Total Pageviews
Monday, March 2, 2015
တွင်းသင်းမင်းကြီး ညစ်ပတ်သလား
ဆရာကြီးဇေယျအသက်အရွယ်ကြီးတော့မှရေးသည့်စာတပုဒ်ကို အမှတ်ရမိ၏။ စာခေါင်းစဉ်မှာ "ညစ်ပတ်တယ်"ဟူ၏။ နွေရာသီညနေခင်းတခုဝယ် ဆရာကြီးဇေယျသည် အိမ်ရှေ့ တွင် ပက်လက်ထိုင်
ခုံခင်းကာ အေးအေးလူလူထိုင်နေလေ၏။ အိမ်နီးချင်း၏သား ကလေးငယ်တဦးသည် ပြေးလွှားဆော့
ကစားရင်း ဆရာကြီးအနားရောက်လာကာ ဆရာကြီးနှင့် ဝင်ရောလေသည်။ စာရေးဆရာကြီးမှန်း မိဘများထံမှ သိထားဟန်တူသည်။
"ဘဘ- ဘဘ"
"ဟေ"
"ဘဘက စာရေးဆရာကြီးဆို"
"အေး"
"ဘဘက ဘာစာတွေရေးတာလဲ"
"ရည်းစားစာတွေရေးတယ်ကွ"
(ဝတ္ထုတို ၊ဝတ္ထုရှည်၊ ဆောင်းပါး၊ ကဗျာတွေ ရေးသည်ပြောလျှင် ကလေးနားမလည်၊ နားလည်လွယ်
အောင် ရည်းစားစာရေးသည်ဟု အလွယ်ဖြေလိုက်၏။)
ဆရာကြီး၏အဖြေအဆုံးတွင် ကလေးမျက်နှာရှုံမဲ့သွားပြီး  ဤသို့ ပြောဆိုကာ ဆရာကြီးအနားမှပြေး
ထွက်သွားလေတော့သည်။
"ဟင်….လူကြီးဖြစ်ပြီးတော့ ညစ်ပတ်တယ်"
ဆရာကြီးတယောက် ဟက်ဟက်ပက်ပက်ရယ်မောကျန်ရစ်ခဲ့လေတော့သည်။
          တွင်းသင်းမင်းကြီးနုပျိုစဉ်ကရေးသားခဲ့သည့် မုဒုလက္ခဏပျို့ တွင် လူငယ်လူရွယ်များစိတ်ဝင်
စားမည့် ဣတ္ထိသျှတ္တရကျမ်းလာစကားရပ်များကို ထည့်သွင်းစပ်ဆိုထားသည်။ ဘုရင်က မိဖုရားကို ရသေ့အား ပေးလှုစဉ်တွင် အရွယ်၏ကောင်းခြင်းနှင့်ပြည့်စုံပုံကို ချီးမွှမ်းပြောဆိုဟန်ရေးဖွဲ့ လိုက်၏။
ဖွံ့ ဖွံ့ ထွားမွတ် ၊ ဝင်းလွတ်စံကျော်
ပယော်ဓရ ၊ ဖူးသစ်စသို့ 
အလှသည်းကြား ၊ ဆယ်ကြိမ်ဖွားလည်း
အခြားမထင် ၊ ပျိုရုပ်သွင်နှင့် ……။ (၅၈)
ခါးသေးပုံကိုလည်း ရှုလေဦး။
ခါးလျငယ်လည်း
ညာဘယ်ရစ်ပတ် ၊ လေပြည်ခတ်က
ညွတ်ကာလည်းကျ ၊ ပန်းတမျှသာ…။ (၅၉)
 ဤစကားကိုကား အကြမ်းဆုံး (ဝါ) အညစ်ပတ်ဆုံးဟု ဆိုကြ၏။
စိမ်းလွင်ညိုညို ၊ ဝါးပင်ပျိုသို့ 
စီးယိုထွက်လျှမ်း ၊ မြစ်ငယ်ကမ်းသို့ 
ဖုံးလွှမ်းသောယောင် ၊ ယှက်မြှောင်မွှေးညှင်း
ရစ်ကာကွင်းလျက် ၊ ဆင်ဦးကင်းထွတ်
ပုံတူခတ်သား ၊ ရဟဿင်္ဂ
သမန်းစဖြင့် ၊ ရှလသောဟန်
နှိုင်းရန်တရှိ ၊ သူ့ သတ္တိလည်း
ထွန်းညိလျှံဝါ ၊ ရှုဘွယ်သာတည်း….။ (၅၈)
ဘုရင်က မိဖုရား၏ လျှို့ ဝှက်နေရာကို ကွင်းကွင်းကွက်ကွက် ဥပမာပြပြောဆိုသည်။ ဤသည်မှာ ကဗျာဆရာ၏စိတ်ကူးမျှသာဖြစ်သည်။ ပြင်ပလောကမှာ ဤအဖြစ်မျိုးမရှိနိုင်ပါ။ အကြောင်းမှာ စကားလုပ်ပြီးပြောစရာကိစ္စမဟုတ်သည်အပြင် ပြောပါလျှင် ဖရုသဝါစာ၊ ဂမ္မဒေါသသင့်ပေမည်။ မယဉ်ကျေးသော အပြုအမူဖြစ်မည်။
ဤသည်ကို ကဗျာဆရာမသိမဟုတ်၊ သိသည်။ ဖရုသဝါစာဖြစ်လိုကဖြစ်စေတော့၊ ဖရုသဝါစာကဗျာကို ရေးလိုက်သည်။ ဂမ္မဒေါသသင့်လိုကသင့်စေတော့၊ ဂမ္မဒေါသကဗျာကို ရေးလိုက်သည်။ မယဉ်ကျေးသောအပြုအမူဖြစ်လိုကဖြစ်စေတော့ ၊ ကဗျာကြမ်းစာကြမ်းကို တန်းကုန်အောင် ရေးပစ်လိုက်သည်။
          ပါဠိဝေါဟာရ "အဿာဒ" ကို ဤတွင် သတိပြုစေလိုပါသည်။ သာယာမက်မောမှု၊ လိုချင်
ငြိတွယ်စရာ-ဟု မြန်မာဝေါဟာရပြုလိုပါသည်။ နေတ္တိကျမ်းလာ ပဒဋ္ဌာနာဟာရစာဖတ်နည်းအရ
အရာရာတိုင်း (လက်တွေ့ ဘဝ၊ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်)မှာ သာယာမက်မောဖွယ်=အဿာဒရှိသည်။
မုဒုလက္ခဏပျို့ အရ ဟရိတစရသေ့သည် ဘုရင် နှင့်မိဖုရား၏ စား၊ နေ၊ဝတ်၊ ကျန်းမာရေးထောက်ပံ့မှု မှအစ လိုချင်လျှင် မိဖုရားကိုပင်ရနိုင်သည့် သာယာစရာဘဝကို ပိုင်ဆိုင်ပါသည်။ အဆင်းရော အရည်
အသွေးပါ အပြစ်ဆိုစရာမရှိသော မိဖုရား၏ ခန္ဓာကိုယ်လေမတွေ့ သည့်အရပ်အထိ ကဗျာဖွဲ့ ပြသည်မှာ
"အဿာဒ"ကို ပြလိုသည်မှတပါး အခြားအကြောင်းမရှိပါလေ။
          ကောင်းပြီ။ လိုချင်စရာအဿာဒကိုချည်းပြနေလျှင် ကဗျာဖတ်သူ၊ စာဖတ်သူကို တဏှာဆန္ဒ
ကြွတက်အောင်လှုံ့ ဆော်ရာရောက်၍ "တဏှာစာ၊ တဏှာကဗျာ"ဖြစ်ပေတော့မည်။ Pornography ခေါ် အပြာစာအုပ်သာဖြစ်ပေတော့မည်။ ပဒဋ္ဌာနာဟာရနေတ္တိနည်းအရ သာယာစရာရှိလျှင် ယင်းတွင် ငြီးငွေ့ ဖွယ်၊ အပြစ်အနာအဆာ "အာဒီနဝ"ကိုလည်း တွေ့ ရပေမည်။ မုဒုလက္ခဏပျို့ တွင် တွင်းသင်း
မင်းကြီးက ပထမ အဿာဒကို ပြသည်။ ဒုတိယ အာဒီနဝကိုပြသည်။ အာဒီနဝဖွဲ့ ပုံကို ရှုပါဦး။
တပ်ရာမရှိ
အာသီဝိသ ၊ ခံတွင်းဝတွင်
မြတ်လှရှင်ချစ် ၊ အင်္ဂါဇာစ်ကို
နှစ်နှစ်လို့ လို့  ၊ တပ်ပျို့ ပါလေ
စုတိကြွေလည်း ၊ နတ်မြေခြောက်ထပ်
ရောက်လိမ့်မည်တည်း။ (၇၁)
မသူတော်မူ
ငါရှင်ဖြူလျှင် ၊ ဂူဟာစောရ
ထင်လှချေပြီ ၊ လှအင်ညီ၏
ယောနိတွင်ခန်း  နိမိတ်ပန်း၌
ရွှင်လန်းနှစ်သက် ၊ ယှဉ်သောထက်ကား
လောင်ကျက်ပြင်းလှ၊ မီးကျီးဝတွင်
ချသော်အထွတ် ၊ မြတ်ပလိမ့်မည်
သို့ ဖြစ်သည်ကြောင့် ၊ လှရည်ပြာထွား
မိဖုရားကို ၊ မင်းအားနှင်း၍
ရပ်တင်းမဲ့ကျင် ၊ ယနေ့ ပင်တည့်
လေတွင်ညာဆန် ၊ ဧသန်စူးစူး
ဟေဝန်ဦးသို့ ၊ ရွှင်မြူးနှစ်ထောင်း
သွားသော်ကောင်းဟု ။(၇၆)
          ပါဠိဝေါဟာရအနက်များကား "အာသီဝိသ မှာ အဆိပ်ပြင်းသောမြွေ၊ ဂူဟာစောရ မှာ တွင်းသူခိုး၊ ယောနိ မှာ မိန်းမအင်္ဂါဇာတ်"ကိုဆိုလိုသည်။ သူ့ မယားကိုပြစ်မှားသည်ထက် အဆိပ်ပြင်းမြွေပါးစပ်မှာ မိမိအင်္ဂါဇာတ်ကိုထည့်ပြီးသေသည်က နတ်ပြည်ရောက်နိုင်သေးသည်။ သူ့ 
မယားကိုမှားလျှင် သေကငရဲသာရောက်မည်။
          သူ့ မယားကို ခိုးယူသူသည် တွင်းခိုးသူ ဖြစ်သည်။ သူတပါးပိုင်တွင်းမှာ မိမိအင်္ဂါဇာတ်ကို ယှဉ်တွဲစပ်ယှက်သည်ထက် မီးကျီးစုမှာ မိမိအင်္ဂါဇာတ်ကိုထည့်သည်က မြတ်မည်ဟု ရသေ့
သတိရသည်ကား အာဒီနဝပင်ဖြစ်သည်။
          အသိမယှဉ်ဉာဏ်မြင်ကန်းနေခိုက် သူ့ မယားမှာ နတ်သမီး ဟု မြင်သာအောင် ကဗျာဖွဲ့ ပြ
သည်ကား တပ်မက်သာယာမှု အဿာဒကို ပြသည်။ အသိပြန်ဝင် ဉာဏ်သက်ဝင်ခိုက် သူ့ မယားမှာ ဘီလူးမဟုမြင်သာအောင်ကဗျာဖွဲ့ ပြသည်ကား ငြီးငွေ့ ကြောက်လန့် တုန်လှုပ်မှု အာဒီနဝကို ပြသည်။
          ပဒဋ္ဌာနာဟာရနေတ္တိနည်းအရ လွတ်မြောက်ရာ "နိဿရဏ"ကိုလည်း မြင်အောင် ကြည့်ရပေ
မည်။ "မိဖုရားကို မင်းထံပြန်အပ်ပြီး ယနေ့ ပင် ဟိမဝန္တာသို့ ပြန်ကြွတော့မည်"ဟု ပြသည်ကား လွတ်မြောက်ရာကို ပြခြင်းတည်း။
          ပဒဋ္ဌာနာဟာရနေတ္တိနည်းအရ မိန်းမ၏လျှို့ ဝှက်အင်္ဂါကို မက်မောစရာဖြစ်အောင်ဖွဲ့ ပြပြီး သည်မှာတင် ရပ်နေလျှင် တွင်းသင်းမင်းကြီးစာဖွဲ့ ကြမ်းသည် (ဝါ)ညစ်ပတ်သည်ဟု ဆိုရပေမည်။ ယခုသော်ကား အပြစ်အာဒီနဝ၊ လွတ်မြောက်ရာနိဿရဏတို့ ကို စုံလင်အောင်ပြသောကြောင့် ကဗျာကောင်းဖွဲ့ သူတဦး၏ ကဗျာကောင်း၊စာကောင်းဖြစ်လာကြောင်း တွေ့ ရပေသည်။
          ရုရှားစာရေးဆရာကြီး အန်တန် ချက်ကော့ (Anton Chekhov, 1860- 1904) ၏ ဇာတ်လမ်း
ရေးသားမှုအတတ်ပညာလမ်းညွှန်နှင့်လည်း တိုက်ဆိုင်ကြည့်လိုပါသည်။ ဇာတ်လမ်းနှင့်မသက်ဆိုင်
သည်ကို မထည့်ရ၊ နံရံတွင် ရိုင်ဖယ်သေနတ်တလက်ချိတ်ထားကြောင်း ပထမအခန်းမှာရေးသားဖော်ပြ
ပါက ဒုတိအခန်းမှာဖြစ်စေ၊ တတိယအခန်းမှာဖြစ်စေ ရိုင်ဖယ်သေနတ်ကို အသုံးပြုပစ်ခတ်ကြောင်း ပါဝင်သင့်သည်။ သေနတ်ကိုမပစ်ပါက နံရံမှာလည်း ချိတ်မထားပါနှင့်…ဟု ချက်ကောက ပြောသည်။
          တွင်းသင်းမင်းကြီးသည် သျှတ္တရကျမ်းလာအရ မ-အင်္ဂါအကြောင်း ကဗျာဖွဲ့ ပြ၏။ သေနတ်အကြောင်းရေးပြသည်နှင့်တူသည်။ သူ့ မယား၏အင်္ဂါဇာတ်မှာ ကာမဆက်ဆံခြင်းသည် မြွေခံတွင်း၊ မီးကျီးစုမှာ ကျားအင်္ဂါဇာတ်ကိုထည့်သွင်းခြင်းလောက်မမြတ်ဟု ပြခြင်းမှာ သေနတ်ကို ပစ်ခတ်ပြသည်နှင့် တူလေ၏။
          တွင်းသင်းမင်းကြီးသည် ပဒဋ္ဌာနာဟာရနေတ္တိနည်း၊ ချက်ကောနည်းတို့ နှင့်အညီ ညီညွတ်
အောင် ကဗျာရေးနိုင်သည့်အတွက် ညစ်ပတ်သည် ၊ ကြမ်းတမ်းသည်ဟု ကဲ့ရဲ့ပြစ်တင်ခြင်းငှါ ထိုက်သူ မဟုတ်ပါချေ။ 
အမရဒီပ
မတ်လ ၂ ၊ ၂ဝ၁၅
Sunday, March 1, 2015
အလင်္ကာ နှင့် အိမ်သာ
မူလက ပါဠိပိဋကတ်စာပေတွင် အလင်္ကာကျမ်းမရှိချေ။ သက္ကတစာပေမှာသာ အလင်္ကာကျမ်း တို့ ရှိကြလေသည်။ အလင်္ကာကျမ်းများ၏အကျိုးကျေးဇူးကို အထူးသိမြင်တော်မူသော သီဟိုဠ်ကျွန်းနေ
အရှင်သံဃရက္ခိတမဟာထေရ်သည် ပါဠိ(မဂဓ)ဘာသာဖြင့် "သုဗောဓာလင်္ကာရကျမ်း"ကို ပြုစုရေးသား
တော်မူ၏။ သို့ ဖြင့် သာသနာတော်နှစ် ၁၇ဝဝ ကျော်တွင် ပါဠိအလင်္ကာကျမ်းပေါ်ထွက်လာသည်။
          သုဗောဓာလင်္ကာရကျမ်းအဖွင့် မဟာသာမိဋီကာ (ဋီကာဟောင်း) နှင့် "အတ္ထဗျာချာ" ခေါ် သီဟိုဠ်ဘာသာအလင်္ကာနိဿယကျမ်းတို့ ကိုလည်း အရှင်သံဃရက္ခိတကိုယ်တိုင် ပြုစုသည်။
          သာသနာတော်နှစ် ၁၇၁၁ ၊ မြန်မာနှစ် ၅၂၉ မတိုင်ခင် ပုဂံခေတ်ကတည်းက ဝုတ္တောဒယဆန်း
ကျမ်းနှင့် သုဗောဓာလင်္ကာရကျမ်းတို့  မြန်မာပြည်သို့ ရောက်ရှိသည်ဟု ယူဆရသည်။
          အချို့ က အင်းဝခေတ် ထူပါရုံဒါယကာ ဘုရင်နရပတိ (မြန်မာနှစ် ၈၄ဝ နန်းတက်) လက်ထက် အရှင်ဝရစက္ကပါလထေရ် သီဟိုဠ်သို့ ပညာတော်သင်ကြွသည်။ သီဟိုဠ်ဘာသာလေ့လာသည်။ မြန်မာ
ပြည်သို့ ပြန်ကြွရာတွင် သုဗောဓာလင်္ကာရကျမ်းနှင့် အတ္ထဗျာချာကို သယ်ဆောင်လာခဲ့သည်။
 မြန်မာနှစ် ၈၄၄ မတိုင်မီ အတ္ထဗျာချာကို သီဟိုဠ်ဘာသာမှ မာဂဓီ (ပါဠိ)ဘာသာသို့ ပြန်ဆိုခဲ့သည်။
 အချို့ နေရာတွင် ကိုယ်ပိုင်အယူအဆများကို ထည့်သွင်းထားခဲ့သည်။ ယင်းကျမ်းမှာ ယခုအခါ "အလင်္ကာ
ဋီကာသစ်" ဟု လူသိများသည်။
          နောင်တွင် အရှင်ဝရစက္ကပါလထေရ်သည် "သီဟိုဠ်ရောက်မထေရ်"ဟု ထင်ရှားသည်။ 
ယင်းထေရ်ကိုပင် "သီရိဓမ္မကိတ္တိထေရ်"ဟု အလင်္ကာဘာသာဋီကာနိဒါန်းတွင် ဆိုသည်။
          မြန်မာ ၈၃ဝ ခုနှစ် (A.D.1468) ဖွား မောင်မောက် (အရှင်မဟာရဋ္ဌသာရ) သည် သီဟိုဠ်
ရောက်ထေရ်၏ ညီ-တပည့်ဖြစ်ပြီး အသက် ၁၆ နှစ်တွင် ဘူရိဒတ်လင်္ကာကို ရေးဖွဲ့ ခဲ့သည်။
          ညောင်ရမ်းခေတ် စနေမင်းလက်ထက်တွင် သုဗောဓာလင်္ကာရရာသီစု ပေါ်ထွက်ပြီး ပထမတောင်ငူရောက် ပရက္ကမဆရာတော်က မြန်မာဘာသာဖြင့် အလင်္ကာနိဿယ စရေးသည်။
          ပါဠိအလင်္ကာကျမ်း သုဗောဓာလင်္ကာရ၏ သမိုင်းကောက်ကြောင်းအကျဉ်းကို ဆိုခဲ့ပြီးတိုင်း
 ခြေရာကောက်ကြည့်သဖြင့် မှတ်သားထားချက်ဖြစ်သည်။ ယခုအလင်္ကာကျမ်းဘယ်နေရာရောက်နေ
သလဲ မေးပါက မြန်မာနိုင်ငံအစိုးရ၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ဦးစီးကျင်းပ
သော ပါဠိပထမပြန်စာမေးပွဲ၊ ပထမကြီးတန်းပြဋ္ဌာန်းကျမ်းစာဖြစ်နေပါသည်။
          ပထမကြီးတန်းဝင်မည့်စာသင်သားတဦးအနေဖြင့် အကျွန်ုပ်သည် သုဗောဓာလင်္ကာရကျမ်းပါဠိ
ကို ချမ်းသာကြီးဆရာတော်၏ အလင်္ကာရတ္ထမေဒနီ၊ ပန်းကုံးဆရာတော်အရှင်ကုမာရ၏ အလင်္ကာပန်း
ကုံး၊ အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ အလင်္ကာဘာသာဋီကာအကူအညီဖြင့် လေ့လာသင်ယူခဲ့ပါ
သည်။ ရန်ကုန်ဘဆွေ၏ သီကုံးပန်းသွင် ရေးဖွဲချင်သော်၊ မှော်ဘီဆရာသိန်း၏ ပေါရာဏဒီပနီတို့ ကို လည်း ဆရာသမားများ၏လမ်းညွှန်ချက်အရ ရှာဖွေဖတ်မှတ်ခဲ့ဖူးပါသည်။
          အရှင်သံဃရက္ခိတမဟာထေရ်၏သုဗောဓာလင်္ကာရကျမ်းရည်ရွယ်ချက်မှာ ရသစာပေကို အသက်ဝင်အောင် အသက်သွင်းတတ်ရေးပင် ဖြစ်သည်။ ထို့ ကြောင့် အလင်္ကာကျမ်းတွင် ဒေါသ၊ဂုဏ်၊အလင်္ကာရ၊ ရသတို့ ကို ပြည့်စုံခမ်းနားစွာ ထည့်သွင်းပြဆိုထား၏။ စာဖတ်သက်ရင့်လေလေ ၊ တန်ဖိုးကို မြင်လေလေ ဖြစ်မိသည့် ကျမ်းစာဖြစ်ပါသည်။
          ယင်းကျမ်း၏ ဒေါသခန်းမှ "ဝိရုဒ္ဓတ္ထန္တရဒေါသ" အကြောင်း တွေးမိ၊ တွေ့ မိသမျှကို ဆွေးနွေးလိုပါသည်။
          ဝိရုဒ္ဓတ္ထန္တရဒေါသဆိုတာ ဘာလဲ။ အလိုရှိအပ်သောအနက်မှာ အလိုမရှိအပ်သော ဆန့် ကျင်
ဘက်အနက်ပိုတမျိုး ပူးကပ်နေသောပုဒ်ကို ဝိရုဒ္ဓတ္ထန္တရဒေါသသင့်သည်ဟု ဆို၏။ ဝေါဟာရတခုမှာ နှစ်ခွအဓိပ္ပါယ်အနက်ပူးတွဲသည့်အပြစ်ဒေါသဖြစ်သည်။ မြန်မာပုံစံအဖြစ်-- ရွှေပန်း၊ စိန်၊ သီးမျိုးခိုင်ညှာ လ-ပြွတ်တည်း၊ ဘီလူးသွားကို လ-ဖြဲတည်း၊ မုဆိုးချုံက လ-ချောင်းတည်း၊ မိုးမှာရွှေကြယ် လ-ဥတည်း၊ တရားထားသို့ လ-ထစ်တည်း…စသည်စသည်ကို ပြဆိုကြသည်။
          ဒါတင်  မကသေးပါချေ။ ဝေါဟာရသူဌေး တွင်းသင်းမင်းကြီး၏ မုဒုလက္ခဏပျို့ လာ အသုံးဝေါဟာရတခုသည်လည်း ဆန့် ကျင်ဘက် နှစ်ခွအဓိပ္ပါယ်ပါသောဒေါသသင့်ကြောင်း မြန်မာပြန်အလင်္ကာကျမ်း ဆရာတို့ က ဆိုကြ၏။  ယင်းကား "အိမ်သာ"ပင် ဖြစ်၏။
ထိုရောအခါ ၊ လိမ္မာဆန်းပြား
မိဖုရားကား ၊ တံခါးမ-က
ထွက်လာစဝယ် ၊ သံမြခွန်းချို
မိန့် ဟဆို၏။
ရှင်ပျိုဘုန်းဝါ ၊ ငါတို့ မှာလျှင်
ပျော်ရာရိပ်ငြိမ် ၊ အိမ်မရှိသေး
မနှေးချွံချွံ ၊ မင်းကြီးထံမှာ
ရမ္မဏိယာ ၊ အိမ်သာဘုံခွင်
တောင်းစေချင်ဟု ၊ သွန်သင်စေလွှတ်
ဗောဓိသတ်လည်း ၊ မိုက်မြတ်အန္ဓ
တဏှာ့နိုင်ငံ ၊ လိုက်မှားကျွံ၍
မင်းထံစိုးကပ် ၊ တင့်အပ်သာညောင်း
ပန်ထွာတောင်းသော်…….။ (၆၃)
ဆရာရသေ့အား အကြည်ညိုကြီးသူ ဘုရင်မင်းတရားသည် မိဖုရားကို ရသေ့အား စွန့် လှုသည်။ 
ရသေ့သည် လှုဖွယ်ပစ္စည်းမိဖုရားကို လက်ခံယူပြီး နန်းတော်မှထွက်လာကြရာ လမ်းတွင် နေထိုင်ရေး
အတွက် တွေးမိသူမိဖုရားက ဘုရင့်ထံတွင် အိမ်တောင်းပါလေဟု ရသေ့ကို တိုက်တွန်း၏။ ကဗျာဆရာက ရိုးရိုးမပြော။
ရမ္မဏိယာ ၊ အိမ်သာဘုံခွင်
တောင်းစေချင်….ဟု ပြောပါသည်။ ရမ္မဏိယာဆိုတာ ပျော်မွေ့ ဖွယ်ကောင်းသော ဆိုလို၏။
          နေရာကောင်း၊ နေရာမွန်၊ သာသာယာယာဖြစ်သည့နေရာကို ဆိုလိုလျှင် "သာ"၏အရှေ့ မှာ နေရာအမည်ကို ဖော်ပြသုံးစွဲသောအလေ့အထတရပ် ရှေးမြန်မာတို့ ရှိဖူးပါသည်။ ဥပမာ- နန်းတော်သာ၊ ကျောင်းသာ၊ ဥယျာဉ်သာ၊ အိမ်သာ….။
နတ်၌ဖြစ်သား ၊ ကောင်းနှစ်သြဇာ
နတ်ရသာကို ၊ မင်းလျာကျိုင်းထွား
နေ့ တိုင်းစား၍ ၊ နာဖျားမရှိ
မထိဆင်းရဲ ၊ အိမ်သာထဲဝယ်
မကွဲတူကွ ၊ မွေ့ လျော်ကြသည်
ရှေးကကောင်းကျိုးကြမ္မာတည်း….။ (ဘူရိဒတ်လင်္ကာ၊ ၄၂) တွင်လည်းကောင်း၊
မိပုဏ္ဏေးကား
သူဌေးပဏ္ဍိတ် ၊ ပုရောဟိတ်ဟု
ကျော်ထိတ်ဝှန်တက် ၊ ဆွေကြင်ဘက်လျှင်
တောထွက်ခဲ့မြောက် ၊ တနေ့ ရောက်သော်
မိုးပေါက်ရေကြည် ၊ ကျနှင်းလည်သို့ 
မျက်ရည်ရွှမ်းရွှမ်း ၊ အိမ်သာဝှမ်းဝယ်
တ-လွမ်းကြံအောက်မေ့သတည်း ….။ (ကိုးခန်း၊ ၁၇၃)တွင်လည်းကောင်း အရှင်မဟာရဋ္ဌသာရ က
 အိမ်သာလေ၏။
          ဟံသာဝတီဆင်ဖြူရှင်လက်ထက်စာဆိုရှင်ရန်အောင်ကလည်း အိမ်သာပြန်၏။
ဖျောက်ပါလှည့်လေ ၊ ပျော်မပြေတည်း
တမ်းရေရွတ်လျက် ၊ အိမ်သာထက်ဝယ်
မဘက်မပြိုင်၊ မှိန်းမှိုင်အောက်မေ့
နေ့ မိုးအချုံး ၊ လခွဲလုံးဝယ်…….။
သနားဖျောက်၍ ၊ ချစ်ကြောက်မနှေး
ရှည်ဝေးလွမ်းတာ ၊ သို့ စင်ကြာမူ
အိမ်သာရိပ်ငြိမ် ၊ တင်းတိမ်ကာသန်း
ချူးပန်းလှတင့် ၊ မွေ့ ရာမြင့်ထက်
သခင့်အရန် ၊ ကျွန်ုပ်ကျွန်လျှင်
ပူပန်ညှိုးချူံး ၊ လခွဲလုံးကို…။
အင်းဝခေတ်မှသည် တွင်းသင်းမင်းကြီးဖြတ်သန်းခဲ့သည့် ကုန်းဘောင်ခေတ်မွန်းတည့်ချိန်အထိ "အိမ်သာဟူသည် သာယာသောအိမ်၊ ကောင်းသော-မွန်မြတ်သောအိမ်"ဟု အနက်တခုတည်းသာ ရှိပေမည်။
ကုန်းဘောင်ခေတ်နေဝင်ဆည်းဆာချိန်လောက်တွင် "အိမ်သာ"မှာ မူလအနက်အပြင် အနက်ပွားတခု ထပ်ဆင့်ဝင်ရောက်ကြောင်း ရွှေကျင်နိကာယ၊ဒုတိယမြောက်သာသနာပိုင်မဟာဝိသုဒ္ဓါရုံဆရာတော်၏ ပရမတ္ထသရူပဘေဒနီကျမ်း၊ ဒုတိယအုပ်၊ စာမျက်နှာ ၂၃၂ လာ "ပုဠုဝက"အဖွင့်တွင် ဖော်ပြပါအတိုင်း
တွေ့ ရပါသည်။
"အိမ်သာသို့ ဝင်ရာ ပိုးလောက်ဝန်းအုံ မစင်ပုံကိုမြင်၍ ဈာန်ရသော ရာဇဂြိုဟ်မြို့ အဝင် ကျူံးအပြင်တွင် ဘုရားမြင်တော်မူသော မိဖုရားကဲ့သို့ "
(ဓမ္မပဒဋ္ဌကထာ၊ ၂၊ ၃၃၂ တွင် ဇာတ်လမ်းအကျယ်ကိုကြည့်ပါလေ။)
ပရမတ္ထသရူပဘေဒနီကျမ်းကို မြန်မာနှစ် ၁၂၂၇ တွင် စတင်ရေးသားပြီး ၁၂၄၅ တွင် အပြီးသတ်သည်
ဟု ယင်းကျမ်းပါဆရာတော်ကြီး၏ထေရုပ္ပတ္တိအရ သိရပါသည်။
အရှင်မဟာရဋ္ဌသာရ၊ ရှင်ရန်အောင်၊ တွင်းသင်းမင်းကြီးတို့ သည် အလင်္ကာကျမ်းကို ထုံးလိုချေ၊ ရေလိုနှောက်နိုင်သူများဖြစ်ကြောင်း လုံးဝယုံကြည်ပါသည်။ အလင်္ကာကျမ်းအရ အပြစ်ဒေါသသင့်နိုင်
မည့်ဝေါဟာရဖြစ်လျှင် ရှောင်လွှဲကာ ရေးသားကြမည့်သူများသာ ဖြစ်ပါသည်။ ယင်းအပြင် သူတို့ ခေတ်
သုံး အိမ်သာသည် သာယာမွန်မြတ်၊လှပသောနေရာသာဖြစ်ပြီး ယခုခေတ်အိမ်သာဝေါဟာရလို အညစ်အကြေးစွန့် သည့် နေရာ အဓိပ္ပါယ်ကိုမဆိုလိုပါချေ။ ယင်းသို့ ဖြစ်ပါလျက် ခေတ်ပေါ်မြန်မာ
အလင်္ကာဆရာတို့ ၏ အလင်္ကာဓားထက်ထက်ကိုကိုင်စွဲကာ "အိမ်သာပါတဲ့စာမှန်ရင်
ဝိရုဒ္ဓတ္ထရဒေါသင့်စေ" ဟု တချက်လွှတ်အမိန့် ချနေခြင်းသည် ရှေးဆရာများ၏ခေတ်ကာလကို ရှုမြင်သုံးသပ်မှုနည်းခြင်း၊ ဝေါဟာရရေစီးကြောင်းကိုလေ့လာမှုအားနည်းခြင်းမျှသာ ဖြစ်ချေသည်။
ထို့ ကြောင့် ရှေးဆရာများ၏စာတွင်ပါဝင်သော "အိမ်သာ" သည် ဒေါသသင့်ကြောင်း ရေးသားမှု၊ စာသင်ငယ်တို့ အား ထပ်ဆင့်ပို့ ချမှု၊ မေးခွန်းထုတ်ကာဖြေဆိုစေမှုတို့ ကို ဆင်ခြင်သင့်ပါသည်။
          အရှင်မဟာရဋ္ဌသာရ မှသည် တွင်းသင်းမင်းကြီးတို့ ခေတ်အထိ မစင်အညစ်အကြေးစွန့် ရာနေ
ရာကို မည်သို့ ခေါ်သနည်းမေးခွန်းကို မုဒုလက္ခဏပျို့ တွင် အဖြေပေးထားပါသည်။
လူပေါင်းပြောဝှန့် ၊ မစင်စွန့် သား
မသန့် လေနိုး ၊ ရေအိမ်ဆိုးကို
မင်းစိုးမြှော်တွေး ၊ ယူတော့ပေးက
အရေးမမြင် ၊ ရသေ့ရှင်လည်း
စိတ်ရွှင်အားရမ်း ၊ မြောက်သည့်ဝမ်းဖြင့်
ချစ်ကျွမ်းသက်ထား ၊ မိဖုရားအား
လက်ဖျားယှဉ်ကာဆက်လတည်း။ (၆၃)
-လက်ဖျားငင်ဆွဲ ၊ ရေအိမ်ထဲသို့ 
ယှဉ်နွှဲလောင်းဖြူ ၊ ဝင်တော်မူသော်
နန်းသူမယ်ညို ၊ မလိုက်လို၍
လိုက်လိုကြောင်းကြောင်း ၊ တချောင်းချောင်းဖြင့်
ဖြားယောင်းချိုသာ ၊ ဆိုသောခါဝယ်
ရွှံ့ ရှာဘွယ်လိ ၊ မစင်တိလျှင်
ဖြစ်ဘိရကား ၊ လောက်ဖွားဖွားနှင့်
ဘုရားချစ်ရှင် ၊ မြင်လှည့်ပါဦး …..။ (၆၄)
စာဆိုခေတ်က အညစ်အကြေးစွန့် ရာနေရာကို "ရေအိမ်" ဟု ခေါ်လေသည်။ လိုချင်သည်ကို ရ
သဖြင့် ဝမ်းသာလုံးဆို့ ကာ မိုးမမြင်၊လေမမြင်၊ မိဖုရားနှင့်အပျော်"ကဲ"ဖို့ သာ စိတ်ရောက်နေသော အလောင်းတော်ရသေ့၏ မူရာဟန်ပန်ကို စာဖတ်သူမျက်စိဝယ် မြင်မိလာ၏။ လူတကာယိုချစွန့် ထား
သည့် ရေအိမ်ညစ်ထဲသို့ မဝင်လိုဟန် မိဖုရား၏ "ဟင့်အင်း၊ ဟင့်အင်း"ဟု ဆိုနွဲ့ ငြင်းဆန်၊ နှာခေါင်းကို ပုဝါစဖြင့်ပိတ်ကာပြောဟန်ကို စိတ်မျက်စိဝယ် အတွေးပန်းချီချယ်မိ၏။
ညစ်ကြေးတပ်မက် ၊ ရေအိမ်ထက်ဝယ်
မရှက်သို့ ဟန် ၊ ပစ္စုပ္ပန်မငဲ့
လေးတန်နွဲ့ စို့ ၊ ကဲ့ရဲ့ဘို့ ကို
ခံတို့ ရစွာ ၊ သံသရာသော်
ဘယ်မှာစေ့စုံ ၊ ဆိုရေးကုံအံ့ ။ (၇၅)
          ဤစာ၊ ဤကဗျာတို့ ကား "ကိုယ်ရို့ ခေတ်က အိမ်သာဆိုသဟာ ယခုခေတ်မောင်တို့ သိထားတဲ့ နေရာမဟုတ်ဘူးကွဲ့ ၊ နေချင့်စဖွယ်အိမ်ဂေဟာကိုဆိုတယ်၊ မောင်တို့ ခေတ်သုံး အိမ်သာကိုတော့ ရေအိမ်လို့ ခေါ်သကွဲ့ " ဟု တွင်းသင်းမင်းကြီးကိုယ်တိုင် ပြောလေဘိသယောင်……။ 
အမရဒီပ
မတ်လ ၁၊ ၂ဝ၁၅