Total Pageviews
Sunday, July 1, 2012
ဗုဒ္ဓစာပေနည်းကျ ရှိခိုးနည်းများ
နိဒါန်း
မြန်မာစကားပြောကြပုံတွင် "ရှိခိုး" ဟူသောစကားကို ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ကြသည်။ စကားလုံးအနက်သဘောကိုကြံဆသူတို့ က "ရှိခိုး"ဟူသည် မြတ်စွာဘုရားမှာ ရှိနေသော ဂုဏ်တော်များကို အတုခိုးခြင်း(ရှိတာကိုခိုးခြင်း)ဟု ကြံဆပြီး ရှိခိုးဟူသောစကားဖြစ်ပေါ်ကြောင်း ပြောကြ၏။
သွားကြောင်း သိရ၏။
ယခုခေတ်တွင် "ရှိခိုး၊ ကန်တော့ ၊"ဟူသောစကားကို လူကြီးများက ပြောဆိုလေ့ရှိပြီး ကလေးငယ်များ
အတွက်မူ "ဦးတော်လုပ်သည်၊သာဓုလုပ်သည်"ဟု သုံးစွဲကြသည်။ ယင်းရှိခိုး၊ကန်တော့၊ ဦးတော်၊
သာဓုလုပ်နည်းကို ဗုဒ္ဓစာပေများတွင် စနစ်တကျရှင်းပြထားချက်ရှိပါသည်။  ရှိခိုးခြင်းအလေ့နှင့်မကင်းကြ
လေသော ဗုဒ္ဓဘာသာဝင်များအတွက် စနစ်တကျ ရှိခိုးနည်းများကို ဝေမျှလိုပါသည်။
ဗုဒ္ဓစာပေလာ ရှိခိုးနည်းမှာ ခြေစုံမတ်တပ်ရပ်ပြီးရှိခိုးနည်း၊ ထိုင်လျက်ရှိခိုးနည်းဟု ၂ မျိုးရှိပါသည်။
ရပ်လျက်ရှိခိုးနည်း
ရပ်လျက်ရှိခိုးရာတွင် "တည်ခြင်း  ၅ မျိုး"နှင့် ညီညွတ်ရပါသည်။ သုံးပုံတံချူကျမ်းတွင် ဤသို့ ညွှန်ပြ
သည်ကို တွေ့ ရ၏။
"နယတဖြာ၊ ကျမ်းအလာကား
ရပ်ခါဌိတေ၊ ရှိခိုးပေမူ
ခြေလျှင်နှစ်ဘက်၊ မြေဝယ်ယှက်၍
နှစ်ဘက်လက်ဝါး၊ ရှိငြားယှဉ်ပူး
နဖူးထက်တွင်၊ တင်ပြီးချင်မှ
ကြည်လင်ရှေ့ ရှု၊ ညွတ်ကာပြုလော့
နှစ်ခုလက်တွင်၊ ဦးခေါင်းတင်မှ
ငါးအင်ဝန္ဒနာ၊ ပြည့်စုံရာသည်
မကွာမြဲထွေ-မှတ်ကြလေ……….။        ။"
ဖော်ပြပါ လင်္ကာဆောင်ပုဒ်နည်းအရ မတ်တပ်ရပ်ရှိခိုးပါက…….
၁။ ခြေစုံရပ်ခြင်း (ခြေလျှင်နှစ်ဘက်၊ မြေဝယ်ယှက်၍)
၂။ လက်ဝါးနှစ်ဖက်ယှဉ်ပူးခြင်း (နှစ်ဘက်လက်ဝါး၊ ရှိငြားယှဉ်ပူး)
၃။ ပူးထားပြီးလက်ဝါးအစုံကို နဖူးထက်တင်ခြင်း (နဖူးထက်တွင်၊ တင်ပြီးချင်မှ)
၎။ ကိုယ်ကိုကိုင်းညွှတ်ခြင်း (ကြည်လင်ရှေ့ ရှု၊ ညွတ်ကာပြုလော့)
၅။ လက်နှစ်ဖက်ပေါ်၌ ဦးခေါင်းထားခြင်း (နှစ်ခုလက်တွင်၊ ဦးခေါင်းတင်မှ)
ဟူသော အမူအရာများနှင့် ပြည့်စုံစေရပါမည်။
ထိုင်လျက်ရှိခိုးနည်း
ထိုင်လျက်ရှိခိုးရာတွင် "တည်ခြင်း၊ထိခြင်း ၅ မျိုး"နှင့်ပြည့်စုံရပါမည်။  ထိခြင်း ၅ မျိုးနှင့်ပတ်သက်၍ ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိအဆို နှင့် သီလက္ခန်ဋီကာသစ်အဆိုဟု ၂ မျိုးရှိသည်။
ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိအဆိုမှာ"ပဉ္စပတိဋ္ဌိတေနာတိ ဒွိဇာဏု ဒွိဟတ္ထ နလာဋေဟိ ပဉ္စပတိဋ္ဌိတံ ကတွာ"ဟုဖြစ်ပြီး ဆိုလိုသည်မှာ……..
(၁-၂) ပဆစ်တုပ်ထားသောဒူးနှစ်ဖက် မြေပေါ် (ကြမ်းပြင်ပေါ်)ထိခြင်း
(၃-၄) လက်နှစ်ဖက် မြေပေါ် (ကြမ်းပြင်ပေါ်)ထိခြင်း
(၅) နဖူး မြေပေါ် (ကြမ်းပြင်ပေါ်)ထိခြင်း-တို့ ပြည့်စုံစေလျက် ရှိခိုးမှုပြုသင့်သည်ဟူ၍ဖြစ်၏။
သီလက္ခန်ဋီကာသစ်အဆိုမှာ "ပါဒ ဇာဏု ကပ္ပရ ဟတ္ထ သီသသင်္ခါတာနိ သမံ ကတွာ သြနာမေတွာ အဘိမုခံ  ဌိတေန ပဌမံ ဝန္ဒိတွာတိ ဝုတ္တံ ဟောတိ"ဟုဖြစ်ပြီး ခြေ၊ ပုဆစ်၊ တံတောင်ဆစ်၊လက်၊ ဦးခေါင်းဟူသော ကိုယ်အင်္ဂါ ၅ ပါးတို့ ကို မြေပေါ် (ကြမ်းပေါ်)၌ ထိလျက် ရှိခိုးရမည်ဟူသတည်း။
မြန်မာလင်္ကာဖြင့်ပြဆိုသော သုံးပုံတံချူကျမ်းအဆိုမှာ ဤသို့ ဖြစ်၏။
"ထိုင်လျက်တည်ကာ၊ ရှိခိုးရာ၌
နှစ်ဖြာစုံလစ်၊ ဒူးပဆစ်ကို
ကျစ်လစ်ညီမျှ၊ မြေ၌ချလော့
နှစ်ဝတံတောင်ဆစ်၊ မြေသို့ နှစ်၍
နှစ်ဘက်လက်နေ၊ ဆန့် တုံပေမှ
မြေသို့ ညီစွာ၊ ကျစေရာ၏
အင်္ဂါတမျိုး၊ လက်ဘမိုးနှစ်ဘက်
ထိုအထက်၌၊ တင်လျက်ဦးခေါင်း
ထားတုံရှောင်း၍၊ ကောင်းကောင်းရိုသေ
ရှိခိုးပေက၊ လေးထွေပါယ်ရွာ
လွတ်ကင်းရာသည်
သဒ္ဓါစိတ်နေ  ထက်လှစေ………။    ။"
ထိုင်လျက်ရှိခိုးအရိုအသေပေးမှုပြုသောအခါ (၁-၂) ဒူးပဆစ်နှစ်ဖက်ကို မြေ (ကြမ်းပြင်)သို့ ချပါ။
(၃-၄) တံတောင်ဆစ်နှစ်ဖက်ကိုလည်း မြေ (ကြမ်းပြင်) သို့ ချပါ။ ထိုအခါ လက်ဖဝါးအစုံသည်လည်း မြေ (ကြမ်းပြင်)ပေါ် အလိုအလျောက်ကျရောက်ပါလိမ့်မည်။  (၅) လက်ဖမိုးနှစ်ဖက်အထက်မှာ ဦးခေါင်းကို ချပါ ။ သို့ မဟုတ် လက်ဖမိုးနှစ်ဖက်အထက်နှင့် ဦးခေါင်းထိပါ။ ဤကား ထိုင်လျက်
ရှိခိုးသောအခါ ပြည့်စုံရမည့်အမူအရာများဖြစ်ကြပေသည်။
(မှတ်ချက်။ လက်ဖမိုး ၂ ခုကို ပူးကပ်ထားသင့်သလား၊ သို့ မဟုတ် ခွဲထားသင့်သလား ဟု မေးခွန်းထုတ်ခံရဖူးပါသည်။ လက်ဖမိုး ၂ ဖက်ခွဲထားပါက ဦးခေါင်းထိစရာ မြေ (ကြမ်း)ပြင်သာ ကျန်တော့သည်။ သို့ ဖြစ်ရာ လက်ဖမိုး ၂ ခုထိရုံစပ်ထားပြီး ယင်းအပေါ်သို့  ဦးခေါင်းထိလိုက်ပါဟု စာဆိုသည့်အတွက် လက်ဖမိုး ၂ ဖက်ကျဲကျဲကြီးခွဲရန်မလိုပါကြောင်း ဖြေကြားခဲ့ဖူး၏။)
မန်လည်ဆရာတော်ဘုရား၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၈ တွင်လည်း…
"ဥက္ခောင်းမြေထိ၊ ပြားပြားပိမျှ
အတိဂါရဝ၊ ရိုသေခလျက်
တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား
ပုဆစ်နှစ်ဘက်၊ စုံလက်ပြိုင်ပူး
နဖူးထိပ်စ၊ ဦးနှိမ်ချပြီး
ပဉ္စပတိဋ္ဌီ၊ ငါးလီမယွင်း
တည်ညွတ်ခြင်းဖြင့်……….."ဟု  တည်ခြင်းငါးရပ်တို့ ဖြင့် မြတ်စွာဘုရားရှင်အား ရဟန်းအပေါင်း ရှိခိုးကြကြောင်း လင်္ကာဖွဲ့ သီတော်မူခဲ့၏။
တခါက ဘတ်(စ်)ကားမှတ်တိုင်မှာ ကားအလာစောင့်နေသည့်စာရေးသူကို ကရုဏာသက်ပုံပေါ်သော အာဖရိကန်-အမေရိကန်အမျိုးသမီးနှင့် သူ၏သားငယ်တို့ က စာရေးသူနေထိုင်ရာသို့ လိုက်ပို့ ပေးကြ
၏။ ကားပေါ်မှာ စကားပြောရင်း သူတို့  ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းသိရ၏။ ကျောင်းသင်္ခမ်းသို့ ရောက်၍
ဗုဒ္ဓဆင်းတုတော်ကို အရိုအသေပေးသောအခါ တိဘက်ဗုဒ္ဓဘာသာဝင်တို့ ၏ ရှိခိုးနည်းဖြင့် အရိုအသေ
ပေး၏။ သူဝတ်ထားသည့်စကတ်မှာ ဒူးဖုံးရုံသာသာ…. ခြေတံရှည်ရှည်သူက ဝမ်းလျားမှောက်တော့
 ဘေးကထိုင်ကြည့်သူ အတွက် အမြင်မတော်ဖြစ်ရသည်။ "မင်းရှိခိုးနည်းလည်း ကောင်းပါတယ်၊ ငါဘုရားရှိခိုးတဲ့နည်းကိုလည်း အသုံးပြုကြည့်နိုင်တယ်"ပြောပြီး တည်ခြင်း (ထိခြင်း) ၅ ပါးရှိခိုးနည်းကို သင်ပြပေးဖူးသည်ကို အမှတ်ရမိပါ၏။
အမရဒီပ
၆-၃ဝ-၂ဝ၁၂
No comments: