Total Pageviews
Thursday, August 29, 2013
The Eastern Frontier of British India 1784- 1826 By A.C. Banerjee
The Eastern Frontier of British India-1784-1826 by Veeramani Mani
မြန်မာ့သမိုင်း ၊ ရခိုင်သမိုင်းလေ့လာသူများအတွက် အထူးရည်ရွယ်ပါသည်။
Saturday, August 17, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၅
နောက်တနေ့ …. ဇွန်လ ၂၅ ရက်တွင် ကန္ဒီမြို့ သို့  ဘုန်းကြီးတို့ သွားကြသည်။ ရဟန်းခံပွဲကို သျှာမနိကာယဌာန
ချုပ်မဟာသိမ်တော်ကြီး၌ကျင်းပပြုလုပ်မည်ဖြစ်သည်။ ထိုနေ့ တွင် ဘုန်းကြီးအပါအဝင်ရဟန်းလောင်း ၂၆ ယောက်ကို ရဟန်းခံရန် စီးစဉ်ထားသည်။
ဘုန်းကြီး၏ဆွေမျိုးမိတ်ဆွေများနှင့် သဒ္ဓါကြည်လင်စေတနာရှင်များတို့ သည် သိမ်တော်အတွင်းရောက်နေနှင့်ကြ
ပြီးဖြစ်သည်။
ဘုန်းကြီးစိုးရိမ်သည့်အတိုင်း အရှင်သုမနတိဿသည် ဤပွဲကို အသာတကြည် "လွှတ်ပေး" လိမ့်မည်မဟုတ်ချေ။
သူသည်မလံဒေနီယရွာကျောင်းထိုင်ဆရာတော်ဖြစ်သောကြောင့် ဘုန်းကြီး၏ရဟန်းခံပွဲကို ကန့် ကွက်ကြောင်း တရားဝင်စောဒနာလွှာတစောင် တင်သွင်းလာသည်။ ထိုစောဒနာလွှာအရ ဘုန်းကြီး၏ဆရာအရှင်သောဏုတ္တရ
သည် ရဟန်းပွဲမှတ်တမ်းလွှာတွင် သူ၏အမည်ကို "ကျောင်းထိုင်ဆရာတော်အဖြစ် "လက်မှတ်ထိုးပိုင်ခွင့်မရှိ၊ အရှင်သောဏုတ္တရအနေဖြင့် "ကျောင်းနေရဟန်း"အဖြစ်သာ လက်မှတ်ထိုးပိုင်ခွင့်ရှိကြောင်း ဆရာတော်အရှင် သုမနတိဿက တဖက်သတ်တင်ပြလာသည်။
ဘုန်းကြီး၏ဆရာတော်အရှင်သောဏုတ္တရသည် စာပေကျမ်းဂန်မတတ်ကျွမ်းသူဖြစ်ပြီး စကားပြောဆိုရာတွင်
လည်း လိမ္မာပါးနပ်သူမဟုတ်ပြန်ချေ။ သူ့ ထက်သိက္ခာဝါကြီးသူရဟန်းများကို အတိုက်အခံဆန့် ကျင်ဘက် မလုပ်ဝံ့ချေ။ ထို့ ထက်အရေးကြီးသည်ကား ဤအငြင်းပွားမှုကြောင့် ဘုန်းကြီ၏ရဟန်းခံပွဲအခွင့်အရေး
မပျက်စီး စေလိုခြင်းပင် ဖြစ်သည်။
ကိုယ့်ဆရာကို စော်ကားသောကြောင့်လည်းကောင်း၊ ဘုန်းကြီးဘဝမှာအရေးအကြီးဆုံးရက်ကို ဖျက်ဆီးရန် ကြိုးစားမှုကြောင့်လည်းကောင်း အရှင်သုမနတိဿကို ဘုန်းကြီးဒေါသထွက်ခဲ့သည်။
စိတ်ပျက်ဖွယ်လိလိဖြစ်ရပ်တခုလုံး၏ရင်းမြစ်မှာ "နိုင်ငံရေး"ဖြစ်ကြောင်း ဘုန်းကြီး နားလည်သိမြင်လာသည်။
သို့ ဖြစ်စေကာမူ ထိုကိစ္စနှင့်စပ်လျဉ်း၍ ဘုန်းကြီးလုပ်နိုင်စွမ်းသော အရေးအရာကား လုံးဝမရှိ နတ္ထိ…။
ဘုန်းကြီး၏ဆရာတော်သည် သူ့ အမည်ဘေးတွင် "ကျောင်းနေရဟန်း"ဟူသော စကားလုံးဖြင့် အရှင်သုမနတိဿ တောင်းဆိုချက်အတိုင်း အငြင်းအခုံလုပ်မနေတော့ဘဲ ရဟန်းခံမှတ်တမ်းလွှာပုံစံတွင် လက်မှတ်ထိုးပေးလိုက်လေ၏။
                                                            +++++++++++  
အခမ်းအနားမစမီ နာရီအနည်းငယ်ကြိုတင်ပြီး ဆရာတော်နှစ်ပါးက ဘုန်းကြီးကို အဖြူရောင်ဝတ်စုံ ဆင်မြန်းပေး
သည်။ ဦးခေါင်းတွင်လည်း သရဖူလို ခေါင်းဆောင်းတခု ဆောင်းစေသည်။
ရဟန်းလောင်း၏ ဆွေမျိုးများ၊ ထောက်ပံ့သူများမှာ ပြည့်စုံကြွယ်ဝသူဖြစ်ကြလျှင် ကြီးကျယ်ခမ်းနားမှုနှင့် အဆင့်အတန်းသင်္ကေတပုံဆောင် ဆင်ယာဉ်စီးနိုင်သည်။ ဆင်နောက်မှာ စည်တော်၊ ခရုသင်း နှဲပုလွေတီးဝိုင်း၊ ကပြသူများ၊ လူရာဂဏန်းလောက် လိုက်ပါတတ်သည်။ ဘုန်းကြီး၏မိသားစုမှာ ဆင်းရဲနွမ်းပါးသောကြောင့် အခမ်းအနားမှာ သာမန်မျှသာ ဖြစ်သည်။
ဘုန်းကြီးကို အဝတ်အစားဆင်မြန်းပေးနေခိုက် ဘုန်းကြီး၏အမျိုးများနှင့် ဆရာများသည် ရဟန်းခံရာတွင်ပါဝင်ကြ
မည့် ကာရကသံဃာတော်များအတွက် လှူဖွယ်ဝတ္ထုပစ္စည်းလင်ဗန်းများ ပြင်ဆင်ကြရသည်။ လင်ဗန်းတိုင်းမှာ ကွမ်းယာနှင့်ကွမ်းသီး၊ ဆေးရွက်ကြီး၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာတောင့်၊ သွားတိုက်ဆေး၊ ဒန်ပူ (သစ်သားချောင်း
သွားပွတ်တန်) နှင့် မုန့် သေတ္တာဗူးတို့  ပါဝင်ကြသည်။
ရဟန်းခံပွဲသို့ ထိပ်တန်းသံဃာတော် အပါး နှစ်ဆယ်တက်ရောက်သည်။ သျှာမနိကာယဂိုဏ်းချုပ်ဆရာတော်ကြီး၊ ဒုတိယဂိုဏ်းချုပ်နှစ်ပါး၊ အတွင်းရေးမှုးဆရာတော်နှင့် အခြားဆရာတော် တဆဲ့ခြောက်ပါးတို့ ဖြစ်ကြ၏။ ရဟန်းလောင်းသည် ထိုဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ ကျောင်းငယ်များသို့ ဝါစဉ်ကြီးငယ်အလိုက် သွားရောက်ကန်တော့ကြရသည်။ လှူဖွယ်ပစ္စည်းတင်ထားသည့် လင်ဗန်းကိုလည်း လှူဒါန်းသည်။ ဤအခမ်းအနားမှာ တနာရီခန့် ကြာသည်။
အမရဒီပ
သြဂုတ်လ ၁၇၊ ၂ဝ၁၃
Wednesday, August 14, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၄
အခန်း ၆၊ ရဟန်းဖြစ်ခြင်း
သီရိလင်္ကာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓသာသနာတော်တွင် အဓိကဂိုဏ်းကြီး ၃ ရပ်ရှိသည်။ သက်တမ်းအကြာမြင့်ဆုံးနှင့် အင်အားအများဆုံးမှာ "သျှာမနိကာယ" (သျှမ်းဂိုဏ်း)ဖြစ်သည်။ ဘုန်းကြီးက ဤဂိုဏ်းဝင်ဖြစ်သည်။ ဤဂိုဏ်း
သည် ဘုန်းကြီးကျောင်းအရေအတွက်နှင့် ရဟန်းသံဃာအရေအတွက် အခြားဂိုဏ်းထက် ပိုများသည်။
 နိုင်ငံ၏ ရှေးအကျဆုံးကျောင်းတိုက်များသည်လည်း ဤဂိုဏ်းအတွင်းမှာ အများဆုံးရှိသည်။
"သျှာမနိကာယ" အမည်ရပုံကား ဤသို့ ဖြစ်၏…..။
အတိတ်ကာလတုန်းက စီလုံကျွန်းကို နယ်ချဲ့ ဗြိတိသျှတို့ အုပ်ချုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဒတ်ခ်ျ နှင့် ပေါ်တူဂီသာသနာပြုအဖွဲ့ များကြောင့်လည်းကောင်း ရဟန်းသံဃာအရေအတွက် တဖြည်းဖြည်း လျော့ပါးကျဆင်းခဲ့ရလေသည်။
ရှင်သာမဏေအရေအတွက် တိုးတက်များပြားလာသည်။သို့ သော် ၂၂၇ သွယ်သိက္ခာပုဒ်ကိုထိန်းသိမ်းပြီး သာမဏေများကိုရဟန်းဖြစ်အောင် ဥပသမ္ပဒကံဆောင်ပေးနိုင်သူ ရဟန်းတော်တပါးတလေမျှ သီရိလင်္ကာတခွင် မကျန်ရစ်တော့ချေ။
ဆင်ဟာလီစ်လူမျိုးရှင်သာမဏေတပါးသည် (ပါဠိဘာသာဖြင့် သျှာမ) "ထိုင်းလန်း" ဟုယခုခေါ်တွင်သည့် "ဆီယမ်"သို့ ရဟန်းခံရန် ထွက်ခွါသွားခဲ့ရသည်။ ယင်းနောက် သူသည် စီလုံကျွန်းသို့ ပြန်ကြွလာသည်။ ၁၇၅၃ ခုနှစ်တွင် ရဟန်းအစုအဖွဲ့ ကို ပြန်လည်အခြေချပေးခဲ့သည်။
စီလုံကျွန်းတွင် "ဂေါယီဂါမ"ဟုခေါ်သည့် ဇာတ်မြင့်မိသားစုဝင်များကိုသာ သျှာမနိကာယအတွင်း ရဟန်းခံခွင့်ပြု
ထားသည်။ ဘုန်းကြီး၏မိသားစုသည် ဆင်းရဲနွမ်းပါးသော်လည်း ဂေါယီဂါမဇာတ်မြင့်အနွယ်ဝင်များ ဖြစ်ကြသည်။
စီလုံကျွန်းတွင် ဇာတ်အဆင့်အတန်းသည် ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ  မျိုးရိုးစဉ်ဆက်အပေါ်မှာသာ အခြေခံသည်။
နှစ်ပေါင်းများကြာပြီးနောက်တွင် ဂေါယီဂါမဇာတ်ဝင်မဟုတ်သူ ရှင်သာမဏေတစုသည် မြန်မာနိုင်ငံ၊ အမရပူရမြို့ 
တော်သို့ သွားရောက်ကာ ရဟန်းခံကြသည်။ ထိုအစုအဖွဲ့ စီလုံကျွန်းသို့ ပြန်လည်ရောက်လာသောအခါ ၁၈ဝဝ ပြည့်နှစ်တွင် "အမရပူရနိကာယ"ကို ထူထောင်လိုက်ကြသည်။
မြန်မာနိုင်ငံ၊ ရာမညဒိစတြိက်သို့ သွားရောက်ခဲ့ကြသော ရဟန်းတော်များက ၁၈၁ဝ ခုနှစ်တွင် တည်ထောင်လိုက်
သော တတိယမြောက်ဂိုဏ်းမှာ "ရာမညနိကာယ" ဖြစ်လာသည်။ 
မူလကနဦးက ဂိုဏ်းများအကြားတွင် အားပြိုင်မှုအကြီးအကျယ်ရှိခဲ့သည်။ ဂိုဏ်းတခုစီက အခြားဂိုဏ်းများသည် ဝိနည်းစည်းကမ်းကို ပြန်ဆိုယူဆကြရာတွင် လောက်လောက်လားလား တိကျမှုမရှိဟု ယူဆခဲ့ကြသည်။ ဥပမာ-
သျှာမနိကာယဝင်ရဟန်းတို့ သည် ဦးခေါင်းဆံပင်ရိတ်သလို မျက်ခုံးမွှေးလည်း ရိတ်ပယ်ကြသည်။ အခြားနိကာယ
ဝင်ရဟန်းတို့ ကမူ မျက်ခုံးမွှေးမရိတ်ကြပေ။
အခြားတဖက်တွင် သျှာမနိကာယဝင် ရဟန်းတို့ သည် ကျောင်းတိုက်ပြင်ပသို့ သွားလာကြလျှင် သင်္ကန်းမရုံဘဲ သင်္ကန်းကို ပခုံးတဖက်ဖော်ဝတ်ကာသာ သွားလာကြသည်။ အခြားဂိုဏ်းဝင် ရဟန်းတော်များသည် ပခုံး
နှစ်ဖက်လုံး လုံခြုံစေလျက် သင်္ကန်းရုံကာ သွားလာကြသည်။
ဘုန်းကြီး၏ဆရာရင်း ဆရာတော်အရှင်သောဏုတ္တရသည် သျှာမနိကာယဝင်ရဟန်းတပါးဖြစ်သည်။ သူ၏ဆရာ
တော်မှာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘဒန္တ ဖဟမုနေသုမင်္ဂလ၏ တပည့်ကြီးတပါးဖြစ်သည်။
အရှင်သောဏုတ္တရ အသက် ၂၅ နှစ်အရွယ် ၁၉၁၁ ခုနှစ်တွင် သူ၏ဆရာတော်က မလံဒေနီယရွာတွင်
 ကျောင်းသစ်ဖွင့်ရန် စေလွှတ်လိုက်သည်။ မမျှော်လင့်ဘဲ ရွာနီးစပ်ချင်း ကေဘိလိတီဂေါဓရွာကျောင်းထိုင်နှင့်
 ပြဿနာတက်သည်။ အရှင်သောဏုတ္တရ မလံဒေနီယရွာသို့ မရောက်ခင် ဆယ်နှစ်လောက်စောပြီး ကေဘိလိတီ
ဂေါဓရွာကျောင်း တည်ထားနှင့်ပြီးဖြစ်သည်။ ထိုသို့ ပင်ဖြစ်စေကာမူ ကေဘိလိတီဂေါဓရွာ ဆရာတော်သည် ဆရာတော်အရှင်သောဏုတ္တရကို မနာလိုဖြစ်ကာ ကျောင်းသစ်၏ပစ္စည်းပိုင်ဆိုင်ခွင့်ကို တရားတဘောင်စွဲဆိုရင်
ဆိုင်ခြင်း ပြုလုပ်လာခဲ့သည်။
ယင်း၏အကျိုးဆက်အဖြစ် ဘုန်းကြီး၏ဆရာတော်သည် ကေဘိလိတီဂေါဓရွာဆရာတော်၏ လက်အောက်ခံဖြစ်
သွားပြီး အရိုအသေပြုရန် နေ့ စဉ်သွားနေရသည်။
အတိုချုပ်လိုက်လျှင် ကေဘိလိတီဂေါဓရွာဆရာတော်ဟူသည် ဘုန်းကြီးအသက် ၁၃ နှစ်သားအရွယ် ရှင်ပြုစဉ်က ဥပဇ္ဈယ်ပေးသော ဆရာတော် အရှင်သုမနတိဿ ဖြစ်သည်။ ထိုအချိန်က သူသည် ဘုန်းကြီးကို သူ့ "တပည့်
လက်သား" အဖြစ်တောင်းဆိုခဲ့သည်။ သို့ သော် သူတောင်းဆိုတိုင်း မရရှိခဲ့ချေ။ ဤနေရာတွင် ဘုန်းကြီးသည် သီးခြားအပေးအယူလုပ်ခြင်းခံထားရသူ ကိုရင်တပါးဖြစ်မည်မဟုတ်ဟု ယူဆပါသည်။
ဘုန်းကြီးကျောင်း ၂ ကျောင်းအကြားတွင် ရန်ငြိုးအာဃာတဖွဲ့ မှု တအုံနွေးနွေးဖြစ်နေခဲ့သည်မှာ နှစ်ပရိစ္ဆေဒ များစွာကြာမြင့်ခဲ့ပြီ။ ဘုန်းကြီးရဟန်းခံမည့် ၁၉၄၇ ခုနှစ်ရောက်သောအခါ ဘုန်းကြီးကိုယ်တိုင်ပင် အငြင်းပွားမှု
ပြဿနာတုံးကြီးကို တရှိန်ထိုး တိုးတိုက်မိပါတော့သည်။
ထုံးတမ်းစဉ်လာအရ ကိုရင်တပါး ရဟန်းခံခါနီးလျှင် ရဟန်းခံအခမ်းအနားအကြောင်းကြေညာချက်ကို မိတ်ဆွေများ၊ဆွေမျိုးဉာတိများ၊ကျောင်းကပ္ပိယများနှင့် ကိုရင်နေထိုင်ခဲ့ရာ အခြားကျောင်းတိုက်များသို့ 
ဝေငှလေ့ရှိသည်။ ယင်းကြေညာချက်ကို ဈေးနှုန်းချိုသာသည့် စာရွက်များဖြင့် ပုံနှိပ်ပြီး စာတိုက်မှဖြစ်စေ၊ လက်ဆင့်ကမ်း၍ဖြစ်စေ ဖြန့် ဝေကြသည်။
စာသင်တိုက်ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးအတွက်ကြေညာချက်တစောင် ရေးပေးသည်။ ထုံးစံအရ ထိုကြေညာချက်ကို ဘုန်းကြီး၏ဆရာတော်ထံ လက်မှတ်ထိုးရန် ယူဆောင်လာခဲ့သည်။ အကြောင်းကြောင်းများ ကြောင့် ဆရာတော်အရှင်သောဏုတ္တရသည် မလံဒေနီယရွာကျောင်းထိုင်အဖြစ် လက်မှတ်ထိုးရေးအတွက် လေးတွဲ့  ဆုတ်ဆိုင်းနေခဲ့သည်။
ဘုန်းကြီးက ဆရာတော့်ကို လျှောက်ထားသည်။
"ဒီကျောင်းကို ၁၉၁၁ မှာ အရှင်ဘုရား စတည်ထောင်တယ်။ အရှင်ဘုရားပဲ ဒီကျောင်းကို ဆောက်ခဲ့တာ။ ဒီကျောင်းမှာ နေ-နေတဲ့ ဘုန်းကြီးဆိုတာလည်း အရှင်ဘုရားပဲ အမြဲတမ်းနေတာပဲ။ ဒီကျောင်းရဲ့
 ကျောင်းထိုင်ဘုန်းကြီးဆိုတာ အခြားဘယ်သူ ဖြစ်ရဦးမှာလဲ"
ဆရာတော်အရှင်သောဏုတ္တရက ဘာမျှပြန်မပြော…။ နောက်ဆုံးတွင် စာရွက်ပေါ် သူ့ လက်မှတ်ထိုးပေးလိုက်
သည်။ စာရွက်ကို မိတ္တူထပ်ပွားကာ ပထမတစောင်ကို ရွာနီးချင်းကျောင်းရှိ ဘုန်းကြီး၏မူလဥပဇ္ဈယ်ဆရာ အရှင်သုမနတိဿ ထံတော်သို့ ကိုယ်တိုင်သွားရောက် ဆက်ကပ်သည်။ တဖက်ရွာ၏ကျောင်းထိုင်ဘုန်းကြီးအဖြစ် အရှင်သောဏုတ္တရ၏လက်မှတ်ကို မြင်လျှင်မြင်ချင်း သူဒေါသပုန်ထလေသည်။
"မလံဒေနီယကျောင်းထိုင်က ဦးသောဏုတ္တရမဟုတ်ဘူးကွ၊ ငါပဲကွ…။ ဒီစာရင်းထဲမှာ မင်းဆရာသမားအဖြစ်
တောင် ငါမပါဘူး…"
သူက မိုးခြိမ်းသလို ကြိမ်းမောင်းပြောဆိုသည်။
ဆရာတော်အရှင်သုမနတိဿသည် ကန္ဒီမြို့ ရှိ သျှာမနိကာယဌာနချုပ်သို့ အချိန်မဆိုင်းတော့ဘဲ ကြွသွားကာ ဘုန်းကြီး၏ရဟန်းခံပွဲကို ဖျက်သိမ်းပေးရန် တောင်းဆိုလျှောက်ထားသည်။ ဆရာတော်အရှင်သောဏုတ္တရနှင့် ဘုန်းကြီးတို့ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။ သို့ သော် အငြင်းပွားမှုကို တနည်းတဖုံနှင့်
 ဖြေရှင်းနိုင်မည်ဟု မျှော်လင့်လျက် ရဟန်းခံပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ခဲ့ကြပါသည်။
ရဟန်းခံပွဲမတိုင်ခင် အကြိုညတွင်မလံဒေနီယရွာသူရွာသားများသည် ထုံးတမ်းစဉ်လာအတိုင်း စီတန်းလှည့်လည်
ခြင်း၊ ကျောင်းတွင် ပူဇော်ပွဲ၊ ကြိုဆိုဧည့်ခံပွဲများ စီစဉ်ခင်းကျင်းကြသည်။
ဆရာတော်အရှင်သုမနတိဿက စီတန်းလှည့်လည်ပွဲမလုပ်ဆောင်ရန်ခြိမ်းခြောက်သော်လည်း ပြဿနာ
တစုံတရာ မပေါ်ဘဲ ကျင်းပနိုင်ခဲ့ကြသည်။
အမရဒီပ
သြဂုတ်လ ၁၄၊ ၂ဝ၁၃
Tuesday, August 13, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၃
ဘုန်းကြီးသည် အမြဲတစေ "ငွေတွင်းနက်နေသူ"ဖြစ်သည်။
မည်သည့်အခါမှ လက်ထဲငွေကြေးဟူသည် မရှိခဲ့ချေ။ နေရေး အခမဲ့။ အစားအတွက် ဆွမ်းခံစား။
 ပြဋ္ဌာန်းကျမ်းစာအုပ်များကို ဝယ်မည့်အစား မိတ်ဆွေများထံမှ ငှါးရမ်းသည်။ လက်ရေးဖြင့် ရေးကူးသည်။ ဤနည်းဖြင့် ပညာရေးဆုံးခန်းတိုင်ဖို့ လိုအပ်သမျှ ရနိုင်သည်ဟု ဘုန်းကြီး ရိုးရှင်းစွာ ယုံကြည်ခဲ့သည်။
မိမိကိုယ်ကိုလည်း ယုံကြည်သည်။ ရတနာသုံးပါးကိုလည်း ယုံကြည်သည်။
ဗုဒ္ဓဘုရားရှင်သည် သက်ရှိထင်ရှားရှိဆဲ…။ ဘုန်းကြီး၏တသက်တာလုံး ဘုန်းကြီးနှင့်အတူ လျှောက်လှမ်းကာ ဘုန်းကြီးလိုအပ်သမျှ ဘုရားရှင်က ပေးနေခဲ့သည်ဟု ခံစားမိသည်။
သင်ယူရန် ဘုန်းကြီးသည် အားကြီုးမာန်တက်ကြိုးစားနေသောကြောင့် ဖြစ်သည်။ ဘုန်းကြီးသည် ရဟန်းတပါး ဖြစ်သောကြောင့် လိုအပ်သော ပစ္စည်းမှန်သမျှ ရရှိပိုင်ဆိုင်ဖို့ လည်း မည်သည့်အခက်အခဲမျှပင် မရှိခဲ့ပါဟုလည်း တွေးမိပါသည်။ ယင်းအတွေးမှန်ကန်ကြောင်း ခက်ခဲပင်ပန်းကြီးစွာမကြိုးစားရဘဲရလာသည့် ပစ္စည်းလေးပါးရုပ်ဝတ္ထုဆိုင်ရာ ကျေနပ်နှစ်သက်ဖွယ်အားလုံးတို့ က အထင်အရှား သက်သေပြနေသည်။
တနေ့ တွင် ဦးဇင်းကြီးတပါးက ဘုန်းကြီးအား သူ့ ဦးခေါင်းကိုရိတ်ပေးဖို့ ပြောလာသည်။ ခေါင်းရိတ်သည်မှာ ဘုန်းကြီးကျောင်း၏လုပ်ရိုးလုပ်စဉ်တရပ်သာ ဖြစ်သည်။ သို့ သော် ဘုန်းကြီးသည် ခေါင်းမရိတ်တတ်..။
ခေါင်းမရိတ်တတ်ကြောင်း ဘုန်းကြီးက သူ့ ကိုပြောသည်။ သို့ သော် သူက အတင်းရောဇွတ်ပါ ပြောလာသည်။
"မင်း အခုတတ်အောင်လုပ်ရမယ့်အချိန်ကွ"
သူကပြောသည်။
ဦးပြည်းထားခြင်းသည် ဝိနည်းစည်းကမ်းပိုင်းဆိုင်ရာအရ အရေးကြီးသည့်အချက်မှာပါဝင်သည်။
 ရဟန်းယောက်ျား၊ ရဟန်းမိန်းမ နှစ်ဦးလုံး ဦးပြည်းထားရသည်။ ဦးပြည်းထားခြင်းသည် သန့် ရှင်းမှုနှင့် နှိမ့်ချမှုကို အထောက်အကူပြုသည်။ သန်းရှာ၊ သန်းတုတ်ပြဿနာကို ရှောင်ရှားနိုင်သည်။ တောထွက်ခြင်း၏အထိမ်းအမှတ်
ဖြစ်သလို ကိုယ်အလှပြုပြင်မှုနှင့်သက်ဆိုင်သည့် တဏှာလောဘကိုလည်း လျော့ပါးစေနိုင်သည်။
 ခေါင်းလျှော်၊ ခေါင်းဖြီး၊ဆံသအလုပ်တွေမှာ အချိန်မကုန်ဘဲ တရားကျင့်သည့်အလုပ်တွင် အချိန်ပိုမိုရလာနိုင်သည်။
ဝိနည်းဥပဒေတော်အရ ရဟန်း၊ ရဟန်းမတို့ သည် ဆံပင်ကို နှစ်လက်မအထိ အရှည်ထားနိုင်သည်။ 
အချို့ က တလတကြိမ်(လဆန်း ၁၄ ရက်နေ့ တိုင်းသာ) ဦးခေါင်းရိတ်သည်။ အချို့ က ခုနစ်ရက် တကြိမ် 
သို့ မဟုတ် တနေ့ တကြိမ် ဦးခေါင်းရိတ်သည်။
ရှင်ပြု၊ ရဟန်းခံပွဲများတွင် "ပရိက္ခရာ"ဟု ခေါ်ကြသော ဘုန်းကြီးကျောင်းသုံးဆိုင်ရာပစ္စည်းများတွင် သင်တုန်းဓားလည်း ပါသည်။ (အခြားပစ္စည်းများမှာ ခါးဝတ်သင်းပိုင်၊ ကိုယ်ဝတ်ဧကသီသင်္ကန်း၊
 နှစ်ထပ်ဒုကုဋ်သင်္ကန်း၊ ခါးပတ်ကြိုး၊ ရေစစ်၊ အပ်၊ သပိတ်တို့ ဖြစ်ကြသည်။)
ဦးဇင်းကြီးက အတင်းအကြပ်ခေါင်းရိတ်ခိုင်းသောအခါ "အစဉ်အလာတောင်းဆိုချက်"ဖြစ်နေ၍ ဘုန်းကြီး သူ့ ကို အလျှော့ပေးကာ သူ့ အလိုအတိုင်း သဘောတူလိုက်ရသည်။ ဦးခေါင်းကို ရေဆွတ်၊ ဆပ်ပြာပွတ်ပေးပြီး သင်တုန်းဓားကို လက်နှင့်ကိုင်လိုက်သည်။ ဦးဇင်းကြီး၏နောက်ကျောဖက်မှရပ်ကာ ဦးခေါင်းပေါ်ဓားသွားတင်ကာ ဖိဆွဲချလိုက်သည်။ ဦးခေါင်းခွံ၏အရေပြားတလက်မလောက် အလွှားလိုက်ပြတ်ရှသွားလေတော့သည်။ တခဏတွင်းမှာ ဦးဇင်းကြီး၏ဦးခေါင်းတခုလုံးသွေးခြင်းခြင်းနီစွေးသွား၏။ ဘုန်းကြီးအကြောက်လွန်ကာ တဆတ်ဆတ်တုန်နေ၏။
"အရှင်ဘုရား…..၊ တပည့်တော်ကို ခွင့်လွှတ်ပါဘုရား"
ဘုန်းကြီးပြောဆိုပြီး နောက်တပါးကို အပြေးအလွှားသွားခေါ်ရသည်။ ရောက်လာသော ရဟန်းက ရေအေး
တခွက်ခပ်ကာ ဒဏ်ရာကို ဆေးကြောသန့် စင်သည်။ ထိုရဟန်းကပင် ကံဆိုးသူဦးဇင်းကြီး၏ဦးခေါင်းကို အပြီး
သတ်ရိတ်ပေးလိုက်သည်။ ဘုန်းကြီးမှာ ရှက်စိတ်၊ကြောက်စိတ်ရင်ဝယ်ပိုက်ကာ သူတို့ ကို ကြည့်နေခဲ့ရသည်။
ယင်းအချိန်က ဆေးပလာစတာ (ဆေးပတ်တီး)မပေါ်သေးသောကြောင့် ဓားဒဏ်ရာရကိုယ်တော်သည် ဦးခေါင်းတော်မှာတိုင်းရင်းဆေးလိမ်းဆီကို အကွက်ကြီးကြီးလိမ်းကာ ဆွမ်းခံကြွရလေသည်။
                                                +++++++++++++
ဓာတ်ပုံရိုက်သလို ပုံရိပ်ထင်မှတ်ဉာဏ်မျိုးကိုပိုင်ဆိုင်ထားသောကြောင့် သင်္ခန်းစာများကို မြန်မြန်ဆန်ဆန်ဖြတ်
သန်းနိုင်ခဲ့သည်။ ဆင်ဟာလီစ်၊ပါဠိ၊ သက္ကတတို့ မှာ မသင်မနေရ ဘာသာရပ်များ ဖြစ်ကြသည်။ တမီးလ်၊ ဟိန္ဒီ နှင့်
အင်္ဂလိပ်ဘာသာတို့ မှာ စိတ်ကြိုက်ဘာသာရပ်များဖြစ်ကြ၏။  အပြင်းအထန်မကြိုးစားရဘဲ ထိုဘာသာရပ်အားလုံး
ကို ဘုန်းကြီးပိုင်ပိုင်နိုင်နိုင် ကျေညက်ခဲ့ပါသည်။ ဆုအဖြစ် အဆောင်နေထိုင်ခမပေးနိုင်သော်လည်း အခြားစာသင်
သားများလိုပင် ဘုံအိပ်ခန်းမှာ နေထိုင်ခွင့်ရခဲ့သည်။
ကံမကောင်းသည့်အရာလည်း ရှိလာ၏။ ဘုန်းကြီး၏အခန်းဖော်သည် ဘုန်းကြီးကို မနာလိုသူဖြစ်နေ၏။ တနေ့ ..
စာသင်ဖက်တဦးထံမှငှားရမ်းလာသော အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်အပါးလေးကိုဆွဲထုတ်ကြည့်မိရာနှစ်ခြမ်းဆွဲဖြဲထား
သည်ကို တွေ့ ရ၏။ စာအုပ်ပြန်လျော်ရမည့်အရေးကိုတွေးပူပြီး ဝမ်းနည်းလာသောကြောင့် ဘုန်းကြီးငိုမိသည်။ တဖက်ခန်းရှိ ရဟန်းတပါးသည် ဘုန်းကြီး၏တရှုပ်ရှုပ်ငိုသံကို ကြားသွားပြီး အစားထိုးစာအုပ်ကို သူဝယ်ပေးမည်
ဟု ပြောလာပါသည်။
လူသိများမှု၊ ကျောင်းစာတော်မှုတို့ ကြောင့် ဘုန်းကြီးကို မနာလိုမရှုစိမ့်ဖြစ်ကာ အင်္ဂလိပ်စာအုပ်ကို သူဆုတ်ဖြဲပစ်ခဲ့
ကြောင်း ရက်များစွာကုန်လွန်ခဲ့ပြီးနောက်တွင် အခန်းဖော်က သူ့ အပြစ်ကို ဝန်ခံလာသည်။ ထိုညနေကဘုန်းကြီး
တို့ နှစ်ဦးသား ရင်းနှီးပွင့်လင်းသောဆွေးနွေးခြင်းဖြင့် ပြေလည်အောင် လုပ်နိုင်ခဲ့ကြသည်။  နောက်ဆုံးတွင် မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ကြသည်။
                                                ++++++++++++ 
ဘုန်းကြီး၏ရဟန်းခံပွဲအတွက် ရက်သတ်မှတ်ပြီးသွားသည်။
ဇွန်လ ၂၅ ရက် ၊ ၁၉၄၇ ခုနှစ်မှာ ရဟန်းခံမည်။ စိတ်လှုပ်ရှားမိသည်။ ပျော်ရွှင်မိသည်။ နောက်ဆုံးတော့ ရဟန်းတပါးဖြစ်လာတော့မည်ကိုး….။ အနှစ်နှစ်အလလ စောင့်မျှော်လာခဲ့ရသော ပန်းတိုင်သို့ တကယ်ပင် တက်လှမ်းနိုင်တော့မည်တကား…..။
မဟာထေရ်ဆရာတော်ကြီးများ၏ အရှိန်သြဇာညောင်းလှသော အစည်းအဝေးမတိုင်ခင် ပိုမိုလေးနက်သော အာမခံချက်အသစ်ကို ဘုန်းကြီး ကတိပြုရပေတော့မည်။ ဆယ်ပါးသီကို လိုက်နာစောင့်ထိန်းသော ရှင်သာမဏေ
ဘဝအစား ယခုအခါ ရဟန်းတော်များ၏ ၂၂၇ သွယ်သိက္ခာပုဒ်များကို လိုက်နာရန်ဝန်ခံသဘောတူရပေတာ့မည်။
ဘုန်းကြီးသည် (ဤအချိန်ကို) မရမက စောင့်မျှော်ခဲ့ရ၏။
"အစကတည်းကယဉ်သကိုး"ဆိုတာလို အခမ်းအနားအစီအစဉ်များအပေါ် ရှေးဦးကဆွကတည်းက စိတ်မချမ်းမြေ့
စရာ အရိပ်တခု စိုးမိုးနေခဲ့သည်။ ပြဿနာမှာ ဘုန်းကြီးသည် ရဟန်းပြုရန် အရည်အချင်းမပြည့်စုံ၊ ချွတ်ယွင်းနေမှု
ကြောင့် မဟုတ်ချေ။ အမှန်စင်စစ်အားဖြင့် စီလုံကျွန်းရှိဗုဒ္ဓဘာသာရဟန်းတော်များ၏ နိုင်ငံရေးကြောင့်ပင်
 ဖြစ်သည်။ ဤ နိုင်ငံရေးဆိုသောအရာက ဘဝတလျှောက်လုံး ဆုပ်ကိုင်လာခဲ့ရသော အိမ်မက်ကို လမ်းချော်တိမ်း
စောင်းသွားအောင် ခြိမ်းခြောက်လာခဲ့လေပြီကော…..။
                                                             အခန်း ၅ ပြီးပြီ….။
အမရဒီပ
သြဂုတ်လ ၁၃ ၊ ၂ဝ၁၃
Monday, August 12, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ကိုယ့်အရိပ်- ၂၂
စာသင်တိုက်တွင် ဘုန်းကြီးသည် လပြည့်နေ့ တိုင်း နာရီဝက်တရား  ဟောပြောပါသည်။ ဟောပြောသည့်
တရားများမှာ ပုံမှန်အားဖြင့် ဖတ်ထားသည့်စာအုပ်အပေါ် အခြေခံမူတည်ထားသည်။ တခါတွင် ဤသို့ ဟောပြော
ခြင်းမှာ ပရိသတ်အတွက် ငြီးငွေ့ စရာဖြစ်နိုင်သည်၊ ထို့ ကြောင့် ကြုံသလိုမီးစဉ်ကြည့်ဟောမည်ဟု ဆုံးဖြတ်လိုက်
စမ်းသပ်ချက်တရားစာမှာ လှလှကြီးပျက်စီးလေ၏။ ဆယ်မိနစ်အတွင်း တရားစာရွတ်ပြီးသွားသည်။
 နောက်ငါးမိနစ်ကို မပီမသလုပ်ကာ ဝါးချလိုက်ရသည်။ ရွတ်မိသည့်စာကို သေချာစွာ မမှတ်မိတော့ပြီ။ ရှက်ဖွယ်ကောင်းလှ၏။ ထိုဖြစ်ရပ်က လုံ့ လစိုက်ကာကြိုတင်ပြင်ဆင်ခြင်းနှင့်ပတ်သက်သည့် တန်ဖိုးကြီး သင်ခန်းစာတခုအား ဘုန်းကြီးကို ပေးခဲ့ပါသည်။ ထိုအခါမှအစပြု၍ တရားဟောပြောချက်များကို
 သေသေချာချာ ပြင်ဆင်ပါတော့သည်။
ဓမ္မပဒဂါထာတပုဒ်ကို ရွေးထုတ်ပြီး ၄င်းအဋ္ဌကထာလာ ဂါထာ၏ဇာတ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဓမ္မပဒကျမ်းတွင်ဂါထာပေါင်း ၄၂၃ ပုဒ်ပါဝင်ပြီး အများစုမှာ နီတိနှင့် ကိုယ်ကျင့်သီလအကြောင်းကို သင်ကြားထား
သည်။ ဓမ္မပဒကျမ်းစာပါ ခေါင်းစဉ်အကြောင်းအရာများကို အကျယ်ရှင်းလင်းထားသည့် ရာပေါင်းများစွာသော
ဇာတ်လမ်းများ ဗုဒ္ဓစာပေကျမ်းစာအနှံ့ အပြားတွင် ရှိလေသည်။ ဘုန်းကြီးအနေဖြင့် ၄င်းဓမ္မပဒဇာတ်လမ်းများအား
ဗုဒ္ဓသာသနာရှိ ကိုယ်ကျင့်အခြေခံအုတ်မြစ်တခုအနေဖြင့် တရားနာသူများကို ဟောပြောခွင့်ရသည့်အတွက် ဝမ်းမြောက်ခဲ့ပါသည်။
ဟောမည့်တရားကို ကြိုတင်ပြင်ဆင်တတ်သည့်အကျင့်သည် ရဟန်းပြီးနောက်အချိန်ကာလအထိ ကပ်ပါမလာခဲ့ပါ။ အကြောင်းမှာကြိုတင်ပြင်ဆင်မှုမပြုလုပ်ဘဲ တရားတပုဒ်ကို ဟောနိုင်သည်ဟု လုံလောက်သည့် ယုံကြည်မှုကို ပြန်လည်ရရှိလာသောကြောင့် ဖြစ်ပါသည်။
အသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် စာသင်တိုက်ရောက်ပြီးနောက် နှစ်အတန်ကြာစွဲလာခဲ့သည် ဆေးလိပ်သောက်
ခြင်းကို ဘုန်းကြီး စွန့် လွှတ်နိုင်ခဲ့သည်။ သို့ သော် အကောင်းကြီးဖြစ်သည်ကားမဟုတ်။ ဆေးလိပ်သောက်သည်
ကို အခြားစွဲလမ်းခြင်းနောက်တမျိုးနှင့် အလဲအလှယ်လုပ်လိုက်ခြင်းမျိုးသာ ဖြစ်လေသည်။ ဘုန်းကြီး၏အကျင့်အ
သစ်မှာ ကွမ်းဝါးခြင်းဖြစ်သည်။
အနှေးနှင့်အမြန်ဆိုသလို ဘုန်းကြီးသည် စာသင်တိုက်၏ ပျော်တော်ဆက်တဦးလည်း ဖြစ်လာသည်။ ညစဉ်ညတိုင်း တနာရီ သို့ မဟုတ် တနာရီကျော်မျှလောက် စာသင်သားများအား ရယ်စရာမောစရာများ ပြောပြရင်း ဘုန်းကြီး ပွဲထိန်းထားခဲ့သည်။ စာသင်များကို ရယ်မောအောင်လုပ်ပေးနိုင်ခဲ့သည့်အတွက် ဘုန်းကြီးကိုယ်တိုင်လည်း
 ပျော်ခဲ့ပါသည်။
ဘုန်းကြီး၏ပြက်လုံးများစွာတွင် ကျောင်းဒကာတယောက်အကြောင်းပြက်လုံးလည်း တခုအပါအဝင်ဖြစ်သည်။
 ကျောင်းဘုန်းကြီးသည် ကျောင်းမှာသီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား မည်သည့်လှူဖွယ်ဝတ္ထုကို
မျှ မလှူမကပ်သောကြောင့် ကျောင်းဒကာ စိတ်ဆိုးသည်။ သို့ ဖြစ်လေရာ ကျောင်းဒကာသည် ဗုဒ္ဓရုပ်ပွားတော်၏ လည်ပင်းတွင် ကြိုးချည်ပြီး ကျောင်းထုပ်တန်းမှာ ချည်နှောင်တွဲလောင်းချထားလိုက်၏။ ကျောင်းဒကာ၏လုပ်ရပ်
ဟုသိပြီး ကျောင်းဘုန်းကြီးက အကျိုးအကြောင်းမေးသည်။
“ဗုဒ္ဓ၏ ကိုယ့်ကိုကိုယ်သေကြောင်းကြံခြင်း“ဟု ကျောင်းဒကာ ဖြေသည်။ “သို့ ကလောက်ငတ်ပြတ်သော နေရာမျိုးမှာ ဗုဒ္ဓသီတင်းမသုံးနိုင်တော့ကြောင်း“ ဆက်ပြောသည်။
အံ့သြမိသည်မှာ ကျောင်းအုပ်ဆရာတော်သည် အနှီအဂါရဝပြက်လုံးကို မပြောရန်တားဆီးတာမျိုး မပြုလုပ်ခြင်း
ဖြစ်သည်။ ဘုန်းကြီး၏တင်ဆက်မှုပွဲသိမ်းပြီးနောက် ဘုန်းကြီးတို့ သည် ကျောင်းအုပ်ဆရာတော်အခန်းသို့ သွား
ကာ အတူတကွ ဝိုင်းဖွဲ့ ကွမ်းစားကြသည်။
ဆရာတော်သည် ဆယ်ကျော်သက်ကိုရင်ကြီးများကို မည်သို့ မည်ပုံ ကိုင်တွယ်ထိန်းသိမ်းရမည်ကို သိသည်။ သူသည် စည်းကမ်းကြီးသူဖြစ်သလို အလွန်သိမ်မွေ့ ညင်သာသူလည်း ဖြစ်သည်။ စာသင်သားများ စိတ်ဓာတ်ရေးရာ ပျက်စီးထွေပြားနိုင်သောအမှုကိစ္စကိုအပြင်းအထန်ဖိအားပေးတင်းကျပ်ခြင်းမျိုးကို သူမလုပ်။ အသာတကြည်ပင် စည်းရုံးသိမ်းသွင်းတတ်သည်။ ဘုန်းကြီးတို့ ဝိနည်းလေးစားတတ်အောင် သူက အားပေးပါသည်။
“ငါ့ရှင်တို့ ကို လူတွေက ကြည့်လိမ့်မယ်။ ငါ့ရှင့်တို့ ဟာ ပျော်ရွှင်စရာ ကာမဂုဏ်ခံစားမှုတွေကို စတေးပစ်ပြီး ငါ့ရှင်တို့ ဘဝတွေကို တရားကျင့်ကြံဖို့ ရင်းနှီးမြုပ်နှံထားတယ်ဆိုတာ လူတွေသိပါတယ်။ ဒါကြောင့် ငါ့ရှင်တို့ ဟာ
အဲဒီလို ရိုသေဂါရဝထားမှုကို ရသင့်ပါတယ်”
ဤသည်မှာ ဆရာတော်၏ ဆုံးမစကားဖြစ်သည်။ 
အမရဒီပ
သြဂုတ်လ ၁၂၊ ၂ဝ၁၃
Friday, June 14, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၂၁
အခန်း ၅၊  စာသင်တိုက်
ဘုန်းကြီးသတိပြန်ရသောအခါ မြစ်ကမ်းဘေးမြေပေါ်တွင် လဲလျောင်းလျှက်သားဖြစ်နေလေသည်။
ဘုန်းကြီး၏အပေါ်မှာလည်း လူတယောက်ဒူးထောက်ကာ ခွထား၏။ ရေများကို ပြန်အန်ထုတ်သည်။ လူများအနားသို့ ဝိုင်းလာပြီးဘုန်းကြီးကို ကြည့်ကြသည်။
ဘုန်းကြီးနှင့်ရေအတူကူးသော ကိုရင်လေးသည် ဘုန်းကြီးကို မကယ်နိုင်တော့။ ဘုန်းကြီးက ကြောက်အား
လန့် အားဖြင့် သူ့ ကိုယ်ဝတ်သင်းပိုင်ကို စုတ်ပြဲအောင် လုပ်လိုက်မိသည်။ ကိုယ်တုံးလုံးကျွတ်နှင့် ကိုရင်လေးသည်မြစ်ကမ်းစပ်ခါးတဝက်လောက်ရေနက်သည့်နေရာမှရပ်ကာ အော်ဟစ်အကူအညီ
တောင်းသည်ဟု နောင်တွင် ဘုန်းကြီးကို ပြောပြသည်။
ဘူတာရုံအနီး လက်ဖက်ရည်ဆိုင်မှ လူတယောက် အပြေးထွက်လာပြီး အကျိုးအကြောင်းမေးသည်။ 
ကိုရင်လေးက ဘုန်းကြီးရေနစ်သည့်နေရာကို ညွှန်ပြပြီး အော်ပြောသည်။
"အခု သူသေပြီထင်တယ်"
လက်ဖက်ရည်ဆိုင်မှလူသည် အဝတ်အစားမချွတ်အားတော့ဘဲ ရေထဲခုန်ချပြီး ရေအောက်မှာ ဘုန်းကြီးကို ရှာသည်။ မြစ်ကြမ်းပြင်တွင် သတိလစ်နေသည့် ဘုန်းကြီးကို တွေ့ သည့်အခါ ကမ်းပေါ် ဆွဲတင်ပြီး ပါးစပ်ချင်းတေ့
မှုတ်ကာ အသက်ပြန်ရှုနိုင်အောင် ပြုစုပေးသည်။ ထိုအချိန်မှာ လူများ ဝိုင်းအုံလာကြသည်။
အသက်ပြန်ရှုပြီး ချောင်းဆိုးကာ ရေပြန်အန်ထွက်သည်။ ဘုန်းကြီးသည် အနည်းငယ်ကတုန်ကယင်ဖြစ်နေသည်။ သို့ သော် စိုးရိမ်ဖွယ်မရှိပြီ။
ကိုရင်လေးက သူ့ ဆရာတော်ကို ပြေးပင့်ခေါ်သည်။ ယင်းနောက် ဘုန်းကြီးတို့ သည် ကျောင်းသို့ အတူ
 ပြန်လာကြသည်။ မြစ်ကမ်းနှင့် ကျောင်းမှာ ငါးဆယ့်ငါးကိုက်လောက်ဝေးသည်။ ယင်းဆရာတပည့်တို့ က ဘုန်းကြီးအား သကြားများများနှင့် ကော်ဖီပူပူတခွက်တိုက်သည်။ သင်္ကန်းတစုံပေးသည်။ ဘုန်းကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကျောင်းထိုင်ဆရာတော်မှာ အလွန်သနားတတ်သည်။ ဘုန်းကြီး၏အမည်နှင့် သွားမည့်နေရာကို မေးသည်။
ဆရာတော်မေးသမျှကို ဘုန်းကြီး  ဖြေဆိုပြီးနောက် ကပ္ပိယတယောက်အား ဘုန်းကြီးအတွက် ဂမ်ပဟာသို့  ရထားလက်မှတ်အဝယ်လွှတ်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် ဘုန်းကြီး ခရီးပြန်ထွက်ခဲ့သည်။ ဂမ်ပဟာရှိ စာသင်တိုက်သို့ ရောက်သောအခါ ဘုန်းကြီးနှင့် ပထမဦးစွာစကားပြောသူက အဘယ်ကြောင့် ရေနစ်ထားသူလို အသံမျိုးဖြစ်နေရသနည်း ဟု မေးပါသည်။ 
"အအေးမိနေလို့ ပါ"ဟုဖြေခဲ့သည်။ အမှန်အတိုင်းပြောရမှာ ဘုန်းကြီး ရှက်မိပါသည်။
သို့ သော် နောက်တနေ့ စီလုံရှေ့ ဆောင်သတင်းစာ မျက်နှာဖုံးတွင် ဝေယံဂေါဓဘူတာရုံအနီး မြစ်ထဲမှာ ရေနစ်သော ဆယ်ကျော်သက်ကိုရင်တပါးအကြောင်းသတင်းရေးသားချက်နှင့်အတူ ဘုန်းကြီးဓာတ်ပုံပါလာသည်။
စာသင်တိုက်ရှိ ဘုန်းကြီး၏သူငယ်ချင်းများသည် ထိုအကြောင်းကို နှစ်အတော်ကြာတိုင်အောင် စကြနောက်ကြ
လေသည်။
စာသင်တိုက်တွင် ပညာသင်ရေးမှာ အခမဲ့ဖြစ်သော်လည်း ဘော်ဒါဆောင်နေကြေး တလလျှင် ငါးရူပီး လှူရသည်။ ကံဆိုးသည်မှာ ဘုန်းကြီးတွင် ပေးလှူရန်ငွေတပြားမှမရှိသည့်အတွက် အများမနေသည့် တင်းကုပ်ကလေးတခုမှာ အိပ်စက်ရသည်။ကြမ်းခင်းမှာ ဖုံအလူးလူး၊ ၄ အမြင့် တဝက်တပျက်နံရံ နှင့် တံခါးမရှိသော တဲကုပ်ဖြစ်၏။ ဂုန်နီအိတ်များ၊ ဝါးခြမ်းများ၊ ကြိုးများရှာဖွေကာ တံခါးပေါက်နှင့် ပြူတင်းပေါက်အကာအကွယ်များကို အကြမ်းဖျင်း ပြင်ဆင်တန်ဆာဆင်ထားလိုက်သည်။ အလင်းရောင်အတွက် အုန်းဆီထည့်ကာထွန်းရသည့်
 မြေမီးခွက်တလုံးရှိသည်။ ဤသည်မှာ ဘုန်းကြီး၏ ပထမဦးဆုံး "ကုဋီ"ဖြစ်သည်။
 "ကုဋီ"ဟူသည် ရဟန်းတော်များနေသည့် တခန်းဖွဲ့ တဲပင် ဖြစ်သည်။ ဤကုဋီကို ရသည့်အတွက်
 ဘုန်းကြီး ကျေနပ်ဝမ်းသာမိပါသည်။
ကုဋီအတွင်းမှာပင် လေ့လာသင်ကြားများစွာကို ဘုန်းကြီး လုပ်ဆောင်ခဲ့သည်။ မကြာမြင့်မီ ကျောင်းမှာ အတော်ဆုံးကျောင်းသားအဖြစ် ဘုန်းကြီးကို လူသိများလာသည်။ "ကံကောင်းခြင်းလက်ဆောင်"ဟု ဆိုရမည့် ဓာတ်ပုံရိုက်သလိုမှတ်မိသော ပုံရိပ်ထင်မှတ်ဉာဏ်မျိုး ဘုန်းကြီးမှာ ရှိကြောင်း ကိုယ်တိုင်သိလာသည်။ ဆယ်မိနစ်အတွင်း အကြောင်းအရာရှည်လျားစွာရေးသားထားသော စာအုပ်ကြီးကို ဖတ်ပြီး အချက်အလက်
အားလုံးကို မှတ်ထားလိုက်နိုင်သည်။ မှတ်ဉာဏ်၏ မှတ်ပုံမှတ်နည်းလုပ်ဆောင်ပုံကို ဘုန်းကြီးကိုယ်တိုင် မသိပါ၊ သို့ သော် စာမျက်နှာတိုင်းသည် ဓာတ်ပုံတပုံလို စိတ်ထဲမှာ စွဲမြဲသွားသည်ကိုသာ ဘုန်းကြီးသိသည်။
ဘုန်းကြီး၏လက်ဆောင်အတွက် ဘုန်းကြီး အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိသည်။သူငယ်ချင်းများအားလည်း စာအုပ်များမှ မေးခွန်းထုတ်ပြီး ဘုန်းကြီးကို မေးနိုင်ကြောင်း စိန်ခေါ်ခဲ့သည်။ မေးခွန်းတခု၏ စာမျက်နှာနံပတ်၊ စာတကြောင်း၏ အဖြတ်အတောက်ပုဒ်ထီး၊ ပုဒ်မများကိုပင် ဘုန်းကြီး ဖြေဆိုနိုင်ခဲ့သည်။
ဤအချက်ကြောင့်ပင်လျှင် ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးကို အလွန်သဘောကျသည်။ သူ၏လက်ထောက်အဖြစ် ဘုန်းကြီးကို ခန့် အပ်ထားသည်။ ထို့ ပြင် ဘုန်းကြီးသည် ကျောင်းဘဏ္ဍာစိုးလည်း
 ဖြစ်သည်။ သင်္ကန်း၊ ဆေးဝါး၊ အိမ်သာသုံးပစ္စည်းများစသည့် လှူဖွယ်ပစ္စည်းများရောက်လာလျှင် နေရာချ၊ သိမ်းဆည်းထားခြင်းကို ဘုန်းကြီးတာဝန်ယူထားရသည်။ ယင်းနောက် စာသင်သားများ လိုအပ်သည့်အချိန်တွင်
ထိုပစ္စည်းများကို လိုသလောက် ထုတ်ပေးရသည်။
ဘုန်းကြီး၏အခွင့်အရေး နှင့် လုပ်ပိုင်ခွင့်များကြောင့် စာသင်ဖက်အများစုသည် ဘုန်းကြီးအပေါ် မနာလို ဖြစ်လာ
ကြ၏။ သူတို့ မနာလိုသဝန်တိုနေရုံမျှဖြင့် စာသင်သားများ၏အပြစ်ကျူးလွန်မှုများအား ကျောင်းအုပ်ဆရာတော်ထံ
သို့ သတင်းပို့ နေသည်ကို ရပ်တန့် ပစ်မည်မဟုတ်ပါချေ။ အတိုချုပ်ဆိုရလျှင် ဘုန်းကြီးသည် သစ္စာဖောက်တ
ယောက်ဖြစ်၏။အခြားစာသင်သားများ၏ အပြစ်များကို အသေးစိတ်မှတ်သားကာ တခုပြီးတခု သတင်းပို့ ခဲ့သည်။ သူများ၏အပြစ်ကို ရှာဖွေကြည့်ရှုခြင်းထက် မိမိ၏ကိုယ်ပိုင်အပြုအမူအတွက်သာ ပို၍ ကြောင့်ကြစိုက်မှုရှိသင့်
ကြောင်း ဘုန်းကြီးသိပါသည်။ သို့ သော် ဘုန်းကြီးသည် ကျောင်းအုပ်ဆရာတော်၏ အသိအမှတ်ပြုမှုကို ပိုရယူလိုသူ ဖြစ်ခဲ့သည်။
ဗုဒ္ဓဘုရားရှင်၏စကားတော်ကို ဘုန်းကြီးမလိုက်နာမိခြင်းမှာလည်း အလွန်ဆိုးရွားလွန်းခဲ့သည်။ ဓမ္မပဒကျမ်းတွင် ဤသို့ ဆိုထားပါသည်။
"သူတပါးအပြစ်ကို မြင်လွယ်သည်။ ကိုယ့်အပြစ်ကို မြင်ခဲသည်။ သူများ၏အပြစ်များကို စပါးလှေ့ သည့်အခါဝယ် စပါးခွံ ဖွဲကြမ်းအဖျင်းတို့ ကို လွှင့်ထုတ်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏အပြစ်ကိုမူ ကောက်ကျစ်သူငှက်မုဆိုးသည် မိမိကိုယ်ကိုသစ်ခက်ဖြင့် ဖုံးထားဘိသကဲ့သို့ ဖုံးကွယ်ထားတတ်၏။
သူတပါးအပြစ်ကိုသာ ကြည့်ရှုနေ၍ အမြဲတစေ သူတပါးကို ကဲ့ရဲ့ပြစ်တင်လိုသူမှာ အာသဝေါတရားများ တိုးပွားလာကုန်၏။ ထိုသူသည် အာသဝေါတရားတို့ ကို ဖျက်ဆီးတတ်သော အရဟတ္တမဂ်ဉာဏ်မှ ဝေးကွာရတော့၏။"
အမရဒီပ
ဇွန်လ ၁၄ ၊ ၂ဝ၁၃