Total Pageviews

Monday, February 6, 2012

ဘုရားနှင့်ရင်သားအလှူ ပြဿနာမှသည်-----


မန္တလေးတောင်၏ဒဏ္ဍာရီဆန်ဆန် ဇာတ်ဆောင်တဦးဖြစ်သူစန္ဒမုခီဘီလူးမကြီးသည်
မြတ်စွာဘုရားရှင် မန္တလေးတောင်သို့ ဒေသစာရီကြွရောက်တော်မူလာစဉ်က လှူဒါန်းဆက်ကပ်
ဖွယ်ရှားပါးခိုက်ကြုံနေသောကြောင့် ရင်သားအစုံကိုဖြတ်တောက်ပြီး ဘုရားရှင်အား
လှူဒါန်းခဲ့ ကြောင်း ကြားခဲ့စဉ်က ----

 "ဘီလူးမနှယ်--ကြံကြံဖန်ဖန်၊ သူ့ ရင်သားဘုရားလှူတော့ အဲဒီပစ္စည်းကြီး ဘုရားက ဘယ်နေ
ရာဘယ်သွားသုံးရမှာလဲ၊ စားလို့ မရ၊ သိမ်းထားလို့ မရတဲ့ပစ္စည်းကြီး၊ ဘုရားအတွက်လည်း 
အကျိုးမပြု၊ သူ့ အတွက်လည်း တန်ဘိုးမဖြတ်နိုင်သောကိုယ်အဂါင်္တခု အဆုံးရှုံးခံရတယ်လို့ " ဟု အတွေးဝင်ခဲ့သည်။ ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိခဲ့သော အပြုအမူတရပ်---။

 
ယနေ့ ကိုယ်အဂါင်္အစိတ်အပိုင်းတွေကို လိုအပ်နေသူများအား ပေးလှူခြင်းမှာ ရှင်းပါ
သည်။ ကျောက်ကပ်မရှိသူကို ကျောက်ကပ်၊ သွေးလိုသူကိုသွေး စသည်စသည် ပေးအပ်ကြ
မှာ အကျိုးရှိသည်။ မြတ်စွာဘုရားမှာ ရင်သားလိုသလား--။ စကားအဖြစ်သာပြောလိုက်ရ၏။ 
လုံးဝမပြောသင့်၊ မကြံသင့်--။ ဘုရားနှင့် ရင်သား လားလားမှမဆိုင်၊ မအပ်စပ်ချေ--။ 
သည်ဇာတ်လမ်းကား သမ္ဖပ္ပလာပဝါစာအမျိုးအစားဖြစ်ပေ၏။ ဉာဏ်ရှိသူမှန်က ဆန့် ကျင်ရ
မည့် အကြောင်းအရာဖြစ်သည်။

ဓမ္မာစရိယဦးဌေးလှိုင်၏ "ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ" တွင်ရွှေတောင်ဆရာတော် ဦးတိက္ခိန္ဒြိယ
(၁၃၃၂- ၁၃ဝ၃) အကြောင်းဖတ်ရ၏။ ဆရာတော်သည် ရဟန်းဖြစ်ပြီးနောက် အိန္ဒိယမှာ ၃ နှစ်၊
သီဟိုဠ်မှာ ၅ နှစ် သီတင်းသုံးသည်။ သက်တော် ၂၈ နှစ်ခန့် ရှိလေပြီ။ ထိုအသက်အရွယ်တွင် ထူးထူးဆန်းဆန်းအရာတခုကို ဆရာတော်ပြုခဲ့လေ၏။ မူရင်းအရေးအသားကို ဖတ်ကြည့်လျှင် ဤသို့ မြင်တွေ့ ရ၏။

"အိန္ဒိယမှတဖန် သီဟိုဠ်သို့  ကြွရောက်လျက် သီဟိုဠ်၌ ငါးနှစ်သီတင်းသုံးတော်မူသည်။
သီဟိုဠ်၌ သီတင်းသုံးတော်မူစဉ် သီဟိုဠ်ဒက္ခိဏသာခါ ဗောဓိပင်၌ဘုရားဂုဏ်တော်ကို 
အာရုံပြုလျက် လွန်စွာကြည်ညိုလှသဖြင့် လက်ဝဲဘက်လက်ညှိုးကိုဖြတ်လျက် ဆီဆွတ်သော
အဝတ်ဖြင့်ရစ်ပတ်၍ ဒက္ခိဏသာခါဗောဓိပင်အား ဆီမီးပူဇော်သည်။"

            ရဟန်းတပါးသည် ကြည်ညိုသဒ္ဓါစွာဖြင့် လက်ညှိုးဖြတ်၊ ဆီမီးပူဇော်ခဲ့သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဆီမီးတိုင်သဖွယ်သဘောထားကာ စွန့် လွှတ်လှူဒါန်းခြင်းက 
ဖယောင်းတိုင်၊ အမွှေးတိုင်၊ ဆီမီးခွက်စသည်ကို လှူဒါန်းခြင်းထက် ပိုပြီး ကုသိုလ်ရပါသလား။
 
အသားစတတုံးကို မီးရှို့ သည့်အနံ့ အသက်သည် ပတ်ဝန်းကျင်ကို မည်မျှအနှောင့်အယှက်ပြု
သည်ကို စဉ်းစားကြည့်၏။ ညှော်နံ့ကြောင့် အခြားဘုရားဖူးများ၏ကျန်းမာရေးကို မည်မျှ
ထိခိုက်စေခဲ့သနည်း တွေးမိ၏။

သဒ္ဓါနှင့်ပညာကို အချိုးညီမျှစေလျှက် အယူအဆတရပ်သို့ ချဉ်းကပ်သင့်ကြောင်း ဗုဒ္ဓစာပေများ
တွင် ပြဆိုထား၏။ သဒ္ဓါလွန်ကဲသူဖြစ်စေ၊ပညာလွန်ကဲသူဖြစ်စေ အမှန်တရားကို မတွေ့ နိုင်ဘဲ လမ်းမှားသို့  ဦးတည်ဆိုက်ရောက်သွားသည်။ သဒ္ဓါလွန်ကဲသူ၏ယုံကြည်မှုသည် "မျက်ကန်း
ယုံကြည်မှု၊ အစွန်းရောက်ယုံကြည်မှု"ဖြစ်သွားသည်။ ပညာလွန်ကဲသူ၏ယုံကြည်မှုသည်
 "ကောက်ကျစ်စဉ်းလဲသောယုံကြည်မှု၊ ကျိုးကြောင်းဆင်ခြေအမျိုးမျိုးပြတတ်သည့် ဒဿန
ကဝေ" အခြေအနေသို့ ဆိုက်ရောက်တတ်သည်။

ရင်သားဖြတ်လှူမှု၊ လက်ညှိုးဖြတ်လှူမှု တို့ ကား သဒ္ဓါလွန်ကဲသောအပြုအမူတရပ်ဟု မြင်မိပါ
သည်။ ရင်သားဖြတ်လှူသူကတော့ ဘီလူးမဖြစ်သည့်အတွက် သူ့ စိတ်မှာအမှန်ဟုယူဆပြီး 
သည်လို လုပ်လိုက်သည်။ (လူမိန်းမသည်လည်း ဘီလူးမလိုမျိုး စဉ်းစားပြီး လုပ်ကောင်းလုပ်
နိုင်သည်။) လက်ခံသူက မလိုအပ်သောအစိတ်အပိုင်းဖြစ်ပါက အကျိုးမရှိ၊ ပေးသူမှာလည်း 
အစားထိုးမရသည့် အစိတ်အပိုင်းကို အကျိုးမဲ့ဖြုန်းတီးလိုက်သလို ဖြစ်ရသည်။

