Total Pageviews

Tuesday, January 28, 2014

အသားကြီး ၁ဝ မျိုးလာ " အောင်း" အရှုပ်တော်ပုံ

                                                     (ပုံ- ၁ တိဘက်နွား)
ဝိနည်းဥပဒေအရ ရဟန်းတော်များ မစားအပ်တဲ့ "အကပ္ပိယမံသ" အသားကြီး ၁ဝ မျိုးကို မြန်မာဘာသာ
အားဖြင့် ပြောကြရာမှာ ၁) လူသား၊ ၂)ဆင်သား၊ ၃)မြင်းသား၊ ၄)ခွေးသား ၊ ၅)မြွေသား၊ ၆)ခြင်္သေ့သား၊
၇)ကျားသား၊ ၈) ကျားသစ်သား ၊ ၉) ဝံသား ၊ ၁ဝ) အောင်းသား-- လို့ စာရင်းပြပါတယ်။ အမှတ်စဉ် ၉ ဖြစ်
တဲ့ ဝံသားကို တိတိကျကျပြောရာမှာတော့ "ဝက်ဝံသား" လို့ ကျမ်းစာများမှာ တွေ့ ရတယ်။

အမှတ် ၁ဝ "အောင်း" ကို စူးစမ်းတဲ့အခါ အယူအဆများစွာ ကွဲပြားနေတာ သတိပြုမိပါတယ်။
မြန်မာ-အင်္ဂလိပ်အဘိဓာန်နဲ့ ယုဒသန်မြန်မာ-အင်္ဂလိပ်အဘိဓာန် ၂ စောင်ကိုကြည့်ရာမှာ "အောင်း" ခေါ်တဲ့
သတ္တဝါဟာတိဘက်ဒေသမှာ အများဆုံးတွေ့ ရတတ်တဲ့ အမွှေးရှည် နွားကို ခေါ်ကြောင်း ပြဆိုကြတယ်။
အင်္ဂလိပ်ဘာသာ Yak, Tibet Bull လို့ ခေါ်ပါတယ်။ (ပုံ-၁ ကြည့်) Yak က နွားအထီးကို ခေါ်ပြီး အမကို
တော့ Dri သို့ မဟုတ် Nak လို့  တိဘက်ဘာသာနဲ့ ခေါ်ပါတယ်။

                                                          (ပုံ- ၂ ဟာယိန)
ဝိနည်းပါဠိတော်အင်္ဂလိပ်ဘာသာပြန်၊ အသားကြီး ၁ဝ မျိုးအကြောင်းအင်္ဂလိပ်ဘာသာနဲ့ ရှင်းပြကြတဲ့ ရဟန်း
ပညာရှင်များ၊ ပါဠိ-အင်္ဂလိပ်အဘိဓာန်များအလိုအရကတော့ "တရစ္ဆ=အောင်း" ခေါ်တဲ့ သတ္တဝါဆိုတာ
အာရှ နဲ့  အာဖရိကတိုက်တွေမှာ တွေ့ ရတတ်တဲ့ ဟာယိန (Hyena) ကို ညွှန်ပြကြပါတယ်။ မြန်မာစာအဖွဲ့ 
ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်က "Hyena (also Hyaena) အာဖရိကနှင့် အာရှတိုက်တို့ တွင် တွေ့ ရ
သည့် ခွေးနှင့်တူ၍ အုပ်ဖွဲ့ နေတတ်ကာ အသေကောင်ကိုစားလေ့ရှိသော၊ လှောင်ရယ်သံအလား အော်မြည်
တတ်သည့် တောရိုင်းတိရစ္ဆာန်" လို့ ရှင်းပြတယ်။

တိပိဋကပါဠိ-မြန်မာအဘိဓာန်-အတွဲ ၉၊ တ-ဝဂ်က "အာဖရိကတိုက်တွင် အရှိများ၍ မေးရိုးအထူးသန်မာပြီး
လျှင် အပုပ်ကောင်ကိုစားတတ်သည့် အသည်းကြောင်သော ခွေးအ။ အသားကိုစားသည့် ရိုင်းသောသတ္တဝါ၊
၎င်းသတ္တဝါသည် သန်မာ၏၊ သို့ သော် သူရဲဘောနည်း၏။ ခွေးကြီး သို့ မဟုတ် ဝံပုလွေနှင့်တူ၏- Hyena,
Hyaena ကိုကြည့်" လို့ ပြထားတယ်။  (ပုံ- ၂ ကြည့်)

ဦးဟုတ်စိန်ရဲ့ အများသုံးမြန်မာ-အင်္ဂလိပ်အဘိဓာန်ကတော့ "ဟာယိန (hyena), တိဘက်နွား (Yak)" ၂ မျိုးလုံးကို "အောင်း"  လို့  သိမ်းကျူံးပြဆိုထားတာတွေ့ ရပါတယ်။

                                                           (ပုံ- ၃ ဝံပုလွေ)
ဆရာတော်အရှင်သြဘာသာဘိဝံသရဲ့ သုတေသနသရုပ်ပြအဘိဓာန်က "တရစ္ဆ" ကို " ဝံပုလွေ" လို့ ယူဆ
ကာ တရစ္ဆမံသ= ဝံပုလွေအသား လို့  အသားကြီး ၁ဝ မျိုးမှာ ပြဆိုပါတယ်။ ဝံပုလွေဟာ နေရာဒေသကို
လိုက်ပြီး အမွှေးအရောင်ကွာခြားမှုရှိနိုင်ပါတယ်။ (ပုံ- ၃ ကြည့်) ။ ပုံ ၃ မှာပြတဲ့ ဝံပုလွေကတော့ အမေရိကန်
နိုင်ငံမှာ တွေ့ ရတဲ့ ဝံပုလွေဖြစ်ပါတယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ဗုဒ္ဓဝါဒနဲ့ သက်သတ်လွတ်အယူစာတမ်းမှာတော့"တရစ္ဆကို
 ဟာယိန နဲ့ ဝံပုလွေ ဆိုတဲ့ သတ္တဝါ  ၂ မျိုး" လို့  ပြပါတယ်။

တရစ္ဆ-ပါဠိကို ဝံပုလွေ လို့ ဘာသာပြန်မှုအပေါ် သဘောမတူတဲ့အယူအဆတွေ ရှိနေပါတယ်။ ပါဠိအဘိဓာန်နိဿယဂါထာအမှတ် ၆၁၅ မှာ "ကောက၊ ဝက= ဝံပုလွေ" လို့ ပရိယာယ် ၂ ပုဒ်ပြတယ်။
ရှေးအဘိဓာန်နိဿယများက ကောက၊ ဝက ပါဠိတို့ ကို သစ်ကျုတ် လို့ မြန်မာပြန်ခဲ့ကြတယ်။ (ပုံ ၄ ကြည့်)
အဲဒီ သစ်ကျုတ် ဘာသာပြန်ကို ပါဠိပညာရှင်များက ဆက်လက်လက်ခံအသုံးပြုတာ မတွေ့ ရပါဘူး။
သဒ္ဒနီတိဓာတုမာလာက "ကောကောတိ အရညသုနခေါ= ကောကဆိုတာ တောခွေး (ခွေးအ)" လို့ ပြော
တာကြောင့် တောခွေးဆိုတာ ခွေးနဲ့ အမျိုးအနွယ်ချင်းတူတယ်လို့ တောင်မဆိုသင့်ဘူး၊ တောခွေးဆိုတာ ခွေး
အစစ်ဖြစ်တယ်။ ဒီတော့ "အရညသုနခ=ဝံပုလွေ=Wolf" ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကောက ပါဠိက ဝံပုလွေ Wolf ကို ပြောတာပဲလို့ အယူအဆညီကြပြီးနောက် အသားကြီး ၁ဝ မျိုးကို ဖွင့်ပြ
တဲ့ ဝိနည်းဟာဝါအဋ္ဌကထာ (ဝိ၊ဋ္ဌ၊ ၃၊၃၇၆) က-------
"ဝံပုလွေ (အရညကောက) ဆိုတာ ခွေးနဲ့ အတူတူပဲ။ ဝံပုလွေအသားကို စားကောင်းတယ်။ စားနိုင်တယ်။
ဝံပုလွေ က ခွေးနဲ့ ပေါင်းစပ်လို့ မွေးဖွားလာတဲ့ ခွေးဝံပုလွေကပြားရဲ့ အသားကိုတော့ မစားရဘူး" လို့ ပြော
ထားပါတယ်။ ဒါကြောင့် တရစ္ဆ ပါဠိကို ဝံပုလွေ လို့ ယူဆတာ အဋ္ဌကထာနဲ့ မညီညွတ်ဘူး။

ပါဠိကို တိုက်ရိုက်မြန်မာပြန်၊ အဲဒီမြန်မာပြန်ဝေါဟာရကို မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ကြည့်မိလို့ လိုရင်း
ပန်းတိုင်မရောက်နိုင်ဖြစ်တာလေးနဲ့ လည်း ကြုံရပါသေးတယ်။  "အရည+သုနခ= တော+ခွေး" ဆိုတဲ့
တိုက်ရိုက်ဘာသာပြန်ဟာ အင်္ဂလိပ်လို Jackal, ပါဠိလို ဇမ္ဗုက-သိဂါလ-သိင်္ဂါလ-ကောဋ္ဌု ဖြစ်သွားပြီး လမ်းကြောင်းလွဲသွားရော။ (ပုံ ၅ ကြည့်) ဒီပါဠိတွေက မြေခွေး, Fox ကိုလည်းဆိုလိုပြန်တော့
 တောက်လျှောက်လွဲတော့တာပါပဲ။(ပုံ ၆ ကြည့်)
                                                         (ပုံ ၄ သစ်ကျုတ်)
 (ပုံ ၅ တောခွေး)
(ပုံ ၆ မြေခွေး) 
ရှေးအဘိဓာန်နိဿယ နဲ့  မြန်မာ-အင်္ဂလိပ်အဘိဓာန်တို့ အလို "ကောက=အရညသုနခ= သစ်ကျုတ်၊
တောခွေး၊ မြေခွေး" ဘာသာပြန်ဟာ မတည်ငြိမ်ဘူး။ "တရစ္ဆ=ဝံပုလွေ Wolf" ဘာသာပြန်ဟာလည်း
အငြင်းပွားစရာဖြစ်နေပါတယ်။

တိပိဋကပါဠိအဘိဓာန်က တရစ္ဆ ပါဠိကို (က) အောင်း (ခ) ကျားသစ် (ဂ) ခွေးကျား (ဃ) သစ်ကျုတ်
(င) ဝက်ဝံအထူး (စ)ခြင်္သေ့နက်၊ ဝက်ဝံနက် (ဆ) သစ် (ခွေးသဏ္ဍန်ရှိသော မည်းနက်သောအရေး
အကြောင်းတို့ ဖြင့် ပြောက်ကျားသော သားကောင်အထူး) လို့ ဆရာစုံတို့  အယူအဆစုံကို ပြည့်စုံအောင်
ပြပါတယ်။ သို့ သော် တိ-ပိအဘိဓာန်မှာ မပါသေးတာကတော့ "တရစ္ဆ-ဆိုတာ ကျားကျုတ်"  ကိုဆိုလို
တယ်ဆိုတဲ့ အယူအဆပါပဲ။

                                                            (ပုံ ၇ ကျားကျုတ်)
ဆရာတော်အရှင်ကုမာရ-က ဝိနယသင်္ဂဟပန်းကုံး၊ မစ ၦမံသဝိနိစ ၦယကထာကုိ ရှင်းပြချက်မှာ တရစ္ဆ=ကျား
ကျုတ်ဖြစ်တယ် ဆိုတဲ့ အယူအဆကို တင်ပြထားပါတယ်။ ကျားကျုတ်ကို အင်္ဂလိပ်ဘာသာနဲ့ Leopard cat
ခေါ်ပါတယ်။ (ပုံ ၇ ကို ကြည့်)

ဆရာတော်က ဘာသန္တရအဘိဓာန်များစွာရဲ့ အယူအဆများကို ရှင်းပြရာမှာ----
အချို့ အဘိဓာန်တွေက တရစ္ဆ= ခွေးအအကြီးမျိုး၊ ဝံပုလွေထက်အနည်းငယ်ကြီးသော သားစားတိရစ္ဆာန်၊
အချို့ အဘိဓာန်တွေက တရစ္ဆ=ခွေးအအကြီးမျိုး၊ ကျားကလေးမျိုး၊
အချို့ အဘိဓာန်တွေက တရစ္ဆ= ဝံပုလွေ၊ ကျား
အချို့ အဘိဓာန်က      တရစ္ဆ= သစ် (Leopard) လို့ ဆိုကြကြောင်း....။
အဘိဓာန်အားလုံးက ကောက ကို ဝံပုလွေ လို့ ဆိုကြပြီး ဝံပုလွေသား စားအပ်ကြောင်းကိုလည်း မဟာဝါဋ္ဌ
ကထာမှာ ဆိုထားပြန်တဲ့အတွက် ဒီနေရာ တရစ္ဆသဒ္ဒါရဲ့အနက်ကို ကျားကလေးမျိုး (ကျားကျုတ်) ဟုယူက
သင့်မည်လို့ ထင်ကြောင်း တင်ပြထားတာတွေ့ ရပါတယ်။

တရစ္ဆ-အောင်း ဆိုရာမှာ တင်ပြခဲ့ပြီးသလို ပညာရှင်များရဲ့အယူအဆ မတူကြောင်းသိကြရပါပြီ။ ဘယ်သူက
မှန်တယ်လို့ အတိအကျပြောဖို့ ဆိုတာလည်း သိမ်မွေ့ နက်နဲသလို ခက်ခဲရှုပ်ထွေးမှုလည်း ရှိနေပါတယ်။ ဖြစ်
နိုင်ခြေအနည်း-အများကို ချိန်ထိုးစဉ်းစားမိတာကို ပြောရရင် အသားကြီး ၁ဝ မျိုးကို မစားအပ်တဲ့ အကြောင်း
ပြအပေါ် အခြေခံပြီး ပြောချင်ပါတယ်။
-လူသားကတော့ ဇာတ်တူသားဖြစ်လို့ (၁)
-ဆင်၊ မြင်းအသားတွေကိုတော့ ဘုရင်မင်းတို့ အသုံးအဆောင်ဖြစ်လို့ (၂-၃)
-ခွေး၊ မြွေ အသားတွေကိုတော့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လို့ (၄-၅)
-ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ အောင်း အသားတွေကို ဘေးရန်ကင်းအောင်လို့ ရှောင်ကြဉ်ရတယ် (၆-၁ဝ)

အမှတ် ၆- ၁ဝ အသားကို ဘေးကင်းရန်ကွာအကျိုးငှါ ရှောင်ရတယ်ဆိုရင် သူတို့ အသားတွေကို စားသုံး
မိရင် ဘေးရန်ရှိလို့ ၊ ဘေးရန်ပြုနိုင်လို့ ဆိုတော့ တိဘက်အမွှေးရှည်နွား (Yak) ကတော့ တရစ္ဆ=အောင်း
စာရင်းထဲမှာ အန္တရာယ်အကင်းဆုံး၊ တရစ္ဆ-အရ ဖြစ်နိုင်ခြေ အနည်းဆုံးသတ္တဝါဖြစ်မယ်လို့ ထင်မြင်မိပါ
ကြောင်း......။

အမရဒီပ
ဇန်နဝါရီ ၂၉၊ ၂ဝ၁၄

မှီငြမ်းပြုကျမ်းစာများစာရင်း
-----------------------------
၁။ ဝိနယ မဟာဝါပါဠိတော်
၂။ ဝိနယမဟာဝါပါဠိတော်မြန်မာပြန်
၃။ ဝိနယ မဟာဝါဋ္ဌကထာ
၎။ ဝိနယ၊ မဟာဝါဘာသာဋီကာ၊ ဒုတိယအုပ်၊ အရှင်ဇနကာဘိဝံသ
၅။ ဝိနယသင်္ဂဟပန်းကုံး၊ ပထမအုပ်၊ အရှင်ကုမာရ
၆။ တိပိဋကပါဠိ-မြန်မာအဘိဓာန်၊တွဲ ၉၊ တဝဂ်
၇။ သုတေသနသရုပ်ပြအဘိဓာန်၊ အရှင်သြဘာသာဘိဝံသ
၈။ သပြေကန်ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသေဋ္ဌာဘိဝံသ
၉။ အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်၊ ဦးဟုတ်စိန်
၁ဝ။ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ မြန်မာစာအဖွဲ့ 
11.The Book of the discipline (Vinaya Pitak) Volume IV, Translated by I.B.Horner
12.The Pali-English Dictionary
13. What Buddhists Believe by K.Sri Dhammananda
14. Eleven Holy Discourses of Protection, Maha Paritta Pali by Sao Htun Hmat Win
15. Buddhism and Vegetarianism by Ashin Nandamalabhivamsa

Monday, January 27, 2014

မီးရှုးသန့် စင်ဖွားမြင်ခြင်း

ဆရာနိုင်ပန်းလှဘာသာပြန်တဲ့ ရာဇာဓိရာဇ်အရေးတော်ပုံ၊ စာမျက်နှာ ၁၅ မှာ ဟောဒီဝါကျကို ဖတ်မှတ်
ခဲ့ဖူးပါတယ်။

"မဂဒူးသည် သက္ကရာဇ် ၆၁၄ ခုနှစ်၊ တန်ခူးလဆုတ် ၄ ရက်၊ ကြာသပတေးနေ့ တွင် တကော့ဝန်း+၌ မထင်ရှားသော ဆင်းရဲသား လယ်သမားမိဘနှစ်ပါးတို့ မှ မီးရှုးသန့်် စင် ဖွားမြင်လေသည်
+တကအ်ဝါန်(တကော့ဝန်း)= မြေနီကျောက်၊ ဂဝံကျောက်ကုန်းမြေ"

နောင်တချိန် မွန်သမိုင်းမှာထင်ရှားတဲ့ ဘုရင်တပါးဖြစ်မယ့် မဂဒူးကို ၁) မထင်ရှားသော ၊ ၂) ဆင်းရဲသော၊
၃) လယ်သမားမိဘ တို့ က ဖွားမြင်တယ်ပေါ့။မွေးဖွားတယ်ပေါ့။ ဒါဖြင့် "မီးရှုးသန့် စင်" ကကော...။

အသေအချာမသိခင်ကတော့ မီးရှုးသန့် စင်- ဆိုတာ ကဗျာလင်္ကာသုံး အဖွဲ့ အနွဲ့ စကားလို့ သာ ထင်မှတ်ခဲ့
တာပါ။ သို့ သော် အဲသည်အထင် မမှန်ဘူး။

ဦးစွာ ကဗျာလင်္ကာကြီးများရဲ့ စကားလုံးသုံးစွဲပုံကို လေ့လာကြပါစို့ ။

-ပျော်သွားမငြီး ၊ ဇနီးအိမ်ရှင်
မိလွမ်းကြင်ကား ၊ ကြည်လင်သက်သက်
စိတ်ထက်ထက်လျှင် ၊ ပန်နက်ဆုတောင်း
ကုသိုလ်ဟောင်းကြောင့်၊ သားကောင်းဖြင်မျှ
မိန်းမယောက်ျား ၊ မွေးဖွားသရွေ့ 
ကြွေ့ ကြွေ့ ကြက်ကြက် ၊ ခြေလက်အင်္ဂါ
တရာမချို့ ၊ ပျို့ ရရို့ တည့်
မျှစ်စို့ အလား ၊ ထွားရရားသား
သားများနှင်နှင် ၊ မီးရှုးမြင်၏။ (ရွှေဟင်္သာမင်းပျို့ ၊ အပိုဒ် ၆၇)

ကိုယ်စိတ်ကျန်းမာ ရှေးကုသိုလ်အကြောင်း ဆုတောင်းပတ္ထနာကောင်းခဲ့တဲ့ မိဖုရားကြီးက မွေးဖွားသမျှ
သားတော် ၊ သမီးတော်တိုင်း ပြည့်ပြည့်ဖြိုးဖြိုး ၊ ကိုယ်လက်အင်္ဂါပြည့်စုံ မျှစ်စို့ ပေါက်များလို ဖြစ်ကြပါပေ
တယ်လို့ ဆိုပါတယ်။

-မိမင်းကြာခန်း ၊ စံမြန်းသိမ်မွေ့ 
လစေ့သန့် စင်၊ မီးရှုးမြင်သော်။ (မဃဒေဝ၊ အပိုဒ် ၄၉၉)
-မီးရှုးမြင်ပြီး၊ ရက်လျင်သတ္တ
လည်ကမရွေ့ ၊ နန္ဒာနေ့ ၌။ (မဃဒေဝ၊ အပိုဒ် ၅ဝဝ)
မန်လည်ဆရာတော်ကြီးက အလောင်းတော် မဃဒေဝမင်းသားမွေးဖွားပုံကို သရုပ်ဖော်ပြတဲ့ အဖွဲ့ အနွဲ့ 
တွေဖြစ်ပါတယ်။

ဒီတော့ "မီးရှုးသန့် စင်" ဆိုတာဟာ ကဗျာသုံးစကားဖြစ်တယ်ဆိုတာတော့ ထင်ရှားပါပြီ။ အများသူငါ
သူသူကိုယ်ကိုယ် ကလေးမွေးတိုင်း မီးရှုးသန့် စင်ပြီဟေ့လို့ ကော ပြောနိုင်သုံးနိုင်တဲ့ စကားဟုတ်သလား။
ဒီမေးခွန်းကို ရွှေနန်းသုံးဝေါဟာရအဘိဓာန် ၊၂၂၈ က ဖြေဆိုပါတယ်။

"တောင်နန်းညာနေ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးက သားတော်ဖြစ်စေ၊ သမီးတော်ဖြစ်စေ ဖွားမြင်
တော်မူသည့်အခါ မီးရှုးမြင်တော်မူသည်ဟု ပြောဆိုမြဲဖြစ်သည်။ ၄င်း မီးရှုးမြင်သည်ဟူသော ဝေါ
ဟာရကို မြောက်နန်းတော်မိဖုရားမှစ၍ မိဖုရားကလေးများအထိ မသုံးစွဲရ၊ "သားတော်ဖွားသည်၊
သမီးတော်ဖွားသည်" ဟူသော ဝေါဟာရကိုသာလျှင် သုံးစွဲရသည်"

ဒီအဆိုအတိုင်းပြောရင် မီးရှုးသန့် စင်--ဆိုတဲ့စကားဟာ မိဖုရားခေါင်ကြီး သား၊သမီးဖွားမြင်တဲ့အခါသာ
သုံးရတယ်၊ အခြားမည်သည့်မိဖုရားမျှ သုံးစွဲခွင့်ရှိသော စကားလုံးမဟုတ်ချေပေါ့။ သာမန်အရပ်သူများ
အတွက်ကတော့ ဆိုဘွယ်ရာမရှိ။

ဒီတော့ မဂဒူးအမျိုးသားဟာ ဘုန်းကံရှင်ယောက်ျားကောင်းယောက်ျားမြတ်ဆိုတာတော့အမှန်ဖြစ်တယ်။
သို့ သော် သူ့ ဖခင်က ဘုရင်မဟုတ်သလို သူ့ မိခင်ကလည်း အဂ္ဂမဟေသီမိဖုရားခေါင်ကြီးမဟုတ်၊ သာမန်
လယ်သမားတဦးရဲ့ ဇနီးမယားမျှသာဖြစ်နေပါတယ်။ ဒါကြောင့် "မီးရှုးသန့် စင်" ကို သုံးစွဲတာ မမှန်ဘူး၊
"မွေးဖွားသည်၊ ဖွားမြင်သည်"  လို့ သာ သုံးစွဲမှ အသုံးအစွဲမှန်ပေလိမ့်မယ်။

အမရဒီပ
ဇန်နဝါရီ ၂၇၊ ၂ဝ၁၄



Sunday, January 26, 2014

ညည်း နဲ့  ညဲ

မြန်မာမိန်းကလေးအချင်းချင်း၊ ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်လို့ စကားပြောရင် "ကောင်မ (သို့ မဟုတ်) ညည်း (သို့ မဟုတ်) မိန်းမ" ဆိုတဲ့အခေါ်အဝေါ်တွေ ကြားရတတ်တယ်။
"ကောင်မ" နောက်က "လေး" ထည့်စွက်ပြီး "ကောင်မလေး"လို့ ခေါ်ရင်၊ သုံးစွဲရင် စကားယဉ်ပေါ့။ "ကောင်မ" လို့ ပြောတော့ မရိုင်းရင်တောင် နည်းနည်းကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း
ရင်းနှီးတဲ့ သူငယ်ချင်းတွေသာ သုံးကြတာကိုး။

မိန်းကလေးက မိန်းကလေးကို "မိန်းမ" လို့  ခေါ်ရင် လိင်တူအချင်းချင်းခေါ်လို့ ပြဿနာမရှိ။ ယောက်ျားတ
ယောက်က မိန်းကလေးတယောက် ၊ အမျိုးသမီးတယောက်ကို "မိန်းမ" လို့ ခေါ်ရင် အကြီးအကျယ်ပြဿ
နာကြီးတက်ပါတော့တယ်။ ယောက်ျားတယောက်က မိန်းမတယောက်ကို "မိန်းမ" လို့ ခေါ်ရင် လက်ထပ်ယူ
ထားတဲ့ သူ့ ဇနီးကို ခေါ်တဲ့ သဘောအဓိပ္ပါယ်သက်ရောက်သွားတာကိုး။ (ခပ်ရွတ်ရွတ်လူနောက်တွေဆိုရင်
သူ့ ကို မိန်းမလို့ ခေါ်လိုက်လို့ စိတ်ဆိုးနေတဲ့ မိန်းကလေးသူငယ်ချင်းတွေကို မိန်းမခေါ်လို့ စိတ်ဆိုးတယ်
ဆိုတော့ နင်က ယောက်ျားလား လို့ ထပ်ဆင့်စနောက်လိုက်သေးတယ်။)

မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ "ညည်း= ရွယ်တူ၊ ငယ်သူ မိန်းကလေးကို ခေါ်တဲ့စကား။ မြန်မာအမျိုးသမီး
အချင်းချင်း ခင်မင်ရင်းနှီးသမှုအနေဖြင့် သုံးစွဲသောစကားလုံးဝေါဟာရ" လို့ ပြောပါတယ်။

"ညဲ= လုံမပျို၊ အမျိုးသမီး" လို့  မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ပြပါတယ်။

ရှေးကဗျာလင်္ကာတွေမှာ ညည်း ကို သိပ်မတွေ့ ရပေမယ့် ညဲ ကိုတော့ အတွေ့ ရများပါတယ်။
အရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းမှာ.....
-တိမ်ဖြူမိုးယံ ၊ တန်ခိုးပျံလျက်
ချေငံအံ့အဲ ၊ သံဝှန်သဲမျှ
မိညဲစံတုန်း ၊ တဖြုန်းဖြုန်းသည်...... ။ (အပိုဒ်- ၁ဝ)
ဗီရဏီဘုံခန်းထဲက နတ်သမီးအဖွဲ့ အနွဲ့ တခုပေပေါ့။ "ညဲ" တောင်မဟုတ်၊ "မိညဲ" တဲ့။ လှပလိုက်တဲ့ ရှေးအသုံး။

 နယ်နှင်ဒဏ်ခတ်ခံရပြီး တောထဲမှာ ရသေ့ဝတ်နဲ့ နေရင်း နဂါးမနဲ့ ဖူးစာဆုံလို့ သား ၁ ဦး၊ သမီး ၁ ဦးရပြီးကာမှ တိုင်းပြည်ပြန်အုပ်ချုပ်မင်းလုပ်ရတော့မယ့် ကြင်ယာတော်အိမ်ရှေ့ မင်းသားကို နဂါးမ
က လူ့ ပတ်ဝန်းကျင်နဲ့  နဂါးဘဝမသင့်တော်လို့  မောင်သွားရာမယ်မပါနိုင်၊မလိုက်လိုကြောင်းငြင်းပယ်
တဲ့အခန်းမှာ အရှင်မဟာရဋ္ဌသာရက အခုလို မိညဲကို သုံးပြပြန်တယ်။
-မိညဲရှင်ဘွား ၊ ငရဲလားမူ
မြောက်သားရှင်ပင်၊ သက်ပြတ်ကြင်သည်
ချစ်ရှင်တားပေလှာအံ့လော။  (ဘူရိဒတ်လင်္ကာကြီး၊ အပိုဒ်- ၆၃)

အချောအလှတွေ့ ရင် တော်ကောက်ဖို့ လက်မနှေးတဲ့မင်းသားတပါးလို စကားလုံးအလှအပတွေ့ ရင်
တော်ကောက်ပြီး သူ့ ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်စံအိမ်မှာ ထာဝစဉ်ခိုနားစေတဲ့ မန်လည်ဆရာတော်ကလည်း မိညဲကို လှလှပပ အလှဆင်ပြန်ပါတယ်။

-မညစ်မကြေး ၊ ထုံဆီမွှေးနှင့်
တင်ကျေးတွန့် တွန့် ၊ ကွန့် ရရွန့် ဖြင့်
ရွှေညွန့် ဝေဖြာ ၊ ပဒေသာတွင်
လိုရာဆွတ်ချွေ ၊ ဝင်းဝင်းရွှေသား
ဘော်ခြွေပေါယယ်၊ ရွှေဘုံလယ်၌
နတ်မယ်မိညဲ ၊ များဖြင်ပြဲလည်း
ရဲရဲရောင်ရှုး ၊ မိုးကြယ်မြူးသို့ 
နဖူးပါးပြင် ၊ မေးတခွင်နှင့်
လည်ရင်ကွက်လပ် ၊ ထိုထိုရပ်တို့ 
မြင်အပ်သမျှ ၊ မြင်မဝအောင်.....။ (အပိုဒ် ၄၇၃)

-မြိုးမြိုးမြမြ ၊ နှုတ်ဟခွန်းလှယ်
သံငယ်ငယ်နှင့် ၊ မထည်မထောင့်
မအောင့်မအီး၊ မညည်းမညူ
လွန်ကြည်ဖြူလျက် ၊ မငြူမစူ
ဒေါသမူဖြင့် ၊ မဆူမမှုန်
မသုန်မယစ်၊ သည်းအူနစ်မျှ
ချစ်ချစ်ကြင်ကြင်၊ တဝမ်းဝင်သို့ 
ကျွမ်းကျင်စုံမက် ၊ နှစ်သက်စဘွယ်
ညဲမိမယ်ဟု ၊ ပြုံးရယ်ရွှင်ပျော
ဆိုကြပြော........။ (အပိုဒ် ၄၇၄)

"နတ်မယ်မိညဲ၌ မိညဲ-ဟူသည် ပေါရာဏ၊ မိန်းကလေးဟူလို"
မဃဒေဝလင်္ကာသစ်နဲ့ တွဲဖက်ပါ လီနတ္ထဒီပနီလာ ရှင်းပြချက်တခုပါ။

နေမိဘုံခန်း၊ အပိုဒ် ၂၂ မှာတော့ တူစုံမောင်မယ်တို့  နေစာလှုံကြပုံကိုဖွဲ့ ပြလေရဲ့။
-ချမ်းမြေ့လွန်၍ ၊ ရေကန်တန်ဆာ
စုံအင်္ဂါဖြင့် ၊ ပျံဝဲလည်ရှက်
ကြင်ဘော်ဘက်နှင့် ၊ ခြေလက်ညောင်းဆန့် 
ရွှေတောင်ဖြန့် လျက် ၊ မြူးကွန့် စလှာ
ရွှေကြိုးကြာလည်း ၊ မကွာတူနေ
ဘော်နှစ်ဆွေဖြင့် ၊ သံခြေရင့်တွန်
ချစ်စဟန်ကို ၊ ကဲလွန်ဆင့်ပို
မျက်ပွင့်ဆိုလျက် ၊ မယ်ညိုသောင်တင်း
ရွှေပိန်ညှင်းလည်း ၊ ဘော်ချင်းငယ်ဘက်
ရည်းကြလျက်တည့်၊ ငှက်၏ဘာသာ
ခြင်းရာဘော်(ဖော်)လို ၊ ဝမ်းကွဲဆို၍
ဖရိုဖရဲ ၊ နှုတ်ထွက်ကြဲလျက်
ဆွေညဲမောင်နှံ ၊ နေရောင်ခံ၏။

အရင်ပုံစံတွေလို တွဲစပ်ပုဒ်တွေဖြစ်တဲ့ မိနဲ့ မယ်တို့ ကို မထည့်တော့ဘဲ  ညဲ-ကို သုံးပြပါတယ်။

အဲသည်လို ကဗျာလင်္ကာတွေမှာပါတဲ့ ညဲ-ဟာ အပြောနယ်ပယ်ကို ရောက်တော့ ညည်း-ဖြစ်လာတယ်
ပေါ့။

အမရဒီပ
ဇန်နဝါရီ ၂၆၊ ၂ဝ၁၄

Saturday, January 25, 2014

မတူတခြား

ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ကို စာအုပ်အနေနဲ့  ပထမအုပ်၊
ဒုတိယအုပ်လို့  ၂ အုပ် ပိုင်ဆိုင်ဖူးပါတယ်။ အဲဒီကိုယ်ပိုင်စာအုပ်တွေသိုမှီးသိမ်းဆည်းထား၊ ယုံကြည်
ရမယ်လို့  ထင်ရတဲ့သူတွေဆီ စာအုပ်စာတမ်းတွေအပ်နှံပြီး အဝေးကို ရောက်နေခဲ့တာ ဆယ်စုနှစ်တခု
ပြည့်ခဲ့ပါပြီ။ အခုတော့ အွန်လိုင်းစာကြည့်တိုက်တွေကို အားကိုးပြီး စာဖတ်နေရတယ်။

တခြားတွေပြောနေရင် လိုရင်းပျောက်နေဦးမယ်။ တသက်တာမှတ်တမ်းစာအုပ်အကြောင်းကို ပြောချင်
လို့ ပါ။ အဲဒီစာအုပ်ကို အွန်လိုင်းမှာဖတ်တော့ စာမျက်နှာကို ၁၇ လို့ တော့ မှတ်စုမှာ မှတ်လိုက်မိတယ်။
ပထမအုပ်လား၊ ဒုတိယအုပ်လား သေသေချာချာ မမှတ်မိဘူး။ စာအုပ်ရှိသူများတော့ တိုက်ဆိုင်ကြည့်ချင်
တယ်ဆိုရင် ပထမအုပ်ရော ဒုတိယအုပ်ရော စာမျက်နှာ ၁၇ ကို ကြည့်ပါတော့။ အလုပ်များအောင် လုပ်မိ
တာ ခွင့်လွှတ်ပါ။

ဆရာကြီးရွှေဥဒေါင်းက အခုလို စာတကြောင်းရေးပါတယ်။

"ဤရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ထူးခြားချက်တခုမှာ မန္တလေးမြို့ ကြီးတွင် နှစ်ပေါင်းများစွာ
နေထိုင်ခဲ့ကြပြီးဖြစ်သော်လည်း ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံအလုံးစုံမှာ မန္တလေးမြို့ သူ
မြို့ သားနှင့်မတူ၊ မတူတခြားရှိနေခြင်းဖြစ်သည်။"

ပြောချင်တာ အဲဒီဝါကျမှာပါတဲ့ "မတူတခြား" စကားလုံးပါပဲ။  ခွဲကြည့်ပါဦး။
မတူ+ တခြား
မတူဘူးဆိုနေမှတော့ တခြားစီဖြစ်နေတာပဲပေါ့။
စာရေးသူကိုယ်တိုင်သာဆို "ထူးခြားသည်၊ မတူကွဲပြားဖြစ်သည်၊ တမျိုးတဘာသာဖြစ်သည်' လို့ 
ရေးမိမှာ အသေအချာပါ။ မတူတခြားလို့ တော့ ရေးမိမှာမဟုတ်ပါဘူး။ အခြားစာရေးဆရာကြီးတွေ
မတူတခြား--လို့ သုံးတာကိုလည်း မတွေ့ ဖူးပါ။ သူ့ စာဖတ်မိမှ တွေ့ တော့ ဒါ ရွှေဥဒေါင်း ကိုယ်ပိုင်
ဟန်စကားလုံးလို့ ပြောရင် လွန်ရာရောက်မယ်မထင်ပါဘူး။

ဆရာကြီးရွှေဥဒေါင်းကတော့ မတူ+တခြား ဆိုတာကို အဓိပ္ပါယ်လည်းပေါ်၊ စကားလုံးကလည်း ပြည့်ဝ၊
တိကျအောင် သုံးပြသွားတယ်။ သြော်--ဒါကြောင့်လည်း ရွှေဥဒေါင်းစာရေးလိုက်ရင် အခြားစာရေးဆ
ရာတွေနဲ့ "မတူတခြား" ဖြစ်နေတော့တာပါပဲလား။

အမရဒီပ
ဇန်နဝါရီ ၂၅၊ ၂ဝ၁၄

Friday, January 24, 2014

စကားလုံးအမွေ

ဒုတိယအင်းဝခေတ် လို့ ဆိုရတဲ့ ညောင်ရမ်းခေတ် သက္ကရာဇ် ၉၉၆ မှာ သာလွန်မင်းတရားကြီးထံ
ကျော်အောင်စံထားဆရာတော်ကြီးရဲ့တပည့် ရှင်ကရဝိကက "တက်ထွန်းလျှံဝါ" ချီ ပိုဒ်စုံရတု ဆက်
သွင်းရာမှာ--
 "ဖြူရိပ်ဖြန့် လွှား၊ လူ့ ဘုရားလျှင်
 လေးပါးတန်ခိုး၊ နေ့ တိုင်းတိုးလျက်"---ဆိုတဲ့ ထောမနာစကားလည်း ပါဝင်ပါတယ်။

သာလွန်မင်းတရားကြီးက ဒီရတုကို နှစ်သက်သဘောကျတယ်။ ထန်းရွက်ညွန့် ရှည်မှာ ရေးစီထားတဲ့
ဒီရတုကို ရွှေကျည်တောက်မှာထည့်၊ ခေါင်းရင်းမှာ အမြဲထားတော်မူတယ်။ နုတ်တက်အာဂုံ ဆောင်
တော်မူတယ်။

ဒီရတုမှာ ဘုရင်မင်းတရားကြီးရဲ့ ရင်ဘတ်ကို အထိဆုံးစာသားကတော့ ဘုရင်ကို "လူ့ ဘုရား" လို့ 
ခေါ်ထားတာပါပဲ။ (ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း၊ ၁၇၁။)

ကုန်းဘောင်မင်းဆက်ခေတ်နှောင်းစာဆိုတော်တဦးဖြစ်တဲ့ မန်လည်ဆရာတော်ကြီးကလည်း "လူ့ ဘုရား"
ဆိုတဲ့ စကားလုံးကို အမွေဆက်ခံပြီး မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်းထဲမှာ အသုံးပြုထားတာ
တွေ့ ရပြန်ပါတယ်။
-ရွှေအိမ့်သခင် ၊ နန်းကြီးရှင်တို့ 
လူတွင်လူနတ် ၊ လူမြတ်ထွတ်ဖျား
လူ့ ဘုရားတည့် ........။ (အပိုဒ် ၂၂၇)

ရှေးရှေးစာဆိုတော်တွေရဲ့ စကားလုံးတွေ ကောင်းပြီ၊ လှပြီဆိုရင် နောက်နောက်စာဆိုတော်တွေကလည်း
ဒီစကားလုံးကို ဆက်ကာဆက်ကာ သုံးစွဲကြတာတွေ့ ရပါတယ်။

အမရဒီပ
ဇန်နဝါရီ ၂၄၊ ၂ဝ၁၄

Thursday, January 23, 2014

ခန္တီ-ပါဠိ မြန်မာပြန်

မြန်မာအဘိဓာန်မှာ ခန္တီ-ပါဠိအတွက်
၁။ သည်းညဉ်းခံ
၂။ သည်းခံ -----လို့  ဝေါဟာရနှစ်ခုကို တည်ပုဒ်ပြုတာတွေ့ ရပါတယ်။

ဒီ ဝေါဟာရတွေအတွက် ရှေးကဗျာကြီးမှာပါတာတွေကို သတိပြုမိပြီးတော့ ဆင်ခြင်မိတာတွေကို
ဒီဆောင်းပါးမှာ  ပြောပြထားပါတယ်။

ဆရာတော်အရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းပျို့ ၊အပိုဒ် ၁၄၁ ကို ဖတ်မိပါတယ်။
-နိဗ္ဗာန်အမြစ် ၊ သစ်တပင်ကြီး
သစ်ရွက်ထီးက ၊ ရှာမှီးမပန်း
ကျောင်းတခန်းဟု ၊ ထွေဆန်းမကြံ
စိတ်ကိုနွံလျက် ၊ သည်းညံခန္တီ
ပါရမီမြတ်ထွတ်၊ ဗောဓိသတ်မြတ်
ကျင့်ဝတ်ဖြောင့်ဖြောင့် ၊ သနောင့်သနား။

ပြီးတော့ မန်လည်ဆရာတော်ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ အပိုဒ် ၄ဝ၇ ကို
လည်း ဖတ်မိပါသေးတယ်။
-ကျွန်မမသိ ၊ မိုက်မှားဘိ၍
တင်မိကျူးလွန် ၊ ဤပြစ်ဝန်ကို
ဘုန်းမွန်သည်းညံ ၊ ခံတော်မူပါ။

ဒီစာတွေကို ဖတ်မိပြီးနောက် ခန္တီ=သည်းညံခံတယ်လို့  ရှေးကသုံးစွဲပုံရပါတယ်။ နောက်ပိုင်းမှာ
တော့ "သည်းညဉ်းခံ" လို့ ပြောင်းလဲလာပုံပေါ်ပါတယ်။

မဃဒေဝလင်္ကာသစ်၊ အပိုဒ် ၄ဝ၉ မှာလည်း အသုံးတမျိုးတွေ့ ပါတယ်။
- နန်းကြီးသခင် ၊ ကျွန့် ထိပ်တင်သည်
ဘွင်တော်မချော ၊ သဘောတော်ညို
လိုတော်မတွေ့ ၊ မချမ်းမြေ့က
ဘုန်းဟေ့မြတ်စွာ ၊ ဆင်ခြင်ကာလျှင်
မဟာသုဒဿန ၊ စကြာသနင်း
အလောင်းမင်းသို့ ၊ ဝမ်းတွင်းသိမ် မွေ့ 
သာချမ်းမြေ့လျက်၊ မျက်ငွေ့ မလျှံ
သည်းတော်ခံပ

အဘိဓာန်တည်ပုဒ်ဖြစ်တဲ့ "သည်းခံ" ကို ဒီကဗျာမှာ တွေ့ တာပါပဲ။

ဒီကဗျာတွေအရ -----
၁။ သည်းညံခံ-- ကနေ --သည်းညဉ်းခံ လို့ ဖြစ်လာတယ်။
ညံ ကိုဖြစ်စေ၊ ညဉ်း ကိုဖြစ်စေ ဖျောက် (ချေ) လိုက်ရင်
၂။ သည်းခံ ဖြစ်လာတယ်။
ပြောပြီးသမျှတွေဟာ အမှန်တွေချည်းဖြစ်တယ်လို့  အာမမခံနိုင်ပါ။ မှားတာလည်းရှိ၊ မှန်တာလည်း
ရှိနိုင်တယ်။ 

အမရဒီပ
ဇန်နဝါရီ ၂၃၊ ၂ဝ၁၄

Wednesday, January 22, 2014

ရေပေါ်ဆီ ၊ ဆီ နှင့် ရေ

(၁)
"ယဉ်ရာတွင် သူဇာ၊ ခက်ရာတွင် ပါရမီ၊ တည်ရာတွင် ရွှေဟင်္သာ" ဟု ဆိုသင့်ကြောင်း ရွှေဟင်္သာမင်း
ပျို့ အဖြေဆရာ ရဝေထွန်းက ဆို၏။ ပျို့ အဖြေရေးသူအနေဖြင့် သက်ဆိုင်ရာပျို့ ကို အဖြေကျမ်းစာ
ဖြစ်လာအောင်အားထုတ်ရာတွင် မူရင်းပျို့ ဆရာပြီးလျှင် ဒုတိယပင်ပန်းသူဖြစ်သည်။အကြောင်းသိသူ
တဦးအနေဖြင့် ဆိုထိုက်သည်ကို ဆိုခြင်းသာ ဖြစ်၏။

ရွှေဟင်္သာမင်းပျို့ ကို အရှင်တေဇောသာရ ရေးသည်။  ယင်းပျို့ ကို မြန်မာသက္ကရာဇ် ၈၇၁ တွင် ရေးသည်
ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၅ဝဝ ကျော်သက်တမ်းတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။ ပျို့ ဆရာသည် ခေတ်
ကာလ ပဒေသရာဇ်တို့ ၏နိုင်ငံရေးဂယက်၊ တိုင်းပြည်ရေးရာမငြိမ်သက်မှု၊ အချင်းချင်းယုံကြည်မှုပျက်ပြား
ပြိုကွဲနေမှု၊ အင်အားကောင်းသူတို့ က အခွင့်ကောင်းကိုစောင့်ကြည့်မှု နှင့် အားစမ်းနေမှုတို့ ကို မြင်ရ၊
ကြုံရမည်မှာ သေချာသည်။ ယင်းအခြေအနေကို ထင်ဟပ်ပြီး နိုင်ငံမပျက်စီးရလေအောင် သတိပေးတိုက်
တွန်းချက်များပါသော ပျို့ ကဗျာကို ရေးသည်ဖြစ်ရာ တိုင်းပြည်ပြည်ပြုကဗျာ (သို့ မဟုတ်) နိုင်ငံရေးကဗျာ
အမျိုးအစားဖြစ်သည်ဟု ဆိုနိုင်သည်။

မှန်သည်။ ရွှေဟင်္သာမင်းပျို့ သည် နိုင်ငံရေးကဗျာဖြစ်သည်။ သို့ သော် ဘာသာစကားအသုံးအနှုံးကို
နိုင်ငံဆန်ဆန် အတုံးလိုက်အတစ်လိုက် ပြောဆိုထည့်သွင်းသည်မဟုတ်ဘဲ လိမ်မာပါးနပ်စွာ ၊ တနည်း
ဆိုသော် ၊ ပညာရှင်ဆန်ဆန်သာ ပြောဆိုသည့်အတွက် ကဗျာဖတ်သူများကို ငြီးစီစီဖြစ်အောင် မလုပ်
ဟု ဆိုရပါမည်။

(၂)
ရွှေဟင်္သာမင်းပျို့ ဆရာအရှင်တေဇောသာရသည် အပိုဒ်အမှတ် ၈ တွင်--
-နတ်ရှင်စောဓီး
မင်းကြီးပီပီ
ရေပေါ်ဆီသို့ 
သီညီလူ့ ဘောင်
ပြည်ထဲဆောင်သည်
အခေါင်ရိပ်ဖြူကာဆောင်းတည်း......ဟု ရေ နှင့် ဆီဥပမာပြုကာ ဆိုလေ၏။
တိုင်းပြည်အုပ်စိုးသူဘုရင်မင်းသည် ရေမျက်နှာပြင်ပေါ်တွင်ပြည့်နေသော ဆီပမာ ပြည်သူလူထုတို့ ၏
သဘော၊ ရင်တွင်းခံစားချက်ကို သိနားလည်ပြီး လိမ္မာကျွမ်းကျင်စွာတိုင်းကျိုးပြည်ကျိုးကိုရွက်ဆောင်
ကာ  မင်းခေါင်မင်းဖျားမင်းတရားကြီးအဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေသည်ဟု ဆိုလိုပါ၏။
ဤကောက်ချက်နုတ်ပါ "ရေပေါ်ဆီ" ဥပမာမှာ ရေ နှင့် ဆီကို ရောနှောသော် ဆီသည်အပေါ်မှာတက်နေ
သကဲ့သို့  မင်းသည် တိုင်းသူပြည်သား၏အပေါ်က နေရသည်ဟု ပြထား၏။
မင်းသည် ဆီနှင့် တူစေရမည်။
တိုင်းပြည်လူထုသည် ရေနှင့်တူစေရမည်ဟု ဥပမာ၊ ဥပမေယျစပ်ဟပ်လိုဟန်ပြသည်။

(၃)
သာယာဝတီမင်းကြီးလက်ထက် ဆီမီးခုံ (ဆမိတ်ခုံ) ရွာစားကြီး မဟာမင်းလှမင်းခေါင်ဘွဲ့ ခံ ဦးရွှန်း၏
မဟာသုတသောမပျို့ ၊ အပိုဒ် ၁၁၄ တွင်--- လိုရာဆုတောင်းဟု စကားကမ်းလှမ်းလာသည့် လူသား
စားပေါရိသာဒအား သင်လို အကျင့်တန်သူ၏ဆုကို ငါမယူသင့်၊ သင်နှင့်ငါသည် အကျင့်အားဖြင့် ရေ
နှင့်ဆီပမာ ကွာခြားကြသည်ဟု မဟာသုတသောမမင်းကြီးက ပြောလေဟန် စပ်ဆိုပြသည်။

-မလွတ်ဇရာ ၊ မရဏာသည်
သင့်မှာအလျင်း၊ မရှိကင်းသို့ 
သေခြင်းတရား၊ သဘောများ၌
စီးပွားရှိမဲ့ ၊ မသိခဲ့တည့်
ငရဲ့အစာ ၊ အကျင့်ငှါနှင့်
နတ်ရွာရောက်သင့် ၊ ဤအကျင့်ဟု

ထောက်ချင့်မစပ် ၊ ကျိုးမနပ်သည်
အရပ်နှစ်တန်၊ ပစ္စုပ္ပန်နှင့်
နောင်ဖန်ကြိမ်ခါ၊ သံသရာဝယ်
ရောက်လှါကံဆန်း၊ သက်မွေးကြမ်း၍
ဆင်ကန်းတောတိုး၊ မသိနိုးလျက်
ကောင်းကျိုးမပါ၊ သင်ယုတ်မာသည်
ဘဇာငါ့အား၊ ဆုပေးငြားအံ့
သင်ကားငါ၌ ၊ မပေးထိုက်၍
ခံကြိုက်သဖြင့် ၊ ငါမသင့်ဟု
ထောက်ချင့်အနေ ၊ ဆီနှင့်ရေသို့ 
ကွာကြလေရာ ၊ သင်နှင့်ငါသည်
ပမာသဘောမတူတည်း------။

(၄)
ကုန်းဘောင်ခေတ်နှောင်းပိုင်းနှင့် ဗြိတိသျှကိုလိုနီခေတ်အစပိုင်းတွင် ပေါ်ထွန်းခဲ့သော မန်လည်ဆရာ
တော်ကြီး၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်မဟာကဗျာကျမ်း၌လည်း ဆီ နှင့် ရေ ဥပမာပေးကာ
ဖွဲ့ ဆိုလေ၏။
-သဒ္ဓွါ ပညာ ၊ သမ္ဘာမမျှ
ဤလောက၌ ၊ မိန်းမရတနာ
ယုတ်မာယောက်ျား ၊ အတူထားလည်း
နီးပါးမသီ ၊ ရေ နှင့်ဆီကို
မညီစိတ်မှာ ၊ ဝေးကြကွာ၏ ။ (အပိုဒ် ၂၅၆)
- သမ္မာမိစ္ဆာ ၊ ဤနှစ်ဖြာကား
ဘယ်ခါသော်မှ ၊ မတူကြတည့်
ဗာလပဏ္ဍိတ ၊ ဒုဇ္ဇနနှင့်
သုဇနမျိုး ၊ ကောင်းဆိုးကိစ္စ
ကျင့်စာရက ၊ မမျှကျိုးပြစ်
ကျောက်စရစ်နှင့် ၊ ဖော့နှစ်သွေးသီ
ရေနှင့်ဆီသို့ ၊ မညီစင်စစ်
ပေါ်နစ်ဆန်မျော ၊ မနှီးနှောသည်
သဘောအောက်ထက်ကျေညာတည်း။ (အပိုဒ် ၂၆၁)
မိန်းမရတနာနှင့် ယုတ်မာယောက်ျား၊ သမ္မာတရား နှင့် မိစ္ဆာတရား၊ ဗာလနှင့်ပဏ္ဍိတ၊ ကောင်းဆိုး တို့ ကား
ရေ နှင့် ဆီ လို ကွာခြားကြလေကြောင်း ပြဆိုထား၏။

(၅)
ရေပေါ်ဆီအကြောင်း ပြန်ဆက်ပါမည်။ "ရေပေါ်ဆီ" ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်က Superficial person
အပေါ်ယံသိသူ၊ ပေါ့ပေါ့တန်တန်လူစားမျိုး- ဟု ပြဆိုထား၏။ ရွှေဟင်္သာမင်းပျို့ က စတင်လိုက်သော ရေပေါ်
ဆီဥပမာ အဓိပ္ပါယ်မဟုတ်တော့ပြီ။ အချိန်ကာလ၊ ခေတ်ကာလပြောင်းသည်နှင့်အမျှ စကားလုံးအဓိပ္ပါယ်
သည်လည်း ပြောင်းလဲသွားကြောင်း တွေ့ ရသည်။
ခေတ်စာပေများတွင် "ရေပေါ်ဆီလူတန်းစား' ဟူသော ဝေါဟာရကို ဖတ်နေရ၏။ ဤသည်မှာ မနှစ်သက်
စရာလေသံပါသည့် အပေါ်ယံလူတန်းစား၊ အမြတ်ကြီးဂုတ်သွေးစုပ်၊ အရင်းရှင်လူတန်းစား၊ ခရိုနီလူတန်း
စားကို သရုပ်ဖော်နေ၏။

အမရဒီပ
ဇန်နဝါရီလ ၂၂၊ ၂ဝ၁၄

Tuesday, January 21, 2014

ထွဋ် နဲ့  ထွတ်

ဘုန်းကြီးလောကမှာ မင်းတုန်းမင်းလက်ထက်က "ထွဋ်ခေါင်ဆရာတော်" မှ ယနေ့ ခေတ် စန္ဒရားလှထွဋ်၊
ဇော်မျိုးထွဋ်၊ ဇော်ဝင်းထွဋ်၊ ဝင်းထွဋ်ဇော်၊ ဗိုလ်ရဲထွဋ် ၊  မေထွဋ်ခေါင်အထိ "ထွဋ်"ကြပါတယ်။

ဘုရင့်နောင်မင်းကြီးဖြစ်လာမယ့် "ရှင်ရဲထွတ်"မှသည် ယနေ့ ခေတ်အထိ "ထွတ်" နေကြတဲ့ အမည်တွေ
ကိုလည်း တွေ့ ရပါတယ်။

