
- ရဟန္တာမဖြစ်ခင် မိသားစု၊ ပစ္စည်းပိုင်ဆိုင်မှုအပေါ် သာယာတပ်မက်မှုရှိခဲ့သော်လည်း ရဟန္တာဖြစ်ပြီးချိန်
မှစ၍ သာယာတပ်မက်ခြင်းလုံးဝမရှိတော့ပြီ
- အတ္တဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိလည်းမရှိတော့ပေ။
(၁၁)
- ရဟန္တာပုဂ္ဂိုလ်သည် သူတပါးကိုလည်း မစွပ်စွဲ၊ သူတပါးစွပ်စွဲပုတ်ခတ်သည်ကိုလည်း မတုန်လှုပ်--။
(၁၂)
- ရဟန္တာသည် မက်မောခြင်းကင်း၏
- ဝန်တိုခြင်းကင်း၏
- အရည်အချင်း၊ ဂုဏ်သာလွန်မြင့်မြတ်သူတို့ ထက် မိမိကသာလွန်၊ တန်းတူ၊ နိမ့်ကျကြောင်း ဆက်စပ်ပြီးမပြောဆို
- လိုချင်နှစ်သက်မှု (တဏှာ) အယူအဆမှားမှု (ဒိဋ္ဌိ)လည်း မရှိ--။
(၁၃)
- ရဟန္တာသည် ငါ၊ ငါ့ဥစ္စာဟု စွဲလမ်းခြင်းမရှိ၊ စိုးရိမ်ပူဆွေးခြင်းမရှိ
- အဂတိ ၄ ပါးမလိုက်မှားတော့ပြီ။
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊
အဋ္ဌကဝဂ်လာ ပုရာဘေဒသုတ်အနှစ်ချုပ်ပြီးပြီ။
အညွှန်း။ အကျယ်ဖတ်လိုက မဟာစည်ဆရာတော်၏ ပုရာဘေဒသုတ်တရားတော်စာအုပ်ကို ဖတ်ပါလေ...။
Subscribe to:
Posts (Atom)