Total Pageviews
Monday, February 10, 2014
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃ဝ
                                 အခန်း  ၉၊ ဓမ္မဒူတ ခေါ် သာသနာပြုရဟန်း
နောက်ဆုံးစာမေးပွဲမဖြေခင် ကောလိပ်ကျောင်းထွက်လိုက်သော်လည်း အင်္ဂလိပ်ဘာသာနှင့်
 တရားပြလိုသော ကလေးဘဝဆန္ဒမှာ အမြဲတစေ ရှင်သန်နေဆဲဖြစ်ပါ၏။ ဤဆန္ဒဘယ်နေရာက ရောက်လာသည်ကို
 ကိုယ်တိုင်ပင် အတိအကျမသိပါ။ ဗြိတိသျှသိမ်းပိုက်မှုအကြွင်းအကျန် ဆင်ဟာလီလူ့ မလိုင်လူတန်းစားအကြား အင်္ဂလိပ်စကား ပြောကြခြင်းအကြောင်း တစိတ်တပိုင်းကြောင့်ပင် ဖြစ်မည်။ အင်္ဂလိပ်စကားကို 
ကျယ်ကျယ်ပြန့် ပြန့် သုံးသည့် အိန္ဒိယ သို့ မဟုတ် မလေးရှားသို့ သွားလိုသော အိပ်မက်စိတ်ကူးရှိခဲ့သည်။
 ကံကောင်းလျှင် ဘုန်းကြီးတို့ နိုင်ငံရှိ ဗြိတိသျှအမွေခံတို့ ၏မူလရင်းမြစ် အင်္ဂလန်သို့ ပင် အင်္ဂလိပ်စာသင်သွားရန် အိပ်မက်မက်ခဲ့သည်။
အမေရိကန်နိုင်ငံမှာ တရားပြရမည်ဟု ဘုန်းကြီး၏ဧရာမအိပ်မက်ကြီးတွင်  မည်သည့်အခါမျှ မမက်ခဲ့ဖူးပါ။ တကယ်တမ်းမှာ အမေရိကန်နိုင်ငံသည် သီဟိုဠ်ကျွန်းသားလူငယ်တယောက်အတွက် ကမ္ဘာမြေအဆုံးစွန်နေရာ တခုဖြစ်လေသည်။
သံဃကောလိပ်သင်တန်းပြီးဆုံးပြီးနောက် နေရာစုံသွားကာ အင်္ဂလိပ်စာသင်တန်းများ လိုက်တက်သည်။ တခါတရံ အင်္ဂလိပ်စကားပြောသင်တန်းအတွင်း ထိုင်ခွင့်ရမည်ဆိုလျှင်ပင် မိုင်ပေါင်းများစွာ ဝေးသည်တိုင်စေ၊ ခရီးသွားပြီး သင်တန်းတက်သည်။ လူအများစုက မထင်ရှားသော ဘာသာစကားတခုကို စိတ်ဝင်တစားလေ့လာ
 သူတို့ က ပြောသည်။
“ကိုယ်တော်လေး…၊ အင်္ဂလိပ်စာသင်ဖို့  ဘာလို့ သဲကြီးမဲကြီးဖြစ်နေတာတုန်း၊
အင်္ဂလိပ်စာဆိုတာ လူနည်းနည်းလေး…တကယ့်နည်းနည်းလေးမှနည်းနည်းလေးသုံးတဲ့စာပဲလေ။
ကိုယ့်ကျောင်းကိုယ်ပြန်ပြီး ဘုန်းကြီးအလုပ်၊ ဘုန်းကြီးတာဝန်တွေ လုပ်စမ်းပါ”
“တနေ့ နေ့  ငါက နိုင်ငံခြားသွားမှာပဲ။ ငါ အင်္ဂလိပ်စာတတ်ထားရမယ်လေ”
ဘုန်းကြီးက ဤသို့ ကာကွယ်ပြောဆိုလျှင် သူတို့ သည် ဘုန်းကြီးတော့ ရူးနေပြီဟူသောအကြည့်မျိုးဖြင့် ကြည့်ကြလေသည်။
ယက္ကလရွာဘုန်းတော်ကြီးကျောင်းတွင် အနည်းဆုံး ၆ နှစ်ကြာ ဆန်းဒေးစကူး(လ်) ဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မများ 
ဘုန်းကြီး ပို့ ချပေးခဲ့သည်။ သီဟိုဠ်ကျွန်းတွင် ဆန်းဒေးစကူး (လ်)ကျောင်းများ ရာချီရှိသည်။ ယက္ကလရွာကျောင်း
မှာ ကျောင်းငယ်လေးဖြစ်သည်။  ကျောင်းသား နှစ်ရာဝန်းကျင်ရှိသည်။ အများစုမှာ  ၁၈ နှစ်အောက် ဆယ်ကျော်
သက်လူငယ်များပင် ဖြစ်ကြသည်။ ၅ ပါး၊ ၈ ပါးသီလများ၊ မဂ္ဂင် ၈ ပါး၊ ဗုဒ္ဓဝင်၊ ဗုဒ္ဓသာသနာသမိုင်း တို့ လို အခြေခံ
များ သင်ပေးသည်။ ထိုအချိန်က ဆန်းဒေးစကူး(လ်)ကျောင်းများတွင် ကမ္မဋ္ဌာန်းအားထုတ်နည်းသင်မပေး၊ 
အားထုတ်ကြဖို့  ဘုန်းကြီးအကြံပေးလျှင်လည်း လုပ်ကြမည်မဟုတ်။
ယက္ကလရွာကျောင်းဆရာတော်အရှင်စန္ဒဇောတိထေရ်သည် ဘုန်းကြီး၏အင်္ဂလိပ်စာသင်ယူမှုကို အားပေးသည်။ 
အင်္ဂလိပ်စာသည် အရေးပါသော ဘာသာစကားတခုဖြစ်သည်ဟု သူယူဆသည်။ သူကိုယ်တိုင်လည်း အင်္ဂလိပ်
ဘာသာဖြင့် ၉ တန်းအောင်မြင်ခဲ့သည်။
ဆရာတော်အရှင်စန္ဒဇောတိအကူအညီဖြင့် ဘုန်းကြီးနှင့် ဘုန်းကြီးအကိုတို့ သည် ကေဘိလိတိဂေါဓရွာ ကျောင်းတွင် အင်္ဂလိပ်စာသင်တန်းကျောင်းလေးတခု ဖွင့်လှစ်လိုက်ကြ၏။ အကိုက အင်္ဂလိပ်စာ ကောင်းကောင်း တတ်သည်။ ကိုလံဘိုတွင် နှစ်ပေါင်းများစွာ ကျောင်းတက်ခဲ့သည်ကိုး။ သူက အင်္ဂလိပ်စာသင်တန်းကျောင်းလေး
၏ အဓိကဆရာဖြစ်သည်။  အခြား ဘုန်းတော်ကြီးကျောင်းတခုမှ စားပွဲ၊ ကုလားထိုင်၊ မြေဖြူရေးသင်ပုန်းကြီး ငှါးရမ်းသည်။ ကျောင်းဆိုင်းဘုတ် တင်လိုက်၏။ အလို ဗုဒ္ဓေါ …. ကျောင်းသားအယောက်  ၂ဝ
 ရောက်လာသည်။ ကျောင်းသားကလေးအများစု၏မိသားစုမှာ ဆင်းရဲကြသည်။ ကျူရှင်ခ ငွေကြေးမတတ်နိုင်ကြချေ။ အကို့ အတွက် စားစရိတ်နှင့် အိမ်ခန်းငှါးခပေးနေရသောကြောင့် အခက်အခဲရှိလာသည်။ ဘုန်းကြီးကိုကား ဘုန်းကြီးကျောင်းက ကျွေးမွေးထားသည်။
သင်တန်းကျောင်းလေး ၃ လတာ လည်ပတ်နိုင်အောင် ဆရာတော်အရှင်စန္ဒဇောတိက ရူပီးငွေ တထောင် (အကြမ်းဖျင်း ဒေါ်လာငွေ သုံးရာခန့် ) မ-တည်သည်။ အချိန်ကာလ တရွေ့ ရွေ့ ကုန်လွန်သွားသည်။ ဘုန်းကြီးတို့ 
ညီအကို အကောင်းဆုံးကြိုးစားခဲ့သော်လည်း အလှူငွေနှင့် အလှူရှင်ပေါ်မလာချေ။ သို့ နှင့်ပင် သံယောဇဉ်မကုန်
ဘဲ ကျောင်းလေးပိတ်လိုက်ရ၏။ ငှါးရမ်းထားသော ပရိဘောဂများကိုလည်း ပြန်အပ်လိုက်ကြသည်။
တနေရာမှတနေရာသို့ သွားနေသည့်ဘဝခရီးသည် ဖြစ်ရပြန်၏။ ယက္ကလရွာကျောင်း ပြန်နေသည်။ ဆရာတော်အရှင်စန္ဒဇောတိသည် ဘုန်းကြီးအား ညီငယ်သဖွယ် သဘောထားဆက်ဆံသည်။ ဘုန်းကြီး အင်္ဂလိပ်စာသင်သည်ကို ထောက်ပံ့သလို ဆွမ်းခံထွက်စရာမလိုဘဲ ဆွမ်းကျွေးထားသည်။ (ထိုအချိန်က ဘုန်းကြီးသည် ဝိဇ္ဇာလယအင်္ဂလိပ်ဘာသာသင်ကျောင်းမှာ ကျောင်းတက်နေသည်။ ယင်းကျောင်းမှာ ၁၉၄ဝ ပြည့်လွန်နှစ်များအတွင်း ကိုရင်ဘဝဖြင့် ဘုန်းကြီးစာလိုက်ခဲ့သော ဝိဇ္ဇာလယစာသင်တိုက်တွင် စတင်သော ကျောင်းဖြစ်သည်။)
အင်္ဂလိပ်ဘာသာသင်ကျောင်းနှင့် ယက္ကလရွာကျောင်းကြားတွင် အချိတ်အဆက်မိသည့် ဘတ်(စ်)ကားလိုင်း မရှိသောကြောင့် ဥဒုဂမ်ပေါလရွာကျောင်းသို့  ဘုန်းကြီးပြောင်းရွှေ့ နေထိုင်ရသည်။ ယင်းရွာမှပင် အင်္ဂလိပ်ဘာသာ
သင်ကျောင်းသို့ ပြေးဆွဲသော ဘတ်(စ်)ကားစီးရန် တမိုင်ခွဲလောက် လမ်းလျှောက်သွားရသေးသည်။
၁၉၅၃ ခုနှစ်အတွင်း ကျောင်းပိတ်ရက်တနေ့ တွင် ဝိဇ္ဇာလင်္ကာရစာသင်တိုက်ရှိ စာသင်ဘက်များဆီ ဘုန်းကြီး
အလည်ရောက်သွားသည်။ ယင်းနေ့ ညနေတွင် ဘုန်းကြီးသည် စာသင်သားအိပ်ဆောင်အခန်း အတွင်းထိုင်ကာ
 သင်္ကန်းချုပ်နေ၏။ ယင်းအခိုက် စင်္ကြန်လမ်းပေါ်ရှိ ရဟန်းနှစ်ပါး၏ စကားပြောသံကို ကြားလိုက်ရ၏။ သူတို့ 
ပြောနေကြသည်မှာ တပါးသည် ကိုလံဘိုမြို့ တော်ရှိ ဗုဒ္ဓဘာသာ သာသနာပြုကျောင်းမှ သတင်းတခု 
ရကြောင်းပင်ဖြစ်၏။ ယင်းသာသနာပြုကျောင်းသည် အပြစ်ရှိ၍ကျောင်းထုတ်ခံရသော ရဟန်းများနေရာတွင် 
အစားထိုးရန်အလားအလာကောင်းသောသင်တန်းသားအသစ်များကို ရှာဖွေနေကြောင်း သတင်းပင်ဖြစ်၏။
ဗုဒ္ဓဘာသာသသနာပြုကျောင်းသည် နိုင်ငံခြားသွားကာ တရားဟော၊တရားပြကြမည့်ရဟန်းများကို သင်တန်းပေး
သည့် နေရာဖြစ်သည်။ ယင်းကျောင်းကို ဗုဒ္ဓဘာသာပရဟိတအကျိုးဆောင်အဖွဲ့ ဖြစ်သည့် မဟာဗောဓိအသင်းက အစပြုတည်ထောင်သည်။ မဟာဗောဓိအသင်းကို ၁၈ဝဝ ပြည့်လွန်နှစ်များတွင် တည်ထောင်ခဲ့၏။
ကိုလံဘိုဗုဒ္ဓဘာသာသာသနာပြုကျောင်းသည် အရွယ်အစားသေးငယ်လွန်းပြီး သီးသန့် ဆန်လွန်းသည်။
သီဟိုဠ်ကျွန်းသားရဟန်းတော် ၁ဝ ပါးနှင့် ဗီယက်နမ်၊ ကမ္ဗောဒီးယား၊ ထိုင်း၊ တရုတ်နိုင်ငံတို့ မှ စာသင်သား အချို့ 
ရှိသည်။ ကျောင်းအုပ်ဆရာတော်မှာ ဆရာတော် အရှင် ပရဝါဟေရ ဝဇီရဉာဏဖြစ်သည်။ ဆရာတော်သည် 
အနောက်နိုင်ငံတွင် ပညာသင်ကြားဖူးသည်။ ကမ္မဋ္ဌာန်းတရားနှင့်ပတ်သက်၍ စာတွေ့ ရော လက်တွေ့ ပါ 
ပိုင်နိုင်ကျွမ်းကျင်သည်။ ဆရာတော်သည် ဘုန်းကြီးအပေါ် ကြီးကြီးမားမားအရှိန်သြဇာသက်ရောက်သူ ဖြစ်ပါ၏။
သာသနာပြုသင်တန်းကျောင်းဟူသည့် အတွေးအမြင်သည် ဗုဒ္ဓသာသနာတော်ကို ဘာသာတခုမှ ဘာသာတခု
သို့  ကူးပြောင်းရေးအတွက် လှုံဆော်မှုမပြုသော ဘာသာတရပ်အဖြစ် ရှုမြင်သူတို့ အတွက် အထင်နှင့် အမြင်
တသားတည်းမဖြစ်ဟု ထင်ကောင်းထင်နိုင်၏။ စင်စစ် မြတ်ဗုဒ္ဓကိုယ်တော်တိုင် သာသနာပြုလုပ်ငန်း လုပ်ခဲ့၏။ သဗ္ဗညုတဉာဏ်အလင်းရပြီးနောက် ၃ လတာအတွင်း ဗုဒ္ဓသည် တပည့် ခြောက်ကျိပ်တို့ အား သူ့ အပါး၌ စုဝေး
စေ၏။ “ဓမ္မမျိုးစေ့ ဖြန့် ဝေကြလော့” ဟု မိန့် ကြားတော်မူကာ အရပ်မျက်နှာအသီးသီးသို့ သူ၏တပည့်များအား ခြေလျင်ခရီး စေလွှတ်တော်မူခဲ့၏။ 
(မှတ်ချက်။ သဗ္ဗညုတဉာဏ်အလင်းရပြီးနောက် ၃ လအတွင်း-ဟူသောစကားမှာ မူရင်းစာရေးသူ၏
အာဘော်သာ ဖြစ်ပါသည်။ ဗုဒ္ဓဝင်နှင့်မညီညွတ်။ ။ ဘာသာပြန်သူ)
သူ၏တပည့်သာဝကများအနေဖြင့် လူများအား ဘာသာကူပြောင်းရေးအတွက် အစီအစဉ်မပြုလုပ်ရန် နှင့် ဓမ္မကိုသာ သန့် သန့် ကလေး သင်ပြကြရန် ဗုဒ္ဓက ရှင်းလင်းပြတ်သားစွာ မှာကြားခဲ့၏။ “ဉာဏ်မျက်စိတွင် ကိလေသာအညစ်အကြေးနည်းပါးသူ၊ နာကြားရန်အဆင်သင့်ဖြစ်သူ” တို့ သည် ဓမ္မကို နားလည်သိမြင်ကြလိမ့်
မည်ဟုလည်း မိန့် ဆိုခဲ့၏။ ဤလမ်းညွန်ချက်သည် ဗုဒ္ဓဘာသာတရားတော်၏ အရေးပါသော ရှုထောင့်တရပ်ကို မီးမောင်းထိုးပြနေပေသည်။
နာမည်ကျော်ဒေသနာတခုတွင် ဗုဒ္ဓမြတ်စွာက  ဓမ္မကို မိမိရှိကြောင်း မိမိဘာသာသက်သေပြမှု (သယံပကာသ၊ သယံသိဒ္ဓ) အဖြစ် သရုပ်ဖော်ပြထား၏။ လူများသည် “လာရောက်ကြ၊ ကြည့်ရှုကြ”လျှင် ကိုယ်တိုင်အကဲဖြတ် ဆုံးဖြတ်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ “လာကြ၊ ကြည့်ကြ” ဟူသောစကားက တနေရာရာလာရောက်ဖို့ ၊ ဟောပြောသင်ပြချက်ကို နားထောင်ဖို့ ဟုဆိုလိုသည့် တိုက်ရိုက်ဖိတ်ခေါ်ချက်မျိုး မဟုတ်ချေ။ ဗုဒ္ဓဆိုလိုသည်ကား ဓမ္မကိုလက်တွေ့ စစ်ဆေးလိုသော ပညာရှင်တယောက်အတွက် ဓမ္မက အမြဲတစေ အဆင်သင့်ရှိပါသည် ဟူ၏။
အကယ်၍ လူအများသည် ဓမ္မအပေါ်နားလည်ကြလျှင် သူတို့ ၏ကိုယ်ပိုင်ဘဝအတွက်  ဓမ္မကို လက်တွေ့ အသုံးချသည်
ကို ဗုဒ္ဓက မြင်တွေ့ လို၏။ ဤနည်းဖြင့် လူများသည် မျက်ကန်းယုံကြည်မှုမျိုးထက် ကိုယ်ပိုင်အတွေ့ အကြုံအပေါ် 
အခြေခံကာ သူ၏သွန်သင်ပြသချက်ကို လက်ခံလာကြပေမည်။
ဓမ္မကို “လာပါ၊ ကြည့်ပါ”ဟူသော သဘောတရားအဖြစ်သရုပ်ဖော်ထားခြင်းသည် နားလည်သိမြင်မှုအပေါ် အခြေ
ခံသည်။ နားလည်သိမြင်ခြင်းသည် ဘာသာကူးပြောင်းခြင်းကိစ္စကို အတွင်းကျကျ ဖြစ်ပေါ်စေသည်။ ဘာသာ
ကူးပြောင်းခြင်းကို ပြင်ပမှ တမင်တကာ ဖိအားပေးလုပ်ဆောင်၍ မရပေ။
ဗုဒ္ဓသာသနာပြုကျောင်းမှာ နေရာလစ်လပ်သည့်အကြောင်း ရဟန်း ၂ ပါးတို့ ဆွေးနွေးပြောဆိုသည်ကိုကြားရ
အခါ ယင်းနေရာမျိုးရှိကြောင်း အရင်တုန်းက မကြားစဖူးခဲ့သော်လည်း ‘ငါလုပ်ချင်နေတဲ့ အလုပ်မျိုးပဲ’ ဟု လျှပ်တပြက်အတွင်းမှာပင် သိလိုက်ပါ၏။ ချုပ်လက်စသင်္ကန်းကို ပစ်ချထားခဲ့ပြီး စင်္ကြန်လမ်းရှိရာသို့ တရှိန်ထိုး
 ပြေးထွက်လိုက်၏။
“အရှင်ဘုရား၊ တပည့်တော် နေရာလပ်အတွက် လျှောက်လွှာတင်ချင်ပါတယ်ဘုရား”
သူတို့ နှစ်ပါးအနက် တပါးကို ဘုန်းကြီး လျှောက်ထားလိုက်၏။
ထိုရဟန်းက မေးသည်။
“ဒါဆို ဘယ်တော့လောက် ကျောင်းအုပ်ဆရာတော်နဲ့ တွေ့ နိုင်မလဲ”
ဘုန်းကြီးဖြေလိုက်ပါသည်။
“မနက်ဖြန်”
နောက်တနေ့  ကျောင်းအုပ်မဟာနာယကဆရာတော် အရှင်ပရဝါဟေရ ဝဇီရဉာဏမဟာထေရ်အား ကိုယ်တိုင်တွေ့ ပြီး သာသနာပြုသင်တန်းကျောင်းသည် ဘုန်းကြီးအတွက် အလွန်သင့်တင့်လျောက်ပတ်သည့် နေရာဖြစ်သည့်အကြောင်း
 လျှောက်ထားပါသည်။ ဘုန်းကြီး၏ခိုင်မာသော ယုံကြည်မှု (အတင့်ရဲမှုလည်း ဖြစ်နိုင်) ကို သဘောကျပြီး ဆရာတော်က ကျောင်းဝင်ခွင့် ပြုပါသည်။ သင်တန်းသက်တမ်း ၃ နှစ်အတွက် သင်တန်းသားများသည် သက်တမ်း
တဝက်လောက်ရောက်နေပြီးဖြစ်ရာ သူတို့ ကိုအမှီလိုက်နိုင်ရေးကား ပုံရိပ်ထင်မှတ်ဉာဏ်ပျောက်ဆုံးခဲ့ပြီးဖြစ်သော
 ဘုန်းကြီး အတွက် မချောမွေ့ လှချေ။  
“ဒီသင်တန်းက ခက်တယ်နော်၊ ငါ့ရှင်က နောက်ကျမှရောက်လာတာဖြစ်တော့ နင်လားငါလားကြိုးစားလိုက်ယူ ရလိမ့်မယ်”
ဆရာတော်အရှင်ဝဇီရဉာဏက ဘုန်းကြီးကို သတိပေးသည်။
ဆရာတော်က အလုပ်ကြိုးစားရေးနှင့်ဆက်နွယ်၍ ဗုဒ္ဓ၏မိန့် မှာချက်ကို သတိပေးပြောဆိုသည်။
“ဓမ္မဆိုတာ မဆုတ်မနစ်ကြိုးစားအားထုတ်သူအတွက်ပဲ ဖြစ်တယ်၊ ပျင်းရိဆုတ်နစ်သူအတွက် မဟုတ်ဘူး။ “
သာသနာပြုရဟန်းကောင်းတပါးဖြစ်လိုလျှင် ဝီရိယပါရမီဖြည့်ရမည်ဖြစ်ကြောင်း၊ ဝီရိယအထောက်အကူကြောင့် ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကိုရခဲ့ကြောင်း၊ ဆရာတော်ကိုယ်တိုင်လည်း ဝီရိယအစွမ်းဖြင့် အဆင့်မြင့်
ဘွဲ့ ဒီဂရီကို ယူနိုင်ခဲ့ကြောင်း ဆရာတော်က ဆိုသည်။
ဘုန်းကြီးသည် စိတ်ရောကိုယ်ပါနှစ်၍ ကျောင်းစာကြိုးစားသည်။ မကြာမီ အတန်းဖော်များကို အမှီလိုက်နိုင်၏။ သာသနာပြုကျောင်းပြဋ္ဌာန်းစာသည် ဝိဇ္ဇာလင်္ကာရရဟန်းကောလိပ်နှင့် အလားတူဖြစ်သည်။  သင်တန်းသားများ
သည် ပါဠိ၊ ဗုဒ္ဓဒဿန၊ ဟိန္ဒီ၊ အင်္ဂလိပ်၊ တမီးလ် ဘာသာများကို လေ့လာသင်ယူခဲ့ရ၏။ သင်တန်းပြီးနောက် သင်တန်းသားအများစုမှာ အိန္ဒိယသို့ စေလွှတ်ခံရသည်။ သင်တန်းပြဋ္ဌာန်းချက်များသည်သာသနာပြုရဟန်းတော်
များ အိန္ဒိယနိုင်ငံတွင်နေထိုင်စဉ်အတွင်း သိသင့်သိထိုက်သည်များကို သင်ယူနိုင်အောင် စီစဉ်ထား၏။ 
သင်တန်းသားများသည် အိန္ဒိယသမိုင်း၊ ဟိန္ဒူဘာသာကိုးကွယ်မှု၊ ဂျိန်းဘာသာအကြောင်း လေ့လာခဲ့ရ၏။
ဗုဒ္ဓသာသနာပြုသင်တန်းကျောင်းတွင် အရှေ့ တောင်အာရှနိုင်ငံများမှ ရဟန်းတော်များလည်း တက်ရောက်နေ
သောကြောင့် နိုင်ငံတကာ ဗုဒ္ဓဘာသာကျောင်းသားများအဖွဲ့ ဖွဲ့ စည်းသင့်ကြောင်း ဘုန်းကြီး အကြံပြုခဲ့၏။ အသင်း၏လှုပ်ရှားမှုအားလုံးကို အင်္ဂလိပ်ဘာသာစကားသုံးကာ ဦးဆောင်ဦးရွက်ပြုရသောကြောင့် ဘာသာစကား စွမ်းရည်အလေ့အကျင့်လုပ်ခွင့်လည်း ရရှိနိုင်သည်။
သာသနာပြုကျောင်းတက်နေစဉ်က ဖြစ်ရပ်တခုကို ယခုတိုင်မှတ်မိနေသေး၏။ သာသနာပြုကျောင်းမှ မိုင်အနည်း
ငယ်ဝေးသည့် ကိုလံဘိုမြို့ ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်သည့် ဟူနုပိတိယအရပ်တွင် ဥပုသ်အိမ် သိမ်တလုံးရှိ၏။ လပြည့်နေ့ ၊ လကွယ်နေ့ တိုင်း သိမ်သို့ သွားကာ ၂၂၇ သွယ် ရဟန်းဝိနည်းကိုရွတ်ဆိုခြင်းဟူသည့် ပါတိမောက် ပြုကြရသည်။ ဤပါတိမောက်ပြုအခမ်းအနားမှာ ရဟန်းကိစ္စဖြစ်ပြီး ရဟန်းတို့ သာ တက်ရောက်ကြ၏။ လူဝတ်ကြောင်တို့ နှင့် 
မသက်ဆိုင်၊ တက်ရောက်ခွင့်လည်း မပြုချေ။
သိမ်၏သက်တမ်းမှာ နှစ် ၁၅ဝ ရှိပြီ။ ရေကန်အလယ်မှာ သစ်သားတိုင်ကြီးများစိုက်ထူကာ တည်ဆောက်ထား၏။ အုတ်နံရံတဝက်ကာရံထား၏။ တောင့်တင်းခိုင်မာသော ယက်မတန်းများ ပြေးထားပြီး အုတ်ကြွပ်မိုးဖြစ်သည်။
သိမ်သို့ သစ်သားတံတားမှပေါ်မှတဆင့် သွားရသည်။ ရဟန်းများသိမ်အတွင်းရောက်ပြီးလျှင် သစ်သားတံတားကို ဖယ်လိုက်သည်။ သိမ်ကို လူတို့ အပိုင်ရွာမြေနှင့်အဆက်ဖြတ်လိုက်သည့်သဘောပင် ဖြစ်၏။
“သိပ်စိတ်မချရဘူးနော်၊ အရှင်ဘုရားတို့ သိမ်ထဲမသွားပါနဲ့ ”
အသက်ကြီးကြီး ရဟန်းတော်တပါးက ပြောသည်။
“ကိစ္စမရှိပါဘူး၊ ဆက်သာသွားစမ်းပါ”
ဘုန်းကြီးတို့ အားလုံးသည် ထိုရဟန်း၏အမိန့် တော်မြတ်ကို ရိုသေကျိုးနွံစွာ လိုက်နာလိုက်ပြီး တပါးချင်းတန်းစီ
ကာ ဆိတ်ငြိမ်စွာဖြင့် ကြွမြဲအတိုင်း ကြွလှမ်းခဲ့ကြ၏။ သိမ်အတွင်းရောက်သောအခါ ကလေးများ အပြောအတိုင်း
 ဟုတ်မှန်ကြောင်း တွေ့ ရ၏။ ကြမ်းခင်းတဝက်သာသာ ပျောက်ဆုံးနေ၏။ ပုံမှန်အားဖြင့် ဘုန်းကြီးတို့ ၏ အလေးချိန်ကို သိမ်တိုင်အိုကြီးများအပေါ် ဖိသလိုမဖြစ်ရလေအောင် လူဖြန့် ပြီး သိမ်အတွင်း ထိုင်ကြသည်။ ကြမ်းခင်းများမရှိသောကြောင့် ရဟန်း ၁၄ ပါးသည် တနေရာတည်းတွင်စုထိုင်လိုက်သလို ဖြစ်သွားသည်။
ပါတိမောက်ရွတ်ဆိုခြင်း အခမ်းအနားစတင်သည်။ 
အခမ်းအနားအချိန်တဝက်အရောက်တွင် မြည်သံကျယ်ကျယ်လောင်လောင်တခုကို ဘုန်းကြီးတို့ ကြားရ၏။ 
ရဟန်းအများစုမှာ အထိတ်တလန့် ဖြစ်ကာ ဟိုဟိုသည်သည်ကြည့်နေကြ၏။ သို့ သော် သိက္ခာဝါအကြီးဆုံး
ရဟန်းတော်က အသံမြှင့်ကာ ပါတိမောက်ရွတ်လေရာ ဘုန်းကြီးတို့ အားလုံးလည်း မလွှဲမရှောင်သာတော့ဘဲ
 သူ ရွတ်ဆိုသလို လိုက်ရွတ်ရတော့၏။
အရာအားလုံး ရုတ်တရက် နိမ့်ဆင်းသွားသည်။ အထိန်းအကွပ်မဲ့ဖြစ်ကုန်သည်။ ရဟန်းတော်အချို့ ရေကန်ထဲ ခုန်ချကြ၏။
 ပြိုကျသည့် အဆောက်အအုံနှင့်အတူရောထွေးကာ အချို့  ရေထဲသို့ ပြုတ်ကျသွား၏။ ဘုန်းကြီးကိုယ်တိုင်လည်း အုတ်နံရံတဝက်ပေါ် တွယ်ကပ်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ရ၏။ သိမ်အမိုးပြိုကျသော အခါ ဘုန်းကြီးကိုယ်သည် အဆောက်အအုံတွင်းတဝက်၊ အပြင်တဝက် ရောက်နေခဲ့သည်။
ကယ်ဆယ်ရေးအတွက် လူများ အပြေးအလွှားရောက်လာကြ၏။ အချို့ က ရေထဲဆင်းပြီး ရေကူးရင်း ဘုန်းကြီးတို့ ဆီ
 ရောက်လာကာ ဘုန်းကြီးတို့ ကို ကမ်းဖက်သို့ ပြန်တွဲခေါ်သည်။ အများစု အရိုးကျိုးကြသည်။ ဘုန်းကြီးကိုယ်တိုင်ကား အသည်းအနီးရှိ နံရိုးတချောင်းမှာ ရင်ဘတ်အထိ ထိုးဝင်သွား၏။ ပထမတွင် ပြင်းထန်သော နာကျင်မှုမျိုးမဖြစ်။ 
သို့ သော် ဘုန်းကြီး၏ အဒရီနလင် လျော့ပါးလာသောအခါ ရင်ဘတ်ထိုးအောင့်လာ၏။
(ကျောက်ကပ်အနီးမှာ အဒရီနယ်ဂလင်းရှိသည်။ အဒရီနလင်ဟူသည် စိတ်လှုပ်ရှားသောအခါအဒရီနယ်ဂလင်းက
ထုတ်ပေး၍ နှလုံးခုန်နှုန်း၊ စွမ်းအင်နှင့် တုံ့ ပြန်မှုကို ပိုမိုထက်မြက်စေသော အရည်(ပစ္စည်း) ကို ခေါ်သည်။ ဘာသာပြန်သူ၏စကားချပ်။) 
ဘုန်းကြီးအပါအဝင် အခြားရဟန်းများ ဆေးရုံရောက်သွားကြသည်။ နောက်တနေ့ တွင် ခန္ဓာကိုယ်အလယ်ပိုင်း
မှာ ပတ်တီးအဖွေးသားစီးလျက်သားဖြင့် ဆေးရုံဆင်းခဲ့ရသည်။ ထိုနောက် လအတန်ကြာ ဘုန်းကြီး ရင်ဘတ် 
နာကျင်နေခဲ့သည်။
၁၉၅၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် နောက်ဆုံးစာမေးပွဲများ ဖြေဆိုရသည်။ သာသနာပြုကျောင်းကို နောက်ကျပြီးမှ တက်ရောက်ရသော်လည်း အမှီလိုက်နိုင်အောင်ကြိုးစားမှု၏ အကျိုးပေးကို ခံစားခဲ့ရလေပြီ။ ဘုန်းကြီး စာမေးပွဲတွင် မျက်နှာပန်းလှခဲ့ပါ၏။ 
ယင်းနောက် နိုင်ငံခြားသာသနာပြုတာဝန်များ ခန့် အပ်သည်။ သာသနာပြုအလုပ် စတင်ချေပြီတည်း။
 ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးခေါ်တွေ့ ကာ တန်ဇင်းနီးယားနိုင်ငံသို့ ဘုန်းကြီးကို လွှတ်လိုကြောင်း ပြောသည်။
“တန်ဇန်းနီးယား”
ဘုန်းကြီးတွေးမိသည်။
“အာဖရိကပါလား၊ ကမ္ဘာတခြမ်းလောက်ဝေးတဲ့နေရာပါလား”
သို့ ကလောက်ဝေးလံသောခရီးသွားရန် ဘုန်းကြီးအဆင်သင့် မဖြစ်သေးပါ။ အသက် ၂၇ မျှသာရှိသေးပြီး သီဟိုဠ်ကျွန်း
အပြင်ဖက်ထွက်ဖူးသူပင် မဟုတ်သေးချေ။
ဆရာတော်ကို ဘုန်းကြီး လျှောက်ထားပါသည်။
“တပည့်တော်အိမ်နဲ့  နီးနီးနားနားပဲ နေချင်ပါတယ်ဘုရား၊ အိန္ဒိယဆိုရင်ကော အဆင်ပြေမလားဘုရား”
 ဆရာတော် ခေါင်းညိတ်လိုက်သည်။
ဘုန်းကြီးတနေရာရာသို့ သွားရေး အဆင်သင့်ဖြစ်ကိုဖြစ်သင့်သည်။ စာသင်ပြီးသော်လည်း ရှင်သာမဏေဝတ်ခဲ့
သည့် ဘုန်းကြီးကျောင်းသို့ မပြန်သင့်သေးကြောင်း ဘုန်းကြီးသိပါသည်။ ဘုန်းကြီး၏ဆရာတော်နှင့် ဆရာတော်
အရှင်သုမနတိဿတို့ အကြား အငြင်းပွားမှုကြောင့် ဘုန်းကြီး၏ဆရာတော်ပျံလွန်တော်မူသောအခါ  ဘုန်းကြီး၏
ဆရာ့နေရာဆက်ခံရေးအစီအစဉ်ကို အရှင်သုမနတိဿ အတိုက်အခံပြုပေလိမ့်မည်။
ဘုန်းကြီးမှာ အခြားသွားနေစရာနေရာလည်း မရှိချေ။ တခုသောနေ့ ၊ တခုသောနေရာတွင် အင်္ဂလိပ်ဘာသာဖြင့် တရားဓမ္မပြသလိုသော တငွေ့ ငွေ့ တောက်လောင်ဆဲ ဆန္ဒသည်လည်း ရင်ဝယ်ထွေးပွေ့ ထားဆဲဖြစ်ပါ၏။ ယင်းဆန္ဒကိုအကောင်အထည်ဖော်ရန် မွေးရပ်မြေဇာတိနိုင်ငံကို စွန့် ခွါရပေလိမ့်မည်။ မည်သည့်နည်းနှင့်မဆို အိန္ဒိယနှင့်အလုပ်စလိုက်ခြင်းကား အစကောင်းတခုဖြစ်သလို အာဖရိကထက်လည်း ပိုမိုစွဲမက်ဖွယ်ဖြစ်ပါ၏။
သီဟိုဠ်- အိန္ဒိယခရီးမှာ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ကျော်လျှင်ရောက်သည့် ၂၂ မိုင်ခရီးသာဖြစ်၏။ သာမန် ကူးတို့ 
ခရီးတခုဖြစ်သည်။ သို့ သော် ဘုန်းကြီးအတွက် ကြီးကျယ်ခမ်းနားသော ခရီးဖြစ်ပြီး ၊ ကမ္ဘာလှည့်ခရီးစဉ်များ၏
နန်းတက်ပွဲပင်ဖြစ်သည်။
 အမရဒီပ
ဖေဖော်ဝါရီ ၁ဝ  ၊ ၂ဝ၁၄
No comments: