အိန္ဒိယနိုင်ငံတခွင်
ဒေသအကုန်အစင်မှ တဖွဲဖွဲရောက်လာကြသော
စဏ္ဍာလအစုအဖွဲ့ များကို ဘုန်းကြီးသည်
နောက်ထပ် ၄ ရက်ကြာသည်အထိနေထိုင်ကာ တရားဟောပြောခဲ့ပါ၏။ ကမကထပြုသူများက ဘုန်းကြီးကို အစည်းအဝေးတခုမှ
နောက်အစည်းအဝေးတခုသို့  ခေါက်တုံ့ ခေါက်ပြန်ပင့်ခေါ်ကြ၏။ နံနက် ၇ နာရီမှစတင်၍
တခါတရံ ညအထိ
အစည်းအဝေးများ ဆက်တိုက်ရှိသည်။ စဏ္ဍာလများသည် ဓမ္မအာဟာရ -ခေါ်- စိတ်ဓာတ်ခွန်
အား အလွန်အမင်း
ဆာလောင်ငတ်မွတ်နေကြပုံ ပေါ်နေ၏။
ဒီဇင်ဘာ ၂၄ တွင်
ဘုန်းကြီးတို့ သည် ဝါဓမြို့ သို့ သွားရောက်ကြသည်။ ဝါဓမြို့ သည် မဟတ္တဂန္ဒီ၏
နာမည်ကျော် တရားကျင့်ရာသင်္ခမ်း (အဿမ) ရှိသည့်နေရာ ဟိန္ဒူအမာခံနယ်မြေတခုဖြစ်သည်။
ဝါဓမှာ ဗုဒ္ဓဘာသာဆိုင်ရာ လူထုအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြ၏။
ည ၁ဝ နာရီမှာ
ဘုန်းကြီးအိပ်ရာဝင်ခဲ့သည်။
လွန်ခဲ့ပြီးရက်များမှ စတင်ခဲ့သော မရပ်မနားအစီအစဉ်များကြောင့်
ခြေကုန်လက်ပန်းလည်း ကျလှပေပြီ။
အိပ်ရာထဲ
ကျောချရုံသာသာရှိသေးချိန်တွင် လူတယောက် ဘုန်းကြီးအခန်းထဲ ဝင်လာကာ စာတစောင်ကမ်း
ပေးသည်။ ယင်းနောက်သုတ်ကနဲ ပြေးထွက်သွားလေ၏။ စာကို
အင်္ဂလိပ်ဘာသာဖြင့် ရေးထား၏။ “မနက်ဖြန်
အစည်းအဝေး မတက်ပါနဲ့ ၊ အစည်းအဝေးတက်ရင်
တယောက်ယောက်က သင့်ကို သတ်ပါလိမ့်မယ်” ဟု
သတိပေးထား၏။
ဘုန်းကြီးက
အိမ်ရှင်အား ခေါ်ကာ စာကို ပြလိုက်၏။ သူ့ မျက်နှာတွင် စိုးရိမ်ပူပန်ဟန် အထင်းသား ပေါ်လာ၏။
သူက မေးသည်။
“ဒီစာ
ဘယ်သူလာပေးတာလဲ”
ဘုန်းကြီးက အခန်းထဲကျူးကျော်ဝင်လာသူ၏
ပုံပန်းသဏ္ဌာန်ကို
ပြောပြလိုက်သည်။ သူက အသေအချာ နားထောင်သည်။ ယင်းနောက် သူ့ လူများကို ဘုန်းကြီး၏အခန်းတံခါးဝဝန်းကျင်မှာ
ဖြန့် ကျက်ကာ တညလုံး စောင့်ရှောက်စေသည်။
ဇွတ်မှိတ်ပြီး ကြိုးစားအိပ်လိုက်သည်။ နာရီဝက်ခန်
့အကြာလောက်တွင် အခန်းတံခါးဝလမ်းသွယ်မှ လှုပ်လှုပ်ရွရွ အသံကို ကြားလိုက်ရ၏။
“ငါတို့ ဆွာမိဂျီးနဲ့  စကားပြောပါရစေ”
အသံပေါင်းများစွာ၏ တညီတညွတ်တည်းပြောဆိုသံကို
ဘုန်းကြီးကြားလိုက်ရ၏။ ယင်းအသံရှင်တို
့သည် ရိုသေလေးစားမှုကို ဖော်ပြသော ရဟန်းကျောင်းသုံး
အိန္ဒိယထုံးစံအခေါ်အဝေါ်တခုဖြစ်သည့် “ဆွာမိဂျီး” ကို သုံးစွဲကြ၏။ အဓိပ္ပါယ်မှာ “လေးစားကြည်ညိုအပ်သော
အရှင်” ဟူ၏။
အိမ်ရှင်ကလည်း ပြန်ပြော၏။
“မရဘူးဟေ့၊
ဆွာမိဂျီး ပင်ပန်းနေတယ်၊ အခုရက်ပိုင်းအတွင်း ဆွာမိဂျီး နားရတယ်ကို မရှိဘူး၊
တရားဟောနေရတယ်၊ ဆွာမိဂျီးကို
အနားပေးရမယ်နော်။ ဒီညတော့ ဆွာမိဂျီးကို ဘယ်သူမှ စကားမပြောရဘူး”
တဖက်အသံတို့ လည်း ပြန်လည်တုံ့ ပြန်သည်။
“ဆွာမိဂျီးကို ခင်ဗျားတယောက်တည်းပိုင်တာ
မဟုတ်ဘူး၊ ကျုပ်တို့ လည်း ပိုင်တာပဲ။ ဆွာမိဂျီးနဲ့ တွေ့ ခွင့်ပြုပါ”
“ဟေ့..ဟေ့..၊ မရဘူးကွ၊ သွားကြစမ်းကွာ”
“မသွားဘူး၊ ဆွာမိဂျီးနဲ့ စကားမပြောရမချင်း
ဘယ်မှမသွားဘူး”
အငြင်းပွားကြသည်ကား အချိန်အတော်ကြာ၏။
နောက်ဆုံးတွင် ဧည့်သည်တို့ က အိမ်မှထွက်ခွါရန် သဘောတူလိုက်ကြသည်။ နောက်တနေ့ တွင်
ဘုန်းကြီးကို တွေ့ ခွင့်ပေးမည်ဟု ချိန်းဆိုသတ်မှတ်မှု
ပြုလိုက် သောကြောင့် ဖြစ်၏။ နောင်တွင်
အိမ်ရှင်က အနှောင့်အယှက်ဖြစ်ရခြင်းအတွက် ဘုန်းကြီးကို
တောင်းပန်စကား ဆိုပါ၏။
“ဆွာမိဂျီး… ဒီနယ်မြေက ဟိန္ဒူအပြင်းစားတွေရဲ့
နယ်မြေနော် ၊ ဒီနေရာမှာ ဘာသာရေး၊ လူမျိုးရေးဇာတ်
အယူသည်းသူတွေ ရှိနေတယ်။ ဒီလူတွေက
ဆွာမိဂျီး ဗုဒ္ဓရဲ့ တရားဓမ္မဟောပြောတာကို မကြိုက်ဘူး၊ စဏ္ဍာလအုပ်
စုတွေ ဗုဒ္ဓဘာသာဖက်ကူးပြောင်းသွားကြတယ်ဆိုတဲ့
အတွေးအခေါ်ဟာ အန္တရာယ်ရှိတယ်၊ မနက်ဖြန် ဆွာမိဂျီး
ကို အစည်းအဝေးတက်ဖို့ တယောက်ယောက်လာဖိတ်ရင်
မသွားပါနဲ့ ၊ စိတ်မချရဘူး”
အိမ်ရှင်က ပြောသည်။
ခက်ချေပြီ။ နောက်တနေ့  ညနေ ၄ နာရီမှာ
ဂိုရေဂေါင်းမြို့ တွင် အစည်းအဝေးကလည်း ပြောထားဆိုထားနှင့်ပြီး
ဖြစ်၏။ အစည်းအဝေးနေရာသည် စဏ္ဍာလများအတွက်
အိမ်ရာမြေစီမံကိန်းနှင့် အနီးအနားမှာဖြစ်၏။
လူစုလူဝေးကြီးကို သရဏဂုံ နှင့် ၅ ပါးသီလ
တိုင်ပေးရမည်။ တရားဟောရမည်။ ဂိုရေဂေါင်းမြို့ အစည်းအဝေး
နေရာသို့ ချဉ်းကပ်မိကြသောအခါ
လူစုလူဝေးကြီးသို့ ဦးတည်ချီတက်နေကြသော လူတန်းရှည်ကြီးကို ဘုန်းကြီး တို
့ဖြတ်သန်းကြရ၏။
အဝင်ဝနေရာ၌ ရုန်းရင်းဆန်ခတ်မှုဖြစ်ကာ တွန်းလားဆွဲလား
နှင့် ဒေါင်းတင်မောင်းတင် အော်ကြီးဟစ်ကျယ်
လုပ်သည်ကို ကြုံတွေ့ ကြရ၏။ လုံခြုံရေးကိုအကြောင်းပြု၍
ကားအတွင်းမှာ ဘုန်းကြီး နေရ၏။
အခြေအနေမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွား၏။
လူများဝိုင်းရံပြီး ဘုန်းကြီးကို ယာယီတရားဟောစင်သို့  ပင့်ဆောင်သည်။
အခမ်းအနားမှုးက ဘုန်းကြီးကို ပြောပြ၏။
လူမိုက်များသည် အစည်းအဝေးအတွင်းသို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြ
၏။ လူမိုက်များက ဘုန်းကြီးသည်
တရားဟောမည့်အစား သူတို့ နှင့် အတူလိုက်ရမည်ဟု တောင်းဆိုကြသည်။ ထိုသို
့ပြောပြီးနောက် ဘုန်းကြီးကိုထည့်ပေးရန်ငြင်းဆိုကြသည့် အစည်းအဝေးစီစဉ်သူများနှင့်
လူမိုက်များ ထိုးကြကြိတ်ကြ ရန်ဖြစ်ကြလေ၏။
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း လူမိုက်တယောက် ခြေထောက်ကျိုးသွား၏။ သူ
့အပေါင်းအပါများ ထွက်ပြေးသွားကြ၏။
နောက်ပိုင်းအချိန်တွင်မှ စဏ္ဍာလဒကာများက
ဘုန်းကြီးကို လျှောက်ထားကြ၏။
ဘုန်းကြီးသည် ပြန်ပေးဆွဲရန် ကြံစည်မှုမှ လက်မတင်ကလေး
ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်ဟူ၏။
============
အမရဒီပ
ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၄
No comments:
Post a Comment