Total Pageviews
Sunday, February 16, 2014
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၄
                                                               အခန်း ၁၂ ၊ ဇာတ်နိမ့်တို့ အလယ်
ဆန်ချီရှိ တောင်ပေါ်ကျောင်းတွင် နေထိုင်ရသည်ကို ဘုန်းကြီးပျော်သော်လည်း ပြဿနာများ ထပ်ချပ်မကွာ ပေါ်လာသည်။ ဆန်ချီမှထွက်ခွါရန် အတွေးဝင်လာအောင် ဖိစီးပြင်းထန်သော ပြဿနာများဖြစ်သည်။
တည၌ ထမင်းချက်သူ အနုရုဒ္ဓသည် ဘုန်းကြီးထံသို့ ရောက်လာကာ ဤသို့ ပြော၏။
“ဆွာမိဂျီး ဂုဏရတန…..၊ ကျွန်တော် ဆွာမိဂျီးပညာတိဿဆီမှာ ငွေ ၂၅ ရူပီး ချေးမိပါတယ်။ 
သူက ငွေမရှိဘူး ပြောတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လွန်ခဲ့တဲ့လက ဆွမ်းကြေးကျသင့်ငွေကို 
ဆွာမိဂျီး ဂုဏရတနက မပေးတာ ကြောင့်လို့ ပြောပါတယ်”
ဘုန်းကြီး ဘာပြန်ရမှန်းမသိ ဖြစ်သွားသည်။ လစဉ် မဟာဗောဓိအသင်းမှ ထောက်ပံ့ကြေးငွေ ၇၅ ရူပီး ရလျှင် ပထမဆုံးဘုန်းကြီးလုပ်သည်မှာ ဆရာတော်အရှင်ပညာတိဿအား ဆွမ်းကြေးငွေ ရူပီး ၄ဝ ကို ပေးခြင်း ဖြစ်၏။
ကံဆိုးမည့်ကြမ္မာငင်ချင်ပုံ ရသည်ထင့်။ ငွေရကြောင်း လက်ခံဖြတ်ပိုင်း ဘုန်းကြီး လုံးဝမတောင်းမိပါချေ။ ရဟန်းဝိနည်းအရ ငွေလက်ခံဖြတ်ပိုင်းတောင်းလျှင် ထိခိုက်စော်ကားသလို ဖြစ်ပေလိမ့်မည်။ ဘုန်းကြီးတို့ သည်
 တပါးစကားကို တပါးက ယုံကြည်ရမည်ဖြစ်၏။ ယခုမူ ဆရာတော်အရှင်ပညာတိဿသည် ထမင်းချက်အား
 မီးကုန်ယမ်းကုန် လိမ်ညာမုသားပြောလေပြီ။
ယင်းညနေ၊ လက်ဖက်ရည်ချိန်တွင် ခါတိုင်းကဲ့သို့ ပင် ဆရာတော်အရှင်ပညာတိဿနှင့် ဘုန်းကြီးတို့ သည် 
ဆွမ်းစားဆောင်၌ ဆုံကြလေ၏။ ဘုန်းကြီးသည် ဆရာတော်နှင့်ဘေးချင်းကပ် ခုံတန်းလျားအနိမ့်တခုတွင် ထိုင်၏။ 
အနုရုဒ္ဓက လက်ဖက်ရည်ပြင်ဆင်ရင်း ဘုန်းကြီးတို့ နှင့် ၄ ပေခန့်် ဝေးသည့် ကြမ်းပြင်ပေါ် မှာ ရှိနေ၏။ ဘုန်းကြီးက ဆရာတော်အရှင်ပညာတိဿဖက်လှည့်ကာ ဤသို့ ပြောပါ၏။
“ဆရာတော်အရှင်ဘုရား…၊ တပည့်တော် အရှင်ဘုရားကို  ပြီးတဲ့ခဲ့လအတွက် ဆွမ်းကြေးမပေးဘူးလို့ အရှင်ဘု
ရားက အနုရုဒ္ဓကို ပြောတယ်ဆိုတာ အမှန်ပဲလား။
တပည့်တော် အရှင်ဘုရားကို ဆွမ်းကြေးပေးတယ်ဆိုတာ အရှင်ဘုရားသိတာပါပဲ။ ဘာကြောင့် တပည့်တော်
အပေါ် အနုရုဒ္ဓ အထင်လွဲအောင် လုပ်ရတာလဲ။
အကယ်၍ တပည့်တော် အရှင်ဘုရားကို ဆွမ်းကြေးမပေးဘူးပဲထား၊ တပည့်တော်နဲ့ ပဲ အရှင်ဘုရား ပြောသင့်တာ
ပေါ့။ ဒီကျောင်းမှာ တပည့်တော်တို့ ပဲ ဘုန်းကြီးတွေမဟုတ်လား။ ဘုန်းကြီးအချင်းချင်း ဘယ်ကိစ္စမဆို မိတ်ဆွေလို
သဘောထားပြီး ပြောသင့်ပါတယ်”
ဆရာတော်အရှင်ပညာတိဿ၏မျက်နှာသည် ကြက်သွေးရောင် ပြောင်းသွား၏။ မတ်တပ်ထရပ်လိုက်ပြီး ဘုန်းကြီး
ထိုင်နေသည့် ခုံနိမ့်ကို ခြေထောက်ဖြင့် ပစ်ကန်ကာ အခန်းပြင်သို့ ဒေါနှင့်မောနှင့် ထွက်သွားလေ၏။
ဘုန်းကြီးသည် ဆန်ချီလုံခြုံရေးအဖြစ် အလုပ်လုပ်နေသည့် အိန္ဒိယလူမျိုးပုလိပ်တယောက်နှင့်လည်း ပြဿနာဖြစ်
ပြန်၏။ တနေ့ တွင် ဓာတ်တော်တိုက်၌ ဧည့်သည်အချို့ နှင့် ပြောဆိုနေခိုက် ဘုန်းကြီး၏အခန်းထဲမှ ပစ္စည်းတခုကို ယူရန် သတိရကာ အခန်းဆီသို့ ပြန်လာ၏။ လက်စွဲစာအုပ်ရောင်းရငွေများကို ထည့်သိမ်းထားသည့် အံဆွဲကို ကုန်းကုန်းကွကွနှင့် နှိုက်နေသည့် ပုလိပ်အား အခန်းထဲမှာ တွေ့ ရ၏။
ပုလိပ်သည် ဘုန်းကြီးကို မြင်သည်နှင့်တပြိုင်နက် အံဆွဲထဲမှ လက်ကို ဆတ်ကနဲ ဆွဲထုတ်လိုက်ရာ ငွေများ လက်တဆုပ်ပါလာလေ၏။  အမှန်အတိုင်းပြောရလျှင် သူ့ ကို စိတ်ဆိုးတာထက် သူ့ အစား ဘုန်းကြီးရှက်မိတာက
 ပိုပါသည်။ ဘာလုပ်ရမှန်း ၊ ဘာပြောရမှန်း ဘုန်းကြီး မသိတော့ပါ။ သို့ နှင့် အလျင်အမြန် ပြန်လှည့်ထွက်ခဲ့သည်။
ဧည့်သည်များပြန်သွားလျှင် တောင်ခြေရှိ ရွာထဲမှာရှိနေသည့် ရဲအုပ်ထံသို့  ဘုန်းကြီးနှင့် လာတွေ့ ရန် စာတစောင် ရေးပို့ လိုက်သည်။ တနာရီအတွင်း ရဲအုပ်ရောက်လာသည်။ ဘုန်းကြီးက ရဲအုပ်ကို အကြောင်းစုံတင်ပြပြီး ခိုးသူပုလိပ်အရာရှိအား နေရာပြောင်းရွှေ့ ပေးပါဟု ပြောလိုက်သည်။
ရဲအုပ်ထွက်ခွါပြီးနောက် အကျင့်ပျက်ပုလိပ်အရာရှိသည် ဘုန်းကြီးထံရောက်လာကာ ငိုယိုလျက် ဒူးထောက်ကာ ခွင့်လွှတ်ဖို့ တောင်းပန်သည်။
ဘုန်းကြီးက သူ့ ကို ပြောသည်။
“ဒီနေရာမှာ ခင်ဗျားက ကျုပ်တို့ ကို ကာကွယ်ရမယ့်အစား ကျုပ်တို့ ရဲ့ စာအုပ်ဖိုးငွေတွေကို ခိုးယူနေတယ်။
ဘာလို့ အဲဒီလို မိုက်မဲတဲ့အလုပ်ကို လုပ်ရတာလဲ”
နောက်တနေ့ တွင် ဘိုပိုင်း(လ်)မှ ရဲချုပ် ဆန်ချီသို့  ရောက်လာ၏။ သူက ဖြစ်ပုံကို မေးမြန်းသည်။ ဘုန်းကြီးက ပြောဆိုရှင်းပြသည်။ သူသည်အလွန်စိတ်ဆိုးကာ ထိုပုလိပ်အရာရှိကို အလုပ်ထုတ်ပစ်မည်ဟု ပြော၏။
 ဘုန်းကြီးက ရဲချုပ်ကို ပြောပါသည်။
“ ကျေးဇူးပြုပြီး အဲဒီလို မလုပ်လိုက်ပါနဲ့ ၊ သူဟာ ဆင်းရဲနွမ်းပါးသူတယောက်ပါ။ သားသမီးကလေးတွေလဲ များတယ်။ အလုပ်တော့ မထုတ်ပစ်ပါနဲ့ ။ အခြားနေရာ ပြောင်းရွှေ့ ပေးရုံလုပ်ပေးပါ။ ဘုန်းကြီးအနေနဲ့ သူ့ ကို ဒီမှာ နောက်ထပ်မမြင်ပါရစေနဲ့ ”
ဤသို့ သော သောင်းပြောင်းထွေလာပြဿနာတို့ ကား ဆန်ချီမှာ ထွက်ခွါဖို့ စိတ်ကူးစေသော အရာများ ဖြစ်ချေ၏။
စာပေလေ့လာသင်ယူလိုစိတ်ရွပိုးပြန်လည် ထိုးကျင့်လာခဲ့ခြင်းသည်လည်း နေရာရွှေ့ ရေးအတွက် နှိုးဆွပေးသော
အကြောင်းတခုဖြစ်ခဲ့ပါ၏။ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ်မှ ပါမောက္ခတဦး ဆန်ချီသို့ အလည်ရောက်လာသော
အခါ အခွင့်အရေးတခုကို ဘုန်းကြီးမြင်တွေ့ လိုက်ရ၏။ ဆရာတော် ဒေါက်တာ အရှင်ဟမ္မလဝ သဒ္ဓါတိဿ သည် ထိုတက္ကသိုလ်၌ ပါဠိပို့ ချနေသည်။ ဆရာတော်က ဟိန္ဒီ၊ ဆင်ဟာလီ၊ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များလည်း ရေးသားသည်။ ဗုဒ္ဓနေ့ အတွက် ဟောကြားသော သူ၏တရားကောင်းတပုဒ်ကိုလည်း ၁၉၅၆ ခုနှစ်တွင် ဘုန်းကြီး နာယူခဲ့ရသေး၏။
ဆရာတော်၏သိမ်မွေ့ နူးညံ့သော ကိုယ်ရည်ကိုယ်သွေးစိတ်နေသဘောထား၊ တရားဓမ္မနှင့်ပတ်သက်၍ နက်ရှိုင်းသော သိမြင်နားလည်မှုတို့ က ဘုန်းကြီးစိတ်ကို တသသ စွဲထင်စေခဲ့၏။ ဘုန်းကြီးသည် ဆရာတော်အား ဖူးတွေ့ ပြီးသောအခါ လာမည့်နှစ်အနည်းငယ်တွင် အကောင်အထည်ပေါ်လာမည့်မျှော်လင့်ချက်တရပ်ကိုလည်း မြင်လိုက်ရ၏။
ဆန်ချီသို့ ဆရာတော်အရှင်သဒ္ဓါတိဿ ကြွရောက်တော်မူလာသောအခါ အကူအညီတောင်းခံခဲ့ပါ၏။ ဘုန်းကြီးသည် နှစ်ရှည်လများ အင်္ဂလိပ်စာကို လေ့လာခဲ့ကြောင်း၊ သို့ သော် ဆရာကောင်းများကို တွေ့ ဆုံ ဖို့  ခက်ခဲနေဆဲဖြစ်ကြောင်း ဆရာတော်အား လျှောက်ထားပြခဲ့၏။ ဆရာတော်က “အရှင်ဘုရားဆီကို တက္ကသိုလ်ဝင်
