Total Pageviews

Wednesday, February 8, 2012

မိုးကုတ်ဆရာတော်ထေရုပ္ပတ္တိရေးသူတို့ ၏ အစားထိုးပြင်ဆင်ချက်နှင့်မူရင်းဟောတရား


မိမိလက်ထဲမှာ မိုးကုတ်ဆရာတော်ကြီး (ဘဒ္ဒန္တဝိမလ)၏ အဖြစ်တော်ကို ဖော်ပြရေးသားထား
သောစာအုပ် ၃ အုပ်ရှိ၏။ စိတ်ဝင်တစားဖတ်ရှုလိုသူတို့ အနေဖြင့်လည်း အွန်လိုင်းမြန်မာစာ
ကြည့်တိုက်များတွင် အဆိုပါစာအုပ် ၃ အုပ်ကို အလွယ်တကူ ဖတ်ရှုနိုင်ပါသည်။

(၁) ထေရုပ္ပတ္တိနှင့် ကျင့်စဉ် ၊ ရေးသူဦးကျော်သိန်း
(၂) ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ၊ရေးသူ ဓမ္မာစရိယဦးဌေးလှိုင်
(၃) တဘဝသာသနာ ၊ရေးသူ အရှင်ဃောသိတ

မိုးကုတ်ဆရာတော်ကြီးသည် မြန်မာနှစ် ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊
ဗုဒ္ဓဟူးနေ့ တွင် လွန်တော်မူခဲ့သည်။ ခရစ်နှစ်ရက်စွဲမှာ အောက်တိုဘာလ ၁၇ ရက် ၁၉၆၂ ခုနှစ်ဖြစ်၏။

ဆရာတော်ကြီး၏ယင်း ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (၁၃-အောက်တိုဘာ-၁၉၆၂)
ဟောတရားတော်မှာ "သပိတ်သွတ်လွတ်တရားတော်"ဖြစ်ပါ၏။
မူရင်းဟောကြားချက်အသံတော်ကို နာယူကြည့်ပါ။

ဦးကျော်သိန်းက သပိတ်သွတ်လွတ်တရားဟောသည့်အကြောင်း ဤသို့ စတင်ရေးသား၏။

"သီတင်းကျွတ်လပြည့်နေ့ ၌ တရားနာပရိသတ်အများအား ဒီကျောင်းပေါ်မှာ 
(ကဲ--တကာ-တကာမတို့  အလောင်းကောင်အသုဘကြီးတခုကို ဒီကျောင်းပေါ်မှာမလွှဲသာလို့ 
ထားမယ်ဆိုပါတော့ ၊ ဒီအသုဘကြီးက ဘာတွေထွက်လာမလဲ) ခန္ဓာဝန်ချတော့မည့်
အကြောင်း အတိအလင်း သပိတ်သွတ်လွတ်တရားကို ဟောကြားခဲ့ပါသည်။"
 (စာ- ၃၂၆)

ဆရာတော်ကြီး၏တရားတော်ကို စာဖြင့်ရေးပြရာတွင် ဤသို့ ဖော်ပြ၏။
"ကဲ---တကာ၊ တကာမတို့  အလောင်းကောင်အသုဘကြီးတခု ဒီကျောင်းပေါ်မှာ 
မလွှဲသာလို့  ထားမယ်ဆိုပါတော့၊ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလဲလို့မေးတဲ့အခါ
နားထဲက ထွက်လဲ သုဘထွက်မလား၊ အသုဘထွက်မလား။
(အသုဘပါဘုရား)
ပါးစပ် နှာခေါင်းမျက်စိကထွက်လဲ ၊ သုဘထွက်မလား အသုဘထွက်မလား။
(အသုဘထွက်မှာပါဘုရား)
နဂိုက ဘာမို့ လို့ ဘာထွက်တာတုန်း ။(အသုဘမို့ အသုဘထွက်တာပါဘုရား)
ဒီမှာလဲ ခန္ဓာကိုယ်ထဲက ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါဘုရား) 
(စာ- ၃၃ဝ)

ဓမ္မာစရိယဦးဌေးလှိုင်သည်လည်း ဦးကျော်သိန်းစာအုပ်မှ ဆရာတော်ကြီးတရားကို ကူးယူသည် ဟုထင်၏။ ဖော်ပြပါအတိုင်း ရေးသားထား၏။

"အလောင်းကောင်အသုဘကြီးကို မလွှဲသာလို့  ဒီကျောင်းပေါ်မှာ ထားမယ်ဆိုပါတော့၊
ဒီအသုဘကြီးက ဘာတွေထွက်လာဦးမှာလဲ၊ ကျင်ကြီးထွက်လာ၊ ကျင်ငယ်ထွက်လာ၊ 
လှုပ်လဲ အသုဘ၊ ထိုင်နေလဲအသုဘ၊ ဒုက္ခသစ္စာဆိုတာပေါ်ပြီလားဟုလည်း လပြည့်နေ့ တရားကို ဟောတော်မူ၏။ (ငါသေရင် ဆွမ်းမသွတ်နှင့်၊ ရက်ကြာမထားနှင့်ဟု 
မှာတော်မူလိုရင်း)
(စာ- ၆၅၁)

အရှင်ဃောသိတ၏ စာအုပ်တွင်လည်း ဖော်ပြပါအတိုင်း တွေ့ ရပါ၏။
"ကဲ--ဒကာ--ဒကာမတို့ -- အအလောင်းကောင် အသုဘကြီးတခု ဒီကျောင်းပေါ်မှာ မလွှဲသာ
လို့  ထားမယ်ဆိုပါတော့၊ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမလဲ၊ သုဘထွက်လာမလား၊ အသုဘထွက်လာမလား (အသုဘထွက်လာပါမယ်ဘုရား)
မှတ်ချက်။ ဤစကားလုံးတို့ သည် ဆရာတော်က  ပရိယာယ်ဖြင့် အရိပ်နိမိတ်မိန့် မြွက်ခြင်းပင်
ဖြစ်ပေလိမ့်မည်။) "
(စာ- ၄၁၂)

အရှင်ဃောသိတ၏ အခြားမှတ်ချက်တခုကိုလည်း တွေ့ ရသေး၏။
"မှတ်ချက်။ "သပိတ်သွတ်လွတ်တရား"ဆိုတဲ့စကား၊ "သေတဲ့သူကစိတ်ချရပါလျက်နဲ့  ကျန်ရစ်
သူတွေက သပိတ်သွတ်ပြီး အရှက်ခွဲတော့လဲ သေတဲ့သူမနာဘူးလား" ဆိုတဲ့စကားလုံးတို့ 
သည်လည်း အရိပ်အမြွက်စကား သတိပေးစကားလုံးတို့ ပင် ဖြစ်တန်ရာ၏။"
(စာ- ၄၁၄)

ဆရာတော်ကြီး၏ထေရုပ္ပတ္တိရေးသားသူ ၃ ဦးလုံးက " ဒီကျောင်းပေါ်မှာ"ဟူသော စကားလုံးကို တညီတညွတ်တည်း သုံးစွဲကြ၏။ ဆရာတော်ကြီး၏မူရင်းဟောတရားတွင်"အိမ်ပေါ်မှာ"ဟုသာ
သုံးစွဲဟောပြောသည်ကို နာယူရ၏။ ဤစကားအသုံးအစွဲသည် ထေရုပ္ပတ္တိရေးသူများနှင့် 
ဆရာတော်ကြီးအကြား ကွဲလွဲချက်ဖြစ်၏။  ဆရာတော်ကြီး၏တရားတော်မှာ ဟောရိုးဟောစဉ်
ဖြစ်ချင်လည်း ဖြစ်မည်။ ထေရုပ္ပတ္တိရေးဆရာတို့ ယူဆသလို ဖြစ်ချင်လည်း ဖြစ်မည်။ မိုးကုတ်
ဆရာတော်ကြီး၏အာဘော်အလိုတော်ကို တိတိကျကျမသိနိုင်ပါ။ ယင်းသို့ ဖြစ်သော်လည်း မူ
လဟောစဉ်က မပါဝင်ခဲ့သည့် စကားလုံး (ဒီကျောင်းပေါ်မှာ) ကို ထပ်တလဲလဲ အစားထိုးလာ
ခြင်းသည် ထေရုပ္ပတ္တိရေးသူတို့ အနေဖြင့် သူတို့ အယူအဆအတိုင်း ပုံဖော်ရန်ကြိုးပမ်းချက်
တရပ်ဟု ယူဆမိပေသည်။ စာပေရှုထောင့်မှကြည့်လျှင် ကာယကံရှင်မပြောသည့်စကားကို ကာယကံရှင်ပြောသယောင်အစားထိုးပြင်ဆင်ခြင်းသည် ကာယကံရှင်ကို သစ္စာဖောက်သည့် လုပ်ရပ်မျိုးဖြစ်ပေရာ ထေရုပ္ပတ္တိရေးဆရာတို့  ရှောင်သင့်၏။ (သို့ သော် ထေရုပ္ပတ္တိရေးသူ ၃ ဦးလုံးသက်ရှိထင်ရှားမရှိတော့ပြီ။)

ထေရုပ္ပတ္တိရေးသူတို့ က မိုးကုတ်ဆရာတော်သည် "ငါသေရင်သပိတ်မသွတ်နဲ့ "ဟူသောစကား
တော်ကို တိုက်ရိုက်ပြောခဲ့သလိုမျိုး ပုံဖော်ကြ၏။ ဆရာတော်အနေဖြင့်တရားထဲတွင် "ငါသေရင်သပိတ်မသွတ်နဲ့ ဟေ့လို့ ပြောနိုင်အောင်လုပ်ထား"ဟုသာ ဆိုလိုနေကြောင်း တရားတော်မူရင်းအသံကိုနာယူကြည့်က သိနိုင်ပေသည်။ ဆရာတော်ကြီးက "ဓမ္မဓိဋ္ဌာန်"အား
ဖြင့်ပြောဆိုသည်ကို စာရေးသူ ၃ ဦးက "ပုဂ္ဂလဓိဋ္ဌာန်"ဖြစ်အောင် ပြောင်းလဲအစားထိုးကြ၏။ 
သို့ သော် ယင်းတို့ အစားထိုးပြောင်းလဲခဲ့တိုင်း မပြောင်းလဲကြောင်းဆရာတော်ကြီး၏ အသံ
တရားတော်က သက်သေပြနေလေသည်။

အမရဒီပ
၂-၈-၂ဝ၁၂

No comments: