Total Pageviews

Tuesday, February 18, 2014

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၆



ထိုနှစ်နှောင်းပိုင်းမှာ ဘုန်းကြီး၏သာသနာပြုလုပ်ငန်းတွင် အရေးပါဆုံးအစိတ်အပိုင်းတခုဖြစ်လာခဲ့သော 
လူတစု နှင့် ပထမအကြိမ် ထိတွေ့ ခွင့် ရခဲ့၏။ သူတို့ ကား မထိမတို့ ရသူများ (ခေါ်) ဇာတ်နိမ့် (ခေါ်) စဏ္ဍာလများ
ပေတည်း။

ဤဇာတ်နိမ့်အုပ်စုသည် အယူသီးတင်းကျပ် ခွဲခြားဆက်ဆံတတ်သော အိန္ဒိယ၏ဇာတ်စနစ်ဘောင်အတွင်း၌ အနိမ့်ကျဆုံးအောက်တန်းရောက်များ ဖြစ်၏။

ဇာတ်ခွဲခြားသည့်စနစ်သည် ဟိန္ဒူဘာသာကဲ့သို့ ပင် နှစ်ပေါင်း သုံးထောင်ထက်မက ကာလအဓွန့် ကြီးရင့်
ရှည်ကြာတည်ရှိခဲ့ပြီး ကြံ့ ကြံ့ ခံအင်အား ထုထည်ကောင်းဆဲလည်း ဖြစ်သည်။ လူသားတယောက်သည် ဖန်ဆင်းရှင်၏ အလိုဆန္ဒတော်အတိုင်း ဇာတ်မြင့်အစုမှာဖြစ်စေ၊ ဇာတ်နိမ့်အစုမှာဖြစ်စေ မွေးဖွားလာရသည် ဟု ဟိန္ဒူလူမျိုးတို့ ယုံကြည်ကြ၏။ ဇာတ်စနစ်တွင် အခြေခံအုပ်စု ၄ မျိုး ရှိပေသည်။

ဗြာဟ္မဏသည် ဇာတ်အမြင့်ဆုံးဖြစ်ပြီး ဗြဟ္မာ၏ ခံတွင်းတော်မှ ဖွားမြင်ခဲ့ကြသည်ဟု မှတ်ယူကြ၏။
 ဗြာဟ္မဏတို့ ၏ တာဝန်မှာ ဟိန္ဒူဘာသာရေးကျမ်းဂန်ဖြစ်သည့် ဝေဒကျမ်းစာများကို လေ့လာရန်၊ 
အခြား ဗြာဟ္မဏတို့ အား ပညာသင်ကြားပေးရန်၊ တရားဟောရန်၊ ဘာသာရေးကျမ်းစာရွတ်ဆိုပေးရန်၊ 
ဘုရင့်ထံ အမှုထမ်းပြီး တိုင်းပြည်အုပ်ချုပ်ရေးနည်းလမ်းကို ဘုရင်အားလမ်းညွှန်ပဲ့ပြင်ပေးရန်တို့ ဖြစ်ပေသည်။

ဒုတိယဇာတ်အမြင့်ဆုံးမှာ ခတ္တိယ (အုပ်ချုပ်သူ) တို့ ဖြစ်ပြီး ဗြဟ္မာ၏လက်မောင်းမှ ဖွားမြင်သည်ဟု မှတ်ယူကြ၏။ 
ခတ္တိယတို့ မှာ စစ်သားများ ၊ ဘုရင်များဖြစ်ကြ၏။ ဥပဒေဘောင်အတွင်း လက်နက်ကိုင်စွဲခွင့်ရကြပြီး နိုင်ငံကို 
ကာကွယ်ကြရ၏။

တတိယဇာတ်မှာ ဝေဿ ဖြစ်သည်။ ဝေဿတို့ ကို ဗြဟ္မာ၏ ဝမ်းဗိုက်မှ ဖွားမြင်သည်ဟု မှတ်ယူကြ၏။ ယင်းတို့ 
၏တာဝန်မှာ လူတို့ အား အစားအစာကျွေးမွေးရန်ဖြစ်သည်။  ဝေဿဇာတ်မျိုးတို့ သည် လယ်သမား၊ အရောင်းအဝယ်သမား၊ ကုန်သည်တို့ လို အစားစားသော အသက်မွေးဝမ်းကြောင်းများ လုပ်ကိုင်ကြသည်။ ဝေဿတို့ သည် ဘဏ်လုပ်ငန်းရှင်၊ ပွဲစား၊  ငွေချေးစားသူ၊ စီးပွားရေးသမားများအဖြစ်လည်း ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ကြ၏။

စတုတ္ထဇာတ်မှာ သုဒ္ဓ ဖြစ်သည်။ ဗြဟ္မာ၏ခြေဖဝါးမှဖွားမြင်သည်။ ဇာတ်မြင့်တို့ ၏အိမ်များမှာ သန့် ရှင်းရေးအလုပ် လို အောက်ခြေသိမ်းအလုပ်များ လုပ်ကိုင်ကြသည်။ ကြေး၊ ဒန်သတ္ထုအတိုအစအရောင်းအဝယ်လိုမျိုး အမှိုက်ကောက် 
အလုပ်ကို လုပ်ကိုင်ကြသည်။

မတို့ မထိရသူများ (စဏ္ဍာလများ) ခေါ် ဇာတ်နိမ့်အစုမှာ သုဒ္ဓဇာတ်အောက် နိမ့်ကျသေး၏။ စဏ္ဍာလများသည် ဇာတ်ရှိသူများဟုပင် သတ်မှတ်ယူဆခြင်းမပြုကြချေ။ သူတို့ သည် အိမ်စေအလုပ်ကို အမြင့်ဆုံးလုပ်ကိုင်ကြရ၏။
မိလ္လာကျူံးသမား (ပန်းမှိုက်သွန်) ၊ အမှိုက်ကျူံးသမား၊ လမ်းမပေါ်ရှိ တိရစ္ဆာန်အသေကောင်ကို ဖယ်ရှားသူ၊ မီးစာအတွက် နွားချေးကောက်သူတို့ လို ရွံရှာစက်ဆုပ်ဖွယ်အလုပ်မျိုးကို လုပ်ကိုင်ရ၏။

ဘုန်းကြီး အိန္ဒိယမှာ နေထိုင်စဉ်က မတို့ မထိရသူ (စဏ္ဍာလ)များကို ကျောင်းတက်ခွင့်၊ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်
ခွင့်၊ စားသောက်ဆိုင်ထိုင်ခွင့်၊ ပန်းခြံ ဥယျာဉ်သွားခွင့် မပြုကြချေ။ အကြောင်းမှာ သူတို့ သည် ဇာတ်မြင့်များကို “သန” စေသောကြောင့် ဖြစ်၏။

မတို့ မထိရသူ (စဏ္ဍာလ)များ လမ်းပေါ်ထွက်လာလျှင် သူတို့ လည်ပင်းမှာ ခေါင်းလောင်းချိတ်ကြရ၏။ အခြားသူများက သူတို့ လာသည်ကို အသံကြားပြီး လမ်းဖယ်နိုင်အောင် ဖြစ်၏။

မတို့ မထိရ (စဏ္ဍာလ)များသည် အများသုံးရေတွင်းမှာ ရေသောက်ခွင့်မရှိ။ သူတို့ အတွက် သောက်ရေကို ရေသွယ်မြောင်းကလေးများမှ ခပ်ယူရသည်။

အိန္ဒိယကို ဗြိတိသျှတို့ ကိုလိုနီပြုအုပ်ချုပ်ခဲ့စဉ်ကလည်း ဇာတ်စနစ်ကိုအကြောင်းပြု၍ ခွဲခြားဆက်ဆံနေမှုကို ဥပဒေထုတ်တားမြစ်ဖူးသည်။ ၁၉၄၇ ခုနှစ် အိန္ဒိယအခြေခံဥပဒေမှာလည်း ဇာတ်စနစ်ကို ဖျက်သိမ်းကြောင်း တရားဝင်ပြဋ္ဌာန်းသည်။ သို့ သော် ဘယ်လိုပင်ဖျက်သော်ငြားလည်း ဇာတ်စနစ်သည် ယနေ့ အထိ သက်ဆိုးရှည်
ဆဲ။

ဇာတ်ခွဲခြားမှု “ဇာတိဘေဒ” မှာ ဟိန္ဒူအယူဝါဒနှင့် ရောလိမ်ယှက်ထွေးလွန်းပြီး အခွင့်ထူး ခံစားနေသူများ က တိုးမပေါက်အောင် ကျောထောက်နောက်ခံပြုထားသည်။ ဇာတ်ခွဲခြားစနစ်ကို အမြစ်ဖြုတ်ရေးကား နည်းနည်း
ကလေးမျှပင် မဖြစ်ရေးချ မဖြစ်နိုင်ပါချေ။

ဇာတ်တူအချင်းချင်းလက်ထပ်မှုများကား မရှိတော့သလောက် ဖြစ်လာလေပြီ။ နိုင်ငံရေးသမားများက ဇာတ်စနစ်ကို 
သူတို့ ၏ ကိုယ်ကျိုးအတွက် အသုံးချနေဆဲ ဖြစ်၏။

အိန္ဒိယ၏ဇာတ်စနစ်သည် ဘုန်းကြီးမျက်မြင်ကိုယ်တွေ့ ဖြစ်သည့် အမေရိကန်ပြည်ထောင်စုရှိ လူမျိုးရေးခွဲခြား 
ဆက်ဆံမှုပုံစံနှင့် ချွတ်စွပ်နီးပါးပင် တူညီနေ၏။ အမေရိကန်နိုင်ငံတွင် လူမျိုးရေးခွဲခြားဆက်ဆံခြင်းသည် 
ဥပဒေ ကြောင်းအရ ဥပဒေကို ချိုးဖောက်သောလုပ်ရပ်ဖြစ်သော်လည်း “ပါးပါးလေး” နှင့် ဆက်သွားနေဆဲဖြစ်၏။ 
ယင်းကို တရားစွဲ ၊ အရေးယူလုပ်ဖို့ လည်း ခက်ခဲပါသည်။

မြတ်ဗုဒ္ဓသည်လည်း ဇာတ်၊ လူမျိုးခွဲခြားသည့်လုပ်ရပ်ကို ကန့် ကွက်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုတော်မူခဲ့
၏။ ဓမ္မပဒကျမ်းရှိ ဒေသနာတော်မှာ မှတ်သားဖွယ်အကောင်းဆုံးဖြစ်ပါ၏။

-“ဆံကျစ်ထုံးသောအားဖြင့် ဗြာဟ္မဏမဖြစ်၊ အနွယ်အားဖြင့် ဗြာဟ္မဏမဖြစ်၊ အမျိုးဇာတ်အားဖြင့် ဗြာဟ္မဏမဖြစ်၊
သစ္စာသိမြင်, မဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူကသာ စင်ကြယ်သူလည်းမည်၏၊ ဗြာဟ္မဏလည်းမည်၏။”

-“ပညာမရှိသော ရသေ့ ! ! ဆံကျစ်တို့ ဖြင့် သင့်မှာ အဘယ်အကျိုးရှိအံ့နည်း ?၊
သစ်နက်ရေအဝတ်ဖြင့် သင့်မှာ အဘယ်အကျိုးရှိအံ့နည်း ? ၊ သင့်၏ကိုယ်တွင်းသည် ကိလေသာတောအုပ်ဖြင့်
 ထွေးရှုပ်နေ၏၊ အပြင်အပမျှသာ စင်ကြယ်ပါ၏။”

-“ပုဏ္ဏားမျိုး၌ဖြစ်၍ ၊ ပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေတည်နေ မွေးဖွားလာသော ပုဏ္ဏားကို ဗြာဟ္မဏ ဟု ငါဘုရား မခေါ်ပေ။ ယင်းသို့ မျိုးရိုးစွဲကာဖြစ်ပေါ်လာသော ပုဏ္ဏားသည် ရာဂစသော ကြောင့်ကြမှုရှိနေခဲ့ပါလျှင် ဘောဘော ဟု ခေါ်လေ့ရှိသော ပုဏ္ဏားသာ ဖြစ်၏၊ ရာဂစသော ကြောင့်ကြမှုမရှိသည့်အပြင် စွဲလမ်းမှုလည်း မရှိသူကိုသာ မကောင်းမှုများ ပယ်စွန့် ထား၍ တရားပြည့်ဝ ဗြာဟ္မဏ ဟု ငါခေါ်တော်မူသည်။ “

(ဓမ္မပဒကျမ်း၊ ဂါထာအမှတ် ၃၉၃၊ ၃၉၄၊ ၃၉၆။)





တဖန် ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်တွင်လည်း ဇာတ်နိမ့် (ဝသလ=ယုတ်မာသူ) ဟူသော စကားလုံး၏ ဖွင့်ဆိုရှင်းလင်းချက်ကို ဗုဒ္ဓက မိန့် တော်မူပြန်၏။

“မွေးဖွားခြင်းအားဖြင့် ဇာတ်နိမ့်သူ မဖြစ်။
မွေးဖွားခြင်းအားဖြင့် ဇာတ်မြင့်သူမဖြစ်။
အကျင့်အားဖြင့်သာ ဇာတ်နိမ့်သူဖြစ်၏။
အကျင့်အားဖြင့်သာ ဇာတ်မြင့်သူ ဖြစ်၏။”

အခြားတနည်းဖြင့် စကားဆိုရပါလျှင် --- အကျင့် နှင့် တွယ်တာတပ်မက်မှုအပေါ် မူတည်၍ ဇာတ်မြင့်သူ ဗြာဟ္မဏသည် မတို့ မထိရသူ (စဏ္ဍာလ) တဦးဖြစ်နိုင်သလို ၊ မတို့ မထိရ (စဏ္ဍာလ) တဦးသည်လည်း ဇာတ်မြင့် ဗြာဟ္မဏတဦး
 ဖြစ်လာနိုင်ပေသည်။
လူသားတို့ ၏ ဘဝအဆင့်အတန်း (သို့ မဟုတ်) ဇာတ်နိမ့်ဇာတ်မြင့်စနစ်ကို ဆုံးဖြတ်သောပေတံသည်
မွေးဖွားခြင်းမဟုတ်၊ ဘဝတလျှောက်လုံး လူသားတို့ ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သော အရာသာ ဖြစ်ပါ၏။
ဤအတွေးအခေါ်သည်ပင်လျှင် ဟိန္ဒူအယူဝါဒနှင့် မတူကွဲပြားသော မူလဘူတ ဗုဒ္ဓဒဿနများအနက်မှ
အခြေခံ တချက်ဖြစ်ပါ၏။
==================================
အမရဒီပ
ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၄  

Monday, February 17, 2014

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် -၃၅



ဗာရာဏသီကို ရောက်လျင်ရောက်ချင်း တက္ကသိုလ်အနီးမှာ နေထိုင်စရာ ရှာဖွေရသည်။ 
တက္ကသိုလ်ဝန်းအတွင်း လှည့်ကြည့်နေစဉ် ရဟန်းတော်တပါးနှင့် ကံကောင်းထောက်မစွာ တွေ့ ဆုံရသည်။ စတွေ့ ရုံသာရှိသေးသော်လည်း ထိုရဟန်းတော်က သူနှင့်အတူနေနိုင်ကြောင်း ဘုန်းကြီးကို ပြောသည်။ 
တိုက်တိုက်ဆိုင်ဆိုင် ၊ သူ၏ဘွဲ့ အမည်တော်သည်လည်း ဘုန်းကြီး၏ဘွဲ့ အမည်နှင့် အတူတူ “ဂုဏရတန” ဖြစ်သည်။ 
သူ့ မှာ ဘုန်းကြီးအတွက် အဖိုးတန်ပစ္စည်းဟု ဆိုနိုင်သည့် ပါဠိပြဋ္ဌာန်းစာအုပ်တွေလည်း ရှိလိုက်သေးသည်။  ထိုစာအုပ်ကို ဘုန်းကြီးတို့ သည် နေ့ ပေါင်းများစွာ အတူဖတ်ခဲ့ကြသည်။ ကိုယ့်ကံကိုတောင် မယုံနိုင်တော့ပြီ။

ဝင်ခွင့်စာမေးပွဲမစခင် ၂ ရက်အလိုဘုန်းကြီး၏မိတ်ဆွေကသူအခြားတနေရာသို့ ပြောင်းရွှေ့ နေတော့မည်ဟု
 ကောက်ကာငင်ကာ ပြောလာသည်။ “အခန်းဖော်”အဖြစ်နေခဲ့သော အချိန်တိုကလေး ပြီးဆုံးသွားတော့သည်။ 
ဘုန်းကြီးမှာ သွားနေစရာမရှိတော့ပါ။

စိတ်ပျက်လက်ပျက်နှင့် မဟာဗောဓိအသင်း ဗာရာဏသီရုံးသို့ ဘုန်းကြီးရောက်သွားသည်။ 
ယင်းရုံးမှာရှိသည့် ရဟန်းတော်က တက္ကသိုလ်အနီးရှိ မြန်မာဘုန်းတော်ကြီးကျောင်းမှာ အခန်းတခန်းရအောင် 
လိုလိုလားလား ရှာပေးခဲ့သည်။ မြန်မာဘုန်းတော်ကြီးကျောင်းမှ တက္ကသိုလ်စာမေးပွဲခန်းသို့  အချိန်တိုအတွင်း လမ်းလျှောက် ရောက်သွားနိုင်သည်။

စာမေးပွဲတွင် ဟိန္ဒီ၊ သက္ကတ၊ ပါဠိဘာသာ (စာပေ) ၊ အိန္ဒိယသမိုင်း၊ ဟိန္ဒူကိုးကွယ်မှု တို့ ကို ဖြေဆိုရသည်။
 ဝိဇ္ဇာလင်္ကာရ ရဟန်းစာသင်တိုက်မှာနေစဉ် သင်ခန်းစာများတွင် လေ့လာခဲ့ရသောကြောင့် ဟိန္ဒူဘာသာကိုးကွယ်
မှုအကြောင်း ဘုန်းကြီး အထိအတွေ့ ရှိဖူးရာ ကံကောင်းလေစွ။

စာမေးပွဲကို တရက်ခြား ဖြေဆိုရသည်။ ပါဠိဘာသာစာမေးပွဲမတိုင်ခင်ရက်က မိတ်ဆွေရဟန်းတော် အရှင်ဂုဏရ
တနနှင့် တွေ့ သည်။ သူ၏ပါဠိပြဋ္ဌာန်းစာအုပ်ကို နာရီပိုင်းလောက်ငှါးပါဟု အကူအညီတောင်းကြည့်သည်။
“၅ ပါးသီလသိတယ်မဟုတ်လား၊ ၈ ပါးသီလကော… ပြီးတော့ ၁ဝ ပါးသီလ ။ ဒါတွေသိထားပြီးရင် ရပြီလေ။
ဒါတွေပဲ သူတို့ မေးခွန်းထုတ်ကြမှာလေ။ ထားပါတော့လေ။ ပါဠိပြဋ္ဌာန်းစာအုပ်က ကိုယ့်ဆီမရှိတော့ဘူးပဲ”
သူက ပြောသည်။

စာမေးပွဲမဖြေခင် နာရီပိုင်းသာ လိုတော့သည့်အချိန်မှာ ပါဠိပြဋ္ဌာန်းစာအုပ်ကို သေရေးရှင်ရေးတမျှ လိုအပ်လာ၏။   
သို့ နှင့် ဆရာတော်အရှင်သဒ္ဓါတိဿထံသို့ သွားရောက်အကူအညီတောင်းရတော့သည်။ ဆရာတော်က ဘုန်းကြီး
ကို ပါဠိပြဋ္ဌာန်းစာအုပ်ပေးသည်။ စာအုပ်ကို လှမ်းပေးရင်းလည်း ဆရာတော်က ပြောလိုက်သေး၏။
“ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဂုဏရတန နောက်တပါးကို ဒီစာအုပ်မိတ္တူ ငှါးလိုက်သေးတယ်။ သူ့ ဆီကလည်း 
နာရီပိုင်းလောက်တော့ ငါရှင့် ငှါးကြည့်နိုင်ပါတယ်”

တညလုံး ပါဠိစာအုပ်ကို ဘုန်းကြီးဖတ်မှတ်သည်။ နောက်မနေ့  စာမေးပွဲခန်းအတွင်းသို့ စာဖြေသူအားလုံးဝင်ကြ
သောာအခါ အခန်းကြီးကြပ်သူများက အိတ်များကို ခန်းမကြီးအဝင်လမ်းရှိ စားပွဲတခုအပေါ် စုထားကြဖို့  ပြောပါ၏
။ ဘုန်းကြီးကပင် စတင်ပြီး တံခါးပေါက်သို့ ပြန်လှည့်ထွက်သောအခါ ဂုဏရတနက သူ၏အိတ်ကို ဘုန်းကြီးလက်
ထဲသို့ အတင်းထိုးပေးပြီး အခြားအိတ်များနှင့်အတူ စားပွဲပေါ်တင်ထားခိုင်းလေ၏။

မည်သို့ ပင်ဖြစ်စေ ၊ အခန်းအဝင်လမ်းဖက်ပြန်လှည့်ရင်း ဘုန်းကြီးသည် ဂုဏရတန၏အိတ်ကို အသာကလေး
လှစ်ကြည့်မိ၏။ ထင်သည့်အတိုင်းပင်။ မရှိတော့ဘူးဟု သူပြောခဲ့သည့် ပါဠိပြဋ္ဌာန်းစာအုပ်သည် အိတ်ထဲမှာ ရှိ
နေ၏။ ဤအကြိမ်သည် ရဟန်းတော်များ ကိုယ်ကျင့်တရားချိုးဖောက်သည်ကို ဘုန်းကြီးတွေ့ ရသော ပထမအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါချေ။  ဤသို့ ကြုံရတိုင်း ဘုန်းကြီး 
စိတ်မကောင်း ဖြစ်မိသည်။ ရဟန်းဟူသည် လူဝတ်ကြောင်များအတွက်  ကိုယ်ကျင့်တရားအရာ
 စံပြပုဂ္ဂိုလ်ဖြစ်ကိုဖြစ်ရမည်။  လူဝတ်ကြောင်များက ရဟန်းတော်များကို ယုံကြည်ကြသည်။ ရဟန်းတော်များသည် လူဝတ်ကြောင်များအား သီလပေးကြသည်။ ရဟန်းတော်များဖြစ်သည့် ဘုန်းကြီးတို့ ကိုယ်တိုင်က ကိုယ်ကျင့်သီလကို မလိုက်နာလျှင်  ဘုန်းကြီးတို့ သည် ကြောင်သူတော်၊ သီလကြောင်များ ဖြစ်ရာ၏။

ရဟန်းတပါးလိမ်ညာကြောင်း ပေါ်ပေါက်လျှင် သံဃာအပေါ် လူထု၏ယုံကြည်မှုသည် ပျက်စီးလေရာ၏။
“ဘုန်းကြီးရဟန်းဆိုရင် အားလုံးလူညာကြီးတွေပဲ” ဟု ဝါးလုံးရှည်နှင့်သိမ်းရိုက်ကြပေတော့မည်။ သို့ ပေရာ
 ရိုးဖြောင့်သော ရဟန်းတို့ သည် ယုံကြည်မှုနှင့် ရိုသေလေးစားမှုတို့ ကို ရယူထားနိုင်ရန် အားသွန်ခွန်စိုက်
 ကြိုးပမ်းကြရာ၏။

လိမ်ညာပြောတတ်သူတဦးဦးကိုမြင်တွေ့ တိုင်း ဘုန်းကြီးစိတ်မကောင်း ဖြစ်မိပါ၏။ လိမ်ညာခြင်းသည်
 ဒုစရိုက်အမှုဖြစ် ကြောင်း ဘုန်းကြီး သိမြင်သောကြောင့်ဖြစ်၏။ စာတွေ့ မဟုတ်သော ငါတွေ့ ၊ 
ကိုယ်တိုင်တွေ့  ဖြစ်၏။ ဘုန်းကြီး ငယ်ငယ်က လိမ်တတ်ညာတတ်သည်။ လိမ်တာညာတာကို
 ဖုံးကွယ်နိုင်အောင် ဘာမဆိုလုပ်ရတတ်သည်။ မီးခိုးမဆုံး မိုးမဆုံးသော လိမ်စဉ်စကားများကို
 ပြောဆိုခဲ့၏။ အလိမ်အညာပြည့်လျှံနေပြီး နောင်တ တဖန်ပူပန်နေခဲ့ရသည်။

မိမိကိုယ်မိမိ သီလကြောင်သူ၊ မရိုးသားသူမှာ ကိုယ်စိတ်ပင်ပန်းဆင်းရဲရကြောင်းသိသူဖြစ်အောင် အချိန်အတော်
ကြာမြင့်ခဲ့သည်။ ရဟန်းဘဝသို့ မရောက်မီအထိ ဖြစ်ပါလိမ့်မည်။ နောက်ဆုံးတွင် ဓမ္မပဒကျမ်းလာ ဗုဒ္ဓ၏
 မုသာဆိုခြင်း ဆိုင်ရာဒေသနာတော်တခုကို သဘောပေါက်သွားခဲ့ပါသည်။

“တဦးတယောက်သောသူသည်  မှန်ကန်စွာပြောဆိုမှုတရားတခုကို ကျော်နင်းလွန်ကျူး၍ မမှန်မကန် ပြောဆို
တတ်၏။ နောက်ဘဝအတွက် လုံးဝထည့်မတွက်ဘဲ ကျောခိုင်းစွန့် လွှတ်ထား၏။ ထိုသူမျိုးအတွက် မလုပ်ရဲ
သော အကုသိုလ်မည်သည် မရှိနိုင်တော့ချေ။”
 (ဓမ္မပဒကျမ်း၊ ဂါထာအမှတ် ၁၇၆။)

အမရဒီပ
ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၄