ခွင့် လျှောက်လွှာတစောင် တပည့်တော် ပို့ လိုက်ပါ့မယ်” ဟု ပြန်လည်အမိန့် ရှိ၏။
ဘုန်းကြီးစိတ်လှုပ်ရှားသွား၏။ တဆက်တည်းမှာ ကြိုတင်ပြင်ဆင်ထားရတော့မည်ဟုလည်း တွေးမိပါ၏။ သင်တန်းများပြီးကတည်းက ဘုန်းကြီးမှာ အချိန်ရနေခဲ့သည်။ ဆန်ချီမှ ၂ ဖာလုံခန့် ဝေးသည့် ကောလိပ်ကျောင်း
ငယ်တခုသို့ သွားရောက်ကာ စာသင်ဆရာတဦး ပေးဖို့ အကူအညီတောင်းပါသည်။ ဆွမ်းစရိတ်လောက်ကိုသာ
 စစ်စစ်စီစီသုံးစွဲပြီး ကျန်ထောက်ပံ့ငွေများကို ဘုန်းကြီးစုဆောင်းထားခဲ့ရာ စာသင်ကိစ္စအတွက် သုံးစွဲနိုင်ပါသည်။
ကောလိပ်ကျောင်းအုပ်ကလည်း စာသင်ပေးရန် သဘောတူသည်။ သို့ သော် သင်ခန်းစာအနည်းငယ်သင်ပြီး
နောက်တွင် ဘုန်းကြီး၏အင်္ဂလိပ်စာသင်ရခြင်းရည်ရွယ်ချက်ကို စတင်မေးခွန်းထုတ်လာသည်။ တနေ့ တွင် သူက
ဗြုန်းစားကြီး မှတ်ချက်ပြုလေ၏။
“ခင်ဗျားက ဘုန်းတော်ကြီးတပါးပဲ။ ဘာကြောင့် အင်္ဂလိပ်စာသင်ချင်နေရတာတုန်း”
ကောလိပ်ကျောင်းအုပ်၏လေသံမှာ သရော်တော်တော် အငေါ်တူးသံ ၊ ကဲ့ရဲ့ပြစ်တင်သံပါဝင်နေ၏။ သူ ပြောချင်သည်မှာ “တက္ကသိုလ်တက်ပြီး ဘွဲ့ ယူမယ့် ဇာတ်မြင့်ဗြာဟ္မဏတယောက်လို့ များ ခင်ဗျားကို  ခင်ဗျားထင်နေသလား၊ ခင်ဗျားအတိုင်းအတာကို ခင်ဗျားသိစမ်းပါ” ဟု ပြောဘိသည့်အလား ဖြစ်ပါ၏။  ဘုန်းကြီးလို ဘုန်းကြီးတပါးသည် ပညာရေးဆိုင်ရာအောင်မြင်မှုများအတွက် မျှော်လင့်ချက်ထားပိုင်ခွင့်ရှိသူ မဟုတ်ဟု သူယူဆနေကြောင်း ဘုန်းကြီးပြောနိုင်ပါသည်။
ဘုန်းကြီးကလည်း သူ့ ကို ပြောလိုက်ပါသည်။
“ကျုပ်က ဟိန္ဒူနတ်တွေရဲ့နာမည်ကို စီတန်းရွတ်ဆိုပြီး မျက်နှာမှာပြာတွေသုတ် ၊ ကိုယ်လုံးတီးနဲ့ လမ်းတကာလှည့်
နေတဲ့ အိန္ဒိယသူတောင်းစားမဟုတ်ဘူး…ကိုယ့်လူ။
ကျုပ်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးပဲ။ ဗုဒ္ဓဘာသာရဟန်းဆိုတာ သင်ချင်တဲ့ ဘာသာကို သင်ယူနိုင်တယ်၊
 လေ့လာနိုင်တယ်။ ကျုပ်က သာသနာပြုရဟန်းတပါးလည်း ဖြစ်တယ်။ ဒီတော့ ကျုပ် အင်္ဂလိပ်စာ သင်ချင်တယ်။
အခြားနိုင်ငံတွေမှာ  ဗုဒ္ဓရဲ့ ဓမ္မတွေကို  အင်္ဂလိပ်လို ဟောပြောချင်တယ်။ ခင်ဗျား ကျုပ်ကို သင်ပေးရင် သင်ပေး၊ မသင်ပေးချင်လဲနေ ၊ ကျုပ်ကတော့ ရအောင်သင်မှာပဲ”
ယင်းနေ့ ညနေတွင် ကောလိပ်ကျောင်းအုပ် နှင့် ဒု-ကျောင်းအုပ်တို့ သည် ဆန်ချီကျောင်းတိုက်သို့  ပေါက်ချလာ
ကြ၏။ သူတို့ နှစ်ဦးအတွက် လက်ဖက်ရည်ပြင်ဆင်ပေးသည်။ ထို့ နောက် အတူထိုင်ကာ စကားပြောကြသည်။
 ကျောင်းအုပ်သည် မနက်ပိုင်းက ဘုန်းကြီးအား ပြစ်တင်ဝေဖန်မိခဲ့ခြင်းအတွက် တောင်းပန်လေ၏။ ယင်းမှအစပြု၍
ဘုန်းကြီးအတွက် အခမဲ့ သီးသန့် စာသင်ကြားပေးမည့်အကြောင်းကိုလည်း ပြောဆိုသွားခဲ့၏။
၁၉၅၆ ခုနှစ်၊ မေလအတွင်းမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရမည်။ ဖေဖော်ဝါရီလမှာ ခွင့်ယူပြီး ဆန်ချီမှ ထွက်ခဲ့သည်။ ပထမဦးဆုံး ဗာရာဏသီမြို့ သို့ ခရီးသွားခြင်းဖြစ်၏။
ဗာရာဏသီသည် အိန္ဒိယ၏လူဦးရေအထူထပ်ဆုံးမြို့ များအနက် တခုဖြစ်ခဲ့၏။ ယခုလည်းဖြစ်နေဆဲ။ 
ဗာရာဏသီသည် ဘာသာရေးအထွတ်အမြတ်နေရာများထဲတွင် တခုလည်းဖြစ်သေး၏။ ဟိန္ဒူလူမျိုးတို့ သည် သူတို့ ၏ နောက်ဆုံးကာလများတွင် ဗာရာဏသီသို့ လာရောက်ကြကာ ဂင်္ဂါမြစ်အနောက်ဖက်ကမ်းပါးပေါ်မှာ
 နေထိုင်ကြ၏။ မြစ်ရေမှာ  အလွန်အမင်းညစ်ပတ်မသန့် ရှင်းသော်လည်း ဂင်္ဂါမြစ်ထဲ ရေချိုးဆင်းကြ၏။ မြစ်ရေ ကို သောက်ကြ၏။ ဂင်္ဂါမြစ်မှာ အရှေ့ အရပ်ဖက်သို့  မျက်နှာလှည့်ကာ သေဆုံးပါက ဗြဟ္မာရှိရာနေရာသို့  ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်သည်ဟု သူတို့ က ယုံကြည်ကြလေ၏။
ဂင်္ဂါမြစ်ကမ်းတလျှောက်လုံး လူသေအလောင်းများကို မီးသင်္ဂြိုဟ်သည့်နေရာတွေရှိသည်။ ယခုခေတ် မီးသင်္ဂြိုဟ်
သည့် ပုံစံမျိုးမဟုတ်၊ ရှေးခေတ်ပုံစံဖြစ်၏။ ရှေးဦးစွာ  ရုပ်အလောင်းကို သံချောင်းများပေါ်စီတင်ထားသည့် ထင်းပုံပေါ် နေရာတကျ ချထားသည်။ ထိုနောက် နောက်ချေးခြောက်အပြားဝိုင်းဝိုင်းကလေးများကို ရုပ်အလောင်း
ပေါ်မှာ စီစီရီရီ ချထားသည်။ ရုပ်အလောင်း  နှင့် ထင်းပုံပေါ် ထောပတ်လောင်းသည်။ ယင်းနောက်တွင် ထင်းပုံ
ရုပ်အလောင်းကို မီးလောင်ကျွမ်းပြီး မီးကျီးမီးခဲ အေးသောအချိန်မှာ အရိုးပြာနှင့် ကြွင်းကျန်ရစ်သမျှကို
 မြစ်အတွင်းသို့ မျှောချလိုက်ကြ၏။
ဗာရာဏသီ၏အခြားနေရာများသည်လည်း ဖုန်မှုန့် တထောင်းထောင်းတက်ကာ ကစဥ့်ကလျား ဖရိုဖရဲနိုင်လွန်း
နေ၏။ ချိုင့်ခွက်ကျင်းတွေထူပြောလှသည့် ဗာရာဏသီလမ်းကျဉ်းများအပေါ် စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ ဘတ်(စ်)ကား၊ ကုန်တင်ထရပ်ကား၊ လံခြား၊ အမိုးဖွင့်သုံးဘီးကား၊ ဆိုက်ကားများ ငါးပိခါးချဉ်သိပ်ပြည့်ကျပ်နေ၏။
လမ်းဘေးဝဲယာတွင်  အညစ်အကြေးစွန့် ရန် ပွင့်လင်းမြင်သာစွာ  ဆောင့်ကြောင့်ထိုင်နေသူများလည်း မရှား။
အိန္ဒိယအမျိုးသားတို့ က သူတော်စင်၊ သူတော်မြတ်ဟု သတ်မှတ်ထားကြသော ဘာသာရေးဆိုင်ရာ ဝတ်လစ်
စားလစ်ယောဂီပုဂ္ဂိုလ်ကြီးများသည်  ဖုံတသောသောကြားတွင် နတ်ဒေဝတာတို့ ၏အမည်နာမတော်များကို
 ကျူးရင့်ရွတ်ဆိုရင်း တရွေ့ ရွေ့ လှမ်းကြွနေကြ၏။
အရွယ်အို၊ အရွယ်ပျိုနှစ်ပါးစုံသော သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်သူတောင်းစားတို့ ကလည်း လက်များဖြန့် 
ကာ၊ ဆန့် ထုတ်ကာ ပေးစာကမ်းစာမျှော်လင့်ရင်း လမ်းဝယ်လှည့်လည်နေကြကုန်၏။
အရိုးပေါ်အရေတင်ပိန်လှီမွဲခြောက် အမွှေးအမျှင်ကျွတ် ဝဲစားဂျွတ်တက်နေသော ခွေးလေခွေးလွင့်တို့ သည်လည်း
 နွားများပမာ လမ်းမများတွင် ဘေးမဲ့ကျက်စားနေကြလေကုန်၏။ ဟိန္ဒူလူမျိုးတို့ သည် နွားသတ္တဝါကို အထွတ်
အမြတ်ထား လေးစားကြ၏။ နွားများသည် လမ်းမတွေအပေါ် လွတ်လွတ်လပ်လပ် ဒေသစာရီလှည့်လည်ခွင့် ရနေကြ၏။
မျက်နှာသာရ ရွှေဂေါဏတို့ သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဆိုင်တန်းများရှိ စားသောက်ဆိုင်များအတွင်းသို့ 
“စားမလို့ ၊ ဝါးမလို့ ၊ ပေးပါဗျို့ ” ဟန်ရေးဖမ်းကာ တခါတလေ တန်းတန်းကြီး ရောက်ချလာတတ်ကြ၏။
နွားများ၏အခြားတဖက်ရှိ ခွေးအစုအဝေးကိုလည်း ပေယျာလကန်ပြုထားကြ၏။ အထိန်းအကွပ်မပြုလွှတ်ထားကြ
၏။
အမရဒီပ
ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၄
No comments: