Total Pageviews

Tuesday, March 6, 2012

အရှင်ဓမ္မသီရိ (သံဃာ့တပ်ပေါင်းစု) အမေး၊ ဒေါ်အောင်ဆန်းစုကြည်အဖြေ


"မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုရဲ့ပြောခွင့်ရပုဂ္ဂိုလ်အရှင်ဓမ္မသီရိရဲ့ မေးခွန်းကို တင်ဆက်ပါရစေခင်ဗျား"

အရှင်ဓမ္မသီရိ။ "ဒကာမကြီး ဒေါ်စု--- ၂ဝဝ၇ စက်တင်ဘာအရေးအခင်းကာလတုန်းက စစ်အစိုးရကနေ သံဃာတွေကို ဓာတ်တိုင်ကြိုးတုပ်ပြီးတော့ ရိုက်နှက်ကန်ကျောက်၊ ဆဲရေးတိုင်းထွာမှုများပြုလုပ်ခဲ့တယ်။ အဲဒီလိုပြုလုပ်ခဲ့ခြင်းဟာ ဘာသာရေးရိုင်းပျမှု၊ ဘာသာရေးစော်ကားမှု၊ သာသနာညှိုးနွမ်းမှုမမြောက်ဘူးလား။
အကယ်၍ မြောက်ခဲ့မယ်ဆိုရင် ဘယ်နေရာကနေ အရေးယူနိုင်ပါသလဲ။
ဘာသာရေးကိစ္စဟာ ဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။ ရှေးလူကြီးတွေက ဆိုဆုံးမခဲ့တာရှိတယ်။
 အမျိုးဘာသာသာသနာကို စော်ကားလာရင်အသက်နဲ့ လဲပြီး ကာကွယ်စောင့်ရှောက်ရမယ်လို့  ဆုံးမထားတယ်၊ 
အဲဒီတော့ ကိုယ်ဘာသာ၊ ကိုယ့်သာသနာကို ကာကွယ်စောင့်ရှောက်တာဟာ "နိုင်ငံရေးပြစ်မှုတခု"ဖြစ်ပါသလား။ 
အဲဒါကို သိချင်ပါတယ်။"

"ဟုတ်ကဲ့---ဦးခင်မောင်စိုး၊ အရှင်ဓမ္မသီရိအမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား
လျှောက်ထားပါတယ်ခင်ဗျား"

ဒေါ်အောင်ဆန်းစုကြည်။ "ရဟန်းမဟုတ်တဲ့လူပုဂ္ဂိုလ်တဦးကိုတောင်မှ ဓာတ်တိုင်မှာကြိုးတုပ်ပြီးတော့ 
ရိုက်တယ်ဆိုတာဟာ တရားဥပဒေနဲ့ မညီပါဘူးဘုရား။ မည်သူကိုမဆို ဘယ်လောက်ပဲအပြစ်ကြီးကြီး 
တရားဥပဒေအရသာ အရေးယူရမှာ ဖြစ်ပါတယ်။ အခြေခံလူ့ အခွင့်အရေးဖက်ကကြည့်မယ်ဆိုရင်တော့ ကိုယ့်ဘာသာ၊ကိုယ့်သာသနာကိုလည်း စောင့်ရှောက်ပိုင်ခွင့်ရှိရပါမယ်ဘုရား။ ဒါကြောင့် အခြေခံလူ့ အခွင့်အရေး
များကိုအာမခံပြီး ဥပဒေစိုးမိုးရေးရှိမယ့် နိုင်ငံ့အုပ်ချုပ်ရေးမျိုးကို တပည့်တော်မတို့ က လိုလားတာပါဘုရား။
 လိုလားနေရုံနဲ့ လဲ မပြီးတာမို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မူအရကို ဒီမိုကရေစီရရှိရေး၊ လူ့ အခွင့်အရေး
တွေရရှိရေးအတွက်  လှုပ်ရှားဆောင်ရွက်နေပါတယ်ဘုရား------။"

မတ်လ၁၈၊ ၂ဝ၁၁၊ RFA အစီအစဉ်ထုတ်လွင့်ချက် ဖြစ်ပါတယ်။
 လေလှိုင်းပေါ်က စကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းတင်သူ -----

အမရဒီပ

မတ်လ ၆၊၂ဝ၁၂


Saturday, March 3, 2012

ရွှေဝါရောင် ဆရာတော် ဦးပညာဇောတနှင့် ဆက်သွယ်မေးမြန်းခြင်း

ရွှေဝါရောင် ဆရာတော် ဦးပညာဇောတနှင့် ဆက်သွယ်မေးမြန်းခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
“မြန်မာပြည်သားတွေ အကျိုးအတွက် ရဟန်းတွေဟာ ကိုယ်တတ်နိုင်တာ လုပ်ရမယ်”
u_pyin_nyar_zaw_ta မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအတွင်း အခရာကျသော ဆရာတော်တပါး ဖြစ်သည့် ဦးပညာဇောတသည် စစ်အစိုးရက ပိုက်စိတ်တိုက် လိုက်လံ ရှာဖွေနေသည့် ကြားမှ ထိုင်း-မြန်မာ နယ်စပ်သို့ မကြာသေးခင်က လွတ်မြောက် ရောက်ရှိလာခဲ့သည်။
စစ်အစိုးရကို တုန်လှုပ် ခြောက်ခြား သွားစေခဲ့သော ရဟန်းသံဃာတော်များ၏ မေတ္တာပို့ ဆန္ဒပြမှုများ ဖြစ်ပေါ်လာရေး ကြိုးပမ်းခဲ့သူ ဆရာတော်က မေတ္တာတရားဖြင့် ပြည်သူပြည်သားတွေ ကောင်းကျိုးနှင့် အမှန်တရားအတွက် ရဟန်းသံဃာများ လုပ်သင့်သည်ကို လုပ်ခြင်းဖြစ်ပြီး နိုင်ငံရေး လုပ်တာမဟုတ်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။
ထောင်တွင်းအကျဉ်းချ ဖမ်းဆီးစစ်ဆေးမှု အကြိမ်ကြိမ်ခံရဖူးသူ ဆရာတော်သည် လက်ရှိအချိန်တွင် ချိတ်ပိတ်ခံထားရသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဖြစ်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်လည်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ထူထောင်သူ ရဟန်းတော် ၆ ပါးအနက် ဦးဂမ္ဘီရနှင့် ဦးကေသရတို့ ၂ ပါးမှာ အဖမ်းခံထားရသည်။
တိုင်းပြည်ကောင်းစားရေးအတွက် တွေ့ဆုံဆွေးနွေးမှု မရှိမဖြစ် လိုအပ်သည်ဟု လေးနက် တည်ကြည်စွာဖြင့် ဆရာတော်က ပြောသည်။

မေး။    ။ ဦးဇင်းဘုရား၊ ဘယ်နေ့က နယ်စပ်ကို ရောက်တာလဲ ဘုရား။
ဖြေ။      ။ ရက်ပိုင်းလေးပါပဲ။ သိပ်မကြာသေးပါဘူး။

မေး။ ။ ဦးဇင်းက အရှင်ဂမ္ဘီရတို့လို ရွှေဝါရောင် တော်လှန်ရေးရဲ့ ဦးဆောင် သံဃာတော်တပါးအဖြစ် သိထားပါတယ် ဘုရား။
ဖြေ။ ။ ဦးဂမ္ဘီရဟာ ဦးဇင်းတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ရဟန်းတပါးပါ။ ဝါအနေနဲ့ဆိုရင် ဦးဇင်းက အကြီးဆုံးပါပဲ။ အတွေ့အကြုံအရလည်း ဦးဇင်းက အကြီးဆုံးပါပဲ။ တာဝန် အရှိဆုံးပါပဲ။ ဦးဇင်းတို့ သံဃာ့ တပ်ပေါင်းစုမှာ ရဟန်း (၆) ပါး ရှိပါတယ်။ ဦးဇင်းအနေနဲ့က အဓိက အကြံဥာဏ်နဲ့၊ အတွေ့အကြုံ ဗဟုသုတတွေကို သူတို့ကို ပံ့ပိုး ပေးခဲ့ရပါတယ်။ ဦးဇင်းက ပထမအကြိမ် ၁၉၉ဝ ခုနှစ်မှာ နိုင်ငံရေးမှုနဲ့ ထောင် (၃) နှစ်ကျပါတယ်။ ဒုတိယအကြိမ် ၁၉၉၈ ခုနှစ်မှာ ဒုတိယအကြိမ်မှာ နိုင်ငံရေးမှုနဲ့ပဲ (၇) နှစ်ကျပါတယ်။ ကိုဌေးကြွယ်တို့၊ ကိုကိုကြီးတို့ကလည်း ဦးဇင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပါတယ်။

မေး။ ။ ဦးဇင်းရဲ့သက်တော်နဲ့ ဝါတော်ကို မိန့်ကြားပါဘုရား။
ဖြေ။ ။ ဦးဇင်းဝါတော်က (၂၈) ဝါ၊ အသက်က (၄၈) ပါ။ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်က တိုက်အုပ်ဘုန်းကြီး ဖြစ်ပါတယ်။

မေး။ ။ အပိတ် ခံလိုက်ရလိုက်တဲ့ ကျောင်းပေါ့ဘုရား။
ဖြေ။ ။ ဦးဇင်း အထက်မှာ အဖမ်းခံထားရတဲ့ ဦးဣန္ဒက ဆိုတာ။ အခု အင်းစိန်ထောင်ထဲမှာ ရှိပါတယ်။ သူက ကျောင်းထိုင်ပါ။ ဦးဇင်းက တိုက်အုပ်ပါ။

မေး။ ။ ဦးဇင်းရဲ့ ရွှေဝါရောင် တော်လှန်ရေးကာလက အမှတ်ရချက်ကို မျှဝေပေးပါ ဘုရား။
ဖြေ။  ။ ထူးခြားတဲ့ အတွေ့အကြုံကတော့ ပထမဆုံး ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ် ဆောင်တဲ့နေ့က အတွေ့အကြုံပဲ ဖြစ်ပါတယ်၊ သံဃာတပ်ပေါင်းစုက ဦးဆောင်ပြီး (၁၈) နေ့မှာ ကံဆောင်မယ်လို့ ပြောထားတယ်။ အကယ်၍သာ အဲဒီ ကံဆောင်ပွဲ ဖြစ်မလာဘူးဆိုရင် ဦးဇင်းတို့ရဲ့ ကတိမတည်ဘူး၊ သာသနာတော် အတွက်လည်း သိက္ခာကျမယ်၊ ရဟန်းသံဃာတော်တွေ အတွက်လည်း သိက္ခာကျမယ်။ ဒါပေမယ် ဦးဇင်းတို့က နေရာအနေနဲ့ (၅) နေရာလောက် ခွဲပြီးလုပ်တဲ့အခါမှာ ရန်ကုန်က (၃) နေရာ သတ်မှတ်တဲ့အခါ၊ (၃) နေရာလုံး အောင်မြင်ပါတယ်။ မန္တလေးကတော့ (၁၈) ရက်နေ့မှာ မလုပ်နိုင်ပေမယ့်၊ (၁၉) ရက်နေ့မှာ စလုပ်နိုင်တယ်။ ဒါကြောင့် ဖြစ်မှဖြစ်ပါ့မလား ဆိုတဲ့ သံသယစိတ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် တကယ်မှာ ဦးဇင်းတို့ မှန်းထားတာထက် ပိုအောင်မြင်ခဲ့တဲ့အတွက် (၁၈) ရက်နေ့က အတွေ့အကြုံဟာ နောက်ရက်တွေ ထပ်ပိုပြီး စိတ်လှုပ်ရှားမှု ဖြစ်ပါတယ်။

မေး။ ။ သံဃာထုတွေနဲ့အတူ ဦးဇင်းကိုယ်တိုင် မေတ္တာပို့ လမ်းလျှောက်ခဲ့တဲ့ အတွေ့အကြုံက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဦးဇင်းတို့ သံဃာ့ တပ်ပေါင်းစုအောက်မှာ သံဃာ့အဖွဲ့ငယ်တွေ ရှိပါတယ်။ ဦးဇင်းတို့က အတွေ့အကြုံ များတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ ရှေ့ဆုံးက တာဝန် မယူပါဘူး။ ဘေးက ရံပါတယ်။ ဘယ်ပုဂ္ဂိုလ်က ဘာတာဝန်ယူ၊ ဘယ်ပုဂ္ဂိုလ်က ဘာတာဝန်ယူ ဆိုတာကို စီစဉ် ညွန်ကြားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီပွဲမှာ ရှေ့ထွက်လိုက်ရင် ဦးဇင်းတို့လုပ်တာ တန်းမိသွားပြီးတော့ ဖြိုခွဲခံရမယ်။ ဒါကြောင့် ဦးဇင်းတို့က ဘေးကနေ ရံပြီး လိုက်ပါခဲ့တယ်။ လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေက သံဃာ့ တပ်ပေါင်းစုမှာပါတဲ့ (အဓိကအားဖြင့် ၄ ဖွဲ့) တဖွဲ့ဖွဲ့မှာ ပါဝင် တာဝန်ထမ်းဆောင်နေတဲ့ ရဟန်းတွေ ဖြစ်ပါတယ်။

မေး။ ။ လှုပ်ရှားမှုအပြီးမှာ ဦးဇင်း ဘယ်လို ရှောင်တိမ်းခဲ့ရပါသလဲ၊ သိခွင့် ရသလောက်ပါ ဘုရား။
ဖြေ။ ။ တချို့တဝက်တော့ ပြောပါမယ်။ အတွင်းက လူတွေရဲ့ လုံခြုံရေးကြောင့် အကုန်ပြောလို့ မရပါဘူး။ ၂၆ ရက်နေ့ညမှာ မဂ္ဂင်ကျောင်းတိုက်ကို ဝင်စီးပါတယ်။ ဦးဇင်းက ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်ကတည်းက ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့နဲ့က ကျောင်းနဲ့ သူတို့အိမ်နဲ့က နီးစပ်တဲ့အတွက် သူတို့ကို ဖမ်းသွားပြီး မကြာခင်မှာပဲ ဦးဇင်းက အပြင်မှာ ရှောင်ပုန်းပြီး နေတယ်။ နေရင်းနဲ့မှ သံဃာ့ တပ်ပေါင်းစုအဖွဲ့ ဆိုတာ ဖြစ်လာတယ်။ မဂ္ဂင်ကျောင်းကို ဝင်စီးတဲ့အခါမှာ ဦးဇင်းက အပြင်မှာပဲ ရှိပါတယ်။ တလျှောက်လုံး အပြင်မှာပဲ နေတယ်။ အပြင်မှာရှိတဲ့ ဒကာ ဒကာမတွေ၊ ရဟန်းတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ၊ တပည့်တွေရဲ့ ကူညီပံ့ပိုးမှု၊ စောင့်ရှောက်မှုကြောင့် ပုန်းရှောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ သံဃာ့ တပ်ပေါင်းစုကို ပြန်လည်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အခုဆိုရင် သံဃာ့တပ်ပေါင်းစုကို ခိုင်ခိုင်မာမာ ဖွဲ့စည်းထားနိုင်ပါပြီ။ ဦးဇင်း ပြင်သင့်တာကို ပြင်ထားပြီးပြိလို့ ပြောချင်ပါတယ်။

မေး။ ။ လှုပ်ရှားမှုကို သံဃာထုက ဦးဆောင်ရမယ် ဆိုတာ ဦးဇင်းတို့ ဘယ်လို စတင်သိမြင် လာပါသလဲ ဘုရား။
ဖြေ။ ။ ဦးဇင်းတို့ သံဃာ့တပ်ပေါင်းစု ဆိုတာက အောက်တိုဘာ အရေးအခင်း ဖြစ်လာမှ၊ စက်သုံးဆီ ဈေးနှုန်းတွေ ကြီးမြင့်လာမှ ဖြစ်လာတာ မဟုတ်ပါဘူး။ အရင့်အရင်မှာ သံဃာ့ အဖွဲ့အစည်းငယ်တွေ၊ ရဟန်းပျို သမဂ္ဂတွေ၊ သံဃာ သမဂ္ဂီတွေ၊ ရန်ကုန်တိုင်း ရဟန်းပျိုတွေ၊ သောတုဇနတွေ စသည်ဖြင့် တော်တော်များများ ရှိပြီးသားပါ။ ဟိုးအရင်ကတည်းက ရှိခဲ့တာပါ။ တချိန်ချိန်မှာ ပြည်သူတွေနဲ့ လက်တွဲပြီး၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲပြီး မြန်မာပြည်သားတွေရဲ့ အကျိုးအတွက် ရဟန်းတွေဟာ ကိုယ်တတ်နိုင်တာ လုပ်ရမယ်ဆိုတဲ့ အိုင်ဒီယာ ရှိပါတယ်။ အဲလိုအချိန်မှာ စက်သုံးဆီဈေးတွေ ကြီးမြင့်လာတယ်။ မခံမရပ်နိုင်ဖြစ်ပြီး ပြည်သူတွေ ဆန္ဒပြတဲ့အခါ၊ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့ ရဲတို့က ဖမ်းလိုက်တဲ့အခါ၊ ဒီပုဂ္ဂိုလ်တွေက အလုပ်ကို လုပ်နိုင်သလောက် မလုပ်ခဲ့ဘူး။ ဦးဇင်းတို့က သံဃာထုအနေနဲ့၊ နဂိုရှိပြီးသား အဖွဲ့အစည်းတွေ စုပေါင်း ဖွဲ့စည်းပြီးတော့ မြန်မာပြည်သူတွေ အကျိုးကိုလုပ်ဖို့ သံဃာ့ တပ်ပေါင်းစုဖွဲ့ဖို့ မန္တလေးမှာ ပြင်လိုက်ပါတယ်။ ပခုက္ကူက စပြီး ဖောက်ခွဲလိုက်တဲ့အတွက် ပခုက္ကူ သံဃာတော်များအပေါ် အခြေခံပြီးတော့ ဦးဇင်းတို့က ရွှေဝါရောင် တော်လှန်ရေးအတွက် သပိတ်မှောက်မယ်ဆိုပြီး မီဒီယာတွေက တဆင့် အသိပေးခဲ့ပါတယ်။ ပခုက္ကူက လုပ်သွားတယ် ဆိုတာက ဦးဇင်းတို့ သံဃာအဖွဲ့အစည်း၊ သံဃာအဖွဲ့အစည်း၊ ရဟန်းပျို အဖွဲ့အစည်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ အဖွဲ့အစည်းက ရဟန်းငယ်တွေ လုပ်သွားတာ ဖြစ်ပါတယ်။

မေး။ ။ ပခုက္ကူကိစ္စကတော့ လက်တလော အကြောင်းအရင်းပေါ့ဘုရား၊ နောက်တော့ ရွှေဝါရောင် တော်လှန်ရေး ဖြစ်တယ်။  ဦးဇင်းတို့ သံဃာထုရဲ့ အန္တိမ ရည်မှန်းချက်၊ သဘောထားက ဘယ်လို ရှိပါသလဲဘုရား။
ဖြေ။ ။ ဦးဇင်းတို့ သဘောထားကတော့ ပြည်သူတွေ ကောင်းမယ်။ အကျိုးစီးပွား ရှိမယ်ဆိုရင် ဘယ်လို လုပ်ရပ်မျိုးကိုမဆို လုပ်မှာပါ။ အဲလို လုပ်တဲ့အခါမှာ ဘာသာရေးနဲ့ ကိုက်ညီတဲ့ လမ်းကြောင်း၊ အပ်စပ်တဲ့ လုပ်ရပ် ဖြစ်ရမယ်။ ဘာသာရေးကနေ ပြည်သူတွေရဲ့ အကျိုးရှိတဲ့ လုပ်ရပ်တွေကို လုပ်ဖို့ သဘောထား ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးဇင်းတို့က ဘာသာရေး အဖွဲ့အစည်း ဖြစ်ပါတယ်။ နိုင်ငံရေး အဖွဲ့အစည်း မဟုတ်ပါဘူး။ ဘာသာ ဖြစ်တဲ့အတွက် အမျိုးသားရေးနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကပဲ ဦးဇင်းတို့နဲ့ ကိုက်ညီတဲ့အတွက် ဒီလမ်းကြောင်းအတိုင်း လုပ်ဖို့ကို ဆုံးဖြတ်ထားပါတယ်။

မေး။ ။ နယ်စပ်ကို ထွက်လာရတဲ့ ရည်ရွယ်ချက်၊ အကြောင်းအရင်းကို ပြောပြပါဘုရား။ အထဲမှာ အခက်အခဲတွေ ရှိတယ်ဆိုတာလည်း သိပါတယ် ဘုရား။
ဖြေ။ ။ ထွက်လာတဲ့ အကြောင်းအရင်းက အထဲမှာ ပုန်းနေတုန်း၊ ဟိုပုန်းဒီပုန်း၊ ဟိုရွှေ့ဒီရွှေ့ လုပ်နေတဲ့ တချို့ပုဂ္ဂိုလ်တွေက ဦးဇင်းကြောင့် သူတို့ ဒုက္ခရောက်နိုင်စရာ ရှိတယ်။ တချို့က ဦးဇင်းနဲ့သက်ဆိုင်တဲ့၊ ဆွေမျိုးသားချင်း၊ ရဟန်း ဒကာဒကာမတွေ၊ ညီအစ်မောင်နှမတွေ၊ ဆရာတပည့်တွေ၊ တနည်းမဟုတ် တနည်း ဒုက္ခပေးလာနိုင်တယ်။ ဦးဇင်းအနေနဲ့ နေလို့ မဖြစ်တော့ဘူး။ ပြည်ပကနေပဲ တာဝန်ယူပြီး လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာတာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာပြည်မှာ ရွှေဝါရောင် တော်လှန်ရေးလို နောက်ထပ် လှုပ်ရှားမှုတခု ပေါ်နိုင်စရာ ရှိပါသလား ဘုရား။
ဖြေ။ ။ အချိန်အခါ တခုတော့ စောင့်ရမယ်လို့ ထင်ပါတယ်၊ ပြည်သူတွေဟာ သူတို့ရဲ့ ခံစားချက်တွေ ရင့်သန်လာပြီး၊ ခံစားချက်ကို ဖွင့်ဟဖို့ အချိန်တန်ပြီ ဆိုတဲ့အချိန်နဲ့ ဦးဇင်တို့နဲ့ ကွက်တိ ဖြစ်တဲ့အချိန်မှာ ရွှေဝါရောင် တော်လှန်ရေးလို အင်အားစုမျိုး မဖြစ်မနေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အခုလည်းပဲ ရဟန်းတွေ၊ ကျောင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေက ပြင်ဆင်နေကြတယ် ဆိုတာ တွေ့ရပါတယ်။

မေး။ ။ လတ်တလောကိစ္စပဲ ပြန်လျှောက်ချင်ပါတယ်။ တနေ့ကပဲ စစ်အစိုးရက သူတို့ လမ်းပြမြေပုံ အတိုင်း ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီ လိုချင်တဲ့ ပြည်တွင်းပြည်ပ အားလုံးပေါ့၊ ဒီလိုအချိန်မှာ ဘယ်လို လက်တုံ့ပြန်သင့်လဲလို့ ဦးဇင်းစဉ်းစားမိပါသလဲ။
ဖြေ။ ။ ပြည်တွင်းက ပြည်သူတွေအနေနဲ့ လုပ်နိုင်တာ နှစ်မျိုး ရှိပါတယ်။ တခုက ဆန္ဒပြတဲ့ လမ်းကြောင်း။ ဒီလမ်းကြောင်းက လုပ်ချင်တိုင်း လုပ်လို့မရဘူး။ လုပ်ရင် ဖမ်းမယ်။ ထောင်ကျမယ်။ ပစ်မယ်၊ သတ်မယ်။ မရဘူး။ ဘာလုပ်ရမလဲဆိုရင် ပြည်သူတွေကမိမိ တို့လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက ရတဲ့နည်းနဲ့ သပိတ်မှောက်မယ်။ ဆန္ဒမပေးဘဲ နေမယ်ဆိုရင် ပြည်သူတွေဟာ ကိုယ့်လိုလားပိုင်ခွင့်၊ ကိုယ်အခွင့်အရေးကို အသုံးချတာပဲ ပြောချင်ပါတယ်။ ဆန္ဒပြတာ မဖြစ်တဲ့အတွက် ဆန္ဒခံယူပွဲကို ကန့်ကွက်၊ ရှုံ့ချတဲ့ဟာမျိုးကို လုပ်လို့ ရပါတယ်။ အဲလို လုပ်လို့ရအောင် ဒီမိုကရေစီ အင်အားစုတွေက ရတဲ့နည်းနဲ့ လုပ်လိမ့်မယ်လို့ ဦးဇင်း ပြောချင်ပါတယ်။ ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ အကျိုးရှိရှိ လုပ်ဖို့ လိုအပ်တယ်။ စုပေါင်းလုပ်ဖို့ လုပ်အပ်ပြီလို့ မြင်ပါတယ်။

မေး။ ။ လက်ရှိအစိုးရပေါ် ဦးဇင်း ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သူတို့က ရှင်းနေတာကို ရှုပ်အောင် လုပ်နေတာပဲ။ ကတိမတည်ခဲ့ဘူး။ ၉ဝ ရွေးကောက်ပွဲက ပြီးခဲ့ပြီးပဲ၊ ပြီးရင် အာဏာလွှဲမယ် ပြောတယ်။ အဲတော့ အာဏာလွှဲဖို့ ကိစ္စက လက်ရှိ အနေနဲ့က ဘာလုပ်မလဲ၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို တက်လိုက်ရင် ရှင်းရှင်းလေးပါ။ အဲလို မလုပ်ဘဲ၊ အာဏာ တည်မြဲရေး၊ အကျိုးစီးပွားရေးအတွက် လူထုဆန္ဒ ခံယူပွဲတို့၊ နောက်တကြိမ် ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်မယ် ဆိုတာတွေဟာ မိမိအကျိုးကိုယ်သာ ကြည့်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့်ဘူးလို့ အဲလိုမြင်ပါတယ်။

မေး။ ။ တချို့ကလည်း ရဟန်းဆိုတာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးပေါ့လေ။ ဒီလို ပြောကြပါတယ်။ ဦးဇင်းရဲ့ ခံယူချက်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။  နိုင်ငံရေးဆိုတာ ကျယ်ပြန့်ပါတယ်။ ဦးဇင်းတို့က နိုင်ငံရေး မဟုတ်ပါဘူး။ သူတို့မြင်နေရင် သမုတ် နေကြတာပါ။ ဦးဇင်းတို့က ပါတီလည်း မထောင်ဘူး။ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံမှာလည်း မဟုတ်ဘူး။ မဲပေးပိုင်ခွင့်တောင် မရှိပါဘူး။ ဦးဇင်းတို့က ရဟန်းတွေပါ။ နိုင်ငံရေး လုပ်နေတာ မဟုတ်ပါဘူး။ နရသီဟပတေ့မင်း လက်ထက်ကလည်း ရှင်ဒိသာပါမောက္ခတို့လို သံတမန်နည်းနဲ့ ဆက်သွယ်ပြီးတော့ တိုင်းသူပြည်သား အကျိုးကို ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ရဟန်းတွေက ဘာလုပ်နေလဲဆိုရင် ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ပြည်သူတွေ ကောင်းကျိုးအတွက် ဘာသာရေးဆန်တဲ့ နည်းနဲ့၊ မေတ္တာတရားနဲ့ အမှန်လမ်းကြောင်းဘက်ကနေ အရှိကို အရှိအတိုင်း လူတွေရဲ့ ကိုယ်စား သွယ်ဝိုက်ပြီးတော့ သံတမန်နည်းနဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်တယ်။ နားမလည်တဲ့လူတွေက နိုင်ငံရေး လုပ်တယ်လို့ မြင်နေတာပါ။ ရဟန်းတွေ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။

မေး။ ။ ဦးဇင်းက အတွေ့အကြုံအရ၊ ဝါတော်အရ အတန်အသင့် ရှိတယ်ဆိုတော့ သံဃာ့ မဟာနာယက အဖွဲ့က လုပ်ရှိ အနေအထားအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့အစည်းဟာ သာသနာ ဘက်က ကြည့်ရင် အမြင့်မားဆုံးပါ။ ဒီလို အဖွဲ့ဟာ ၈၈ အရေးအခင်းကြီးတွေ ဖြစ်နေတဲ့အချိန်မှာ မေတ္တာရပ်ခံခဲ့တာ ရှိပါတယ်၊ ဒါဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီး သတ်တဲ့ဖြတ်တဲ့ ကိစ္စတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ မလုပ်ကြဖို့ ပြည်သူတွေကလည်း စည်းကမ်းရှိဖို့ မေတ္တာရပ်ခံခဲ့တာ ရှိသလို ဒီနေ့ ဒီကာလမှာ ပြည်သူတွေအကျိုးကို ရှေ့ရူ့ပြီး သာသာနာ့အဖွဲ့မှာ အကြီးဆုံးဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က အစိုးရကို မေတ္တာရပ်ခံမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာ အနေနဲ့လည်း ဂုဏ်ရှိတယ်။ ရဟန်းသံဃာတော် အနေနဲ့လည်း ဂုဏ်ရှိတယ်။ မြန်မာပြည် အနေနဲ့လည်း ဂုဏ်ရှိတယ်။ ဒါကြောင့် သံဃာ့မဟာနာယက အဖွဲ့အနေနဲ့ အဲဒီလို မေတ္တာရပ်ခံတာမျိုး၊ အမှန်တရားဘက်က ရဲရဲရင့်ရင့် မေတ္တာရပ်ခံတာမျိုးကို လုပ်စေချင်တယ်။

မေး။ ။ တိုက်တွန်းနိုင်တဲ့ အခြေအနေလည်း ရှိပါသလား ဘုရား။
ဖြေ။ ။ တိုက်တွန်းချင်ရင်တော့ တိုက်တွန်းလို့ ရပါတယ်။ ဝိနည်းလွတ်အောင် ရှောင်မယ် ဆိုရင်လည်း ရှောင်နေလို့ ရတယ်ပေါ့။ တကယ်လုပ်ရင် တကယ့်ကိုပဲ အကျိုးရှိတာပေါ့။ အကျိုးရှိတယ်၊ မှန်လည်းမှန်တယ်။ ဝိနည်းနဲ့လည်း မဖောက်ပြန်ဘူး ဆိုရင်တော့ ဆရာတော်ကြီးတွေ အနေနဲ့ ဒါတကယ့်ကို လုပ်ကို လုပ်သင့်တယ်လို့ ပြောချင်ပါတယ်၊

ကိုယ်ရေးအကျဉ်း

ဦးပညာဇောတ
- နတ်မောက်မြို့နယ် မယ်ဇလီရွာတွင် နိုဝင်ဘာလ ၆ ရက်၊ ၁၉၆ဝ တွင် မွေးဖွားခဲ့သည်။
- ဝါတော် ၂၈ နှစ်၊ သက်တော် ၄၂ နှစ်။
- အခြား ဘွဲ့အမည်မှာ ဦးပါကဋ ဖြစ်သည်။
- အသက် (၂ဝ) ၌ ရဟန်းဘဝ ရောက်ခဲ့။
- ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ရေနံချောင်း၊ တောင်တွင်းကြီး စာသင်တိုက်များတွင် ပညာသင်ခဲ့။
- ၁၉၈၈ တွင် ရန်ကုန်တွင် စာသင်သား ဘဝအဖြစ် နေစဉ်၊ အလုံမြို့နယ်၊ ရဟန်းပျို သမဂ္ဂ ဥက္ကဌ။
- စစ်တပ်က အာဏာသိမ်းပြီးနောက် ရဟန်ပျိုသမဂ္ဂများ ပြန်လည် ဖွဲ့စည်းသောအခါ အောက်မြန်မာပြည် စည်းရုံးရေး တာဝန်ခံ အဖြစ် တာဝန်ယူ။
- မန္တလေးသံဃာတော်များက သပိတ်မှောက် ကံဆောင်သောအခါ၊ အောက် ဗမာပြည် သံဃာတော်များက ထောက်ခံကြောင်း လှုပ်ရှားမှုများ လုပ်စဉ် အဖမ်းခံရပြီး ထောင် (၃) နှစ်ကျ။
- ၁၉၉၃ ခုနှစ်တွင် ထောင်မှပြန်လွတ်။
- ၁၉၉၆ ခုနှစ်တွင် တကြိမ်အဖမ်းခံရပြီး၊ စစ်ကြောရေးမှ ပြန်လွှတ်ပေးခဲ့။
- ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီတွင် အဖမ်းခံရပြီးထောင် (၇) နှစ်ချမှတ်ခံရ။ အင်းစိန်၊ သာယာဝတီမှ ပြန်လွတ်။
- ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် သာယာဝတီ ထောင်မှ ပြန်လွတ်ပြီးနောက် မဂ္ဂင်ကျောင်းတွင် တိုက်အုပ် ဆရာတော်၊ စာချဆရာတော်အဖြစ် သာသနာ့ တာဝန်ထမ်းခဲ့။ ရဟန်းပျိုသမဂ္ဂကို ပြန်လည်ဖွဲ့စည်း၊ သံဃာ တပ်ပေါင်းစု ပေါ်ပေါက်လာသည့်အထိ တာဝန်ယူ လုပ်ဆောင်ခဲ့။ 

(သံဃာနှင့်နိုင်ငံရေးအယူအဆကို နှစ်သက်မိပါတယ်။ ဒါကြောင့် ထပ်မံတင်ပြတာပါ။ အမရဒီပ)
 http://www.mizzimaburmese.com/component/content/article/7/595----

Thursday, March 1, 2012

စေ့စပ်ဆွေးနွေးရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ၏ စိတ်နေသဘောထား


"အခုတပတ်နောက်ဆုံးမေးခွန်းရှင်ကတော့ ကိုသန်းတင်ဆင့်ပါပဲဗျာ--။"

"ဟုတ်ကဲ့--- သူကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ငြိမ်မှုရရှိအောင် Meditation တရားအားထုတ်တာ
နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မေးထားပါတယ်--ကိုဉာဏ်ဝင်းအောင်--ရေ"

"ကျနော်သန်းတင်ဆင့်ပါခင်ဗျား၊ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှာနေပါတယ်။
 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ခံနေရစဉ်အတွင်းမှာ တရားအားထုတ်ဖြစ်တယ်လို့ ကျနော်
ကြားရပါတယ်။ အခွင့်အရေးကြုံတုန်းမေးချင်တာကအခုလိုနေအိမ်အကျယ်ချုပ်ကပြန်လွတ်လာပြီးနောက်ပိုင်းကော
 တရားဖက်ကို အချိန်ပေးဖြစ်ပါသလား၊ အကယ်၍များ တရားဖက်ကို အချိန်မပေးဖြစ်ဖူးဆိုရင် ကျနော်ကတော့
 ကျေးဇူးပြုပြီး အကြံပြုချင်တာကေတာ့ ခန္ဓာဉာဏ်ရောက်ဝိပဿနာတရားကို တနေ့ ကို ၁ဝ မိနစ်လောက်ဖြစ်ဖြစ်
အချိန်ပေးပေးပါလို့ ဆန္ဒပြုပါရစေခင်ဗျား----။

ကျနော် ဂျပန်နိုင်ငံမှာရှိစဉ်က မိတ်ဆွေဂျပန်တွေမေးလေ့ရှိပါတယ်။ မင်းတို့ ဗမာလူမျိုး ဗုဒ္ဓဘာသာ
တွေဖြစ်ရဲ့သားနဲ့  မင်းတို့ တိုင်းပြည်ကြီးဟာ ဘာဖြစ်လို့ အခုလို စေ့စပ်ဆွေးနွေးရေလမ်းပေါ်မရောက်ကြတာလဲ
ဆိုတာကိုမေးပါတယ်၊အဲဒီတော့ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ ရှိရင် ဘယ်လို နှလုံးသားမျိုးထားသင့်ပါသလဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားသင့်လဲဆိုတာကို ရှင်းပြပေးပါခင်ဗျား"

"သမာဓိအားကောင်းရင် လောကီ လောကုတ္တရာ ၂ မျိုးလုံးအတွက် အကျိုးကြီးမားတယ်လို့  မှတ်သားရဖူးပါတယ်၊ ဦးခင်မောင်စိုး-ရေ၊ ကဲ--ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကိုကြားရအောင်လားဗျာ"

"ကောင်းပါပြီဗျာ"

ဒေါ်အောင်ဆန်းစုကြည်၏ဖြေဆိုချက်

"အကျယ်ချုပ်ကလွတ်လာပြီးကတည်းက အရင်လောက်တရားအားထုတ်ဖို့ အချိန်မရတာကတော့
အမှန်ပါပဲ။  ဒါပေမယ့်လဲ တတ်နိုင်သလောက်တော့ အားထုတ်ဖို့ ကြိုးစားပါတယ်။ဒီနိုင်ငံမှာ လူအများစုက
ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဗုဒ္ဓဘာသာတရားကို နှလုံးသွင်းထားတဲ့သူတွေ ဘယ်လောက်များတယ်
ဆိုတာကတော့မှန်းဖို့ခက်ပါတယ်။ ကျမကတော့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာကောင်းတဦးဖြစ်ဖို့  ကြိုးစားနေတဲ့သူအဆင့်လောက်ပဲရှိသေးတယ်လို့ သတ်မှတ်ပါတယ်။
အားလုံးက လောဘ ဒေါသမောဟတွေ နည်းနိုင်သလောက်နည်းသွားအောင်ကြိုးစားကြမယ်ဆိုလို့ ရှိရင်
စေ့စပ်ဆွေးနွေးလမ်းကြောင်းပေါ် မြန်မြန်ရောက်နိုင်မယ်လို့ ထင်ပါတယ်။"


ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၁ -RFA အစီအစဉ်မှတဆင့် ကြားလိုက်ရခြင်းဖြစ်ပါတယ်။ လေလှိုင်းပေါ်ကစကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ------အမရဒီပ

၃-၁-၂ဝ၁၂

Wednesday, February 29, 2012

ဘုရားနည်းဟောပါ


နောက်ပြီး ရိပ်သာတွေကလည်း ဘယ်ဆရာတော်နည်း--တဲ့။ ဘုရားနည်းကိုမရှိဘူး။
 အဲဒီတော့ ဘယ့်နဲ့ဟာတုန်း။ တပည့်တော်တရားဟောသွားတော့ ဒကာမကြီးတယောက်က မေးတယ်။ 
ဘုန်းကြီးဘုရား--တဲ့။ ဘယ်နည်း--ဘယ်နည်းနဲ့  ဘာလို့ ဒီလိုဖြစ်နေတာလဲ။ တပည့်တော်မပြောခဲ့ဘူး။
 ရှင်းခဲ့ပါတယ်။ ဒါတွေဟာ သတိထားရမယ့်အချက်တွေပါ။
 ဘုရားနည်းဟောပါ။ ဘုရားနည်းဟောရင် မမှားဘူး။ ကိုယ့်ဟာကိုယ်ထွင်ဟောရင်တော့ မှားမယ်ပေါ့။  

(အရှင်မာနိတသိရီဘိဝံသ၊ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်)

(မှော်ဘီမြို့ ၊ မင်္ဂလာတိုက်အတွင်းကျင်းပပြုလုပ်သော သံဃာပူဇော်ပွဲ၌ ဆရာတော်ကြီးများမိန့် ကြားတော်မူသည့်
သြဝါဒကထာစာအုပ်-မှ)

ဘယ်သူ့ နည်းလဲ


မြန်မာပြည်သည် ဝိပဿနာတရားထွန်းကားသောနေရာဖြစ်၏။ ဝိပဿနာတရားအားထုတ်နည်းစုံသောနေရာ
လည်းဖြစ်၏။ "ဝိပဿနာရှုနည်းပေါင်းချုပ်"စာအုပ်များပင်ထုတ်ဝေထားရသည်။ အတွေးအသိနုသူတချို့ ကလည်း
ဟိုဆရာတော်နည်း၊ ဒီဆရာတော်နည်းပြောကာ အစွဲအလမ်းကြီးနေကြသည်။ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်
က သူ၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်းပြကျမ်းစာတွင် မှတ်သားဖွယ်စကားတရပ်ကို မှာတမ်းရေးတော်မူ၏။

ဓမ္မဂုတ်။             ဝိပဿနာဘာဝနာကိုတော့ မလေ့လာဘူး၊ မဟောဘူးလား။
တပည့်တော်။       ။ ဟောရုံတွင်ဘယ်ကလဲ၊ (ကျောင်းတိုက်တွင်းရှိ) ဥယျာဉ်ထဲမှာနေတဲ့ စာချ
                        ဘုန်းကြီးများက ခေါင်းဆောင်ပြီး ဝိပဿနာဘာဝနာအလုပ်ကို အများအား
                        ထုတ်အောင် ကြိုးစားကြပါတယ်။
ဓမ္မဂုတ်။              ။ နည်းကတော့ဘယ်သူ့ နည်းတုန်း။
တပည့်တော်။       ။ အရှင်ဘုရားမေးပုံကတရားဝေးလိုက်တာဘုရား၊ ဘုရားသာသနာတော်နေပြီး
                        ဘယ်သူ့ နည်းကိုယူရဦးမှာတုန်း၊ ဘုရားနည်းပေါ့၊ ယခုလောလောဆယ်မှာပင်
                        ဝိပဿနာတရားစာကို ပို့ ချခိုက်ဖြစ်နေပါတယ်။

                        (တဘဝသံသရာ-၃၃၄-၃၃၅)

Tuesday, February 28, 2012

ပဲခူးနယ်က တက်ဘုန်းကြီးများ


(ဖေဖော်ဝါရီ၊ ၂၈၊ ၂ဝ၁၂ RFA ညပိုင်းသတင်းတပုဒ်ကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်)

ပဲခူးတိုင်းမှာ ဗုဒ္ဓဘာသာ သာသနာညှိုးနွမ်းမှုကနေ ကာကွယ်တဲ့အနေနဲ့ လူမှုရေးကျူးလွန်ဖောက်ပြန်
နေကြတဲ့ ရဟန်းတုရဟန်းယောင်တွေနဲ့ပတ်သက်ပြီး တိုင်ကြားကြဖို့  အကူအညီပေးနိုင်ကြောင်း
အသိပေးနှိုးဆော်တဲ့ လှုပ်ရှားမှုတခုကို သာသနာ့ရောင်စဉ်လူမှုရေးအသင်းအဖွဲ့ က ပဲခူးမြို့ ပေါ်မှာ
 စာဖြန့် ဝေတဲ့လှုပ်ရှားမှုတရပ်ကို ဒီနေ့ ကျင်းပခဲ့ပါတယ်။    လူစည်ကားတဲ့နေရာတွေမှာ 
သာသနာ့ရောင်စဉ်အဖွဲ့ က လက်ကမ်းစာစောင်တွေ ဖြန့် ဝေခဲ့တာပါ။ အခုလို လှုပ်ရှားမှုဖြစ်ပေါ်လာရခြင်းနဲ့ 
ပတ်သက်လို့  သာသနာ့ရောင်စဉ်လူမှုရေးအဖွဲ့ က ကိုကြည်လင်းက ပြောပါတယ်။

"ပဲခူးမြို့ ၊ပြင်စည်မှာဆိုလို့ ရှိရင်ကြက်သားရောင်းနေတဲ့ကောင်မလေးကို သူ အဲဒီကြက်သားဆိုင်ကို
ဝင်ရောက်ဖျက်ဆီးပြီးတော့ လက်သီးနဲ့ ထိုးသွားတယ်။ အဲဒီကိစ္စမှာ ဒီဘုန်းကြီးက တရားရုံးရှေ့ ကို 
မရောက်သေးတဲ့အပြင်ကို ကျနော်တို့ကို ဒီဘုန်းကြီးက မဟုတ်ကဟုတ်ကတိုင်တာ ၂ ခါရှိလို့ ကျနော်တို့ 
 တရားရုံးမှာ ရှင်းနေရပါတယ်။ ----ငပြာကုန်းကျေးရွာမှာ ဆိုလို့ ရှိရင် အရွယ်မရောက်သေးတဲ့ ကောင်မလေးရဲ့
 ခြင်ထောင်ထဲကို ဝင်တဲ့ကိစ္စ--၊ အဲဒီကိစ္စကလည်း ဘုန်းကြီးကတရားရုံးကိုမရောက်ဘဲနဲ့ ခပ်ရိုင်းရိုင်းလူတွေနဲ့ 
ရွာသားတွေနဲ့ ပေါ့လေ--သူတို့ တွေကို သာသနာကိုညှိုးနွမ်းအောင်လုပ်ပါတယ်ဆိုပြီးတော့ ပြန်တိုင်တယ်။
 ကျောက်တံခါးဘက်မှာကျတော့ လင်ရှိမယားနဲ့ ဖောက်ပြန်တဲ့ ဘုန်းကြီးတပါး --ကျန်တဲ့ဟိုဖက်က
လူတွေကို မဟုတ်ကဟုတ်ကပြန်တိုင်တာ ရှင်းနေရတာ ၃ -၄ ခါလောက်ရှိသွားပြီ--။သူတို့ နဲ့ပတ်သက်ပြီး
 ဗွီဒီယိုရိုက်ပြီး အင်တာဗျူးလုပ်ထားတာလည်း ရှိပါတယ်ခင်ဗျား---။ "

(ကိုကြည်လင်းအသံ)

ပဲခူးတိုင်းမှာ ရဟန်းတုရဟန်းယောင်တွေ ကျူးလွန်ဖောက်ဖျက်နေတဲ့အမှုတွေများလာနေတယ်လို့ပြော
ပါတယ်။ နေရာအနှံ့ မှာ အခုလိုဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားမှတ်တမ်းတွေ 
စုစည်းထားတယ်လို့ လည်း သိရပါတယ်။

"အရှင်ဂမ္ဘီရတို့ ၊  ရွှေညဝါဆရာတော်တို့ လို ပုဂ္ဂိုလ်တွေကျတော့ သူတို့ က အတိအကျ
 အရေးယူပြီးတော့ ဒီလို မျိုးအများပြည်သူကို ဒုက္ခပေးတဲ့ ရဟန်းတော်တွေကိုကျတော့ 
တရားဥပဒေချိုးဖောက်တဲ့ရဟန်းတွေဖြစ်ရဲ့သားနဲ့ သူတို့ က အရေးမယူဘဲနဲ့  သူတို့က 
လျစ်လျူရှုထားခဲ့တယ်။ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုသိနေတဲ့ ဒီအလဇ္ဖီရဟန်းတွေဟာ
 ဒီအခွင့်အရေးကိုအသုံးချပြီးတော့ သူတို့ က ဒီရာဇဝတ်မှုတွေကို   ရဲရဲတင်းတင်းကြီး ဖောက်ဖျက်
ကျူးလွန်နေကြတယ်။  နောက်တခု သူတို့ ဆိုးတာက သူတို့ က ဒီအပြစ်တွေကိုကျူးလွန်ပြီးလို့ ရှိရင်
 သူတို့ က ဦးအောင်ပြန်ပြီးတော့ အာဏာပိုင်တွေကို တိုင်တယ်။ တိုင်တဲ့အခါကျတော့ ဒီအာဏာပိုင်အဖွဲ့ 
အစည်းတွေက ဒီဘုန်းကြီးတွေတိုင်တဲ့ကိစ္စကိုကျတော့ ပြည်သူတွေကိုချက်ချင်းအရေးယူ
ပြီးတော့ ချက်ချင်းခေါ်မေးတယ်။ မမှန်မကန်တိုင်ကြားတဲ့ကိစ္စတွေကို အဲဒီလို ခေါ်မေးတယ်။ သက်ဆိုင်သံဃာ့နာယကအဖွဲ့ အစည်းတွေက ဒီရဟန်းတော်တွေကို ကာကွယ်ပေးထားတာ ကျနော်တို့မှာ
အများကြီးကြုံတယ်။ သက်သေအထောက်အထားတွေလည်း ရှိတယ်။  "

(ကိုကြည်လင်းအသံ)

လူမှုရေးကျူးလွန်ဖောက်ပြန်နေတဲ့ရဟန်း တုရဟန်းယောင်တွေကို အာဏာစက် ဓမ္မစက်အရ အရေးယူ
ဆောင်ရွက်ခြင်းမရှိတဲ့အကြောင်း အကြောင်းကြားတိုင်ကြားစာကို သမ္မတနဲ့ အစိုးထံကို ပို့ ထားတယ်လို့
လည်း သိရပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေက ဒီကနေ့ လှုပ်ရှားမှုကို ဟန့် တားနှောင့်ယှက်မှု
မရှိဘူးလို့ ပြောပါတယ်ရှင်----။


လေလှိုင်းပေါ်က စကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ----အမရဒီပ
၂-၂၈-၂ဝ၁၂


Monday, February 27, 2012

နိုင်ငံရေး နှင့် ရဟန်းသံဃာ မေး-အရှင်ရာဇိန္ဒာလင်္ကာရ၊ ဖြေ-ဒေါ်အောင်ဆန်းစုကြည်


ဖော်ပြထားတဲ့မေးခွန်း နှင့်အဖြေကတော့ လွတ်လပ်တဲ့အာရှအသံ RFA ၏ လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် 
အစီအစဉ်မှာ ဇန်နဝါရီ ၂၈၊ ၂ဝ၁၁ တွင်ထုတ်လွှင့်သွားသော အမေးအဖြေမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။

နိဒါန်း

"ကိုဉာဏ်ဝင်းအောင်ရေ--၊ ဒီအပတ်တင်ဆက်တဲ့အစီအစဉ်မှာ ပါဝင်တဲ့မေးခွန်းရှင်တွေအကြောင်း
နည်းနည်းလောက်ပြောပါဦးဗျာ"

"ဟုတ်ကဲ့--၊ သီရိလင်္ကာနိုင်ငံက အရှင်ရာဇိန္ဒလင်္ကာရ၊ စင်္ကာပူက ဦးတင်မောင်ဝင်း၊ ကနေဒါနိုင်ငံက 
ရဲရင့်ငယ် နဲ့ -----------တို့ ရဲ့မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်ဖြေကြားမှာပါ --ဦးခင်မောင်စိုး--ရေ"

"ဟုတ်ကဲ့ ၊ အရှင်ရာဇိန္ဒာလင်္ကာရက နိုင်ငံရေးနဲ့ သံဃာတွေရဲ့ အခန်းကဏ္ဍအပေါ်မေးမြန်းချက်ကို အခု
နားဆင်ကြရအောင်လားခင်ဗျား"

မေးခွန်း။             ။ "ဟလို--ဒကာမကြီး၊ မင်္ဂလာပါ။ ဦးဇင်းက သီရိလင်္ကာရောက် မြန်မာကျောင်းသား
ရဟန်းတော်များအဖွဲ့ MSMA မှ ဦးဇင်းတပါးဖြစ်ပါတယ်။ အခု ဦးဇင်း ဒကာမကြီးကို မေးချင်တဲ့ မေးခွန်းကတော့
 အခု အစိုးရလက်ထက်မှာ ရဟန်းသံဃာတော်တွေအနေနဲ့ နိုင်ငံရေးတွေမှာ မပါဝင်သင့်ဘူးလို့  ပြောလည်းပြော
နေတယ်။  ချုပ်လဲချုပ်ချယ်တယ်၊ ထောင်ချ အကျဉ်းချတာတွေလည်းရှိနေပါတယ်။ အဲဒီတော့ ဦးဇင်းတို့ လို 
ရဟန်းသံဃာတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ဒကာမကြီးအနေနဲ့ မြင်ပါသလား။

အဲ---နောက်တခုက ကမ္ဘာ့ဘယ်နေရာကပဲဖြစ်ဖြစ်  ဘယ်ဘာသာဝင်--ဘယ်ဘာသာတရားတိုင်းပဲဖြစ်ဖြစ်
လွတ်လွတ်လပ်လပ်နဲ့ သာသနာပြုစေချင်ပါတယ်။ ဦးဇင်းတို့ နိုင်ငံမှာ ဘယ်ဘာသာတရားမှ ဘာသာရေး
လွတ်လပ်ခွင့်မရှိဘူးလို့ ဦးဇင်းအနေနဲ့  ထင်ပါတယ်။
 အဲဒီအပေါ်မှာကော ဒကာမကြီးအနေနဲ့  ဘယ်လိုသုံးသပ်မိပါသလဲ။"

" ကဲ---ဦးခင်မောင်စိုးရေ--အရှင်ရာဇိန္ဒာလင်္ကာရကတော့ အဲဒီလို မေးခွန်းထုတ်ခဲ့တာပေါ့ခင်ဗျား--။"

"ဟုတ်ကဲ့--ကိုဉာဏ်ဝင်းအောင်ရေ--ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ကြွချီမှုကြောင့် ထောင်ဒဏ်
ချမှတ်ခံရပြီး  ပြန်လွတ်လာတဲ့ကိုယ်တော်တွေ သီတင်းသုံးနေထိုင်စရာကျောင်းမရှိတဲ့သတင်း အခုတလော
ကြားနေရချိန်မှာ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘယ်လိုဖြေဆိုလျှောက်ထားသလဲ
 ဆိုတာ စိတ်ဝင်စားစရာပါပဲခင်ဗျား"

"ဟုတ်ကဲ့--ဦးခင်မောင်စိုးရေ--အခုဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကို ကျနော်တို့  နားဆင်ရအောင်လားခင်ဗျား"

"ဟုတ်ကဲ့"

အဖြေ။               ။  "နိုင်ငံရေး"ဆိုတာကို အဓိပ္ပါယ်ဖော်တာတွေကတော့ အမျိုးမျိုးပါပဲဘုရား။ တပည့်တော်မတို့ 
ကတော့ "နိုင်ငံရေး"ဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့အရေးလို့ သဘောထားပါတယ်။
ဒါကြောင့် မို့ လို့ နိုင်ငံကောင်းဖို့ အတွက်၊တိုင်းသူပြည်သားတွေကောင်းဖို့ အတွက် ရဟန်းသံဃာတွေလုပ်ဆောင်
တာကို အပြစ်မြင်စရာမရှိဘူးလို့ ယုံကြည်ပါတယ်ဘုရား---။

လွတ်လွတ်လပ်လပ်နဲ့ သာသနာပြုတယ်ဆိုတာကတော့ သာသနာ့ဝန်ထမ်းများရဲ့ လုပ်ပိုင်ခွင့်ဖြစ်ရပါမယ်--
ဘုရား။တပည့်တော်မတို့ နိုင်ငံမှာတော့ လူ့ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝမရသရွှေ့ သာသနာ့ဝန်ထမ်းတွေလည်း
 သာသနာရေးကို လွတ်လွတ်လပ်လွတ်လုပ်ပိုင်ခွင့်ရမယ်လို့ မထင်ပါဘူးဘုရား။



 လေလှိုင်းပေါ်က စကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ----အမရဒီပ
၂-၂၇-၂ဝ၁၂