Total Pageviews

Thursday, February 6, 2014

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၈


                                                    အခန်း ၈၊ ကျောင်းသားဘဝ ရုန်းကန်လှုပ်ရှားခဲ့ရပုံ

နောက်ဆုံးတွင် ဘုန်းကြီး၏ ၂ နှစ်ကြာမှတ်ဉာဏ်ပျောက်ဆုံးမှုအိပ်မက်ဆိုးကြီးကို အပြီးသတ်ပစ်နိုင်သော ကမ္မဋ္ဌာန်းတရားတော်ကို ကျေးဇူးတင်မိပါ၏။ ကမ္မဋ္ဌာန်းတရားစတင်အားထုတ်သည့်အခါ ဦးနှောက်သည်
 ၇ ရက်ပရိတ်ရွတ်ပွဲကြောင့် ထိခိုက်မှုဒဏ်မှ တရွေ့ ရွေ့ လျော့ပါးလာဟန်ပေါ်၏။ ယခုအခါ သက်ရှိ၊ သက်မဲ့အရာ
တို့ ကို မှတ်မိနိုင်စွမ်းရှိသော်ငြား ဓာတ်ပုံရိုက်သလိုစွဲထင်သောပုံရိပ်ထင်မှတ်ဉာဏ်ကား လုံးဝပြန်မလာတော့ချေ။ 

နောက် ၂ နှစ်အကြာ… ၁၉၄၉ ခုနှစ်။
ကျောင်းသင်ခန်းစာများကို ပြန်လည်အစကောက်ခဲ့၏။ ဘုန်းကြီးကို အတိုင်းမသိပျော်ရွှင်စေသော စွမ်းဆောင်မှု ဖြစ်၏။ ယင်းပညာသင်နှစ်အကုန်တွင် ယနေ့ ခေတ် အထက်တန်းကျောင်းနောက်ဆုံးစာမေးပွဲနှင့်အလားတူ စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့၏။ ဆင်ဟာလီ၊ တမီးလ်၊ ပါဠိ၊ ဆင်ဟာလီစာပေ၊ သီဟိုဠ်သမိုင်း၊ ဂဏန်းသင်္ချာ၊ ကျန်းမာရေးသိပ္ပံ၊ 
ဗုဒ္ဓဘာသာ ဟူသော မေးခွန်း ၈ မျိုး (၈ ဘာသာ) ဖြေဆိုရသည်။ ဘုန်းကြီးသည် ၈ ဘာသာလုံး ဖြေဆိုအောင်မြင်ခဲ့၏။

စာမေးပွဲမတိုင်ခင် လပေါင်းများစွာ စာဖတ်နိုင်စွမ်း၊ အရာရာကိုမှတ်မိနိုင်စွမ်းကင်းမဲ့ခဲ့သူ ဘုန်းကြီးအနေဖြင့်
 အောင်မြင်မှုစံချိန်အတွက် ဂုဏ်ယူမိပါ၏။ သို့ သော် ထိုနှစ်အတွင်းမှာပင် ဘုန်းကြီးအားသန်သည့်အဓိကဘာသာ
ရပ် အင်္ဂလိပ်စာအတွက် ပြဿနာ’ တက်‘ လာ၏။ နှစ်ပေါင်းများစွာ စာသင်ယူခဲ့သည့် ရဟန်းစာသင်ကျောင်းမှာ
လည်း ဘုန်းကြီး စာမေးပွဲဝင်ဖြေသေးရာ သက္ကတဘာသာအမှတ်ထက် အင်္ဂလိပ်ဘာသာအမှတ်ကပိုကောင်းနေ 

ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးကို သူ၏ရုံးခန်းသို့ ဆင့်ခေါ်လေသည်။ ဆရာတော်၏မျက်နှာမှာ တင်းနေ၏။
ဆရာတော် အမိန့် ရှိ၏။
“ဟေ့--ဂုဏရတန၊ မင်းနားလည်ရမှာက ဗုဒ္ဓဘာသာနှစ်ပေါင်း ၂၅ဝဝ အထိတည်လာတာ အင်္ဂလိပ်စာကြောင့် 
မဟုတ်ဘူးကွ၊ ပါဠိ နဲ့  သက္ကတကြောင့်ပဲကွ။ ပါဠိ နဲ့  သက္ကတဘာသာတွေကို ပိုအာရုံစိုက်ဖို့ မင်းကို ငါပြောချင်
တယ်“

၁၉၅ဝ ပြည့်နှစ်တွင် ဝိဇ္ဇာလင်္ကာရစာသင်တိုက် (ခေါ်) သံဃကောလိပ်သို့ တက်ရောက်ပညာသင်ခွင့်ရ၏။
 ကောလိပ်မှာ ကိုလံဘိုမြို့ တော်အနီး တည်ရှိသည်။ သီဟိုဠ်ကျွန်းတွင် နာမည်အကြီးဆုံးသံဃကောလိပ် ၂ ခုအနက် တခုဖြစ်သည်။ ဆရာ ၁ဝ ဦးခန့် ရှိသော ဌာနတခုဖြစ်သည်။ ဆရာများသည် ဘာသာရေးကိုင်းညွတ်ကြပြီး၊
 မာန်မာနကင်းကြသည်။ တရားဓမ္မ၊ ဗုဒ္ဓသာသနာသမိုင်း၊ ပါဠိ၊ သက္ကတ၊ ဆင်ဟာလီ၊ တမီးလ်၊ ဟင်ဒီဘာသာ
 ရပ်များတွင် ကျွမ်းကျင်ကြသည်။


ကောလိပ်တက်ခွင့်ရသည်ကို ရင်ခုန်မိပါ၏။ သို့ သော် အဆောင်နေခ၊ စားစရိတ်အတွက် ဘုန်းကြီးမတတ်နိုင်ပါ။ အခြား နေစရာလည်း မရှိ။ အခန်းငှါးသည့်နေရာကိုစုံစမ်းရင်း ကောလိပ်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ 
ရက်အတော်ကြာ ဘုန်းကြီးတည်းခိုခဲ့သည်။ နောက်ဆုံး ကေလနိယမြစ် (မြန်မာအခေါ် ကလျာဏီမြစ်) ကမ်းဘေး
က ဘုန်းကြီးကျောင်းတခုကို ရှာတွေ့ ခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီးက သူ့ ကျောင်းမှာ နေထိုင်ခွင့်ပြုသည်။
 ကျောင်းနေရဟန်းတပါး၏တာဝန်များကို ဘုန်းကြီးယူရသည်။ အနီးအနားရှိရွာများတွင် ဆွမ်းခံရသည်မှာလည်း
 ရှားပါးလှ၏။ ဆွမ်းထမင်းများသာ ရတတ်ပြီး အသီး၊ ဟင်းမရချေ။ ကျောင်းသို့ ပြန်ရောက်လျှင် ဆွမ်းသပိတ်ထဲ ဆားနိုင်နိုင်ထည့်ကာ လွေးရတော့၏။

ဘုန်းကြီးကျောင်းမှကောလိပ်သို့ အသွား၊အပြန်လမ်းကြောင်းကား ရှည်လျားရှုပ်ထွေးသည်။ ပထမဆုံး….
 ကျောင်းမှာ နေထိုင်သူ ဇိနဒါသ၏ ကူးတို့ လှေငယ်ဖြင့် မြစ်ကိုကူးသည်။ နေ့ လယ်ခင်းတိုင်း မြစ်တဖက်ကမ်း
သို့ ပြန်ရန် ဇိနဒါသ က ဘုန်းကြီးကို သူ့ လှေကလေးမှ စောင့်ကြိုသည်။

ကူးတို့ လှေစီးရသော နေ့ များအတွင်းက မကြာခဏဆိုသလို အလဂဒ္ဒူပမသုတ္တန်အကြောင်း ဘုန်းကြီးတွေးမိခဲ့၏
။ ဖောင်ဥပမာ ပါသော သုတ္တန်ဖြစ်၏။ ယင်းသုတ္တန်တွင် ဗုဒ္ဓက ဓမ္မကို ဖောင်နှင့် ဥပမာပြု၏။ ကြမ်းတမ်းသော ဘဝမြစ်ပင်လယ်ကို ဖြတ်ကူးရန် ဘုန်းကြီးတို့ သည် ဓမ္မကို အသုံးပြုရ၏။ တဖက်ကမ်းသို့ ရောက်လျှင် ဖောင်ကို 
စွန့် ပစ်ခဲ့ရ၏။ တစုံတခုကို ဆုပ်ကိုင်ထားမှု၊ တပ်မက်တွယ်တာနေမှုကို လျော့ချစွန့် လွှတ်လိုက်ရမည်။
ကောင်းသောအရာများပင်ဖြစ်စေ စွန့် လွှတ်လိုက်ရမည်။

မြစ်ကူးပြီးနောက် ကန္ဒီ-ကိုလံဘိုလမ်းပေါ်ရှိ ကောလိပ်သို့ ရောက်သည့် ဘတ်(စ်)ကားပြေးရာ ဂိတ်သို့ လမ်း
လျှောက်ရသည်။ ဘတ်(စ်)ကားခမရှိသော်လည်း ဘတ်(စ်)ကားကုမ္ပဏီက ဘုန်းကြီးကို အခမဲ့စီးခွင့်ပြုပါသည်။

ကျောင်းပိတ်ရက်များတွင် အနီအနားရှိ ယက္ကလရွာရှိ ဆန်းဒေးစကူး (လ်) ကျောင်းသို့ တရားစာသင်ပြရန် 
သွားခဲ့သည်။ လပြည့်နေ့ များတွင် နေထိုင်ရာကျောင်းမှာ ပုံမှန်တရားဟောပေးသည်။ အသက်ငယ်သော်လည်း 
လူများသည် ဘုန်းကြီးအပေါ် ရိုသေလေးစားကြသည်။ သူတို့ သည် ဘုန်းကြီးတရားဟောသည်ကို နာယူလိုကြ၏

တခါတရံ ဘုန်းကြီးသည် ကံအကြောင်း၊ ဇာတိအကြောင်း၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းတို့ လို အလေးအနက် အကြောင်းအရာများကို ဟောပြောသည်။ ယခုအခါ နောက်ကြောင်းတွေကို တွေးမိလျှင် ဘုန်းကြီးဟောပြောခဲ့သမျှ 
တရားများကို ဘုန်းကြီးကိုယ်တိုင် နားလည်ခဲ့သလားဟူသည်ကပင်လျှင် မသေချာလှပြီ။ စာတွေကျက်၊ စာအုပ်တွေ
ဖတ်ပြီး လူများအား ပြန်လည်ရွတ်ပြရုံသာဖြစ်ခဲ့ပါ၏။


ဗုဒ္ဓဘာသာဆိုင်ရာရှေးစကားအပေါ် အခြေခံထားသော ပုံပြင်များကိုလည်း ဟောပြောသည်။ ဗုဒ္ဓနှင့် ရှင်ဒေဝဒတ်တို့ 
အကြောင်း ဇာတ်တော်တခုမှာ ဘုန်းကြီးအကြိုက်ဆုံးဖြစ်သည်။ ထိုဇာတ်တော်တွင် ဗုဒ္ဓသည် သနားကရုဏာ
ကြီးသော မျောက်တကောင်ဖြစ်ခဲ့၏။ ရှင်ဒေဝဒတ်က တောနက်ထဲမှာ မျက်စိလည်နေသူ ယောက်ျား ဖြစ်ခဲ့၏။
 တောနက်တွင်းလှည့်လည်သွားနေစဉ် ထိုယောက်ျားသည် ချောက်ကမ်းပါးထဲသို့  လိမ့်ကျ၏။ ယင်းချောက်အနီး
တဝိုက်မှာ ရောက်နေဟန်တူသော မျောက်က ထိုယောက်ျားကို ချောက်ထဲမှကယ်ထုတ်နိုင်အောင် နာရီပေါင်း
များစွာ ကြိုးစားခဲ့ရ၏။ မျောက်သည် ပင်ပန်းလွန်းသဖြင့် မြေပေါ်လှဲအိပ်အနားယူလေ၏။ ယောက်ျားသည်လည်း ပင်ပန်း၊ ထမင်းလည်းဆာလေသောကြောင့် မျောက်သားစားရန် မျောက်၏ဦးခေါင်းကို ကျောက်ခဲဖြင့် ထုသတ်လေ၏။

ယောက်ျားမှာ အင်အားနည်းခိုက်ဖြစ်သောကြောင့် သူ၏ရိုက်ချက်က  မျောက်ကို အသေမသတ်နိုင်ခဲ့။
 မျောက်သည် သွေးတစက်စက်ထွက်လျက်ပင် သစ်ပင်ပေါ်ပြေးတက်လေ၏။ သစ်ပင်ပေါ်ထိုင်ကာ ဤသို့ စဉ်းစား၏။
 
“ဒီလူ ငါ့ကိုအသေသတ်တာပဲ။ ငါထွက်ပြေးပြီး၊ ဒီလူယုတ်မာကို ဒီနေရာမှာပဲထားခဲ့ရင် အစာငတ်သေမှာပဲ။ တောနက်ထဲမှာ လမ်းကိုလည်း ဘယ်တော့မှရှာတွေ့ မှာမဟုတ်ဘူး၊ အနီးဆုံးရွာတရွာအထိတော့ ငါ သူ့ ကို လမ်းပြပေးသင့်ပါတယ်လေ“

ဤသို့ စဉ်းစားပြီး မျောက်သည် သစ်ပင်တပင်မှတပင်သို့ ခုန်ကူးကာ လမ်းပြသည်။ သူ့ ခမျာ နာကျင်လွန်း၍ သစ်ပင်ပေါ်မှ
ထိုးကျလုမတတ် ဖြစ်၏။ မျောက်သည် အချိန်မရွေးသေပြီးပြုတ်ကျလာမှပဲ ဟုတွေးကာ ယောက်ျားသည် မျောက်လမ်းပြ
ရာနောက်သို့ လိုက်လေ၏။ မျောက် နှင့် ယောက်ျားတို့ သည် ရွာအစွန်အဖျားတနေရာသို့ ရောက်လာသောအခါ
 ယောက်ျားသည် မျောက်ကို မေ့သွားလေ၏။ထမင်းနှင့် ရေရရန်ရွာထဲသို့ ဝင် လေ၏။ မျောက်သည်လည်း တောတွင်းသို့ 
ပြန်လေ၏။ 


ဤဇာတ်တော်က အလောင်းတော်ဘဝ၊ သဗ္ဗညုတဉာဏ်တော်ကို မရသေးခင်ပင်လျှင် ဗုဒ္ဓ၏ကြည်ညိုဖွယ်ဂုဏ်
တော်ကို သရုပ်ဖော်ပြပါ၏။ ဘုန်းကြီး၏ ဆန်းဒေးစကူး(လ်) ကျောင်းသူကျောင်းသားများသည်လည်း ဤဇာတ်တော်
အတွက် မမေ့မလျော့ ဝမ်းမြောက်ကြလေ၏။


တနေ့  ဇိနဒါသ ကပြောလာ၏။
 နောက်တကြိမ် တရားဟောပြောလျှင် သူက ဘုန်းကြီးကို လက်ဆောင်တခု ပေးလိုကြောင်း ဖြစ်၏။ သူက ဘုန်းကြီး လိုချင်သောအရာကို မေးသည်။ သူ ဆင်းရဲမှန်း၊ လက်ဆောင်ပစ္စည်း မဝယ်နိုင်မှန်းလည်းသိသောကြောင့် သူမေးသည်ကို ဘုန်းကြီးပြန်မဖြေလိုက်ချေ။

သို့ ပေငြားလည်း နောက်လပြည့်နေ့ တွင် သူက ဘုန်းကြီးအား လက်နှိပ်ဓာတ်မီးတလက် ဒါနပြုသည်။ ဤလှုဖွယ်
ပစ္စည်းက ဘာကိုဆိုလိုမှန်း ဘုန်းကြီးတို့ နှစ်ဦးကြား ရိုးတိုးရိပ်တိပ် သိကြပါ၏။


တညနေတွင် ကောလိပ်ကျောင်းဆွမ်းစားခန်းအသစ်မှာ ဘုန်းကြီး တရားပွဲကျင်းပသည်။ တရားပွဲကြီးတခု ဖြစ်၏။ 
ဆရာများ၊ အတန်းဖော်များ နှင့် လူဝတ်ကြောင်များ ရာချီရောက်လာကာ တရားနာကြ၏။ တရားအကြောင်းအရာ
မှာ လူများသည် အရေးမကြီးသောကိစ္စများ၌ အချိန်မဖြုန်းကြဖို့ သတိပေးထားသော မဇ္ဈိမနိကာယ်လာ စူဠမာလု
ကျပုတ္တသုတ္တန်ဖြစ်၏။ ဆင်းရဲဒုက္ခမှလွတ်မြောက်ရေးအလုပ်အတွက်  အရေးပေါ်လုပ်ငန်းအဖြစ် သဘောထားကြ
ဖို့ ဗုဒ္ဓမိန့် တော်မူထား၏။

တရားဟောပြီးနောက် မေးခွန်းများကို ဖြေဆိုအပြီး ည ၁၂ နာရီနီးပါးလောက်ဖြစ်သွားသည်။ နောက်ဆုံး ဘတ်(စ်)
ကားလည်း လွတ်သွားပြီ။ ဇိနဒါသ ကူးတို့ ပို့ နေကြနေရာ  မြစ်ဆိပ်အထိ ၆  မိုင်ခရီးကို လမ်းလျှောက်ပြန်ခဲ့ရ
သည်။ 
မိုးကောင်းနေသောကြောင့် မြစ်ရေစီးနှုန်းမှာ အလွန်မြန်နေ၏။ အချိန်မှာ နံနက် ၂ နာရီနီးပါးလောက်ဖြစ်နေရာ
 ဇိနဒါသ အိပ်ပျော်နေမည်မှန်း ဘုန်းကြီး သိသည်။ သူပေးထားသည့်လက်နှိပ်ဓာတ်မီးကို မီးဖွင့်ကာ ကမ်းတဖက်
သို့ ထိုးပြီး သူ့ အမည်ကို တကြော်ကြော်အော်ခေါ်သည်။ အချိန်အတော်ကြာပြီးနောက် ကမ်းတဖက်မှ သူပေါ်လာ
သည်။ အိပ်မောကျသည်ကို အနှိုးခံရသောကြောင့် ဒေါကြီးမာန်ကြီးလည်းဖြစ်နေ၏။


လှေလှော်လာစဉ် သူ့ ပါးစပ်မှ ကျိန်ဆဲသံများထွက်ပေါ်လာသည်ကိုလည်း ဘုန်းကြီးကြားရ၏။ သူက ဘုန်းကြီးကို အယုတ္တအနတ္တအဆဲမျိုးပေါင်းစုံအောင်ဆဲသည်။ သူက ဘုန်းကြီးသည် မြို့ တွင်းမှာ ရဟန်းတပါးအနေဖြင့် မအပ်
စပ်သည့် အလုပ်မျိုးဖြစ်သော  မိန်းမများနှင့်ပျော်ပါးသည်  (သို့ မဟုတ်) အခြား အပျော်အပါးကိစ္စများကို လုပ်သည်ဟု ထင်နေ၏။ ဘုန်းကြီး တရားဟောနေခဲ့မှန်း သူမသိပါချေ။

လှေပေါ်တက်ပြီးနောက် ညဥ့်နက်သန်ခေါင်အချိန်တွင် အနှောင့်အယှက်ပေးမိသည့်အတွက် ဘုန်းကြီးက သူ့ ကို တောင်းပန်သည်။ နောက်ကျရခြင်းအကြောင်းကို ရှင်းပြဖို့ ကြိုးစားသော်လည်း သူ နားမထောင်ပါ။
 အိပ်မက်ပင် မမက်ခဲ့ဖူးသော အမှုမျိုးစုံတို့ ဖြင့် စွပ်စွဲလျက်  ဘုန်းကြီးအပေါ် အဆဲမိုး မပြတ်တမ်းဆက်ရွာသည်။ ယင်းနောက် လှော်တက်တချောင်း ဘုန်းကြီးဆီ လှမ်းပေးကာ လှေလှော်ရန် အမိန့် ပေးသည်။


ဘုန်းကြီး လှေ လုံးဝမလှော်ဖူးပါ။ ရေစီးကြမ်းသည့် အခုလိုအချိန်မျိုးမှာ လှေလှော်ဖို့ မဖြစ်နိုင်ပါ။
 လှော်တက်ကို ရေထဲချပြီး လှော်နိုင်သလောက် လှော်ကြည့်သည်။ လှေစောင်းသွားလေ၏။ ဘုန်းကြီး ကြက်သေ သေသွား၏။ ရေနစ်ဖူးသည့်အတွေ့ အကြုံများ မျက်လုံးမှာ ပြန်မြင်ယောင်လာ၏။
အဆဲအကြမ်းစကားလုံးများမပြတ်တမ်းအန်ထုတ်လျှက် ဇိနဒါသသည် ဘုန်းကြီးလက်ထဲမှ လှော်တက်ကို
 ဆတ်ကနဲ ဆွဲယူသည်။ တချိန်လုံး ဗျစ်တောက်ဗျစ်တောက်ပြောလိုက်၊ ဆဲရေးတိုင်းထွာလိုက်လုပ်နေရင်း
 ရေစီးကြမ်းကြမ်းကို အန်တုကာ သူလှေလှော်လေ၏။ ပုံမှန်အားဖြင့် ဆယ်မိနစ်မျှကြာသော ခရီးသည် ထိုညက
 နှစ်နာရီမျှ ကြာမြင့်ခဲ့သည်ဟု ထင်မိပါ၏။ ဘဝတလျှောက်လုံး အရှည်ကြာဆုံး နှစ်နာရီပါတည်း။

နောက်တနေ့ နံနက် အိပ်ရာမှ နိုးနိုးချင်း ကျောင်းပြောင်းနေဖို့  ဆုံးဖြတ်လိုက်သည်။ ဇိနဒါသနှင့်အတူ မြစ်ဖြတ်ကူး
စဉ်က ထွန့် ထွန့် လူးမတတ်စိတ်ဆင်းရဲရခြင်းကို သည်းမခံနိုင်တော့သောကြောင့် ဖြစ်၏။

ဆွမ်းခံပြန်လာပြီးနောက် စာအုပ်စာတမ်းနည်းနည်းပါးပါးကို အိတ်ထဲထည့်၊ ကောက်သိမ်းပြီး မြစ်ဆိပ်ဆင်းသည်။
ဇိနဒါသလည်း လှေပေါ် ရောက်နှင့်နေသည်။ နောင်တရနေဟန်လည်း ပေါ်၏။
သူ ဘုန်းကြီးကို မေးသည်။
“’ဒီနေ့ မှ အိတ်ထဲစာအုပ်တွေ အပြည့်ဖြစ်နေပါလား“
ဘုန်းကြီးကလည်း ဖြေလိုက်၏။
“ငါ ဒီကျောင်းကနေ ပြောင်းတော့မှာမို့ လို့ ပါ“

သူက အကြောင်းရင်းကို မေးသည်။ ညက သူ၏စော်ကားမော်ကားပြုမူချက်သည် ဘယ်လောက်စိတ်ဆင်းရဲရ
သည့်အကြောင်း သူ့ ကို ဘုန်းကြီး ပြောပြလိုက်သည်။ နောက်ကျရခြင်းအတွက် အကြောင်းပြ ဘုန်းကြီးမှာ ရှိသည်၊
 သို့ သော် သူနားမထောင်။ အကြိမ်ပေါင်းများစွာ ဘုန်းကြီးရေနစ်ဖူးသည်၊ ဘုန်းကြီး ရေကြောက်သည်။
ထို့ ထက် သူဆဲရေးတိုင်းထွာသည်ကို ပိုကြောက်သည်ဟု ဘုန်းကြီး သူ့ ကို ပြောလိုက်၏။

ဇိနဒါသ မျက်ရည်ကျသည်။ မျက်လွှာချလျှက်ပင် ဆက်နေမြဲနေဖို့ ဘုန်းကြီးကို တောင်းပန်သည်။ 
သို့ သော် ဘုန်းကြီး မလိုက်လျောနိုင်ပြီ။ဘုန်းကြီး သူ့ ကို ပြောခဲ့သည်။
“မြစ်ကူးစရာမလိုဘဲ နေ့ တိုင်း ကျောင်းသွားလို့  အဆင်ပြေတဲ့နေရာပဲ ရှာနေတော့မယ်“

ဤပုံဤနည်းဖြင့် နေစရာတနေရာကို ရှာဖွေရပြန်လေသတည်း။

အမရဒီပ
ဖေဖော်ဝါရီ ၆၊ ၂ဝ၁၄  

No comments: