Total Pageviews
Saturday, January 28, 2012
ဘုရားထပနာ
ဘုရားထပနာ
            ဗုဒ္ဓသာသနာတော်ဆိုင်ရာအနုပညာများနှင့်ပတ်သက်ပြီး အကျွမ်းတဝင်မရှိသူများစာရင်းပြုစုကြလျှင် မိမိ
ထိပ်ဆုံးက ဖြစ်မည်ထင်သည်။ နိဗ္ဗာန်ရောက်ကြောင်းမဟုတ်ပါဘူးအတွေးမျိုးဖြင့် အလေ့အလာဝေးခဲ့သည်ဟု
အကြောင်းပြမည်တော့မဟုတ်ပါ။ လေ့လာရကောင်းမှန်းမသိ၍သာ အလေ့အလာဝေးခဲ့ပါသည်။ မိမိတို့ ဖြတ်သန်း
ခဲ့ရသောပထမပြန်ပညာရေးစနစ်တွင်လည်း ဗုဒ္ဓဘာသာအနုပညာအကြောင်းမပါဝင်၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်ပါ
စေတီရုပ်ပုံတော်ကြီးကြည့်ပြီးမှ ဟောဒါ ငှက်ပျောဖူး၊ ဟောဒါ ငှက်မြတ်နား ရေးရေးကလေး သိလာသည်။ သူ့ အ
ကြောင်းနှင့်သူရှိမည်ဖြစ်သော်လည်း မသိ---မသိ--မသိခြင်းတွေများလွန်းနေသေးသည်။ ထားတော့--- ဘုရား
တည်မည်စီမံကိန်းအထမြောက်လျှင် မြနမာမှုပညာရှင်နှင့် ပန်းရံဆရာကိုအားကိုးရုံတပါး အခြားလမ်းမမြင်---။
            ပညာရပ်ဆိုင်ရာအခေါ်အဝေါ်နှင့် မူလဇာစ်မြစ်ကိုမသိသော်လည်း စေတီပုထိုးဘုရားဟောင်းတွေ ပေါလွန်းသော မြန်မာပြည်တွင် "ထပနာတိုက်ဖောက်သွားပြီ၊ ထပနာတိုက်အဖွင့်ခံရတယ် "ဟူသော သတင်းကြား
လျှင်ကား ဘုရားထဲမှာ သိုလှောင်ထားသော ရွှေ၊ငွေ၊ စိန်၊ကျောက်တို့ လို တန်ဘိုးကြီးပစ္စည်းများကို အပါယ်မှာ စတိတ်ရှိုးသွားဆိုမည့် မောင်မင်းကြီးသားအလီဘာဘာသား၊မြေးမြစ်တို့  ခိုးယူသယ်ထုတ်သွားကြပြီဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့ပါသည်။  "သြော်--ထပနာ--ထပနာ "
            မြန်မာတို့ အလှူအတန်းရက်ရောပုံကို နိုင်ငံခြားသားနားမလည်နိုင်ကြ--။  ဟုတ်သည်။ စေတီထပနာထည့်ရန်အတွက် လက်စွပ်၊ နားကပ်၊ လည်ဆွဲဘယက်ချွတ်လှူသူတို့ ကို မြင်ပြီး ဘာကြောင့် ချွတ်လှူသနည်း မေးခွန်းထုတ်ကြသည်။ အသုံးအစွဲတခုခုစာရင်းပြသည်လည်းမဟုတ်၊ ဘုရားစေတီထဲက အခန်းတခုတည်းမှာ နှစ်ပေါင်းများစွာ သိုလှောင်သိမ်းဆည်းထားဖို့ ရန်ပေးလှူခြင်းကို မိတ်ဆွေနိုင်ငံခြားသားတို့ 
နားမလည်နိုင်ဖြစ်ကြခြင်းကို အထူးကိုယ်ချင်းစာမိပါ၏။  "ဘဝချင်းတူမှ ကိုယ်ချင်းစာတတ်သည် "မဟုတ်လား။
ကိုယ်နားမလည်နိုင်သလို သူတို့ လည်းနားမလည်နိုင်--သို့ သော်  မိမိတို့ က ထုံးတမ်းစဉ်လာတခုလိုဖြစ်နေတော့ မြင်နေကျမြင်ကွင်းဖြစ်သွားသည်။ မေးခွန်းထုတ်ရကောင်းမှန်းမသိခဲ့--။ ဟိုလူတွေက ထူးထူးဆန်းဆန်းမြင်တာနဲ့ 
ကောက်မေးတော့မှ  "အဲ--ဟုတ်သားပဲ၊ သူတို့ မသိသလို ကိုယ်လည်းမသိ "မှန်း သိရတော့၏။ ခက်ပေစွ--။
            အလောင်းတော်မင်းသိဒ္ဓတ်အနောမာမြစ်သောင်ကမ်းမှာ ရဟန်းပြုရေးအတွက် ဆံထုံးတော်ကို သံလျက်ဓားဖြင့်ဖြတ်၍ မကိုဋ်နှင့်တကွကောင်းကင်သို့ ပစ်တင်လိုက်သည်။
            "ငါသည်ဘုရားဖြစ်မည့်သူမှန်လျှင် မကိုဋ်နှင့်တကွဆံထုံးတော်သည် ကောင်းကင်မှာ ချိတ်ဆွဲထားဘိသ
ကဲ့သို့ တည်စေသား၊ ဘုရားဖြစ်မည့်သူမဟုတ်က မြေပြင်သို့ ပြန်ကျလာပါစေ "
            မကိုဋ်နှင့်တကွဆံထုံးတော်သည် တယူဇနာမြင့်သော ကောင်းကင်၌တည်နေ၏။ သိကြားမင်းသည် မကိုဋ်နှင့်ဆံထုံးတော်တို့ ကို ရွှေပန်းတောင်းဖြင့် ထည့်ပြီး တာဝတိံသာနတ်ပြည်မှာ စေတီတည်၏။  "စူဠာမဏိ "စေတီအမည်တွင်သည်။ ဤတွင် စူဠာမဏိစေတီတော်၏ ထပနာပစ္စည်းမှာ  "ဆံထုံးနှင့် မကိုဋ် "ဖြစ်လေသည်။
            သင်္ကန်း၊သပိတ်ပရိက္ခရာတို့ ကို ဃဋိကာရဗြဟ္မာမင်း ပေးလှူလာသည်။ သင်္ကန်းကို စနစ်တကျဝတ်ဆင်
ပြီးနောက် သင်္ကန်းဒကာဗြဟ္မာက ဝတ်လဲတ်ေပုဆိုးကို ပြန်စွန့် သွားသည်။ သင်္ကန်းဒကာက ရဟန်းဝတ်သူထံမှ အဝတ်အစားပြန်စွန့် သည့်အလေ့အထ ဘုရားမဖြစ်ခင်ကတည်းက ရှိနေတာပဲဟု အတွေးဝင်မိသေး၏။ သို့ သော် ဗြဟ္မာမင်းက အလောင်းတော်၏ဝတ်လဲတော်ကို သူ့ ကိုယ်မှာဝတ်ဆင်ဖို့ ရန်မဟုတ်ပါ။ ဝတ်လဲတော်ပုဆိုးကို အကနိဋ္ဌဗြဟ္မာပြည်မှာ စေတီတည်သည်။  "ဒုဿစေတီ "အမည်တွင်၏။  ဒုဿစေတီတော်၏ထပနာပစ္စည်းမှာ  "ဝတ်လဲတော် "ဖြစ်လေသည်။
            တာဝတိံသာရှိစေတီတော်အမြင့်မှာ ၃ ယူဇနာမြင့်သည်။ ဗြဟ္မာပြည်ရှိစေတီတော်အမြင့်မှာ ၁၂ ယူဇနာ
မြင့်သည်။ တယူဇနာ ၈ မိုင်ညီမျှခြင်းထားပြီးတွက်စစ်ကြည့်စေလိုပါ၏။
            မြန်မာပြည်၊ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်တွင် ကကုသန်ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံဘုရား၏ရေစစ်တော်၊ ကဿပဘုရား၏ ရေသနုပ်တော် (ရေချိုးရာမှာ အသုံးပြုသော သင်းပိုင်) နှင့် ဂေါတမဘုရားရှင်၏ ဆံတော် ၈ ဆူ တို့ ကို ထပနာထားကြောင်း သိဖူးပါသည်။
            သည်ဖြစ်ရပ်တွေကို လေ့လာကြည့်လျှင် "ထပနာ"ပစ္စည်းသည် ဘုရား (သို့ မဟုတ်) ဘုရားလောင်းနှင့် ပတ်သက်သည့် အရာဝတ္ထုတခုခုဖြစ်နေသည်။ ရွှေပြား၊ငွေပြား၊ အုတ်ခွက်စသည်တို့ အပေါ် ယေဓမ္မာ ဟေတုပ္ပဘ
ဝါ အစချီဂါထာ၊ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်တို့ လို အဆုံးအမဒေသနာဖြစ်နေတတ်သည်။
            ရှေးပညာရှိသူတော်ကောင်းတို့ က "ဘုရားကို အုတ်ပုံကွယ်မနေစေနဲ့ "ဟု သတိပေးဆုံးမခဲ့ကြသည်။ မသိသူတို့ က ဗုဒ္ဓဘာသာဝင်တွေ အုတ်ပုံကြီးရှိခိုးနေကြတယ် ပြောကြတာလည်း အုတ်ပုံက သူတို့ ကို ကွယ်နေပုံ
ပေါ်သည်။ အုတ်ပုံအထဲမှာ ထည့်သွင်းထားသော ဗုဒ္ဓ၏ဓာတ်တော်များ၊ ဂုဏ်ကျေးဇူးတော်များ၊ အဆုံးအမများကို
အုတ်ပစ္စည်းကာကွယ်ထားသည့်အတွက်မမြင်ရ၊ သို့ သော်ရှိခိုးပူဇော်သည့်အခါ ဉာဏ်မျက်စိဖြင့် မြင်အောင်ကြည့်
စေလိုသောရည်ရွယ်ချက်ဖြင့် ဆုံးမစကားထားခဲ့ဟန်ကြဟန်တူသည်။ သြော်--ဟုတ်ပေပြီ၊ ဘုရားစေတီကို အရိုအသေပေးသည့်အခါ အပြင်ဖက်ရှိ ရွှေ၊ အသွင်အပြင်မျှလောက်နှင့် ရပ်မနေရ၊ ထပနာထားသည့်အရာ၊ ထိုအရာနှင့်ဆက်စပ်သောမြတ်စွာဘုရား၏ဓမ္မ၊ ဂုဏ်တော်တို့ အထိ ရောက်အောင်ရှိခိုးရပါမည်။
            သို့ သော် ရှေးလူကြီးသူမ၊ ယခုခေတ်လူကြီးသူမတို့  ဘုရားထပနာတိုက်အတွက် ဘုရား၊ ဘုရားသာသနာနှင့်သက်ဆိုင်ရာပစ္စည်းတို့ ကို ထည့်သွင်းပူဇော်ရုံမက ရွှေထည်၊ ငွေထည်၊ ကျောက်သံပတ္တမြား အစားစားကိုလည်း ထည့်သွင်းထားခဲ့ကြသည်။ ဘာအကြောင်းကြောင့်ပေနည်း။
            တရုတ်လူမျိုးတို့ က သေဆုံးသူအတွက် တန်ဖိုးရှိအသုံးအဆောင်ထည့်သွင်းပြီးဂူသွင်းမြုပ်နှံကြသည်။ ထို့ ကြောင့် တရုတ်လူမျိုးတို့ ၏ ဂူသချုင်္ိင်းများ မကြခဏဖောက်ထွင်းခံရသည်။ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်
ပြုရာ ဘုရားစေတီများသည်လည်း ဟောင်းအိုယိုယွင်းပျက်စီးလေသောအခါ လူသူအရောက်အေပါက်နည်းသော နေရာလည်းဖြစ်ပါက ထပနာတိုက်များဖောက်ထွင်းခံနေရကြ၏။ ခိုးသူတို့ ၏မျက်စိကျရာ ဂူသင်္ချိုင်းနှင့် စေတီများ
သည် အဖိုးတန်ပစ္စည်းများ သိုလှောင်ထားသောကြောင့် ယင်းသို့ ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ဆိုသော်မှားအံ့
မထင်---။
            ဘုရားထပနာတိုက်မှာ ရွှေငွေပတ္တမြားကို သိုမှီးထားမည့်အစား ဆေးရုံ၊ကျောင်း၊ ရေတွင်းရေကန်၊လမ်း
စသည့်အများအကျိုးပြု လုပ်ငန်းတွေမှာ အသုံးပြုတာက ပိုမထိရောက်ဘူးလား မေးခွန်းထုတ်သူက ထုတ်နေပြီ။
ရွှေငွေကျောက်သံပတ္တမြားဆိုတာ ဘုရားတရားသံဃာ ရတနာသုံးပါးလို အရိုအသေပြုရမည့် အရာမဟုတ်၊
၊ အသုံးချရမည့်အရာသာဖြစ်သည်၊ ဘာအတွက် ဘုရားထပနာတိုက်ထဲ ထည့်နေကြတာလဲ၊သေရင်ဥစ္စာစောင့်ဖြစ်
အောင်လုပ်နေတာလား ဆိုသူက ဆိုနေကြပြီ။
            ပြန်မပြော၊ နားမထောင်သဘောမျိုးဆောင်ကာ ရွှေငွေကျောက်သံတို့ကို ဘုရားထပနာတိုက်ထဲထည့်သူ
ကထည့်လှူဆဲ။အကြောင်းကိုမရှာ၊သိနားလည်အောင်အားမထုတ်၊ ရှေးလူတို့ သွားမြဲလမ်း---တို့ လဲလိုက်စတမ်း ---တဲ့။ သည်အတိုင်းသာဆို ခက်ရချိမ့် -------။
            ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် သံဂါယနာလုပ်ငန်းလည်းပြီးစီးအောင်မြင်ပြီ ဆိုတော့ အရှင်မဟာကဿ
ပမဟာထေရ်သည် ကုသိန္နာရုံက ဓာတ်တော်ဝေပွဲအကြောင်း ပြန်လည်ဆင်ခြင်မိ၏။ ဆရာကြီးဦးဒေါဏ ဝေခွဲပေး
လိုက်သော ဓာတ်တော်များကို ပင့်ဆောင်ကာ ပြည့်ရှင်မင်းတို့လည်း ကိုယ့်တိုင်းပြည် ကိုယ်ပြန်ချီခဲ့ပြီး စေတီတည်
ကာ ကိုးကွယ်ပူဇော်ကြသည်။ တိုင်းပြည်တပြည်တွင် မင်းလုပ်သူတိုင်း ဘုရားရှင်ကို ကြည်ညိုသူချည်းမဖြစ်နိုင်၊ ယင်းသို့ ဖြစ်က ဓာတ်တော်များ လုံခြုံစိတ်ချရသောအခြေအနေမရှိသေးဟု မြင်ကာ သာသနာ့ဒါယကာအဇာတ
သတ်မင်းနှင့်တိုင်ပင်သည်။ အဇာတသတ်မင်းက တိုင်းပြည်များရှိ ဓာတ်တော်များကို ပြန်လည်ပင့်ဆောင်ရေးကို သူမစွမ်းဆောင်နိုင်၊ စစ်ရေး၊ သံတမန်ရေး၊ နိုင်ငံတကာဆက်ဆံရေးတင်းမာလာနိုင်သည်။ ဓာတ်တော်တိုက်
ဆောက်လုပ်ရေးကိုသာ သူကူညီနိုင်ပါသည်ဟု အရှင်မဟာကဿပအား လျှောက်ထားသည်။ အရှင်မြတ်က ဓာတ်တော်ပြန်လည်ပင့်ဆောင်ရေးကို သူတာဝန်ယူသည်ဆိုသဖြင့် ဆရာ၊ဒကာ တာဝန်ခွဲခြမ်းပြီးသွားသည်။
            အရှင်မြတ်သည် ရာမရွာနှင့် လင်္ကာဒီပကျွန်းရှိဓာတ်တော်များမှအပ အခြားတိုင်းပြည်များရှိဓာတ်တော်
များကို ကိုးကွယ်လောက်ရုံအနည်းငယ်ချန်ကာ ရာဇဂြိုဟ်သို့ တန်ခိုးတော်ဖြင့်ပြန်လည်ပင့်ဆောင်သည်။ ရာဇဂြိုဟ်မြို့ ၊ အရှေ့တောင်ဘက်တွင် ဓာတ်တော်ကိန်းဝပ်ရာ ဓာတ်တော်ကုန်းတခုကို စီမံတော်မူသည်။
မြေအောက်သို့ အတောင် ၆ဝ အနက်တူးသည်။ အမိုးနှင့် အခင်းကို ကြေးနီပြားဖြင့် ပြီးစေသည်။ ဓာတ်တော်တို့ကို စန္ဒကူးကြုတ်မှာထည့်ကာ ရွှေကြုတ်၊ ငွေကြုတ်များဖြင့်မွမ်းမံသည်။ ရတနာကိုးပါးကျောက်တို့ ကို ထွင်းကာ ကြုတ်များကို ထည့်သွင်းသည်။ အပေါ်ဆုံးတွင် ပတ္တမြားပြောက်စေတီတဆူတည်သည်။ စေတီကို ရွှေကျောင်း၊
ငွေကျောင်း၊ဖန်ကျောင်း၊ကြေးပြားကျောင်းတို့ ဖြင့် အထပ်ထပ်မိုးကာစေသည်။ ကြေးပြားကျောင်းအထိရောက်  
အောင် အကြားမှာ အထပ်ပေါင်း ၁၆ဝ ရှိသည်။
            ဓာတ်တော်တိုက်ဝန်းကျင်တွင် ဇာတ်တော် ၅၅ဝ၊မယ်တော်၊ခမည်းတော်၊ ဖွားဖက်တော်များ၏ရုပ်တုများ အစီအစဉ်တကျသွန်းလုပ်ထားရှိသည်။ ဆီမီးတိုင်များ၊ နံ့သာအမျိုးမျိုးဖြင့်လည်း ထုံသင်းစေ၏။ ပြီးနောက် ကြာညို
ပန်းခိုင်ကို စိုက်ပြီး "ဤပန်းသည် အသောကမင်းလက်ထက်တိုင်အောင် မညှိုးမနွမ်းပါစေသတည်း၊ ဆီမီးလည်း
မငြိမ်း၊နံ့သာများလည်း အနံ့မပြယ်ပါစေသတည်း"အဓိဋ္ဌာန်ပြုသည်။ အက္ခရာဖြင့်လည်း ရေးသားထားခဲ့သည်။
            ထို့ နောက်အဇာတသတ်မင်းသည် ဓာတ်တော်တိုက်တံခါးတို့ ကို အစဉ်အတိုင်းပိတ်စေသည်။ နောက်ဆုံးပိတ်ကြေးနီတံခါးကြီးတွင် ၂၄ ကုဋေတန်ပတ္တမြားတလုံးကို တင်ထားပြီးပိတ်သည်။ ဓာတ်တော်တိုက်
သည်။ ယင်းနောက် ကျောက်ဖျာကြီးတချပ်ဖြင့် ဓာတ်တော်တိုက်ကို ပိတ်စေသည်။ ကျောက်ဖျာပေါ်တွင် မြေကြီး
များထပ်မံဖုံးလိုက်သည်။
            ကြေးနီတံခါးပေါ်က ပတ္တမြားအကြောင်းကို ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီကျမ်း၊ ၆၃၂ တွင် အောက်ဖော်ပြပါအတိုင်း ရေးသားထား၏။
            "ထို့ နောက် အဇာတသတ်မင်းသည်လည်း အလုံးစုံသောတန်ဆာတို့ကို ပူဇော်ပြီးမှ တံခါးဝတို့ ကို အစဉ်
အတိုင်းပိတ်လျက် အထက်ဆုံးဖြစ်သောကြေးနီတံခါးဝယ် ကြီးကျယ်သော မင်းတုပ်ကို ဖွဲ့ ၍ ၂၄ ကုဋေအဖိုးထိုက်
သော ပတ္တမြားကို တံခါးဝ၌ထားပြီးသော် "နောင်သောအခါ ဆင်းရဲစွာသောမင်းတို့ သည် ဤပတ္တမြားကိုယူ၍ ဓာတ်တော်တို့ ကို ပူဇော်စေသတည်း"ဟုအက္ခရာတို့ ကို ရေးသား၍ထားစေ၏"
            အဇာတသတ်မင်းကြီး၏စိတ်ကူးမှာ ရှင်းပါသည်။ ဓာတ်တော်တိုက်သည် မည်မျှခိုင်မာအောင်တည်
ဆောက်ထားသည်ဆိုစေ၊ အနိစ္စသဘောဆိုတာရှိသေးသည်။ ပျက်စီးချိန်တန် ပျက်မည်။ ထိုရောအခါ ဆင်းရဲသောတိုင်းပြည်ကို အုပ်ချုပ်သော ဆင်းရဲစွာသောမင်းတို့ သည် ဤပတ္တမြားကို ထိုက်တန်သောတန်ဖိုးဖြင့် ရောင်းချကာ ဓာတ်တော်တိုက်ကို ပြင်ဆင်တည်ဆောက်စေလိုခြင်းဖြစ်၏။
            ဓာတ်တော်တိုက်၊ဘုရားစေတီတို့ ကို တည်ဆောက်လှူဒါန်းသူတို့ က တည်ဆောက်လှူဒါန်းခဲ့သွားကြပြီ။
နောက်လူတို့ က ယင်းဘုရားစေတီတို့ ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ဟောင်းအိုပြိုကျသည်တို့ကို ရှေးမူမပျက်ပြင်ဆင်ရမည့်တာဝန်ရှိသည်။ စေတနာကားရှိ၏၊၊ ဓနအားမရှိအခြေအနေမျိုးဖြစ်ခဲ့ပါက ထပနာ (ဌပနာ) တိုက်ထဲမှ ရတနာပစ္စည်းများကို အသုံးပြုကာ ပြင်ဆင်ကြစေသတည်းဟူသော ရည်ရွယ်ချက်ဖြင့် ရှေးမြန်မာတို့ ရွှေငွေပစ္စည်းများကို ထပနာတိုက်တွင်းထည့်သွင်းပေးလှူခဲ့ဟန်တူကြောင်း အဇာတသတ်မင်း၏ နှလုံးသွင်းမှာတမ်းစကားကို ထောက်ဆသောအားဖြင့် နားလည်လိုက်မိပါသည်။
အမရဒီပ
၁-၂၈-၂ဝ၁၂
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ပါမောက္ခချုပ်ဆရာတော်၏ ပါရာယနဒေသနာတရား
တော်များကို နာယူအပြီးမှာ ဤဆောင်းပါးကို ရေးဖြစ်ပါသည်။
No comments: