Total Pageviews
Saturday, September 29, 2012
ကမ္ဘာနှင့် မြန်မာတို့ ၏ ပျားရည်ဆမ်း
၁။
ဤစာအတွက်"ကမ္ဘာ"ဟူသည်ကား "အနောက်တိုင်းယဉ်ကျေးမှု"ကျင့်သုံးကြသည့်လူ့ အသိုင်းအဝန်းကို 
ရည်ရွယ်သည်ဟု ဆိုချင်ပါသည်။ တိတိကျကျဆိုရလျှင် ဥရောပယဉ်ကျေးမှု-ဟု ဆိုရပါတော့မည်။ ကြင်နာစတူစုံမောင်မယ်တို့ မင်္ဂလာဦးအပျော်ခရီးလည်ပတ်သည်ကို အင်္ဂလိပ်လူမျိုးတို့ ဘာသာစကားဖြင့် “Honeymoon" ခေါ်သည်ဖြစ်ရာ မြန်မာတို့ က "ပျားရည်ဆမ်းခရီး"ဟု ဘာသာပြန်ကြသည်။
 မြန်မာအဘိဓာန်တခုကတော့ "မင်္ဂလာဦးခရီး"ဟု အနက်ပေးသည်။
လက်မွန်မဆွစာလုံးပေါင်းမှာ "Hony moone" ဖြစ်ပြီး အေဒီ ၁၅၄၆ လောက်မှာယင်းစကားလုံးကို မှတ်တမ်းတင်
နိုင်ခဲ့ကြသည်။ အနောက်တိုင်းသားတို့ သည် မင်္ဂလာဦးခရီးထွက်သည့်အလေ့အထကို အထက်တန်းစားအိန္ဒိယ
လူမျိုးတို့ ထံမှ အတုယူခဲ့သည်ဟူ၏။ လက်ထပ်ပြီးစ အိန္ဒိယလူမျိုးဇနီးမောင်နှံတို့ သည် သူတို့ မင်္ဂလာပွဲသို့ မလာ
ရောက်နိုင်သော ဆွေမျိုးများထံသို့  ဆွေပြမျိုးပြအလည်အပတ်သွားရောက်လေ့ရှိကြသည်။ ယင်းအလေ့သည် ဥရောပတိုက်သားများထံ ကူးစက်ရောက်ရှိသွားခဲ့သည်။
"တရက်ပျော်ချင် အရက်သောက်၊ တလပျော်ချင် မိန်းမယူ၊ တသက်လုံးပျော်ချင် သစ်ပင်စိုက်"ဆိုတာလို မင်္ဂလာဆောင်ပြီးစ တလအတွင်းမှာ အိမ်ထောင်ရေးအခက်အခဲ၊လူမှုဒုက္ခတွေ၊ အပူအပင်တွေမရှိသေးလို့  အိမ်ထောင်ရေးသုခကို မငြီးနိုင်၊ မရိုးနိုင်ခံစားရသည်မှာ ချိုမြိန်ခြင်းအတိပြီးသောပြည့်ပြည့်ဝဝကာလဟု အနောက်တိုင်းသားတို့ ယူဆကြလေသည်။
အနှစ်ချုပ်ကြည့်လိုက်လျှင် အနောက်ကမ္ဘာ၏ပျားရည်ဆမ်းသည် အိမ်ထောင်ဦးအပျော်ကာလကို ရည်ညွှန်းပါ
သည်။
၂။
မြန်မာတို့ ၏ "ပျားရည်ဆမ်း"ကို မြန်မာသက္ကရာဇ် ၈၇၁ တွင် ဖွဲ့ ဆိုပြီးစီးသော စာဆိုတော်အရှင်တေဇောသာရ၏
"ငါ့အားချမ်းချမ်း ၊ ပျားရည်ဆမ်းသို့ 
ရွှမ်းရွှမ်းသံချို ၊ ပြောပဆိုသည့်
ရွှေကိုယ်ရောင်ပြေး ၊ အို ငါ့မြေး……။"  (ပိုဒ်ရေ-၄၄) ...ဟု တွေ့ ရပါသည်။
သက္ကရာဇ် ၉ဝ၄ တွင် ဖွဲ့ ဆိုပြီးစီးသော စာဆိုတော် အသျှင်အဂ္ဂသမာဓိ၏ဘုံခန်းပျို့ တွင်လည်းပျားရည်ဆမ်း
ပြန်ပါသည်။
"ဝမ်းထဲကြည်မွှမ်း ၊ ပျားရည်ဆမ်းသို့ 
ချစ်ကျွမ်းဝင်ဘိ ၊ မာတလိ ……။"    (ပိုဒ်ရေ- ၁)
ရွှေဟင်္သာမင်းပျို့ ၊ ဘုံခန်းပျို့ လာ "ပျားရည်ဆမ်း" ဥပမာတို့ မှာ စကားချိုသာပြောဆိုခြင်း ၊ စိတ်ထားကောင်းမွန်
ခြင်း၊ သဘောချိုသာခြင်းတို့ ကို ရည်ညွှန်းကြပါသည်။ ကောင်းဂုဏ်ကို ဖွင့်ဟပြောဆိုခြင်းပါတည်း။
ကောင်းဂုဏ်ကို ဖွင့်ဟပြောဆိုသည့်အခါ  ရှေးမြန်မာတို့ "ပျားရည်ဆမ်း" ကြောင်းဆိုတော့ မကောင်းတာကို ဖွင့်ဟပြောဆိုရာမှာကော "ပျားရည်မဆမ်းဘူးလား"ဟု ကတ်သီးကတ်သတ်မေးခွန်းထုတ်လိုကြပေမည်။ မကောင်းသည့်နေရာမှာလည်း ရှေးမြန်မာတို့ "ပျားရည်ဆမ်း"ခဲ့ကြသေးသည်။
အလောင်းမင်းတရား ဦးအောင်ဇေယျအနိစ္စရောက်သောအခါ မင်းခေါင်နော်ရထာဘွဲ့ ခံ မုဆိုးချုံရွာဇာတိ
 သွေးသောက်ရဲဘော်ကြီး ဦးတွန်သည် ရွှေဘိုနန်းရှင်နောင်တော်ကြီးမင်းထံသို့  အခစားမဝင်ရောက်ဘဲ အင်းဝမြို့ 
ကို သိမ်းပိုက်ပြီး ပုန်ကန်ခြားနားလေသည်။ ယင်းအကြောင်းကို ပလိပ်စားဧးချင်းတွင် ဖော်ပြထား၏။
"ညစ်ကျူမည်းသမ်း ၊ နှလုံးနှမ်းနှင့်
ပေါ်ဆမ်းပျားရည် ၊ ထဲကွေ့ လည်သား
ကြံစည်မှားလေ ၊သစ္စာသွေလျက်
မြို့ ရွှေဝတွင်း ၊ ဗိုလ်ပါသွင်း၍
တစင်းပြည်ညှောင့် ၊ ငတွန်မှောင့်သော် ။"  (ပိုဒ်ရေ-၆၂)
အပေါ်ယံမှာတော့ ပျားရည်ဆမ်းထားသလို ချိုမြနေသော်လည်း အတွင်းစိတ်ကောက်ကျစ်ပုံ၊ သစ္စာမဲ့ပုံတို့ ကို "ပျားရည်ဆမ်း"ကို သုံးလျှက် နင့်နင့်နဲနဲ ရေးသားထားလေသည်။ ဧးချင်းဆရာက "ပျားရည်ဆမ်း"ကို မကောင်းဘက်မှာ သုံးပြလိုက်တော့ နောက်နှောင်းစာဆို မဟာသုတကာရီမဃဒေဝလင်္ကာသစ်ဆရာလည်း မနေတော့ပြီ။ "ပျားရည်ဆမ်း"ကို သုံးစွဲလျက် လင်္ကာစီပြန်သည်။
"မိစ္ဆာစာရ ၊ ကျင့်ပါပနှင့်
ဒုဿီလမျိုး ၊ လိုဆိုးဟော့ရမ်း
မိန်းမသွမ်းတို့ ၊ ပေါ်ဆမ်းပျားရည်
ယုံစိမ့်သည်ဟု ၊ ထွေလည်ထိုထို
တောင်ကြီးမျို၍ ၊ ရွတ်ဆိုနုတ်က
ကျိန်သမျှလည်း ၊ မိန်းမသစ္စာ
မုသားသာတည်း………….။ "   (ပိုဒ်ရေ- ၃ဝ၈)
ဆရာကြီးမင်းသုဝဏ်အပြောအတိုင်းရေးရလျှင်" ပလိပ်စားဧချင်းဆရာက ဦးတွန်ကို မဲ၍ ရေးသည်။ မဃဒေဝလင်္ကာသစ်ဆရာက မိန်းမတွေကို မဲ၍ ရေးသည်။ ခံရသူတို့ ကား သက်သာမည်မဟုတ်…."ဟူသတည်း။
ဤစာ၊ဤကဗျာလင်္ကာတွေကို ကြည့်ရှုထေက်ချင့်တွေးဆခြင်းဖြင့် မြန်မာတို့ ၏"ပျားရည်ဆမ်း"သည်
 ကောင်းသည့်ဘက်ရော၊ မကောင်းသည့်ဘက်မှာပါ သုံးစွဲနိုင်သည့် "နှစ်ဘက်ရ"စကားလုံးပေတည်း။
၃။
ကမ္ဘာ့အသုံး "ပျားရည်ဆမ်း"သည် တသက်မှာတခါ၊ အိမ်ထောင်ပြုသူတို့ မင်္ဂလာဦးအခါသမယမှာ ရနိုင်သည့်အတွက် ကာလတိုတောင်းပါသည်။ အိမ်ထောင်မပြုသူတို့ မှာ ပျားရည်ဆမ်းကာလကို ရဖို့ ရန် အခွင့်အရေးကား မမြင်သာပါ။ သူတို့ ပျားရည်ဆမ်းမှာ အချိန်နှင့် ပုဂ္ဂိုလ်အကန့် အသတ်ရှိပါသည်။
မြန်မာအသုံး"ပျားရည်ဆမ်း"ကား နုတ်အပြော ၊ စိတ်အကြံ ကောင်းမွန်တော်ဖြောင့်ခြင်း ၊ရည်မွန်ယဉ်ကျေးခြင်း 
ကိုဖော်ပြလို သည့်အခါကာလမှာဖြစ်စေ ၊ နုတ်အပြော၊စိတ်အကြံ စဉ်းလဲကောက်ကျစ်အကျင့်ညစ်ကိုဖော်ပြလို
သည့်အခါကာလမှာဖြစ်စေ ရနိုင်သည့်အတွက် ကာလရှည်လျားပါသည်။ အသက်ရှင်သမျှ သုံးနိုင်ပါသည်။
 ဖော်မဲ့သူရော ၊ ဖော်စုံသူပါ မြန်မာ"ပျားရည်ဆမ်း"နှင့် သက်ဆိုင်နိုင်ပါသည်။ မြန်မာတို့ ၏ပျားရည်ဆမ်းကား 
အချိန်၊ ပုဂ္ဂိုလ် အကန့် အသတ်မရှိပါ။ ကျယ်ပြောလှပါသည်။
အမရဒီပ
စက်တင်ဘာ ၂၉၊ ၂ဝ၁၂
စာကိုး။ မြန်မာစာမြန်မာမှု၊ မင်းသုဝဏ်။
Friday, September 28, 2012
လီနတ္ထဒီပနီနှင့် မြန်မာစကား၊ သမိုင်းအခင်းအကျင်း- ၂
၁။
"ဆင်မြင်းရထား ၊ ဗိုလ်ပါများနှင့်
စော်ဘွားစော်ကန်၊ ………….."   (ပိုဒ်ရေ-၄ဝ)
ဆရာတော်ကြီးက "စော်ကန်"ဟူသည်လည်း "စော်ဘွား"ပင်၊ ယှဉ်ဘက်အမည်မျှသာဟူ၏..ဟု ရှင်းပြတော်မူ၏။
"ဝါပဝါတွင်း ၊မယွင်းမပျက်
ဆန်းငါးရက်တိုင်း ၊ ဆက်ဆက်မလွန်
ရွှေစာချွန်နှင့် ၊ မြို့ ဝန်မြို့ ကွပ်
ကြီးကြပ်သမှု ၊ လုံ့ လပြု၍
ဂရုဓမ္မ ၊ စာရိတ္တဖြင့်
တလတကြိမ် ၊ ဦးနှိမ်လွှံ့ ကျော်
ဆင်ရဲပေါ်ထက် ၊ အမိန့် တော်မြတ်
ပြန်တုံလတ်၍ ၊ …………………."  (ပိုဒ်ရေ-၄၅)
အထက်ပါ ကောက်နုတ်ချက်တွင်လည်း "မြို့ ဝန် မြို့ ကွပ်"ဟု တွေ့ ကြရသည်။ဆရာတော်ကြီးက"မြို့ကွပ်ဟူသည်
လည်း မြို့ ဝန်ပင်"ဟု ရှင်းပြတော်မူ၏။ ရှေးနည်းအတိုင်း မြို့ ဝန်နှင့် မြို့ ကွပ်ဟူသည် စော်ဘွားစော်ကန်ကဲ့သို့ 
ယှဉ်ဖက်အမည်မျှသာဖြစ်သည်ဟုလည်း ကြံဆသော် မလွဲတန်ရာဟု ယူဆပါ၏။
၂။
"ဟူးရားတတ်စွာ ၊ ဆရာပါမောက်
ရာ့ရှစ်ယောက်တို့ ၊ မဘောက်ဖြူစင်
ဆင်ယင်တန်းဆာ ၊ မိုးဗြဟ္မာသို့ "……….. (ပိုဒ်ရေ- ၄၉)
ဆရာတော်ကြီး၏ရှင်းလင်းချက်သို့ မသွားခင် မြန်မာ-အင်္ဂလိပ်အဘိဓာန်ကို ကြည့်မိပါသည်။ ယင်းအဘိဓာန်က "ဟူးရား"ကို အင်္ဂလိပ်ဘာသာဖြင့် 1. Astrology. 2. soothsayer; astrologer. ဟု ၂ မျိုးပြသည်။ မူရင်းပုဒ်မှာ
သက္ကတဘာသာ"ဟောရာ"မှ လာသည်ဟု ဆိုထားသည်။
ဟူးရား-နှင့်ပတ်သက်၍ ဆရာတော်ကြီး၏ ရှင်းလင်းချက်မှာ ဖော်ပြပါအတိုင်း ဖြစ်သည်။
"ဟူးရား-ဟူသည် ဗေဒင်ဆိုလိုသည်။ ၄င်းဟူးရားဟူသည်လည်း ဟောရာ-သဒ္ဒါ၊ ၄င်း ဟောရာ-ဟူသည်လည်း အဟောရတ္တိ-သဒ္ဒါ၊ နေ့ ညဥ့်အခါတည်း။ နေ့ ညဥ့်အခါကာလတို့ ကို ပိုင်းခြားဟောပြောကြောင်း
 ဗေဒင်အတတ်သည် ဟူးရား-မည်သတည်း။"
မြန်မာ-အင်္ဂလိပ်အဘိဓာန်အဆိုအရ "ဟောရာ"ဟူသည် သက္ကတစကားလုံးဖြစ်သည်ဆိုပါစို့ ။ ဆရာတော်ကြီးက
နီးစပ်ရာပါဠိပုဒ်တခုနှင့်ညီမျှခြင်းပြလိုက်သည်။ (သက္ကတ-ဟောရာ= ပါဠိ-အဟောရတ္တိ=မြန်မာ-နေ့ ညဥ့်)ဟု ယှဉ်တွဲကြည့်က လွယ်ကူပါလိမ့်မည်။
၃။
"အုန်းကြံပင်နှင့် ၊ ညွန့် ရှင်ငှက်ပျော
သာပြန့် ပြောအောင် ၊ ရှုမောစိုက်လျှင်း
မဏ္ဍပ်တွင်းဝယ် ၊ နုကင်းဖူးငုံ
ပွင့်အမုံတိ ၊ ပန်းစုံသီးမျိုး
ညွှတ်ညွှတ်ဖြိုးမျှ ၊ ………."  (ပိုဒ်ရေ-၅၄)
"အမုံ"ဟူသည် ယနေ့ ခေတ်တွင် အသုံးနည်းသော စကားလုံးဖြစ်သွားပြီ။ အမုံ-ကို အင်္ဂလိပ်ဘာသာဖြင့် Bud ခေါ်သည်။ ဆရာတော်ကြီးက အမုံ-ကို "အမုံ-ဟူသည် အငုံပွင့်လုဆဲကို ဆိုသည်"ဟု ရှင်းပြထား၏။
(ဆက်လက်တင်ပြပါမည်။)
အမရဒီပ
စက်တင်ဘာ ၂၈၊ ၂ဝ၁၂
Thursday, September 27, 2012
လီနတ္ထဒီပနီနှင့် မြန်မာစကား၊ သမိုင်းအခင်းအကျင်း- ၁
၁။
မန်လည်ဆရာတော်ကြီး၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကို ၁၉ဝ၇ မှာ ပထမအကြိမ်ပုံနှိပ်ထုတ်ဝေတော့ ၊ အဓိပ္ပါယ်အဖွင့်ကျမ်း လီနတ္ထဒီပနီ ပူးတွဲပါဝင်သည်။
"ဤမဃဒေဝလင်္ကာနှိုက်  မဂဓဘာသာ သက္ကဋဘာသာများကို မဆိုချန်ထား ဇာတ်ဝတ္ထုတို့ နှင့် ပေါရာဏစကား ခွဲထားပင့်ရစ်များ မထင်မရှား ကွယ်ငုပ်သော အဓိပ္ပါယ်အနက်တို့ ကို ထင်ရှားသိလွယ်ရုံ အကျဉ်းမျှ လီနတ္ထဒီပနီ
ကို ရေးလိုက်ဦးအံ့……" ဟု နိဒါန်းချီထားသည်။
၂။
"တကျိပ်ခုနစ် ၊ မဟာရာဇ်တို့ 
အနှစ်ရှည်ကြာ ၊ ဘုန်းရောင်ဖြာ၍"  (ပိုဒ်ရေ-၂၈)
ဂဏန်း ၇ (Seven) ကို ဆိုလိုက နသက်သက်ဖြင့် "ခုနစ်"ဟု ပြောရသည်။ ယခုနှစ်၊ ဒီနှစ် (This year) ကို 
ဆိုလိုက "ခုနှစ်"ဟု နငယ်မှာ ဟထိုးထည့်ပြီး ပြောရကြောင်း ရှင်းပြထား၏။
၃။
"ဝိဒေဟတိုင်း ၊ ရှေးသမိုင်းနှင့်
ကသိုဏ်းပမာ ၊ မြေမျက်နှာတွင်" (ပိုဒ်ရေ-၃ဝ)
ဤအပိုဒ်တွင်ပါဝင်သည့် "သမိုင်း" ဝေါဟာရနှင့်ဆက်နွယ်သည့် အခြားဝေါဟာရတို့ ကို ရှင်းပြထား၏။အောက်
တွင်ရှုပါ…။
သမိုင်းဟူသည်
သမိုင်းဟူသည် အဆိုးအကောင်း အကြောင်းခြင်းရာ အဋ္ဌုပ္ပတ္တိဖြစ်ပျက်ပုံများကို အစဉ်အစီမှတ်သားထားခြင်းဖြစ်
သောနိဒါန်းပင်တည်း။
ကျောက်စာ၊ သံပိုင်း၊
၎င်းသမိုင်းနိဒါန်းစာတန်းကိုပင် အခိုင်အခံ့ကျောက်ပြားသံပြားထက် ရေးထားအပ်သောကြောင့် ကျောက်စာဟူ၍
၎င်း၊ သံပိုင်းဟူ၍၄င်း ခေါ်ဝေါ်ကုန်၏။
မော်ကွန်း၊ ဥဒါန်း၊ လိပ်ကမ္ပည်း
အရှည်အကြာ၊ ထင်ရှားပြန့် နှံ့ အောင် ရေးသားတင်ထားအပ်သောကြောင့် မော်ကွန်းဟူ၍လည်း ခေါ်ဝေါ်ကုန်၏။
အစဉ်ရှည်ကြာပြောပစရာဖြစ်သောကြောင့်လည်း ဥဒါန်းဟူ၍ ခေါ်ဝေါ်ကုန်၏။
အက္ခရာတို့ ဖြင့်ရေးထုအပ်သောကြောင့်လည်း လိပ်ကမ္ပည်းဟူ၍ ခေါ်ဝေါ်ကုန်၏။
အခေါ်သာကွဲ၊ သဘောချင်းတော့တူ
ဤသမိုင်း၊နိဒါန်း၊စာတန်း၊ ကျောက်စာ၊သံပိုင်း၊ မော်ကွန်း၊ ဥဒါန်း၊လိပ်ကမ္ပည်းဟူသည်ကား အဓိပ္ပါယ်သဘောအရ အတူတူတို့ ချည်း၊ မထူးမကွဲလှသည်သာဟူ၍ မှတ်ရာ၏။
ကာလအားဖြင့်ခွဲခြား
ဘုရားသမိုင်းဟူသည် အနာဂတ်၌ ဖြစ်၏။ (အနာဂတဝင်ကျမ်းမျိုး၊ ဗျာဒိတ်ထားချက်မျိုးကို ဆိုလိုပုံရသည်။)
ထိုထိုရာဇဝင်ကျောက်စာသမိုင်းစသည်ကား အတိတ်၊ ပစ္စုပ္ပန်တို့ ၌ဖြစ်၏။ ထိုထိုရာဇဝင်ကျောက်စာသမိုင်း
လင်္ကာမော်ကွန်းဟောင်းစသည်၌ ထင်ရှားကုန်၏။
ဤဖော်ပြခဲ့ပြီးသမျှတို့ ကား မန်လည်ဆရာတော်၏ လီနတ္ထဒီပနီမှ မူရင်းအတိုင်းဖော်ပြချက်ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်။)
အမရဒီပ
စက်တင်ဘာ ၂၈၊၂ဝ၁၂
Saturday, September 8, 2012
သေတဝစ္ဆ မှသည် မိနရုက္ခသို့ ရှာပုံတော်
၁။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒုတိယအုပ်၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိအခန်းတွင် ဖော်ပြပါဝါကျတခုပါဝင်၏။
"ယထာ နဠော အသာရော နိဿာရော သာရာပဂတော။ ယထာ ဧရဏ္ဍော။ ယထာ ဥဒုမ္ဗရော။  ယထာ သေတဝစ္ဆော။ ယထာ ပါဠိဘဒ္ဒကော။ ယထာ ဖေဏပိဏ္ဍော။ ယထာ ဥဒကပုဗ္ဗုဠံ။  ယထာ မရီစိ။ ယထာ ကဒလိက္ခန္ဓော။ ယထာ မာယာ သာရာ နိဿာရာ သာရာပဂတာ, ဧဝမေဝ ရူပံ။ ပ။ ဇရာမရဏံ အသာရံ နိဿာရံ သာရာပဂတံ နိစ္စသာရသာရေန ဝါ ။ပ။ အဝိပရိဏာမဓမ္မေန ဝါတိ " ဟူသော ဝါကျပင်ဖြစ်သည်။ 
အဋ္ဌကထာဆရာ၏ကိုယ်ပိုင်ရေးသားချက်ပါဠိမဟုတ်ဘဲ စူဠနိဒ္ဒေသပါဠိတော်၊ ပါရာယနဝဂ္ဂနိဒ္ဒေသ၊
 မောဃရာဇလုလင်အမေးကို ဖြေဆိုတော်မူသည့်ပါဠိမှ တစိတ်တဒေသဖြစ်သည်။ ဆိုလိုသည်မှာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၏ကိုးကားပါဠိဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
၂။
အထက်ဖော်ပြပါ ဝိသုဒ္ဓိမဂ်ပါဠိကို ကျိုက်ထိုဆရာတော်၏ မြန်မာဝိသုဒ္ဓမဂ္ဂဋ္ဌကထာ ၃၊၄၄၃။ တွင်ဖော်ပြပါအတိုင်း
မြန်မာပြန်ဆိုထားပေသည်။
"ကျူပင်သည် အနှစ်မရှိ ၊အနှစ်မဲ့သည်၊ အနှစ်မှကင်းသည်ဖြစ်သကဲ့သို့ ၎င်း၊ ကြက်ဆူပင်သည် အနှစ်မှကင်းသကဲ့သို့ ၎င်း၊ ရေသဖန်းပင်သည် အနှစ်မှကင်းသကဲ့သို့ ၎င်း၊ ရေခံတက်ဖြူပင် -ဝါ- ကြောက်မီးကူပင်သည် အနှစ်မှကင်းသကဲ့သို့ ၎င်း၊ ပေါက်ပင်သည်၊ ရေမြုပ်စိုင်သည်၊ ရေပွက်သည်၊ တံလှပ်သည်၊ ငှက်ပျောတုံးသည်၊ မျက်လှည့်သမားပြအပ်သော ဝတ္ထုသည် အနှစ်မဟုတ်၊ အနှစ်မဲ့သည်၊ အနှစ်မှကင်းသည်ဖြစ်သကဲ့သို့ ၎င်း ၊ ထို့ အတူ ရုပ်သည် ……(လ) ဇရာမရဏသည် နိစ္စသာရဟူသော အနှစ်ဖြင့်၎င်း၊ ………(လ) အဝိပရိဏာမအဖြစ်ဖြင့်၎င်း၊ အနှစ်မဟုတ်၊ အနှစ်မရှိ ၊ အနှစ်မှကင်း၏၊ ဤသို့ သိမ်းဆည်းအပ်၏"
၃။
မဟာစည်ဆရာတော်၏ဝိသုဒ္ဓိမဂ်မြန်မာပြန် ၄၊ ၁၃၁။ တွင် ဖော်ပြပါအတိုင်း မြန်မာပြန်ဆိုထား၏။
"ဥပမာအားဖြင့် ကျူသည် အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်းသကဲ့သို့ ၎င်း၊ ကြက်ဆူသည်၊ ရေသဖန်းသည်၊
 ရေခတက်ဖြူသည်၊ ပေါက်ပင်သည်၊ ရေမြှပ်စိုင်သည်၊ ရေပွက်သည်၊ တံလှပ်သည်၊ ငှက်ပျောတုံးသည်၊ မျက်လှည့်
(ပြအပ်သောအရာ)သည် အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်းသကဲ့သို့ ၎င်း ဤအတူပင် ရုပ်သည် ။ပ။အိုခြင်းသေ
ခြင်းသည် မြဲသော အနှစ်ဟူသောအနှစ်အားဖြင့်၎င်း။ ပ။ မဖောက်ပြန်သော သဘောအားဖြင့်၎င်း အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်း၏ဟု သိမ်းဆည်းအပ်၏"
၎။
ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်း ၂ စောင်အရ ပါဠိဝါကျပါ "သေတဝစ္ဆော"ဟူသော ဝေါဟာရကို (က) ရေခံတက်ဖြူပင် (ရေခတက်ဖြူပင်-ဟုလည်း စာလုံးပေါင်းသည်။) (ခ) ကြောက်မီးကူပင်-ဟု ဘာသာပြန်ဆိုကြောင်း တွေ့ ရှိရပါ၏။
စူဠိနိဒ္ဒေသအဋ္ဌကထာက "သေတဝစ္ဆော"ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းမပြုပါ။ မိုးထိမူ၊ စူဠနိဒ္ဒေသပါဠိတော်နိဿ
ယတွင် "သေတဝစ္ဆော၊ နွယ်ဖြူပင်သည်"သည် အနက်မြန်မာပြန်ထားသည်ကို တွေ့ ရပါသည်။ ထို့ ကြောင့် သေတဝစ္ဆော-ကို မြန်မာဘာသာအနက် ၃ မျိုးယူဆကြောင်း မှတ်သားရပါသည်။
အင်္ဂလိပ်ဘာသာပြန်ဝိသုဒ္ဓိမဂ်ကျမ်း ၂ စောင်ဆရာများဖြစ်သည့် ဦးဖေမောင်တင်နှင့် ဘိက္ခုဉာဏမောဠိတို့ က
လည်း အက္ခရာဖလှယ်၍ “a setavaccha tree” ဟုတညီတည်း ဆိုကြ၏။ (The Path of Purity,P 800 & The Path of Purification, P 764)
၅။
ဦးဟုတ်စိန်၏ ပဒတ္ထမဉ္ဇူသာပါဠိ မြန်မာအဘိဓာန်တွင်….
သေတ-ဝရဏ (ပ) ခတက်ဖြူ
သေတ-ဝရဏ-ပုပ္ဖ(န) ခတက်ဖြူပွင့်--ဟု ပြဆိုထားသည်။ ဝိနယသင်္ဂဟဋ္ဌကထာ၊ ကာလိကဝိနိစ္ဆယကထာ နှင့် ပါစိတ်ဋ္ဌကထာ၊ ဝိကာလဘောဇနသိက္ခာပုဒ်အဖွင့်တို့ တွင် ယာဝကာလိကစာရင်းဝင်သစ်ရွက်တို့ ၏အမည်များကို
ပြဆိုထားလေသည်။ ယင်းစာရင်းတွင် "သေတဝရဏ= ခတက်ဖြူပင်"၏အရွက်လည်း ပါဝင်သည်။ ဆရာကြီးဦးဟုတ်စိန်သည် သေတဝရဏ-ဝေါဟာရကို ယင်းအဋ္ဌကထာတို့ မှ တွေ့ ရှိဟန်တူသည်။
The Pali- English Dictionary တွင် Seta (သေတ) ပုဒ်ကို ပုပ္ဖ (Puppha) =White flowered,” Name of a tree (Vitex Trifolia) ဟုလည်းကောင်း၊ သေတ-ပုဒ်ကို ဝါရိ ၊ဝါရိသ-ပုဒ်များနှင့်တွဲ၍ Names of plants or trees ဟု ပြဆိုထားလေသည်။
၆။
ဝိသုဒ္ဓိမဂ်မဟာဋီကာ (၂၊၄၅၇။) တွင် သေတဝစ္ဆ၏ အနက်ကို ဖော်ပြပါအတိုင်း ဖွင့်ဆို၏။
"သေတဝစ္ဆောတိ သေတဝရုဏကော။ "မိနရုက္ခော"တိပိ ဝဒန္တိ။"
သေတဝစ္ဆောတိ၊ သေတဝစ္ဆဟူသည်ကား။ သေတဝရုဏကော၊ ရေခတက်ဖြူပင်တည်း။ မိနရုက္ခောတိ၊ မိန်ပင်ဟူ၍လည်း။ ဝဒန္တိ၊ ဆိုကုန်၏။ (မဟာစည်ဆရာတော်၊ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ၊၄၊)
သေတဝစ္ဆ၊ သေတဝရဏ၊ သေတဝရုဏက-ကို မြန်မာဘာသာပြန်ဆရာအများစုက "ခတက်ဖြူပင် (သို့ မဟုတ်) ရေခတက်ဖြူပင်"ဟု ဘာသာပြန်ကြပြီး "နွယ်ဖြူပင်"ဟု ဆရာတပါးကသာ ဘာသာပြန်သည်ကို
 တွေ့ ရပါ၏။
မဟာစည်ဆရာတော်က မိနရုက္ခ-ကို မိန်ပင်ဟု ဘာသာပြန်ရခြင်းနှင့်ပတ်သက်၍ မဟာဋီကာနိဿယအောက်ခြေ
မှတ်ချက်တွင်………"ဤပုဒ်၏အနက်ကိုမြန်မာပြန်ထားသော ရှေးကျမ်းဟောင်းတို့ ကို မတွေ့ ရသေး။ သို့ ဖြစ်၍ မိနရာသီပုဒ်ကို မိန်ရာသီဟုပြန်သကဲ့သို့  ဤ၌လည်း မိန-ပုဒ်ကို မိန်ဟု ပါဠိပျက်အားဖြင့်ပြန်ထားသည်"…ဟု
ရှင်းပြလေသည်။  မိနရုက္ခ-ကို မိန်ပင်ဟု ပါဠိပျက်ကြံဆ၍ မြန်မာပြန်ရခြင်းကား မရှိသုံးအနေသဘောထားကာ လုပ်ဆောင်ရသောအရာဖြစ်လေသည်။ သို့ ဖြစ်လေရာ မိနရုက္ခ-နှင့်ကိုက်ညီမည့် မြန်မာဝေါဟာရအပင်ကို ရှာဖွေ
ရပေမည်။
၇။
မိနရုက္ခ-ဝေါဟာရအတွက် သင့်လျော်မည့်မြန်မာဝေါဟာရကို ကျိုက်ထိုဆရာတော်၏ဝိသုဒ္ဓိမဂ်မြန်မာပြန်တွင် သဲလွန်စအဖြစ်တွေ့ ခဲ့ရသည်။ ယင်းကား "ရေခံတက်ဖြူပင် -ဝါ-ကြောက်မီးကူပင်"ဟူသော အဆိုပင်တည်း။
တဖန် မဟာဝိသုဒ္ဓါရာမဆရာတော်၏ ပရမတ္ထသရူပဘေဒနီ၊ ၂၊ ၅၉၂ တွင် "သေတဝစ္ဆော၊ ရေခတက်ဖြူပင်သည်
၎င်း။ ဝါ။ ကြောင်မီးကူပင်သည်၎င်း" ဟု အနက်ပြန်ဆိုကာ ဝိသုဒ္ဓိမဂ်မဟာဋီကာစကား (၂၊၄၅၇။) ကို သာဓက ထုတ်ဆောင်ထားလေသည်။ အောက်ခြေမှတ်ချက်တွင်လည်း "ကြောင်မီးကူပင်= ဆေးဖက်ဝင်အပင်တမျိုး။
ကြက်တူရွေးပန်းပင်ကိုလည်း ခေါ်သေးသည်။"ဟု ဖော်ပြထားပြန်သည်။ မဟာဝိသုဒ္ဓါရုံဆရာတော်၏အလိုတော်
မှာ "မိနရုက္ခ-ဟူသည် မိန်ပင်မဟုတ်၊ ကြောင်မီးကူပင်"သာဖြစ်လေသည်။
မြန်မာနိုင်ငံ၊ မြန်မာစာအဖွဲ့ ထုတ် မြန်မာအင်္ဂလိပ်အဘိဓာန်တွင် "ကြောင်မြီးတူ= butterfly bush. Buddeleia asiatica" ဟုသာတွေ့ ရသည်။ ကြောက်မီးကူ နှင့် ကြောင်မီးကူကိုကား မတွေ့ ရချေ။
ဦးဟုတ်စိန်၏ ပါဠိမြန်မာအဘိဓာန်တွင် သေဖာလိကာ= ဆိတ်ဖလူးပင်-ဟုပြသည့်နေရာတွင် "ကြောင်မီးကူပင် (Vitex Negundo)ဟု ကြောင်မီးကူပင်ကို ရုက္ခဗေဒအခေါ်နှင့်တကွပြဆိုထားပါ၏။ ယင်းရုက္ခဗေဒအမည်ဖြင့် အင်တာနက်တွင်ရှာဖွေကြည့်ရာ အင်္ဂလိပ်အခေါ် Five-leaved chaste tree; Horseshoe vitex; Chinese chaste tree ဟု တွေ့ ရသည်။ http://en.wikipedia.org/wiki/Vitex_negundo
ရုက္ခဗေဒပညာရှင်၊ တိုင်းရင်းဆေးပညာရှင်များ၊ သက်ဆိုင်ရာစာပေပညာရှင်များအကူအညီဖြင့် မိနရုက္ခ-ဟူသည် ကြောင်မီးကူပင် ဖြစ်နိုင်၊ မဖြစ်နိုင် အဖြေရှာသင့်ပါသည်။ မိနရုက္ခ-မိန်ပင်ဟုသာ မှတ်ပြီး ကျေနပ်မနေသင့်တော့ပါ......။
အမရဒီပ
စက်တင်ဘာ ၈၊ ၂ဝ၁၂