ကောင်းပြီ။ ဋ-သံလျှင်းချိတ် အသတ်နဲ့  ပေါင်းတဲ့ ထွဋ်၊ တ-ဝမ်းပူအသတ်နဲ့ ပေါင်းတဲ့ ထွတ် ၂ မျိုးမှာ ဘယ် စာလုံးပေါင်းဟာ မြန်မာမှု ပိုဆန်သလဲဆိုတာ သုတေသနလုပ်ကြည့်ပါမယ်။

မန်လည်ဆရာတော်ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်းကို ကြည့်ပါမယ်။
-မကိုဋ်နဝရတ် ၊ ကျောက်စိန်ထွတ်ဖြင့် (အပိုဒ်-၁)
-သုံးလူထွတ်ချာ ၊ စောမြတ်စွာလည်း (အပိုဒ်- ၈)
- လောကသုံးဆိုင်၊ ထွတ်ဆုံးတိုင်၍ (အပိုဒ် -၁၂)
-ခေါင်ဆုံးမကိုဋ်၊ ထွတ်ဆုံးစိုက်သို့ (အပိုဒ်- ၁၃)
-သနင်းထွတ်ဖျား၊ တို့ ဘုရားလျှင် (အပိုဒ်-၁၅)
-သမ္ဗောဓိထွတ်၊ တုလွတ်ဂုဏ်တော် (အပိုဒ် - ၁၅)
အခြားနေရာများစွာမှာလည်း မန်လည်ဆရာတော်ကြီးက တဝမ်းပူအသတ် ထွတ်-လို့ စာလုံးပေါင်းတာ
ကို တွေ့ ရပါသေးတယ်။

နတ်သျှင်နောင်ရတုပေါင်းချုပ်ကိုလည်း ကြည့်မိပါတယ်။
-သုံးတိုက်ပယ်မှောင်၊ ထွတ်ဘုန်းခေါင်
- ဖြူညွန့် ရွက်ဆိုင် ၊ ပန်းရိပ်မြိုင်လျက်
ရောက်တိုင်တိမ်ထွတ်၊ ပျံမတတ်တည့်။
- ခေါင်ထွတ်ဆက်ကာ ၊ မင်းတို့ သာလျှင်
ဆင်ရာမကိုဋ်၊ ရှင်တော်ရိုက်ဟု...။
-ချစ်ထွတ်တင်ထား ၊ သနားပါအောင်
လက်ဆောင်အသက် ၊ နှင်းဆက်ချင်ချင်
ဝါလုံးစင်သည် ၊ လွမ်းအင်ကြီးပြန်ခဲ့တကား။

နတ်သျှင်နောင်လည်း တဝမ်းပူအသတ်နဲ့ ထွတ်-တာပါပဲ။

အရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရကိုးခန်းပျို့ ကိုလည်း ကြည့်ပါဦး။
-မြေမိုးရပ်သူ ၊ လူခပ်သိမ်းတို့ 
ညွတ်တိမ်းပူဇော် ၊ ကျေးဇူးတော်လည်း
နှိုင်းဘော်တုကျွန်း၊ မြင့်မိုရ်ထွန်းသို့ 
ရဟန်းမျာ့ထွတ် ၊ သုံးလူ့ နတ်ကား...။ (အပိုဒ်- ၁)
-ဆွေရင်းခင်ပွန်း ၊ ငယ်ကမှန်း၍
ရွှေနန်းထွတ်ခေါင်၊ စိုးချုပ်အောင်လျှင် ...။ (အပိုဒ်- ၇)
-ရထားထက်က ၊ ဆင်းသက်လျင်ပြင်း
ပညောင်ရင်းသို့ ၊ ကပ်လျှင်းတုံလတ်
ပုဏ္ဏားထွတ်ကား.......။ (အပိုဒ်- ၉)
အရှင်မဟာရဋ္ဌသာရလည်း တဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။

နဝဒေးကြီးရဲ့ ရတုများကိုလည်း ကြည့်ပါဦး။
-သုံးဖြာဗွေထွတ် ၊ ခေါင်တုလွတ်ကို
ရှိဝတ်ဦးတည် ၊ လျှောက်ဝံ့သည်ကား...။
-ရွှေရောင် နှင့် မြ၊ ရောင်တိုင်းလှသော်
မှိုင်းပြထက်ဝန်း၊ နှင်းသာဖြန်းက
ရန်းရန်းရွရွ ၊ ဆွဆွဖြူထွား
ပုလဲပွားသို့ ၊ ချရားမဉ္ဇူ
ခိုင်စုံတူကို ၊ ဆက်လှူရည်ထင်
လှထွတ်တင်နှင့် ၊ ရွှေရင်ရစ်ခွေ
စုံလွယ်စေလော့....။
နဝဒေးကြီးလည်း တဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။

ပဒေသရာဇာရဲ့ သူဇာပျို့ ကိုလည်းကြည့်ပါ။
-ရွှေနန်းများရှင် ၊ ဘုရင်များမှုး
ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ်
မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ
ပေးတော်မူမှ.....။ (အပိုဒ်- ၁)
-နဂါးနတ်ရှင် ၊ ငါပင်ကိုယ်ကား
တခြားပြည်က၊ ပါပမိစ္ဆာ
ပုဏ္ဏားလာ၍ ၊ တေဇာကြီးထွတ်
မန္တာန်မြတ်ကို ၊ ရွတ်ဘိသော့ထွေ...။ (အပိုဒ်-၈)
-ထိုအခါဝယ်၊ ဟေမာဂီရိ
အမည်ရှိသည် ၊ ထွန်းညိပြောင်ပြောင်
ရွှေစင်တောင်ကို ၊ ထွတ်ခေါင်ပိုင်စိုး  (အပိုဒ်-၁ဝ)
ပဒေသရာဇာကြီးလည်းတဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။

တွင်းသင်းတိုက်ဝန်ရဲ့ မုဒုလက္ခဏပျို့ ကိုလည်း ကြည့်ပါဦး။
-ဘီလူးသိကြား၊ တိမ်ထွတ်ဖျားက (အပိုဒ်- ၂၈)
-မင်းကြီးမေးဟန်၊ ကြားလသွန်သော်
သုံးတန်ဘုံသူ၊ လူတို့ အထွတ်
ပွင့်မည့်နတ်လည်း ၊ ပြတ်ပြတ်သံချို
မိန့် လဆို၏။ (အပိုဒ်- ၅၂)

အရှင်မဟာသီလဝံသဆရာတော်ရဲ့ ပါရမီတော်ခန်းကကော။
-ဗောဓိမဏ္ဍိုင် ၊ ခန်းဝါပိုင်က
ချက်ရိုင်ပြည့်စုံ ၊ နဝဂုဏ်တည့်
ဆန်စုန်အောက်ထက်၊ ကျောက်ဝှန်တက်၍
ဘဝဂ်ရပ်သူ၊ သယမ္ဘူဟု
ခြောက်ဆူဘုံထွတ်၊ အနတ်နတ်တို့ ....။ (အပိုဒ် -၁)

တဝမ်းပူအသတ်နဲ့ ထွတ်ကိုပဲအတွေ့ များနေပါတယ်။ ဒါနဲ့ စိန္တကျော်သူဦးသြရဲ့ သြဝါဒထူးပျို့ ကို ကြည့်မိ
တော့ တမျိုးဖြစ်သွားပါတယ်။
-ပြည်ကြီးအရှင်၊ ထွဋ်သခင်ကား ၊ လူတွင်ခေါင်ထိ၊ သမုတိဟု၊
မည်ရှိနတ်စစ်၊ မြတ်ဆုံးဖြစ်ရှင့် ။ (အပိုဒ်-၁)
ဋသံလျှင်းချိတ်နဲ့  ထွဋ်ပါပြီကော။ သို့ သော် နောက်အပိုဒ်များတွင်တော့--------
-ရန်နင်းထွတ်ဖျား၊ မင်းတို့ အားမူ၊ ပွားများဝှန်ဖြိုး၊ တန်ခိုးလွန်မင်း၊
ကြီးမြတ်ခြင်းတည်း။ (အပိုဒ်-၃၃)
-ပြည်သူ့ တမွတ်၊ လောကနတ်နှင့် ၊ အထွတ်ညာတင်၊ ရှင်မိဖုရား...။(အပိုဒ် ၄ဝ)
လို့  တဝမ်းပူအသတ်နဲ့ ထွတ်ပါတော့တယ်။ ဋသတ်ကော-တသတ်ကော သုံးပြတယ်လို့ ဆိုရတော့မလို။

ဘဒူမင်းညိုရဲ့  ရခိုင်မင်းသမီးဧးချင်းကိုဖတ်ရာမှာ ဟံသာဝတီပုံနှိပ်တိုက်မူက (ထွတ်) လို့  စာလုံးပေါင်းပြီး
ရမ်းဗြဲကျွန်း၊ သရက်ချောင်းမူကတော့ (ထွဋ်) လို့ စာလုံးပေါင်းပါတယ်။သူ့ အယူအဆနဲ့ သူဖြစ်မယ်ထင်ပါ
တယ်။
-မဟာသမတ်၊ နွယ်မပြတ်လျှင်၊ အထွဋ် (ထွတ်) ထိပ်မိုး၊ ဖြိုင်ဖြိုင်စိုးသည်၊ မျိုးလည်းလွန်မြောက်။
(အပိုဒ်-၂)

၁၉၆၃ ခုနှစ်ထုတ် ဟံသာဝတီတိုက်ထုတ် လောကသာရပျို့ နဲ့ အဖြေကို ဖတ်ပါဦး။
-ဘုရား တရား သံဃာ၊ ရတနာထွတ်ထား
မြတ်သုံးပါးကို။ (အပိုဒ်- ၁)
လောကသာရပျို့ အဖြေရေးဆရာညီနောင် (အမိန့် တော်ရရှေ့ နေ ဦးသီး၊ စာတော်ပြန်-မြို့ အုပ် ဦးဘိုးဖြူ)
က ရတနာထွတ်ထားကိုရှင်းပြရာမှာ ဋသံလျှင်းချိတ်အသတ်နဲ့ ထွဋ်ဟာမြန်မာမှုမဆန်၊ တဝမ်းပူသတ်အ
သတ်နဲ့ ထွတ်ကသာ မြန်မာမှုမြန်မာဟန်ဆန်တယ်လို့  မိန့် ကြပါတယ်။ သူတို့ ရဲ့ ရှင်းချက်ကို ဖတ်ပါ။

"ထွတ်= အထိပ်-အဖျား-အမြတ်။ ယင်းထွတ်ဟူသော ဝေါဟာရသည် မြန်မာဘာသာသက်သက်ဖြစ်၍
တဝမ်းပူသတ်နှင့်သာ သင့်လျော်သည်။ အချို့ က မကုဋသဒ္ဒါအရ မကိုဋ်တွင် ဋသံလျှင်းချိတ်သည်ကို
အမှီပြု၍ ထွတ်ဟူသောစကားကို မကိုဋ်ဟူသောစကားနှင့်အဓိပ္ပါယ်တူယူပြီးလျှင် ဋသံလျှင်းချိတ်သတ်
ရေးပြုလေ့ရှိကြသည်။ ထွတ်-ဟူသောဝေါဟာရသည် မကုဋသဒ္ဒါပျက်မဟုတ်ကြောင်း သဒ္ဒနုသာရီသတ်ပုံဖြင့် သိအပ်၏။"

အမရဒီပ
ဇန်နဝါရီ ၂၁၊ ၂ဝ၁၄

Tuesday, January 14, 2014

မန်လည်ဆရာတော်ဘုရားကြီး၏ ဆရာအစဉ်အဆက်

မဟာသုတကာရီမဃဒေလင်္ကာသစ်ကျမ်းကြီးနိဂုံးမှာ မန်လည်ဆရာတော်ကြီးက သူရဲ့ ဆရာသမား
အနွယ်အဆက်ကို အခုလို သံပေါက်ကဗျာရေးပြပါတယ်။

-ငါတို့ အရင်း၊ နွယ်သက်ဆင်း၊ တောင်တွင်းကျော်ဆရာ။
-စတုတ္ထမြောက် ၊ ငါသို့ ရောက်၊ အထောက်ဝေးမကွာ။
-ဆရာစဉ်ဆက် ၊ နွယ်ဆင်းသက် ၊ မပျက်စဉ်အလာ။
(သံပေါက်အမှတ်စဉ်- ၂၅၊၂၆၊ ၂၇။)

ဒီသံပေါက်ကဗျာမှတ်တမ်းအရဆိုရင် တောင်တွင်း မကာရလောပအကျော် ခင်ကြီးဖျော်ဆရာတော်ဟာ
ပထမမကာရလောပအနွယ်ဖြစ်ပါတယ်။ မန်လည်ဆရာတော်ကတော့ စတုတ္ထမကာရလောပအနွယ်ဖြစ်
တယ်ပေါ့။ ဒီ ပထမ နဲ့  စတုတ္ထဆရာတော် ၂ ပါးကြားမှာ ဒုတိယ နဲ့  တတိယဆရာတော် ၂ ပါးကို ခြေရာ
ကောက် ရှာဖွေကြည့်မိပါတယ်။

မန်လည်ဆရာတော်အလောင်းသူငယ်ကလေး မောင်မာဟာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်အထိ ဝန်းသို
မြို့ ၊ တောင်ပေါ်ကျောင်းဆရာတော် ဦးပန်းအောင် (ဝန်းသိုစော်ဘွားကြီး၏နောင်တော်) ထံမှာ ပညာသင်
ယူပါတယ်။
အသက် ၁၆ နှစ်မှာ မန်လည်မြို့ မရှိ ပြာသာဒ်ကျောင်းကြီးဆရာတော် အရှင်နန္ဒမဉ္ဇူ ထံတော်မှာ ပိဋကတ်
ကျမ်းစာများစွာကို ဆက်လက်သင်ယူပါတယ်။ ပြာသာဒ်ကျောင်းကြီးဆရာတော်ဟာ တောင်တွင်းဆရာ
တော်ရဲ့ အဆက်အနွယ် ၁ ပါးဖြစ်ပါတယ်။ ဒီတော့ မကာရလောပအနွယ် စတုတ္ထမျိုးဆက်က မန်လည်
ဆရာတော်ဆိုရင် မန်လည်ဆရာတော်ရဲ့ဆရာ အရှင်နန္ဒမဉ္ဇူက မကာရလောပတတိယမျိုးဆက်ဖြစ်ပါတယ်။
အတိုကောက်စာရင်းချကြည့်ရင် အခုလို တွေ့ ရပါတယ်။
၁။ ခင်ကြီးဖျော်ဆရာတော်
၂။ ????
၃။ မန်လည်ပြာသာဒ်ကျောင်းကြီးဆရာတော် အရှင်နန္ဒမဉ္ဇူ
၎။ မန်လည်ဆရာတော် အရှင်ဇဝန
ဒီလိုဆိုတော့ မကာရလောပ ဒုတိယမျိုးဆက်ဆရာတော် ဘယ်သူလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါ
တယ်။
ရန်ကုန်မြို့ ၊ ဘုရားဖြူကျောင်းတိုက်ဆရာတော်ရဲ့ သာသနဗဟုသုတပ္ပကာသနီကျမ်း၊ စာမျက်နှာ ၁ဝ၉ မှာ
တော့ မန်လည်ဆရာတော်ရဲ့ ဆရာစဉ်ဆက်ကို အခုလို ဖော်ပြပါတယ်။
၁။ တောင်တွင်းမြို့ မကာရလောပဆရာတော် ခင်ကြီးပျော် (ဖျော်)။
၂။ တောင်တွင်းဆရာတော်တပည့် အရှင်ဇိနမထေရ်။
၃။ အရှင်ဇိနမထေရ်၏တပည့် အရှင်ပညာမထေရ်။
၎။ အရှင်ပညာမထေရ်၏တပည့် အရှင်နန္ဒမဉ္ဇူမထေရ်။
၅။ အရှင်နန္ဒမဉ္ဇူ၏တပည့် မန်လည်ဆရာတော်အရှင်ဇဝနမထေရ်။
ဒီရေတွက်ပုံအတိုင်းကြည့်ပြန်ရင်လည်း မန်လည်ဆရာတော်ဟာ မကာရလောပအနွယ်ရဲ့ ပဉ္စမမျိုးဆက်
ဖြစ်နေပါတယ်။ မန်လည်ဆရာတော်ကိုယ်တိုင်ပြောသလို စတုတ္ထမျိုးဆက်မဟုတ်ဘူးပေါ့။

ဘုရားဖြူဆရာတော်ရဲ့မှတ်ချက်တခုကိုလည်း တွေ့ ရပါသေးတယ်။
"ဆရာတော်အရှင်ဇိနမှသည် မန်လည်ဆရာတော်တိုင်အောင် မကာရလောပအနွယ်ဟာ မန်လည်မြို့ မှာ
သီတင်းသုံးနေထိုင်သွားကြတယ်" ဆိုတာပါပဲ။
မန်လည်ဆရာတော်ရဲ့သံပေါက်နဲ့ လည်း ကိုက်ညီ၊ ဘုရားဖြူဆရာတော်ရဲ့ မှတ်တမ်းနဲ့ လည်းကိုက်ညီတဲ့
စဉ်းစားချက်တခုတော့ ရှိနေပါတယ်။ အဲဒါကတော့ ဒီလိုပါ။
အမှတ် ၁ ဖြစ်တဲ့ ဆရာတော်ခင်ကြီးဖျော်ကို ပင်မအဖြစ်ထား။ ပင်မဆရာတော်ကနေ စီးဆင်းသွားတဲ့--
အရှင်ဇိနဆရာတော်ကို အနွယ် ၁
အရှင်ပညာဆရာတော်ကို အနွယ် ၂
အရှင်နန္ဒမဉ္ဇူဆရာတော်ကို အနွယ် ၃
မန်လည်ဆရာတော်အရှင်ဇဝနကို အနွယ် ၄ လို့ အမှတ်စဉ်ထိုးကြည့်ရင် မန်လည်ဆရာတော်ရဲ့ သံပေါက်
ကဗျာနဲ့ လည်း ကိုက်ညီ၊ ဘုရားဖြူဆရာတော်ရဲ့ မှတ်တမ်းဟာလည်း မန်လည်ဆရာတော်ပြဆိုတာနဲ့ ညီ
ညွတ်သွားပါတော့တယ်။

အမရဒီပ
ဇန်နဝါရီ ၁၄၊ ၂ဝ၁၄