ရဟန်းတော်များအတွက် သီးခြားဆိုဖွယ်ရှိပါသည်။ ရွှေတောင်ဆရာတော်လို လက်ညှိုးဖြတ်၊ဆီ
ဆွတ်အဝတ်ဖြင့်ရစ်ပတ်ကာဆီမီးပူဇော်ခြင်းသော ရဟန်းတပါး၏အပြုအမူကို ဝိနည်းတော်အရ ဘယ်လိုပြောမည်နည်း---။

အမေး၊ အဖြေပုံစံဖြင့် ဆိုထားသည်ကို ကြည့်ပါဦး။
အမေး။ ဘုရားကိုကြည်ညို၍ လက်ညှိုးဖြတ်လှူသောရဟန်းအား အဘယ်အာပတ်သင့်ပါသ
နည်း။
အဖြေ။ ဘုရားကိုကြည်ညို၍ လက်ညှိုးဖြတ်လှူသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်သည်။
အထောက်အထား။ အညံ ပန ကဏၰနာသာအဂုၤလိအာဒိ ံ ယံကိဥၥိ ဆိႏၵႏ ၱႆ တာဒိသံ ဝါ ဒုကၡံ
ဥပ္ပါဒေန္တဿ ဒုက္ကဋံ။ (စူဠဝါအဋ္ဌကထာ။ ၄၆)
မြန်မာပြန်။ အင်္ဂါဇာတ်ကိုဖြတ်ခြင်းမှတပါး (အင်္ဂါဇာတ်ကိုဖြတ်က ထုလ္လစဉ်းအာပတ်) နား
နှာခေါင်း လက်ချောင်းအစရှိသော တခုခုသောကိုယ်အင်္ဂါကိုဖြတ်သောရဟန်းအားလည်း
ကောင်း၊ ထိုသို့ သောသဘောရှိသော ဆင်းရဲကိုဖြစ်စေသောရဟန်းအားလည်းကောင်း ဒုက္ကဋ်
အာပတ်သင့်၏။

ထိုအဋ္ဌကထာပါဌ်ကိုထောက်၍  ရဟန်းတို့ မှာ ဘုရားကိုကြည်ညို၍ လက်ညှိုးကိုဖြတ်၍လှူခြင်း
၌ ဒါနကုသိုလ်ကိုလို၍ အာဏာပညတ်ကိုမလွန်ကျူးအပ်၊ လွန်ကျူးမှုသီလကိုဖြတ်၍ ဒါနပြု
သောကြောင့် ရွှေနှင့်ငွေကို အလေးတူပြု၍ လဲသောသူကဲ့သို့ အကျိုးယုတ်သည်ဟု မှတ်လေ။

ဝိနယပုစ္ဆာဝိဿဇ္ဇနာကျမ်း (ထိမ်တောဆရာတော်)-စာမျက်နှာ ၆၃

ဝိနည်းအာဏာကိုလိုက်နာခြင်းမှာ ရွှေတန်ဖိုးနှင့်တူသည်။ လက်ညှိုးဖြတ်လှူခြင်းမှာ ငွေတန်ဖိုး
နှင့်တူသည်။ ရွှေတပိဿာနှင့်ငွေတပိဿာချင်း အလဲအလှယ်ပြုလျှင် ရွှေပိုင်ရှင်အကျိုးယုတ်
သကဲ့သို့  ဝိနည်းစည်းကမ်းကိုလိုက်နာသောရဟန်းအား လက်ညှိုးဖြတ်လှူခြင်းမှာလည်း
အကျိုးယုတ်သည်ဟု ဆိုလိုလေသည်။ ဆရာတော်ကြီးတပါး၏အပြုအမူဆိုကာ အတုမယူသင့်ပေရာ-----။

အမရဒီပ
၂-၆-၂ဝ၁၂

No comments: