Total Pageviews

Thursday, June 21, 2012

ပြင်သစ်ပြန်မြန်မာသံအဖွဲ့ ရွှေစည်းခုံစေတီကို ဖူးမျှော်ကြည်ညို

     ပြင်သစ်နိုင်ငံသွား မြန်မာသံကိုယ်စားလှယ်ခေါင်းဆောင် ကင်းဝန်မင်းကြီး ဦးကောင်း

 
ကင်းဝန်မင်းကြီးဦးကောင်းဦးဆောင်တဲ့ မြန်မာသံတမန်အဖွဲ့ ဟာ ပြင်သစ်အပါအဝင်မဟာမိတ်နိုင်ငံတွေဆီ သွားရောက်ပြီးနောက် နေရပ်ရတနာပုံနေပြည်တော်သို့  ပြန်လာခဲ့ကြပါပြီ….။မြန်မာသံအဖွဲ့ ဟာ အသွား
ခရီးစဉ်တုန်းက ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုခဲ့ကြသလို အပြန်ခရီးမှာလည်း စေတီတော်ကို
ပန်း၊ဆီမီး၊ရွှေပြားလှုဒါန်းပူဇော်သွားကြောင်း မှတ်တမ်းမှာတွေ့ ရတယ်။  ဒါ့အပြင် ဘာသာရေး၊
ဒေသယုံကြည်မှု တွေကို ဖော်ပြထားတာ မတွေ့ ရတော့ပါဘူး။  ဒါကြောင်းမှတ်တမ်းစာကိုယ်အတိုင်းပဲ အသွားခရီးစဉ်၊ အပြန်ခရီးစဉ် အချိတ်အဆက်မိအောင် ဖော်ပြပေးလိုက်ပါတယ်။

သက္ကရာဇ် ၁၂၃၆၊ တော်သလင်းလပြည့်ကျော် ၁ဝ ရက်၊
ခရစ်နှစ် ၁၈၇၄၊ အောက်တိုဘာလ ၅၊ တနင်္လာနေ့ 

"၄င်းလပြည့်ကျော် ၁ဝ၊ တနင်္လာနေ့  ညောင်လှဆိပ်ကမ်းကထွက်ခဲ့ရာ စလေမြို့ သို့ ရောက်လျှင် စလေမြို့ အုပ်၊
 မြို့ သူကြီးတို့ လှေနှင့်ဆီးကြို၍ သင်္ဘောတော်ကိုစက်ရပ်ပြီးလျှင် နုတ်ခွန်းဆက်လက်၊ မြို့ အုပ်မြို့ သူကြီးတို့ ပြန်
သွား၊ မရပ်မဆိုင်းထွက်လာကြသည်။ ၄င်းနေ့ ည ၇ နာရီအချိန် ပုဂံမြို့ ဆိပ်ကမ်းသို့ ရောက်သည်။
နက်ဖြန် ရွှေစည်းခုံဘုရားကိုပူဇော်ရန် သံတော်အရာရှိ၊ အပေါင်းပါလူ၊ သင်္ဘောတော်အရာရှိ အပေါင်းပါလူ၊ သင်္ဘောစီးမိန်းမယောက်ျားတို့ စည်းဝေး၍ ရွှေဆိုင်းရေ ၃ဝ၊ ဖယောင်းမီးတိုင် ၂ဝဝဝ၊ ကျောက်မီးတိုင် ၃ဝ၊ ရေချမ်းအိုး ၂ဝဝ၊ စွန့် ကြဲရန် ပိုက်ဆံ ၆၄ဝ များကို သဒ္ဓါတရားရှိသည်အလျောက် စိုက်ထုတ်ကြသည်။ ၄င်းပရိသတ်တို့  နံနက်စောစော
ဘုရားသို့ သွားရန် လှည်းများကိုလည်း အပြည့်အစုံ ပုဂံမြို့ ဝန်၊ စစ်ကဲ၊ မြို့ စာရေးတို့ က ဆင့်ဆိုပြင်ဆင်
အသင့်ထားကြသည်။ ၄င်းနေ့ ခရီး၂၅ တိုင်ရောက်သည်"

သက္ကရာဇ် ၁၂၃၆၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊
ခရစ်နှစ် ၁၈၇၄၊ အောက်တိုဘာလ ၆၊ အင်္ဂါနေ့ 

"၄င်းလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့  နံနက် ၆ နာရီအချိန် အထက်စာပါ ပရိသတ်နှင့် သင်္ဘောတော်ကဆင်း၍
 ရွှေစည်းခုံဘုရားသို့ သွားကြသည်။ မိန်းမယောက်ျား လူပေါင်း ၂ဝဝ တို့  အသီးအသီး လှည်းစီးနင်း၍ မပင်မပန်း
 မြတ်စွာဘုရားခြေတော်ရင်းသို့  ရောက်သည်။  ဘုရားသို့ ထွက်ခါနီးတွင် မိုးလည်းသည်းစွာရွာသည်။ ပြီးလျှင် မိုးစဲငြိမ်၍ ဘုရားသို့ ချမ်းချမ်းသာသာရောက်ရသည်။ မြတ်စွာဘုရားရင်ပြင်တော်သို့ ရောက်လျှင် အထက်စာပါ လှုဒါန်းပူဇော်ရန်များကို လှုဒါန်းပူဇော်ပြီးလျှင် ရေချမ်းအိုး၊ ပန်းစုံစိုက်၊ ဖယောင်းမီးတိုင်များကို ကောင်းမွန်စွာ လှုဒါန်းရမည်ဆင့်ဆို၍ စစ်ကဲ ၂
 ယောက်သို့ အပ်ခဲ့သည်။ ပြီးလျှင် စေတီတော်က ဆင်း၍ လှည်းစီးမြဲစီးကြပြီးလျှင် ညောင်ဦးရွာ သင်္ဘောဆိပ်သို့  လာကြသည်"

လွန်ခဲ့ပြီး နှစ် ၁ဝဝ ကျော်ကာလက ရှေးမြန်မာသံတမန်ကြီးတယောက်ရဲ့ ရွှေစည်းခုံစေတီတော်ကို နိုင်ငံခြားခရီး အသွား၊ 
အပြန် ၂ ရပ်လုံးဝင်ရောက်ဖူးမြော်ကြည်ညိုခဲ့ပုံအကြောင်း နှစ်သက်မိတာနဲ့  လက်ဆင့်ကမ်းဝေငှတာပါ။ 

ပြီးတော့လည်း ယနေ့ ခေတ်မှာ ကင်းဝန်မင်းကြီးတို့  နိုင်ငံခြားထွက်ခဲ့ချိန်ကလောက် သွားလာရေးမခက်တော့လို့ 
ရဟန်းရော လူပါ နိုင်ငံခြားသွားနေကြမယ့် ဘာမှတ်တမ်းမှတ်ရာမှ မရေးသားလို့  စကားပြောရင်ရောက်ဖူးတယ်
လောက်သာ ပြောတတ်ကြတယ်။ အဲဒီလို ခရီးသွားတွေ ကင်းဝန်မင်းကြီးခရီးသွားနည်းကို အတုယူစေချင်တယ်။

 အမရဒီပ
၆-၂၁-၂ဝ၁၂

စာကိုး။
ကင်းဝန်မင်းကြီး၊ ပြင်သစ်နိုင်ငံသွားနေ့ စဉ်မှတ်စာတမ်း၊ စာ ၂၆ဝ၊ ၂၆၁၊ စတုတ္ထအကြိမ်၊
ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်။



No comments: