အခန်း ၁၊ ရတနာလေး
ဘုန်းကြီးကို စီလုံကျွန်း၊ ဟေနေပေါလရွာမှာ
ဒီဇင်ဘာ ၇ ရက် ၁၉၂၇ တွင် မွေးဖွားသည်။ စီလုံကျွန်းကို
ယခုအခါ သီရိလင်္ကာနိုင်ငံဟု လူသိများသည်။ သိရီလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏အရှေ
့တောင်ဖက်ကမ်းခြေမှာရှိသည့် 
"မျက်ရည်စက်ပုံသဏ္ဌန်"ကျွန်းတခုဖြစ်သည်။
စိမ်းစိုနေသောတောတောင်များ၊ စပါးခင်း၊ ရာဘာခြံ များနှင့် လက်
ဖက်ပင်များစွာရှိသည့် သာယာလှပသောနေရာတခုဖြစ်သည်။
၁၉၂ဝ ပြည့်လွန်နှောင်းပိုင်းတဝိုက်လောက်က
ရွာသိမ်ရွာငယ်လေးတခုသာဖြစ်သော ဟေနေပေါလရွာသည် မိသားစုဦးရေ ၄ဝ ခန့် အတွက် "အိမ်ဂေဟာ"ဖြစ်သည်။
အချက်အချာကျရာလမ်းမကြီးနှင့် အလှမ်းဝေးလွန်းလှ ပြီး စာသင်ကျောင်း၊ ရဲစခန်း၊
စာတိုက်၊ ဈေးဆိုင် နှင့် စားသောက်ဆိုင်များ မရှိသော အရပ်ဖြစ်သည်။တရွာလုံးတဲအိမ်စုစုလေးများသာရှိကာ
ရွာမလှမ်းမကမ်းတွင် ရွာလူထုစုဝေးရာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းရှိ၏။
ဟေနေပေါလရွာတွင်
လျှပ်စစ်မီးသုံးစွဲသူ၊ ရေပိုက်မှရေကိုသုံးစွဲသူ တဦးတယောက်မျှမရှိ၊ သို့ သော်
ရွာကိုဖြတ်စီး
သွားသော မြစ်ငယ်တခု ရှိလေသည်။
လက်ဖက်ခြံနှင့် အုန်းတောများကို ကွေ့ ဝိုက်လည်ကာဖောက်ထားသော
တောလမ်းကျဉ်းကျဉ်းပေါ်မှလမ်းလျှောက်လျှင်
သုံးမိုင်လောက်အကွာမှာ အနီးဆုံးမြို့ ကြီးရှိသည်။ ဟေနေပေါလ
ရွာမှ မိုင်ဝက်ခန့် အကွာ
ရွာနီးစပ်တရွာရှိနေသေး၏။
ဘုန်းကြီး၏ဇာတိနိုင်ငံမှလူများမှာ
ဘုန်းကြီး၏"ဟေနေပေါလ ဂုဏရတန"ဟူသော သာသနာ့ဘောင်သုံးအမည်ကို
ကြားဖူးကြပေမည်။ ဆင်ဟာလိလူမျိုးထုံးစံတခုမှာ သာသနာ့ဘောင်ဝင်လျှင်
အမည်သစ်ယူရခြင်းဖြစ်၏။ သာသနာ့ဘောင်ရိုးရာအမည်မှာ ဘာသာရေးအဓိပ္ပါယ်ရှိသည်။
ပထမအမည်မှာ ဖွားရာအရပ်အမည်ဖြစ်သည်။
"ဟေနေပေါလ" မှာ
ဘုန်းကြီးမွေးဇာတိအရပ်ကိုသိနိုင်အောင် ထည့်ထားခြင်းဖြစ်သည်။
ဘုန်းကြီးငယ်စဉ်က စီလုံကျွန်းသည်
ဗြိတိသျှကိုလိုနီနယ်မြေတခုဖြစ်သည်။ဟင်းခပ်အမွှေးကြိုင်၊ လက်ဖက်၊ ရာဘာ၊တန်ဖိုးကြီးကျောက်မျက်ထွက်သောနေရာ၊
ဥရောပနှင့်တရုတ်အကြားကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပိုးလမ်းမကြီးပေါ်ရှိပြီး မဟာဗျူဟာအခင်းအကျင်းကျသောကြောင့်
တန်ဖိုးထားခံရသောနေရာဖြစ်သည်။
နိုင်ငံလူထုအများစုမှာ
လယ်သမားများဖြစ်လေရာ ဘုန်းကြီး၏မိသားစုမှာလည်း ခြွင်းချက်ထဲမပါဝင်လေခဲ့။ လယ်သမားများသည်
မြေယာကျဉ်းကျဉ်းလေးတွင် စပါး၊ အုန်းပင်၊ ကော်ဖီ နှင့်
အခြားကောက်ပဲသီးနှံစိုက်ပျိုးကြရ
သည်။ မြေယာများမှာ ကိုယ်ပိုင်ရှိသလို
တခါတရံ ဗြိတိသျှပိုင်လယ်မြေများကို ငှါးရမ်းရသည်။
ရွာသားတိုင်းအားလုံးလိုလို
ဆင်းရဲသားများဖြစ်ကြသည်။ "ဖွတ်အဖေ"ခေါ်လောက်အောင် ဆင်းရဲကြသည်ပလေ။ သို
့သော် ဘဝအတွက် တည်ငြိမ်သော ယုံကြည်ချက်ကို ရွာသားများအား ထေရဝါဒဗုဒ္ဓဘာသာတရားတော်က
ပေးအပ်ထားပေသည်။ "အကြောင်းအကျိုးနိယာမ"ဟူသော ကံတရားနှင့်အညီ ယနေ
့အခြေအနေသည် အတိတ်ဘဝပြုလုပ်မှု၏
အကျိုးဆက်ဖြစ်သည်။ ယနေ
့ပြုလုပ်မှုအကျိုးဆက်သည် အနာဂတ်ဘဝအခြေအနေဖြစ်မည်ဆိုသည်က
ပိုအရေးပါသည်။ ထို ကြောင့် လက်ရှိဘဝမှာ
ဆင်းရဲခက်ခဲသည်ကိုအလေးမထားဘဲ အကောင်းဆုံး
ဖြစ်အောင်ကြိုးစားပြီး ဆက်လုပ်သွားကြရမည်ဟု
ယုံကြည်ကြသည်။
အမှန်စင်စစ်
ဘုန်းကြီးသိတတ်စကတည်းက ဗုဒ္ဓတရားတော်များ ထိုးဖောက်စိမ့်ဝင်နေသည်ပဲ။ တရွာလုံး၏
စုဝေးရာ"ပုဏ္ဏားတိုင်"သည်
ဘုန်းကြီးကျောင်းဖြစ်သည်။ ရွာသားများသည် ဘုန်းကြီးထံသို့  သာရေးအတွက်
ဖြစ်ဖြစ်၊ နာရေးအတွက်ဖြစ်ဖြစ်
တရားနာ၊ ပရိတ်ရွတ်ကိစ္စအတွက် ပင့်လျှောက်ရန် ရောက်ကြသည်ချည်းဖြစ်၏။
ရွာဘုန်းကြီးသည် ဆရာလိုတမျိုး၊
ဓမ္မကထိကလိုတဖုံ၊ အကြံပေးဉာဏ်ပေးလိုတသွယ် ၊ ရံဖန်ရံခါ ဆေးဆရာ
လိုတနည်း စီမံကွပ်ကဲပေးပါသည်။ ရွာသားများသည်
နေ့ ညအချိန်မရွေး ဘုန်းကြီးနှင့်အတူ နေ့ စဉ်ဝတ်ရွတ်၊
ဝတ်တက်ပြုရသည်ကိုလည်း
သဘောကျနှစ်သက်ကြသည်။ သို့ ဖြစ်ပေရာ ဘုန်းကြီးကျောင်းသည် တံခါးမရှိ၊ ဓားမရှိ
အမြဲလိုလို လူဝင်လူထွက်မပြတ်ရှိနေပါသည်။
လပြည့်-လကွယ်-လဆန်း-လဆုတ် တလ
လေးကြိမ်လုံးပင် ရွာသားများသည် ဘုန်းကြီးကျောင်းမှာ ၂၄ နာရီ တနေ့ လုံးအချိန်ကုန်ကြသည်။
အလွန်အေးအေးလူလူရှိလှ၏။ အချို့  တရားထိုင်၊ အချို့ စင်္ကြန်လျှောက်၊ အချို့ 
ဗောဓိညောင်ပင်အနားမှာ ဘုရားစာရွတ်ကြသည်။ ထိုင်သူထိုင်၊ ကွန်ကရိအခင်းအေးအေးပေါ်တုံးလုံးလျောင်းကာ
"ငြိမ့်"သူ ငြိမ့် နေသည့်
ဓမ္မာရုံထဲမှာ ရဟန်းများနှင့် လူဥပါသကာများက အလှည့်ကျ တရားဟောကြသည်။
ဘုန်းကြီးငယ်စဉ်
ယင်းတရားပွဲအတွင်း အမေ့ရင်ခွင်ပေါ် တရေးလောက်မှေးစက်အိပ်ပျော်ခဲ့ဖူးသည်ကိုလည်း
အမှတ်ရမိပါသည်။
ဘုန်းကြီး၏မယ်တော်အမည်မှာ "
ဟေရတ် -မုဒီယန်ဆေလာဂီ -လောကူမေနီကီ"ဖြစ်သည်။ အမည်အစ နှင့်အလယ်အဓိပ္ပါယ်မှာ "အထက်တန်းစား
(ရွှေ) ပုဂ္ဂိုလ်" ဟုဆိုလိုပြီး နောက်ဆုံးစာလုံးမှာ "မဟာကျောက်မျက်ရတနာ"ဟု ဆိုလိုပါသည်။
ထိုစဉ်က
စီလုံကျွန်းရှိ အမျိုးသမီးများသည် အိမ်ထောင်ကျသောအခါ သူတို့ ၏ အလယ်နာမည်ကို
ဆက်လက်သုံးပိုင်ခွင့်ရှိသည်။
ဖခမည်းတော်၏အမည်မှာ "ဧကနာယက-
မုဒီယန်ဆေလာဂီ- ပဉ္စိဘဏ္ဍ" ဖြစ်သည်။ သူ၏အစနှင့်အလယ်နာမည်
ကို အကြမ်းဖျင်းဘာသာပြန်လျှင် "အထက်တန်းစားပုဂ္ဂိုလ်"
ဖြစ်ပြီး နောက်ဆုံးအမည်မှာ "ရတနာ"ဟုဆိုလိုသည်။
ဖခင်ထံမှအမွေရထားသောမယ်တော်၏အလယ်အမည်"မုဒီယန်ဆေလာဂီ"သည်သူမခင်ပွန်း၏အလယ်အမည်နှင့်
အမှတ်မထင် တိုက်ဆိုင်စွာတူညီနေသည်။
မွေးချင်း ၇ ယောက်အနက်
ဘုန်းကြီးသည် ၆ ဦးမြောက်ဖြစ်၏။ မယ်တော်အသက် ၃၇ မှာ ဘုန်းကြီးကို ဖွားမြင်သည်။
ဘုန်းကြီးထက်အကြီး အကို ၂ ယောက်၊ အမ ၃ ယောက် ရှိသည်။ အမ ၃ ယောက်ထဲက တယောက်မှာ
အရွယ်ရောက်၍ ဘုန်းကြီးမမွေးခင်ခပ်စောစောကတည်းက အိမ်ထောင်ကျကာ ခင်ပွန်းသည်နောက်သို့  ပါသွားသည်။
ဘုန်းကြီးမွေးပြီးနောက်
ထိုအမကြီးမှ သမီး ၂ ယောက် မွေးသည်။ သို့ သော် ၁ ယောက်မှာ အဖတ်မတင်၊ မွေးကင်းစမှာပင်
ဆုံးပါးရှာသည်။
ဘုန်းကြီးကို
ဆန်နှင့်အုန်းသီးကိုအခအဖြစ်ယူသည့် ဝမ်းဆွဲလက်သည်က မွေးပေးသည်။ ပြတင်းပေါက်မရှိ၊
မှုန်မှုန်ဝါးဝါးအလင်းရောင်ရှိသည့် အိမ်ပေါ်မှာ ဘုန်းကြီးသည် ဤလောကသို
့ဝင်ရောက်လာခဲ့သည်။ မယ်တော်သည် သားဖွားခါနီးတွင် ကြမ်းပြင်ပေါ် ဖြန့် ခင်းထားသော
အုန်းကျောဖျာပေါ် ဆောင့်ကြောင့်ထိုင်လိုက်၊ လဲအိပ်လိုက်လုပ်နေသည်။ ဝမ်းဆွဲလက်သည်က ထုံးစံအတိုင်း
အိမ်ခေါင်ထုပ်တန်းပေါ် ကြိုးတချောင်းချည်တုပ်လိုက်ကာ ကြိုးစကို
မယ်တော့်ဖျာတည့်တည့်ချလိုက်သည်။ အပြင်းအထန်နာကျင်၍ သည်းမခံနိုင်ဖြစ်လာလျှင်
မယ်တော် ကြိုးစကိုဆွဲနိုင်ရန်ဖြစ်သည်။ သည်နည်းဖြင့် မယ်တော်သည် ကလေး ၈
ယောက်ဖွားမြင်ပြီးခဲ့ပြီ။
မွေးဖွားပြီးနှစ်ပတ်အကြာ
ဘုန်းကြီးလောင်းလျာ"ကလေးပေါက်စ"သည် ကျန်းမာရေးကောင်းသည်။
အသက်ရှင်မည်လက္ခဏာရှိသည်ဟုယူဆသော ဖခင်သည် ရွာနီးစပ်က ရွာလူကြီးထံသို့ သွားလေသည်။ ဖွား၊သေစာရင်းကို
မိမိရပ်ရွာလူကြီးထံမှာ တရားဝင်မှတ်ပုံတင်နိုင်သည်။ သို့ သော် ဟေနေပေါလလို
ရွာငယ်မှာ ရွာလူကြီးမရှိ၊ ထို့ ကြောင့် ဖခင်သည် မိုင်ဝက်ခရီးအနီးဆုံး "ဒေဟီဒေနီယရွာ"သို
့လမ်းလျှောက်ရခြင်းဖြစ်၏။ ဖခင်သည် ဒေဟီဒေနီယရွာလူကြီးထံမှာ
သူ၏တတိယမြောက်သားငယ်အမည်ကို ပြောရလေသည်။ သားအမည်ကား….."ဧကနာယက-မုဒီယန်ဆေလာဂီ-
ဥက္ကုဘဏ္ဍ"…။
"ဥက္ကု"ဟူသည် "သေးသော၊ငယ်သော"
နှင့် "ဘဏ္ဍ"မှာ "ရတနာ"ဟု အဓိပ္ပါယ်ရှိလေသည်။ "ဥက္ကုဘဏ္ဍ"မှာ
ကလေးကိုကြင်နာမှုပြသရန်လူကြီးများ ချစ်စနိုးခေါ်သောအမည်ဖြစ်သည်။ ကလေးကိုခေါ်သောအမည်ဖြစ်သော်
ငြား အရွယ်ရောက်ပြီးသူကိုလည်း
ခေါ်နိုင်သည်။
အသက်ကြီးလာသော်လည်း "လူကလေး"ဟုဆိုလိုသည့်
"ကုဒဘဏ္ဍ"အမည်ကို ခေါ်ရန် မိဘများက ဆုံးဖြတ်ခဲ့သည်။ မိသားစုထဲမှာ
ဘုန်းကြီးသည် နောက်ဆုံးသားဖြစ်သောကြောင့်ဟု နားလည်မိပါသည်။ သို့ သော်
တရားဝင်အမည်အစား ယင်းအမည်ခေါ်နေခြင်းအကြောင်း မည်သည့်အခါမှ မမေးမြန်းမိပါ။
ဖခင်သည် ပေ ၄ဝ-ပေ ၃ဝ အိမ်ကို
ကိုယ်တိုင်ဆောက်သည်။ ကောက်ရိုး၊ အုန်းလက်ခြောက်၊ သံတိုသံစသုံးကာ
အမိုးမိုးသည်။ ရွံမြေစေးကို အိမ်နံရံလုပ်ကာ
ဝါးခြမ်းပြားနှင့် အခိုင်အမာထပ်ပိုးသည်။ အိမ်ရှေ့ ၊ အိမ်နောက်
တလျှောက် အောက်ခြေတဝက်လောက်ကို
ရွံစေးမြေနံရံ၊ အပေါ်တဝက်လောက်ကို သစ်သားမျက်ကွက်နှင့်
ဝရန်တာအပွင့် လုပ်လိုက်သည်။
ရွာရှိအခြားအိမ်များနှင့်ယှဉ်ကြည့်လျှင်
ဘုန်းကြီးတို့ အိမ်မှာ နေရာအတော်ကျယ်ဝန်းသည်။ အခန်း ၂ ခန်းရှိ
သည်။ တခန်းက သေးသေးမှောင်မှောင်
မီးဖိုချောင်၊ အခြားတခန်းက ဖခင်၏ စာရွက်၊ စာအုပ်နှင့် တန်ဆာပလာ
များ ထည့်သိမ်းသောအခန်းဖြစ်သည်။ ပရိဘောပစ္စည်း
နည်းနည်းပါးပါးရှိသည်။ အကြမ်းထည်အသေးစား
သစ်သားခုံရှည်များနှင့်
သစ်မာသားကို မြောင်းပေါ်အောင်အချောသတ်ထားသော ကုလားထိုင်တလုံးတို့ မှာ
အိမ်တွင်းဖြစ်ပစ္စည်းများသာဖြစ်ကြ၏။ ထမင်းစားသောက်ပြီးနောက် ဖခင်သည် ထိုကုလားထိုင်မြင့်မြင့်ပေါ်
ထိုင်ကာ ဆေးလိပ်သောက်၊ကွမ်းဝါးနေရင်း
ဘုန်းကြီးတို့ ညီအကိုမောင်နှမတစုအား ပုံပြင်ပြော၊ ဆုံးမစကားပြော
သည်ကို ဘုန်းကြီးမှတ်မိနေသေး၏။
မိခင်က ခုံရှည်တခုပေါ်ထိုင်သည်။ အဖေထိုင်သည့် ကုလားထိုင်မှာမည်သည့်
အခါမျှမထိုင်ပါ။ ကလေးများကား
ကြမ်းပြင်ပေါ် ထိုင်ကြသည်။
အိမ်ကြမ်းပြင်မှာ ရွံ့ မြေစေးဖြင့် လုပ်ထားသည်။ မိခင်နှင့်အမများသည်
သူတို့ လက်ဖဝါးပြင်ကိုသုံးကာ ကြမ်းပြင်ကို နွားချေးအသစ် မကြာခဏသုတ်လိမ်းကြသည်။ ကျွဲနွားမစင်သည်
ပိုးသတ်ဆေးတမျိုးဖြစ်၏ဟု ယူဆကြသည်။ လိမ်းကျံထားသောနွားချေးအနံ့ မှာ
လတ်ဆတ်သစ်လွင်နေ၏။ ဘုန်းကြီးတို့ သည် ကြမ်းပြင်ပေါ် ခြေဗလာဖြင့် နေ့ တိုင်း
နင်းခဲ့ကြသည်။
(ဘုန်းကြီးတို့ အိမ်မှာ) အိပ်ရာ
၂ ခုသာရှိသည်။ ကြမ်းရှရှသစ်သားခုံတခုစီမှာ အုန်းသီးခွံအခြောက်များသွတ်ထည့်
ထားသော အဝတ်အိတ်ကြမ်းတလုံးစီကို
တင်ထားရုံသာသာ..။ ယင်းမွေ့ ယာများသည် ကျောက်ဖျာနှင့်နှိုင်းစာ
သော် မဆိုစလောက် အိစက်ညက်ညောပါပေသည်။
အကိုကြီး "တိကိရိဘဏ္ဍ"သည် တဲအိမ်အရှေ
့ဖက်
ဝရန်တာရှိ အိပ်ရာမှာ အိပ်သည်။ အခြားအကိုတယောက်နှင့်
ဘုန်းကြီးမှာ သူ့ အနီးကြမ်းပြင်ပေါ် အိပ်ကြသည်။
အနောက်ဖက်ဝရန်တာရှိ
နောက်အိပ်ရာတခုမှာ ဖခင်၏စက်မွေ့ ရာဖြစ်သည်။ မိခင်သည် ဖခင်နှင့်အတူ အိပ်စက်
သည်ကို ဘုန်းကြီး လုံးဝမမြင်ဖူးပါ။
မိခင်သည် သမီးများနှင့်အတူကြမ်းပြင်ပေါ်အိပ်သည်။ မိဘနှစ်ပါး အချင်းချင်း
နမ်းရှုပ်ကြ၊ ပွေ့ ဖက်ကြသည်ကို
တရံတဆစ်မျှ မမြင်ဖူးပါ။ သူတို့ နှစ်ဦး တိုးတိုးတိတ်တိတ်နှစ်ကိုယ်ကြားစကား
ပြောကြသည်ကိုလည်း မမြင်ဖူးခဲ့ပါ။
သို့ ပေငြား မိဘနှစ်ပါးသည်
ဗုဒ္ဓသာသနာတော်အပေါ် နက်ရှိုင်းစွာယုံကြည်မှုကိုကား မျှဝေခဲ့ကြသည်။ မနက်တိုင်း မိဘတို
့၏ ဘုရားစာပါဠိရွတ်ဆိုသံများသည် အိပ်ရာနှိုးအချက်ပေးတေးသံအဖြစ် သားသမီးများကို
အိပ်ရာမှ နိုးထစေခဲ့သည်။ ဤကဲ့သို့  နေ့ စဉ်အမြဲဝတ်တက်သံများသည် ကလေးများအတွက်
ညမှာလည်း "သားချော့တေး" ဖြစ်ရပြန်၏။ ဘုန်းကြီးတို့ လို ကလေးများအတွက်
ကကြီးခခွေးပင်မသင်ရသေးသော်လည်း ပါဠိစာပိုဒ်များကို နုတ်တိုက်ဆိုနိုင်သည်။ "ကမ္မ၊
ဇာတိ" ဆိုသော စကားလုံးတို့ ၏အဓိပ္ပါယ်ကိုလည်း နားလည်
ခဲ့ကြသည်။
မိဘနှစ်ပါးသည် သူတို
့အလုပ်များကို တဗျစ်တောက်တောက်လုပ်ကာဆူပူခြင်းမျိုးမရှိဘဲ နေ့ စဉ်ရက်ဆက်
လုပ်ခဲ့ကြသည်။ မနက်စောစောမှာ ဖခင်သည် စပါးခင်း သို့ မဟုတ် ရာဘာခြံကလေးဆီ
အလုပ်သွားသည်။ မိခင်က အိမ်မှာ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်းရင်း အိမ်မှာ ကျန်ခဲ့သည်။
ဖခင်အလုပ်မှအိမ်ပြန်ရောက်သည်နှင့် မိခင်က ဖခင်အတွက် နေ့ လယ်စာအဆင်သင့်ပြင်ဆင်ပြီး
ဖြစ်သည်။
ဘုန်းကြီး၏မိဘနှစ်ပါးသည်
ဆင်ဟာလိဘာသာကို ရေးနိုင်၊ ဖတ်နိုင်ကြသည်။ ဤကိစ္စသည်လည်း ရွာမှာ
သာမက စီလုံကျွန်းမှာပင် ရှားရှားပါးပါးကိစ္စဖြစ်သည်။
ဖခင်သည် စာတတ်ပေတတ်တယောက်ဖြစ်သောကြောင့်
ရွာဂုဏ်ဆောင်တယောက်၊ "ကိုစည်းကမ်းကြီး"တယောက်အဖြစ်လည်း
လူသိများပေရာ ဟေနေပေါလရွာမှာ အရပ်က လေးစားသူတယောက်ဖြစ်သည်။
အငြင်းပွားကိစ္စဖြေရှင်းရန်
အခြားတရွာသားများပင် ဖခင်ဆီရောက်လာတတ်သည်။ ယင်းသို့ ဖြစ်သော်လည်း ဖခင်သည် သူ
့မိသားစုနှင့်ပတ်သက်လာလျှင် "ကြောက်စရာလန့် စရာကောင်းသူ"ဖြစ်နေပါသေးသည်။
တခါတလေ သူသည် မိခင်နှင့် ကောက်ကာငင်ကာ ရန်ထဖြစ်တတ်သည်။ မည်သည့်အကြောင်းမှန်းတော့
ဘုန်းကြီး မမှတ်မိတော့ပါ။ သူ့ ဒေါသကို အကြမ်းနည်းနှင့်ပြတတ်သည်။ ထစ်ခနဲစိတ်တိုတိုင်း
သားသမီးများကို
နာနာကျင်ကျင်ရိုက်တတ်သည်။ တခါတလေ မိခင်ကိုပင်
ရိုက်နှက်တတ်သည်။ မိခင်ကိုရိုက်နှက်နေချိန်တွင်
ဘုန်းကြီးတို့ ညီအကိုမောင်နှမတစု
ပုန်းနေခဲ့ရသည်။ အသံမထွက်ရဲခဲ့ပါ။ သူ့ ဒေါသ ဘုန်းကြီးတို့ ကလေးတစု
ဘက်ဆီသို့ မြှားဦးလှည့်လာမှာ
ကြောက်ရွံ့ သောကြောင့် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
အမရဒီပ
မတ်လ ၁၃၊ ၂ဝ၁၃