Total Pageviews
Saturday, June 10, 2017
ဝန်ကြီးချုပ် နှင့် သေမင်းတမန်ရဟန်းတော်များ
သီရိလင်္ကာနိုင်ငံ၏ ရာပေါင်းများစွာသော နိုင်ငံရေးဆိုင်ရာလုပ်ကြံသတ်ဖြတ်မှုများမှာ  ၁၉၈၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်တိုင် ဆယ်စုနှစ်သုံးစုကြာဖြစ်ပွားလာသည့် မဟာဝိရောဓိ၏အကျိုးဆက်ပင်ဖြစ်သည်။
ကာလနှင့်ဒေသမရွေးဖြစ်ပေါ်ခဲ့သော ထိုသတ်ဖြတ်မှုများအတွက် တမီးလ်နှင့် ဆင်ဟာလလက်နက်ကိုင်
အင်အားစုနှစ်ဘက်လုံးမှာ တာဝန်ရှိသည်။
          ယင်းအချိန်က အဆင့်မြင့်နိုင်ငံရေးတာဝန်ယူခဲ့ရသူ (သို့ မဟုတ်)ယူထားဆဲသူများ၏လူသတ်မှုများ
မှာအရေအတွက်များပြားလှလေရာ  ယင်းလုပ်ကြံသတ်ဖြတ်မှုများကြောင့် လူ့ အသက်များ ဆုံးရှုံးခဲ့ရသည်။ ထိုလုပ်ကြံသတ်ဖြတ်ခံရမှုများအနက်…………၊
သမ္မတ ၁ ဦး
လက်ရှိအတိုက်အခံခေါင်းဆောင် ၁ ဦး
အတိုက်အခံခေါင်းဆောင်ဟောင်း ၁ ဦး
အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ
အစိုးရအဖွဲ့ ဝင်ဖြစ်ခဲ့သူဝန်ကြီးဟောင်းများ
လွှတ်တော်အမတ်များ ၊ လွှတ်တော်အမတ်ဟောင်းများ
ဒေသဆိုင်ရာအစိုးရဝန်ကြီးများ
ဒေသဆိုင်ရာအစိုးရခေါင်းဆောင်များ
ဒေသဆိုင်ရာအာဏာပိုင်အရာရှိများပင် ပါဝင်ခဲ့လေသည်။
          သမ္မတ ၁ ဦး (ချန်ဒရီကာ ကုမာရတွန်ဂါ)သည် လုပ်ကြံသတ်ဖြတ်မှုမှလွတ်မြောက်ခဲ့သော်လည်း ညာဘက်မျက်လုံးဆုံးရှုံးခဲ့ရသည်။
          သီရိလင်္ကာအရှေ့ မြောက်လက်နက်ကိုင်ခွဲထွက်ရေးဝါဒီများပဋိပက္ခနှင့် နိုင်ငံတောင်ပိုင်း ပုန်ကန်တော် လှန်မှုများ ကြီးထွားလာသောအခါ နိုင်ငံရေးဆိုင်ရာလုပ်ကြံသတ်ဖြတ်မှုများမှာ ဖြစ်ရိုးဖြစ်စဉ်တခုအသွင် ဆောင်လာသော်လည်း ယင်းအကြမ်းဖက်တိုက်ခိုက်မှုများမတိုင်ခင် ကျွန်းနိုင်ငံလေးတွေ့ ကြုံလိုက်ရသော နိုင်ငံရေးပုဂ္ဂိုလ်ရေးပြွမ်းတီးရောထွေးနေသည့် ပထမဆုံးအကြိမ်လုပ်ကြံသတ်ဖြတ်မှုမှာ ဧရာမအကြီးကြီး ဖြစ်နေပါသည်။
၁၉၅၉ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် သီရိလင်္ကာနိုင်ငံ (ထိုစဉ်ကအမည်…စီလုံ) ဝန်ကြီးချုပ် ဆော်လမွန် ဒဗလျူ အာ ဒီ ဘန်ဒရာနိုက်ကေးကို ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၁ ပါးက သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ဝန်ကြီးချုပ် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာကြောင့်ပင် နောက်တနေ့ တွင် ဝန်ကြီးချုပ် ကွယ်လွန်သည်။ ထို့ ကြောင့် ၁၉၅၉ ခုနှစ် ၊ စက်တင်ဘာ ၂၆ ရက်နေ့ သည် လွတ်လပ်ရေးအလွန် သီရိလင်္ကာနိုင်ငံသမိုင်းတွင် အရေးကြီးသောနေ့ တနေ့ အဖြစ် စွဲထင်ကျန်ရစ်ခဲ့သည်။
          နှစ်ပေါင်း ၅၅ နှစ်ကျော်ကဖြစ်ပွားခဲ့သော တကိုယ်တော်လုပ်ကြံမှုသည် အခြားသော
လုပ်ကြံမှုနောက်ခံ ဖြစ်ရပ်များစွာနှင့်မတူကွဲပြားကာ အချို့ အချက်အလက်ပိုင်းမှာ မရှင်းမလင်းဖြစ်နေပါသည်။ တနုန့် နုန့် ဖြစ်နေရ သည်မှာ ယင်းဖြစ်ရပ်သည် လွတ်လပ်သော
သီရိလင်္ကာနိုင်ငံအတွက် ပထမဦးဆုံးဖြစ်နေသည်။ ထိုလုပ်ကြံမှု၏အကျိုးဆက်မှာ ထိုအချိန်က အလွန်ပင်ကြီးမားခဲ့သည်။ ထို့ အပြင် လုပ်ကြံမှု၏ နိုင်ငံရေးနောက်ခံအခင်းအကျင်းမှာ ပစ္စက္ခမျက်မှောက်ဖြစ်ရပ်များနှင့်လည်း ရောယှက်ဆက်စပ်လျက်ရှိသည်။
          ယင်းအတွက်ကြောင့်ပင် အဆိုပါလုပ်ကြံမှုနှင့် နောက်ဆက်တွဲကို နှစ်ပေါင်း ၅၅ ကျော်ကြာမှ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေဖို့ အကြောင်းဖန်လာခဲ့လေသည်။
          ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးသည် တရားဝင်အားဖြင့် ဂါလေလမ်း၊ ကောလူပိတိယအရပ်ရှိ “ဝိဟာရရုက္ခဝန်ကြီးချုပ်နေအိမ်” မှာ နေထိုင်သည်။
          ဟောရဂေါလဝနုဥဝေအရပ်ရှိ ဘိုးဘွားပိုင်အိမ်ကြီးဂေဟာမှာဖြစ်စေ၊ အမှတ် ၆၅ ရို့ စ်မိ (ဒ်)ပလေ့စ် လမ်း၊ ကိုလံဘိုရှိ မိသားစုနေအိမ် “တင်တဂေးလ်”မှာဖြစ်စေ အချိန်ခွဲပြီးလည်း နေထိုင်သည်။
          ဝန်ကြီးချုပ်သည် “တင်တဂေးလ်နေအိမ်”မှာနေထိုင်စဉ် ကြမ္မာငင်သော သောကြာနေ့ တွင် သူသေနတ်ပစ်ခံရသည်။
သောမရာမထေရ်
          ရဟန်းဘွဲ့ တော် ဘန္တေ တာလဒူဝေ သောမရာမထေရ်အမည်ရ ဗုဒ္ဓဘာသာရဟန်းတော်သည် ၁၉၅၉ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဝန်ကြီးချုပ်နှင့်တွေ့ ဆုံရန်လာရောက်သူများအနက် တဦးဖြစ်သည်။ ထိုရဟန်းတော်သည် ဘိုရေးလအရပ်ရှိ အစိုးရအာယုဗ္ဗေဒတိုင်းရင်းဆေးကောလိပ်ကထိကတဦးဖြစ်သည်။ အမရဝိဟာရကျောင်းတိုက်မှာလည်း သီတင်းသုံးနေထိုင်သည်။ ထိုအရပ်မှာပင် အာယုဗ္ဗေဒမျက်စိကုဆေးခန်းကိုလည်း ဖွင့်လှစ်ထားသူဖြစ်သည်။
          ဝန်ကြီးချုပ်နှင့်တွေ့ ဆုံလိုသူရဟန်းတော်၏အကြောင်းကိစ္စမှာ အာယုဗ္ဗေဒတိုင်းရင်းဆေး
ကောလိပ်အတွက် လိုအပ်ချက်များတင်ပြရန်ဖြစ်သည်။
          တာလဒူဝေသောမရာမထေရ်၏ငယ်မည်မှာ တာလဒူဝေရာတုဂမ ရာလဂ္ဂဝီရိသံဃော ဖြစ်သည်။ ၁၉၁၅ ခုနှစ် သြဂုတ် ၂၇ ရက်မှာ သူ့ ကိုမွေးသည်။ အဘအမည် ရာတုဂမရာလဂ္ဂ ဒိုက်ရီ အပ္ပုဟာမေ နှင့် အမိအမည် အီသောဟာမေ ဖြစ်သည်။ ဝီရိသံဃောသည် တာလဒူဝေအင်ဟာလကျောင်း နှင့် ဒေဟိုင်းယိုးဝီတိကျောင်းတို့ မှာ ပညာသင်ယူခဲ့သည်။
          အသက် ၁၄ နှစ်အရောက် ၁၉၂၉ ခုနှစ် ဇန်နဝါရီ ၂ဝ တွင် ကိုရင်ဝတ် (ရှင်သာမဏေပြု) သည်။ အသက် ၂၁ နှစ်အရောက် ၁၉၃၆ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ကန္ဒီမြို့ မှာ ရဟန်းဖြစ်သည်။
          (ထိုနေ့ က) နိုင်ငံတော်ဝန်ကြီးချုပ်သည် သူ့ ထံရောက်လာသူပြည်သူလူထုနှင့် တွေ့ ဆုံစကားပြောဖို့ အိမ်ရှေ့ ဝရံတာဆောင်မှာ ရောက်နေသည်။ အပြင်ဘက်ရှိ တန်းစီနေသည့် လူတန်းကြီးကလည်း အိမ်တွင်းဝင်ရန်သူတို့ အလှည့်ကို စောင့်ဆိုင်းနေကြသည်။ အတွင်းပိုင်းရှိလူများကိုလည်း နေရာထိုင်ခင်းစီစဉ်ပေးထားသည်။
          တာလဒူဝေသောမရာမသည်လည်း တန်းစီပြီး သူ့ အလှည့်ကို စိတ်ရှည်လက်ရှည်
စောင့်ဆိုင်းနေသည်။ မကြာမီ သူဝင်ခွင့်ရသည်။ အိမ်အတွင်း လူဦးရေ ၂ဝ ခန့် ရောက်နေသည်။ အပြင်ဘက်တွင် လူ ၄ဝ ခန့် တန်းစီရပ်နေကြသည်။
          ဝန်ကြီးချုပ်သည် သာမန်ပြည်သူများအတွက် ကဏ္ဍသစ်တရပ်ဖွင့်လှစ်ပေးခွင့်ရသည်ကို ဂုဏ်ယူမဆုံးဖြစ်နေသည်။ ပြည်သူလူထုက သူ့အစိုးရကို “ပြည်သူ့ အစိုးရ” ဟု သတ်မှတ်ထားကြသည်။ ပြည်သူ့ အစိုးရ၏ရုပ်ပုံလွှာမှာ ဝန်ကြီးချုပ်နှင့်တွေ့ ဆုံလိုသောအများပြည်သူကို အလွယ်တကူ
အခွင့်အရေးပေး ခြင်းဖြစ်သည်။
          သောမရာမထေရ်သည် ဝရံတာဆောင်ထောင့်ချိုးတနေရာ၏ထိုင်ခုံမှာ ထိုင်နေသည်။ သူ့ လက်ဝဲဘက်ရှိ ခုံနိမ့်လေးပေါ်မှာ သူ၏စာရွက်စာတမ်းဖိုင်တွဲနှင့် လက်ကိုင်ပုဝါကို တင်ထားသည်။
          သူ့ လက်ျာဘက်တွင်ထိုင်နေသူမှာ ပေါလုံနာရုဝအရပ်မှ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတပါးပင်ဖြစ်သည်။ ဘွဲ့ တော်မှာ ဘန္တေအာနန္ဒထေရ်ဖြစ်သည်။ ပေါလုံနာရုဝရွာဘုန်းကြီးနှင့် သူ့ ဒကာအချို့ သည် သမဝါယမမန်နေဂျာတယောက်ကိစ္စတင်ပြဖို့ ဝန်ကြီးချုပ်ကိုလာတွေ့ ကြခြင်းဖြစ်သည်။
          ပေါလုံနာရုဝအာနန္ဒထေရ်သည် နောင်အခါ တရားရုံးတော်တွင် အဓိကမျက်မြင်
သက်သေတဦးဖြစ်လာသည်။
          တဦးချင်းစီ၏အမည်ကိုဖတ်ကြားကြေညာလိုက်သောအခါ အမည်ရှင်သည် ဝန်ကြီးချုပ်ရှိရာသို့ လျှောက်သွားရသည်။ ဝန်ကြီးချုပ်ကို ဂါရဝပြုပြီးနောက် လာရင်းကိစ္စဖြစ်သည့် ဒုက္ခသုက္ခပြဿနာများနှင့်အမြင်သဘောထားကို ရှင်းလင်းပီပြင်စွာ တင်ပြပြောဆိုရသည်။
          သောမရာမထေရ်အလှည့်ရောက်ကြောင်း ကြေညာလိုက်သဖြင့် သူမတ်တပ်
ရပ်လိုက်သောအခါတွင် ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးကလည်း ဂါရဝအပြည့်ဖြင့် မတ်တပ်ရပ်သည်။ ယင်းနောက် ဝန်ကြီးချုပ်သည် သောမရာမထေရ်ထံသို့ လျှောက်လှမ်းလာပြီး ဗုဒ္ဓဘာသာရဟန်းတော်များကို ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေပျပ်ဝပ်ရှိခိုးဦးတင်သည်။ ပြီးနောက် သူဆောင်ရွက်ပေးရမည့်ကိစ္စကို ဝန်ကြီးချုပ်က မထေရ်အား မေးမြန်းလျှောက်ထားသည်။ 
အာနန္ဒထေရ်ထွက်ဆိုချက်အရ စိတ်လှုပ်ရှားနေသော သောမရာမရဟန်းတော်သည် အာယုဗ္ဗေဒတိုင်းရင်းဆေးကောလိပ်တွင် လိုအပ်နေသော ဘက်စုံဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဝန်ကြီးချုပ်အား တင်ပြပြောကြားသည်။ စာဖိုင်တွဲတွင် ရေးသားဖော်ပြပြီး တင်ပြတောင်းခံလာသော ရဟန်းတော်၏
လိုအပ်ချက် များကို ကျန်းမာရေးဝန်ကြီး အေပီ ဇယသူရိယအား ကူညီဆောင်ရွက်စေမည့်အကြောင်း ဝန်ကြီးချုပ်က ပြန်လည်လျှောက်ထားသည်။
          ထိုစဉ်ကအချိန်မှာ နံနက် ၉ နာရီ ၄၅ မိနစ်ခန့် ဖြစ်သည်။ သောမရာမထေရ်သည် ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး ဝန်ကြီးချုပ်အား စာရွက်စာတမ်းများပေးအပ်မည့်ဟန်ဖြင့် သူ့ လက်ဝဲဘက်ရှိ ခုံပုလေးပေါ်တင်ထားသော ဖိုင်တွဲကို ဟိုစမ်းသည်စမ်းလုပ်နေ၏။ ဝန်ကြီးချုပ်က စာရွက်စာတမ်းများလက်ခံယူမည်အတွေးဖြင့် အဆင်သင့်စောင့်နေခိုက် ရဟန်းတော်သည် သင်္ကန်းကြားမှာ ပစ္စတိုသေနတ်ကိုဆွဲထုတ်ပြီး ပစ်မှတ်ကို နှစ်ချက်ဆက်တိုက် အနီးကပ်ပစ်ထည့်လိုက်၏။ ဝန်ကြီးချုပ်၏ဝမ်းဗိုက်နှင့်ရင်ဘတ်ကို ထိမှန်သွားသည်။
          ဝန်ကြီးချုပ်သည် နာကျင်ငြီးတွားသံနှင့်အတူ လဲပြိုကျသွားသည်။ ခဏအကြာ ဖြည်းဖြည်းချင်း အားယူပြီး ပြန်ရပ်နိုင်သည်။ ယင်းနောက် ဒယီးဒယိုင်ဖြင့်အားတင်းကာ အိမ်အတွင်းဘက်သို့ ဝင်
သွားလေသည်။
          အာနန္ဒထေရ်က အထိတ်တလန့် ဖြင့် ထိုင်နေရာမှမတ်တပ်ထရပ်သောအခါ စိတ်လှုပ်ရှားနေသည့် သောမရာမကလည်း မတ်တပ်ထရပ်ကာ သူ့ သေနတ်ပြောင်းဝကို ပေါလုံနာရုံဝအာနန္ဒထေရ်ဘက်
လှည့်ချိန်၏။ ကြောက်စိတ်မွှန်နေသည့် အာနန္ဒထေရ်က “အမ္မ (အမေလေး)”ဟု အော်လိုက်သည်။
          ထိုအခါတွင် သောမရာမသည် လှည့်ထွက်ကာ ဝန်ကြီးချုပ်နောက်သို့ ထပ်ချပ်မကွာ လိုက်သွားလေသည်။ ဝန်ကြီးချုပ်ကို သဲသဲမဲမဲပစ်ခတ်သည်။ သေနတ် ၄ ချက်ပစ်ခတ်အပြီးတွင် ကျည်အိမ်မှာ ကျည်ဆန်ကုန်သွားသည်။
          ကျည်ဆန်တတောင့်မှာ ဝန်ကြီးချုပ်လက်ကို ထိမှန်သည်။ နောက်ကျည်ဆန်တတောင့်မှာ ကျောင်းဆရာ ဂုဏရတနကို ထိမှန်သည်။ ကျောင်းဆရာသည် ဝန်ကြီးချုပ်နှင့်တွေ့ ရန် ထိုနေ့ နံနက်ပိုင်း လာရောက်သူတဦးဖြစ်သည်။
          တတိယမြောက်ကျည်ဆန်မှာ တံခါးမှန်တချပ်ကို ထိမှန်သည်။ စတုတ္ထမြောက်ကျည်ဆန်မှာ ပန်းအိုးတလုံးကို ထိမှန်သည်။
          သောမရာမကိုင်သည့်သေနတ်မှာ ပွိုင့် ၄၅ ဝမ်ဘလီမာ့ခ် ခြောက်အမျိုးအစား ခြောက်လုံးပြူးသေနတ်ဖြစ်သည်။
          ထိုအခိုက် ဝရံတာရှိလူများသည် ခြေဦးတည့်ရာပြေးရှောင်ကြလေရာ ဟိုတစုသည်တစုလူစုကွဲပြီး ဝရုန်းသုန်းကားဖြစ်သွားသည်။
 အာနန္ဒထေရ်သည် ဂိတ်တံခါးဝရှိအစောင့်ရဲသားရှိရာအပြေးအလွှားသွားကာ ဝန်ကြီးချုပ်ကို ရဟန်းတပါးက သေနတ်ဖြင့်ပစ်ကြောင်း အော်ဟစ်ပြောဆိုသည်။
          သေနတ်ပစ်သံကြားရာ အိမ်အတွင်းဆီသို့ အပြေးရောက်လာသော ရဲတပ်သားက သောမရာမကို သေနတ်ဖြင့် ပစ်ခတ်သည်။ သောမရာမပေါင်မှာ ထိမှန်ဒဏ်ရာရသွားသည်။
          ဖြစ်စဉ်ကိုနားလည်ပြီးနောက် ဒေါသထွက်နေသောလူအုပ်ကြီးက သောမရာမကို ဝိုင်းရံထားလိုက်ကြ၏။
 သောမရာမက သူလုပ်လိုက်သောအရာမှာ “နိုင်ငံ၊ အမျိုးနှင့် ဘာသာသနာအတွက်ဖြစ်ကြောင်း”
တုန်တုန်ယင်ယင် အော်ဟစ်နေခဲ့သည်။
          လူအုပ်စုကြီးက သောမရာမကို ဝိုင်းဝန်းထိုးကြိတ်ကာ ချုပ်နှောင်ဖမ်းဆီးလိုက်ကြသည်။ ကရုဏာရှင်ဝန်ကြီး ချုပ်ကသာ ကြားဝင်မတားမြစ်ခဲ့လျှင် ဒေါသမီးဟုန်းဟုန်းတောက်နေသော လူအုပ်ကြီးသည် သောမရာမကို တစစီချိုးဖဲ့ပစ်ကြပေလိမ့်မည်။
          သွေးအလူးလူးအလိမ်းလိမ်းထွက်လျက် ကြမ်းပြင်ပေါ်လဲကျနေသည့်ဝန်ကြီးချုပ်က လူစုကြီးအနေဖြင့် မည်သို့ပင်ဖြစ်စေကာမူ ရဟန်းကိုနာကျင်အောင်မလုပ်ကြဖို့ ဆော်သြနေ၏။
          ရဲတပ်ဖွဲ့ ကဖမ်းဆီးရမိသော သေနတ်သမားရဟန်းကို လုံခြုံရေးတင်းကျပ်စွာချထားပြီး ဆိပ်ကမ်းရဲစခန်းသို့ ခေါ်ဆောင်သွားသည်။
          ဝန်ကြီးချုပ်ကို ဘိုရေးလမြို့ ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ အလျင်အမြန်ပို့ ကာ ခွဲစိတ်ကုသည်။
          တစုံတယောက်အပေါ်ယုံမှားသံသယဖြစ်ခြင်းအလျဉ်းမရှိတတ်သူဝန်ကြီးချုပ်သည် ယုံကြည်မှုလွန်ကဲကာ လုံခြုံရေးပိုင်းကို အရေးတယူဂရုမပြုတတ်ခြင်းမှာလည်း ယူကျူံးမရဖြစ်ဖွယ်ကောင်းပါသည်။
          ယနေ့ ခေတ်တွင် ဝန်ကြီးချုပ်ကို “အမြင့်ဆုံးပုဂ္ဂိုလ်”အဖြစ် လုံခြုံရေးအဆင့်
သတ်မှတ်ပေးခံရပုံကိုကြည့် သော် ၅၅ နှစ်အလွန်ကာလက နိုင်ငံတော်ဝန်ကြီးချုပ်တဦးအတွက် ရဲတပ်ကြပ်ကြီးတဦးကိုသာ လုံခြုံရေးမှုးတာဝန်ပေးထားကြောင်းသိရသည်တွင် ရပ်သပ်ရှုမောအံ့သြမဆုံးဖြစ်ဖွယ်အတိပင်…။
          ရဲတပ်ကြပ်ကြီးသည်ပင် ထို့ နေ့ နံနက်က လုံခြုံရေးဂိတ်မှာမရှိဘဲ ရဲတပ်သားတဦးသာလျှင် လုံခြုံရေးဂိတ်မှာ ရှိနေသည်။ ဝန်ကြီးချုပ်အတွက် ကိုယ်ရံတော်သက်တော်စောင့်ထားပေးဖို့  တာဝန်ရှိ ရဲအရာရှိများကြိုးစားလာလျှင်ပင် ဝန်ကြီးချုပ်က “ပူစရာမဟုတ် ပူတတ်ရန်ကော” သဘောထားဖြင့် ခွင့်ပြုတတ်၏။ ဝန်ကြီးချုပ်အတွက် ဒုရဲအုပ်တဦးကို လုံခြုံရေးတာဝန်ပေးထားသည်။
          သို့ ပင်ဖြစ်သော်ငြား ဝန်ကြီးချုပ်သက်တော်စောင့်အဖြစ်တာဝန်ပေးခံရပြီး ရက်အနည်းငယ်အကြာတွင် အရေးကြီးတာဝန်များထမ်းဆေင်ဖို့ ပြောကာ ဒုရဲအုပ်ကို ဝန်ကြီးချုပ်က ပြန်ခိုင်းလိုက်သည်။ 
ဒုရဲအုပ်အစား နယ်ထိန်းနယ်ခံရဲတပ်သားများကို သူ့ လုံခြုံရေးအတွက်တာဝန်ပေးဖို့ ဝန်ကြီးချုပ်က ရဲချုပ်ကို ပြောထားသည်။
          သူတို့ ၏ “အရေးပါအခရာကျမှုသင်္ကေတ” အဖြစ်ဖြင့် ကိုယ်ရံတော်သက်တော်စောင့် အင်အားအလုံးအရင်းချထားပေးခြင်းအပေါ်တိုင်းတာသတ်မှတ်လေ့ရှိသော တက်ခေတ်နိုင်ငံရေးသမား အချို့ နှင့်အသွင်ကွဲပြားစွာပင် ဘန်ဒရာနိုက်ကေးသည် သူ့ ကိုယ်သူ “ပြည်သူ့ ဝန်ကြီးချုပ်” အဖြစ် ယုံကြည်သတ်မှတ်သူဖြစ်သည်။  ရဲတပ်ဖွဲဝင်အများအပြား၏စောင့်ရှောက်ကာကွယ်မှုဖြင့် နေထိုင်လှုပ်ရှားရသည့်အဖြစ်ကို လိပ်ပြာမသန့် သလို ခံစားနားလည်သူလည်းဖြစ်သည်။
          ဝန်ကြီးချုပ်လုပ်ကြံခံရကြောင်းသတင်း ဂလေဖေ့စ်အရပ်ရှိ ပါလီမန်လွှတ်တော် သို့ ရောက်လာ
သည်။ လွှတ်တော်အစည်းအဝေးကျင်းပချိန်အတွင်း သတင်းကြားရခြင်းဖြစ်သည်။ ပညာရေးဝန်ကြီး ဒေါက်တာ ဒဗလျူ ဒဟနာယကေးက လွှတ်တော်အစည်းအဝေးကို ဆိုင်းငံ့ထားလိုသည်။ သူသည် နောင်တွင် ဝန်ကြီးချုပ်အဖြစ် အစားထိုးနေရာယူသည်။
          သို့သော် အမတ်အများစုက ယင်းအဆိုကို သဘောမတူ။ အတိုက်အခံခေါင်းဆောင် ဒေါက်တာ အန်အမ် ပီရေးရားက “ကြောက်စိတ်မွှန်စရာမလိုကြောင်း” ပြောသည်။
          အစိုးရနှင့်အတိုက်အခံ နှစ်ဘက်လုံးရှိ ဝန်ကြီးများ၊ ပါလီမန်အမတ်များသည် လွှတ်တော်မှ
ထွက်ခွါကာ ဝန်ကြီးချုပ်အခြေအနေကိုသိနိုင်ရန် ဘိုရေးလားဆေးရုံသို့ အသော့နှင်ကာသွား
ရောက်ကြလေသည်။
ဆာ အိုလီဗာ ဂိုနေးတိလောက
          ထိုအချိန်က သီရိလင်္ကာဘုရင်ခံမှာ ဆာ အိုလီဗာဂိုနေးတိလောကဖြစ်၏။ အီတလီသံအမတ်သစ် သူကောင်းမျိုး ပေါ်လိုဒီ မိုက်ကယ်ဒီ ဆလောင်ဟေလိုကျမ်းသစ္စာဆိုပွဲကို “ဧကရီစံနန်းတော်”မှာ ကျင်းပနေသည်။ ထိုအခိုက် ဝန်ကြီးချုပ်၏သတင်း ဘုရင်ခံထံ ရောက်လာခြင်းဖြစ်၏။  ဘုရင်ခံက အခမ်းအနားကို ချက်ချင်းရပ်လိုက်သည်။ ရို့ စ်မိတ်လမ်းရှိ ဝန်ကြီးချုပ်နေအိမ်တင်တဂေးလ်သို့  ချက်ချင်း သွားသည်။ ပုံမှန်အတိုင်း လုပ်ငန်းတာဝန်များဆောင်ရွက်ကြဖို့ ပါလီမန်သို့ သူသတင်းပို့ သည်။
          နိုင်ငံရေးလိမ္မာပါးနပ်မှု၊ နိုင်ငံရေးတွင် ဝါရင့်သမ္ဘာရင့်မှုတို့ကြောင့် လူသိများထင်ရှားသော ဘုရင်ခံသည် ကြိုတင်ကာကွယ်မှုအနေဖြင့် နိုင်ငံတော်အရေးပေါ်ကြေညာကာ လက်ဦးမှုရယူလိုက်သည်။
          ၁၉၅၈ ခုနှစ် မေလတွင်ပေါ်ပေါက်ခဲ့သည့် တမီးလ်ဆန့် ကျင်ရေးအုံကြွလှုပ်ရှားမှုကို ကိုင်တွယ်ဖို့ ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးက ချီတုံချတုံဖြစ်နေခဲ့သော်လည်း ဘုရင်ခံက အရေးပေါ်အခြေအနေ
ကြေညာ၍ ပြတ်ပြတ်သားသားဖြေရှင်းခဲ့သည်။ စက်တင်ဘာ ၂၅ ရက် ၊ နံနက် ၁၁ နာရီတွင် ဘုရင်ခံ ဆာ အိုလီဗာ ဂိုနေးတိလောကက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည်။ တနိုင်ငံလုံးရှိ အပျော်တမ်းတပ်ဖွဲ့ များအပါအဝင် ကြည်းရေလေတပ်ဖွဲ့ များကို သတိအနေအထားတပ်လှန့် ကာ အဆင်သင့်ပြင်ထားလိုက်သည်။
          ဆာအိုလီဗာကြိုတင်ခန့် မှန်းထားသလို နောက်ပိုင်းတွင် ပြဿနာအတိမ်အနက်နက်ရှိုင်းကြောင်း ထင်ရှားသည်။ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားခဲ့သည့်အကျိုးဆက်လုပ်ရပ်မှာ အမှန်ပင် ချီးကျူးထိုက်ပေသည်။
          ခွဲစိတ်ကုသပြီးနောက် ဝန်ကြီးချုပ်ကို အထူးကြပ်မတ်ဆေးကုသဆောင်မှာ ထားသည်။ ယင်းအဆောင် လူနာကုတင်ပေါ်မှပင် ဝန်ကြီးချုပ်က ပြည်သူများသို့ အသိပေးချက်တစောင်ထုတ်ပြန်သည်။ သူ့ ကိုပစ်သတ်သူ သေနတ်သမားကို လုံးဝခွင့်လွှတ်ကြောင်းလည်း ယင်းအသိပေးချက်မှာ ပါဝင်သည်။
          “ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး” ဟု တိုက်ရိုက်ရည်ညွှန်းရမည့်အစား “သင်္ကန်းဝတ်ထားသူလူမိုက်တယောက်” ဟု ဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။ အစိုးရနှင့် အာဏာပိုင်များ
အနေဖြင့် လုပ်ကြံသူကို သနားကရုဏာထားကြဖို့ ၊ လက်စားချေရန်တုံ့ ပြန်ခြင်းမပြုလုပ်ကြဖို့ ခေါင်းဆောင်က ပန်ကြားခဲ့သည်။
          ဝန်ကြီးချုပ်၏ပြည်သူသို့   အသိပေးကြေညာချက်ထွက်ပေါ်မလာမီ နိုင်ငံတော်အရေးပေါ်
အခြေအနေကြေညာထားသူ ဘုရင်ခံ ဆာအိုလီဗာ ဂိုနေးတိလောက၏ ဆောင်ရွက်ချက်နှင့်ကား ကွဲပြားခြားနားလှဘိ၏။ ဝန်ကြီးချုပ်၏သဘောထားပြည့်ဝကောင်းမွန်မှုမှာ ရှေ့ လုပ်ငန်းစဉ်အကြောင်း မပြောထားပေ၊ အန္တရာယ်များသည့်အကျိုးဆက်များ ဖြစ်ပေါ်ဖွယ်ရှိ၏။
          ၁၉၅၈ ခုနှစ်ကကဲ့သို့ သောအကြမ်းဖက်ဆူပူမှုများ တကျော့ပြန်ဖြစ်ပွားလာမည်
ကိုကြိုတင်ပြင်ဆင်သောအားဖြင့် အကြမ်းဖက်ဆူပူမှုအရိပ်အယောင်များကို အသင့်အနေအထားဖြင့် စောင့်ကြည်သွားရန် ဘုရင်ခံက ရဲတပ်ဖွဲ့ ကို တိုက်ရိုက်အမိန့် ပေးထားသည်။
တမီးလ်ဆန့် ကျင်ရေးသဘောထားများ
          တမီးလ်ဆန့် ကျင်ရေးအယူအဆလွှမ်းမိုးပျံ့နှံ့ နေသော နိုင်ငံရေးလေထုရပ်ဝန်းအတွင်း လုပ်ကြံရေးသမားမှာ တမီးလ်လူမျိုးတယောက်ဟူသော သံသယမှာ ချက်ချင်းဆိုသလို ပေါ်လာ၏။ ဝန်ကြီးချုပ်ကိုသေနတ်ဖြင့်ပစ်ခတ်သူမှာ “သောမရမ်” ဆိုသူဖြစ်သည်ဟူသော သတင်းထွက်သည်မှ အစပြုခြင်းဖြစ်သည်။ “သောမရမ်” မှာ “သောမရာမ” ကို တမီးလ်အသံထွက်ဖြင့် ခေါ်ခြင်းဖြစ်သည်။
          ဝန်ကြီးချုပ်က “သင်္ကန်းဝတ်ထားသူလူတယောက်”ဟု ပြောလိုက်သောအခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအဝတ်ဝတ်ဆင်ထားသော တမီးလ်လူမျိုးတယောက်သည် ဝန်ကြီးချုပ်ကို သေနတ်နှင့်ပစ်သည်ဟု ကောလာဟလသတင်းထွက်လာသည်။
          ကိုလံဘိုမြို့ရှိ တမီးလ်လူမျိုးများ ရင်တမမစိတ်ပူပန်နေကြသည်။ အေးအေးချမ်းချမ်းဖြစ်အောင် ပွဲထိန်းထားနိုင်သည့် ရဲတပ်ဖွဲ့ ကိုလည်း ကျေးဇူးတင်နေကြသည်။ လုပ်ကြံသူမှာ တမီးလ်လူမျိုး
မဟုတ်ကြောင်း အချိန်နှင့်တပြေးညီသတင်းထုတ်ပေးကြသော သတင်းမီဒီယာနှင့်အကြံပြုသူ ဘုရင်ခံ ဆာအိုလီဗာတို့ ကိုလည်း ကျေးဇူးတင်ကြသည်။
          တမီးလ်ဆန့် ကျင်ရေးသဘောထားများ တစတစငြိမ်သက်သွားသည်။ 
၁၉၅၈ ခုနှစ် တမီးလ်ဆန့် ကျင်ရေးဆူပူအကြမ်းဖက်မှု တကျော့ပြန်ခေါင်းထောင်ထလာ
မည့်အခြေအနေကိုလည်း ရှောင်လွှဲလိုက်နိုင်သည်။
ဝန်ကြီးချုပ်ကျန်းမာရေးအခြေအနေ
          ကိုလံဘိုရှိ ထိပ်တန်းသမားတော်ကြီးက ဝန်ကြီးချုပ်ကို ၅ နာရီကျော်ကြာအောင် ခွဲစိတ်ကုသပေးကြရ၏။ ဒေါက်တာ အမ်ဗွီပီ ပီရီ၊ ဒေါက်တာ ပီအာ အန်ထော်နီ၊ ဒေါက်တာအယ်လ်အို ဆေးလ်ဗား၊ ဒေါက်တာ နိုးဘာသိုလိုမီးဇ် တို့ မှာ ခွဲစိတ်အထူးကုသမားတော်ကြီးများ ဖြစ်ကြ၏။
“ခွဲစိတ်တာ လက်စသတ်ပြီးနောက် ၂၄ နာရီဟာ အတိမ်းအစောင်းမခံတဲ့ တကယ့် သေရေးရှင်ရေးအခြေအနေပါပဲဗျာ”
ဒေါက်တာ အယ်လ်အို ဆေးလ်ဗားက ခွဲစိတ်ခန်းသတင်းနောက်အာရုံစိုက်လိုက်နေကြသည့် သတင်းမီဒီယာသမားများကို မှတ်ချက်ပြုပြောဆိုခဲ့သည်။
          ခွဲစိတ်ကုသပြီးနောက် ကနဦးလက္ခဏာမှာ အခြေအနေကောင်းမွန်ကြောင်း ပြ၏။ ခွဲစိတ်ပြီးစ နာရီအနည်းငယ်အကြာ ဝန်ကြီးချုပ်သတိပြန်ရသည်။ သူ့ လူနာကုတင်ဘေးရှိ ဆရာဝန်များ ၊ သူနာပြုများနှင့် အသောအရွှန်းပြောနေခဲ့သည်။ ဝန်ကြီးချုပ်က သူနာပြုဆရာမတဦးကို မေးသည်။
“ဆရာမ… ကျွန်တော့်အခြေအနေ ဘယ်လိုလဲဗျာ”
“ဝန်ကြီးချုပ်အခြေအနေကောင်းပါတယ်ရှင်”
သူနာပြုဆရာမက ပြန်ဖြေသည်။
ဝန်ကြီးချုပ်က သူ့ ကိုယ်သူအမှတ်ပေးနေပြန်၏။
“အေးဗျာ.. ကျွန်တော်အဖိုးကြီးဖြစ်နေပြီဗျ ….၊ ဒါပေမဲ့ ဗိုက်ကို ၅ နာရီလောက်ခွဲစိတ်ခံနေတာတောင် ခံနိုင်ရည်ရှိသေးသဗျ”
ဝန်ကြီးချုပ်သည် ဆေးရုံမှပင် နိုင်ငံပြည်သူများသို့ အသိပေးကြေညာချက်တစောင်ထုတ်ပြန်ခဲ့သေးသည်။
          သို့ ဖြစ်လင့်ကစား နံနက်အစောပိုင်းရောက်ချိန်တွင် ဝန်ကြီးချုပ်အခြေအနေသည် အဆိုးဘက်ဆီသို့ ပြောင်းလဲဦးတည်သွားလေသည်။  ဝါရင့်သမားတော်ကြီးများဖြစ်ကြသည့် ဒေါက်တာ ပီအာ အန်ထော်နီ၊ ဒေါက်တာပီဒီအိတ်ခ်ျ ပီရေးရား နှင့် ဒေါက်တာ စန္ဒြသိင်္ဂါရတို့  ၃ ဦးအစွမ်းကုန်ကြိုးစားကုသကြသော်လည်း အခြေအနေကောင်းမလာတော့ချေ။ သေနတ်ပစ်ခံရပြီးနောက် ၂၂ နာရီအတိအကျကြာပြီးသော် ၁၉၅၉ ခုနှစ် ၊ စက်တင်ဘာ ၂၆ ရက်တွင် လွတ်လပ်သောသီရိလင်္ကာ (စီလုံ)နိုင်ငံတော်၏စတုတ္ထမြောက်
ဝန်ကြီးချုပ် ဆုံးပါးကွယ်လွန်ခဲ့လေသည်။
          ဝန်ကြီးချုပ်ကွယ်လွန်ပြီးနောက် တရားဝင်ကြေညာချက်ထုတ်ပြန်သည်။
“နံနက် ၇ နာရီခန့် တွင် ဝန်ကြီးချုပ်၏အခြေအနေရုတ်တရက်ချက်ချင်းဆိုသလို အဆိုးဘက်ဆီ ပြောင်းလဲသွားခဲ့၏။ အချိန်တိုအတွင်း နှလုံးခုန်နှုန်း အပြောင်းအလဲဖြစ်နေသည်။ ယင်းနောက်ဝန်ကြီးချုပ်၏ကျန်းမာရေးအခြေအနေမှာ တဟုန်ထိုးဆိုးရွားသွားပါသည်။ နံနက် ၈ နာရီခန့် တွင် ဝန်ကြီးချုပ်သည် ငြိမ်သက်ကွယ်လွန်သွားပါသည်”
ဤကြေညာချက်ကို ဒေါက်တာအန်ထိုနီ၊ ဒေါက်တာပီရေးရားနှင့် ဒေါက်တာစန္ဒြသိင်္ဂါရတို့ လက်မှတ်ရေးထိုး အတည်ပြုသည်။
          တဆက်တည်းပင် မြို့ တော်ဆိုင်ရာသေမှုသေခင်းစုံစမ်းစစ်ဆေးရေးအရာရှိ ဂျေအန်စီ တိရုချေးလ်လဘမ်း ဂျေပီယူအန်ကလည်း သေမှုသေခင်းစစ်ဆေးချက်အစီရင်ခံစာတွင် ဝန်ကြီးချုပ်သေဆုံးရ ခြင်းအကြောင်းသုံးသပ်ချက်ကို မှတ်တမ်းတင်သည်။
“ဝန်ကြီးချုပ်သေဆုံးရခြင်းမှာ သေနတ်ပစ်ခံရခြင်းကြောင့်လည်းကောင်း၊ ရင်ဘတ်နှင့်ဝမ်းဗိုက်ကိုယ်တွင်း
အစိတ်အပိုင်းများ နေရာအနှံ့ ထိခိုက်ဒဏ်ရာများ၏သွေးလွန်ခြင်းကြောင့်လည်းကောင်း ဖြစ်သည်” ဟု သူကဆိုထားသည်။
          သတင်းစာများတွင် လူသတ်မှုကိုစုံစမ်းစစ်ဆေးသည့်သတင်း ဖော်ပြလိုက်သောအခါ သူ့ အထင် ကိုယ့်အထင်ယူဆချက်အမျိုးမျိုးတို့ ပလူပျံသလိုထွက်လာသည်။
          သံသယရှိသူများကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း အရှိန်မြှင့်လာသည်။ မျက်နှာကြီးလူကုံတန်အသိုင်းအ ဝိုင်းထိတိုင် အထင်ခံ၊စွပ်စွဲခံရသည်။
          လုပ်ကြံသတ်ဖြတ်မှု၏အကြောင်းရင်းမှာ အဓိကကျသောမေးခွန်းဖြစ်၏။ ဘာကြောင့် တာလဒူဝေသောမရာမက ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ရသနည်း။ ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ မည်သူမည်ဝါတို့  လျှို့ ဝှက်ပူးပေါင်းကြံစည်ခဲ့ကြသနည်း…….။
          ဤအချက်အလက်များကို အကွက်ကျကျနားလည်သဘောပေါက်ရေးအတွက်လုပ်ကြံသတ်ဖြတ်မှု
မဖြစ်ခင် ယခင်ဖြစ်ရပ်ဟောင်းအချို့ ကို လိုရင်းတိုရှင်းအနေဖြင့် ဆန်းစစ်ဖို့ လိုအပ်ပေလိမ့်မည်။
          ၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် လင်္ကာဒီပကျွန်းနိုင်ငံ၏နိုင်ငံရေးသမိုင်းစာမျက်နှာတွင် အားကောင်းမောင်းသန်ပြောင်းလဲမှုဖြစ်စဉ်တခုဖြစ်၏။ ၁၉၄၇ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် အမျိုးသားညီညွတ်ရေးပါတီ (ယူအန်ပီ) ရှုံးနိမ့်သွားသည်။ ဘန်ဒရာနိုက်ကေးဦးဆောင်သော သီရိလင်္ကာလွတ်မြောက်ရေးပါတီ (အက်စ်အယ်လ်အပ်ဖ်ပီ) က မဲဆန္ဒနယ်အများစုကို လွှမ်းမိုးကြီးစိုးထားနိုင်ခဲ့သည်။ သီရိလင်္ကာလွတ်မြောက်ရေးပါတီသည် မဟာဇနတ်ဧကသတ်ပရမုန (အမ်အီးပီ) ဟု လူသိများထင်ရှားသည့် မဟာမိတ်ညွန့် ပေါင်းအင်အားစု၏ အဖွဲ့ ဝင်ဖြစ်သည်။ ဘန်ဒရာနိုက်ကေးသည် သီရိလင်္ကာ (စီလုံ) ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
          အမ်အီးပီညွန့် ပေါင်းအဖွဲ့ သည် နိုင်ငံရေးအယူအဆမတူသူအမျိုးမျိုးကို ‘ရောသမမွှေ’ထားသော အဖွဲ့ ဖြစ်သည်။ အစဉ်အလာလက်ဝဲယိမ်းသမား နှင့် လက်ျာယိမ်းသမားများကြားတွင်လည်း အမြဲလိုလို ပြဒါးတလမ်း သံတလမ်းဖြစ်နေကြသည်။
          ဖိလစ်ဂုဏဝါဒေနက လက်ဝဲသမားအုပ်စု (ဘိုရာလုဂေါဝသင်ဟယ) ကို သြဇာညောင်းသည်။ စီပီ ဒီ ဆေးလ်ဗား (မင်နေဂိုယဒိုင်ယို) နှင့် ဝိဇယနန္ဒ ဒဟနာယကေး (ဘနိုက်မံမံ) နှစ်ယောက်တွဲက လက်ျာသမားအုပ်စုကို ဦးဆောင်ဦးရွက်ပြုသည်။
          လက်ျာယိမ်းအုပ်စုသည် လက်ဝဲယိမ်းအုပ်စု၏ အစိုးရနှင့် ပါတီအတွင်း အင်အားသာလွန်နေရာ
အရများလာသည့်အပေါ် စိုးရိမ်မကင်းဖြစ်လာကြကာ တန်ပြန်ဆန္ဒပြပွဲများ ပြုလုပ်ဖို့ အကွက်ချစီမံလာကြ၏။ အမ်အီးပီညွန့် ပေါင်းအသိုင်းအဝိုင်းအတွင်း လက်ဝဲယိမ်းများ အင်အားကျဆင်းလျော့နည်းသွားအောင် လက်ဝဲယိမ်းအစုကို မောင်းထုတ်ပစ်လိုခြင်းမှာ လက်ျာယိမ်းအုပ်စု၏ ရည်ရွယ်ချက်ဖြစ်သည်။
          စက်ပုန်းခုတ်လက်ျာယိမ်းအုပ်စု၏နောက်ကွယ်ရှိအားကိုးအားထားရွှေတောင်ကြီးမှာ သြဇာတိက္ကမကြီးမားသည့် ဗုဒ္ဓဘာသာဦးသျှောင်ဆရာတော်တပါးဖြစ်၏။
 အကြင်ပုဂ္ဂိုလ်မှာ သမိုင်းဝင်ကလျာဏီရာဇမဟာဝိဟာရကျောင်းတိုက်ကြီး၏ အဓိပတိဆရာတော် 
ဘန္တေမပိတိဂါမဗုဒ္ဓရက္ခိတမထေရ် ဖြစ်၏။
          ရဟန်းတော်ဖြစ်ခြင်းသြဇာအရှိန်အဝါကလည်း မထေရ်၏နိုင်ငံရေးမှာ အဓိကအရေးပါနေ၏။ မထေရ်သည် ရဟန်းတော်များသမဂ္ဂတပ်ဦးကိုထူထောင်သူနှင့် အတွင်းရေးမှုးဆရာတော်ဖြစ်သည်။ ယင်းတပ်ဦးသည် နိုင်ငံရေးလှုပ်ရှားသူဗုဒ္ဓဘာသာဘုန်းတော်ကြီးအင်အားစုကို ကိုယ်စားပြုနေသည်။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲကာလတွင် ရဟန်းတော်များသမဂ္ဂတပ်ဦးသည် အမ်အီးပီအတွက် အရိုးကြေကြေအရေခမ်းခမ်း စွမ်းစွမ်းတမံ မဲဆွယ်စည်းရုံးပေးခဲ့သည်။
          ဗုဒ္ဓရက္ခိတထေရ်သည် ဝိနည်းစည်းကမ်းနှင့်မလျော်ဆန့် ကျင်သည့် ကုန်သွယ်စီးပွားရေး
လုပ်ငန်းတွင် ပိရိသိုသိပ်စွာ ပါဝင်နေခဲ့သည်။ စီးပွားရေးအကျိုးအမြတ်အနေဖြင့် ငွေကြေးပမာဏ
များစွာကိုလည်း မထေရ်ပိုင်ဆိုင်ထားသည်။ အမ်အီးပီမဲဆွယ်လှုပ်ရှားမှုများအတွက် ဘုန်းသမ္ဘာငွေအသပြာပြည့်စုံသော ဆရာတော်က ရူပီးငွေသိန်းချီစိုက်ထုတ်သုံးစွဲခဲ့သည်။
          ထေရ်အရှင်သည် သီရိလင်္ကာနိုင်ငံ၏ *ရက်စ်ပြူတင် သို့ မဟုတ် *ရီးချလူး ဖြစ်၏။ သူသည် အကဲဆတ်ရန်လိုသူတဦးလည်းဖြစ်ပြန်သည်။ ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ‘ဘန်ဒရာနိုက်ကေး+ချယ်ဝနယာဂမ်သဘောတူစာချုပ်’ ကို ကန့် ကွက်ကြောင်း ဆန္ဒပြကြသည်။ ယင်းစာချုပ်ကို တဖက်သတ်ဖျက်သိမ်းပစ်ရေးအတွက် ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးကို အကျပ်ကိုင်တောင်းဆိုကြသည်။ မပိတိဂါမဗုဒ္ဓရက္ခိတထေရ်သည် ဆန္ဒပြပွဲ၏နောက်ကွယ်က ကြိုးကိုင်ဆရာကြီးဖြစ်လေသည်။
          ဗုဒ္ဓရက္ခိတထေရ်သြဇာညောင်းမှုကြီးလင့်ကစား ဝန်ကြီးချုပ်အနေဖြင့် မထေရ်၏အရှိန်အဝါဖိအားကို အမှုထားလောက်စရာဖြစ် စာရင်းထည့်သွင်းခဲ့ခြင်းမရှိချေ။ သည်အခြေအနေကို သည်းမခံနိုင်ဖြစ်လာသော “ရာဇာဖန်ဆင်းရှင်”ဘုန်းတော်ကြီးသည် ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးကို လုံးဝရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချ မှတ်လိုက်လေသည်။
          သည်သဘောထားပြောင်းလဲခြင်း၏အခြေခံတွန်းအားမှာ လူမျိုးရေးမဟုတ်၊ လူတန်းစားရေးမဟုတ်၊ အတွေးအခေါ်ရေးရာမဟုတ်ပါချေ။ စီးပွားရေးသောင်းကျန်းမှုကြောင့်ပင်ဖြစ်ချေသည်။
          စိတ်အနှောင့်အယှက်ဖြစ်ရသောဖြစ်ရပ် ၂ ခုကြံတွေ့ ခဲ့ရသည်။ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ မှ ဆန်များကို သီရိလင်္ကာနိုင်ငံသို့ တင်သွင်းရေးလုပ်ငန်းလုပ်ရန် အိပ်ခ်ျပီ ဇယဝါဒေန နှင့် ဗုဒ္ဓရက္ခိတထေရ်တို့   ‘ကိုလံဘိုသင်္ဘောလိုင်းကုမ္ပဏီ’ ကို စပ်တူထူထောင်ခဲ့ကြသည်။ အကျိုးအမြတ်ကြီးမားစွာရမည့် ဆန်သွင်းကုန်လုပ်ငန်းလုပ်ပိုင်ခွင့်ကို သူတို့ ကုမ္ပဏီအားချပေးဖို့  ဝန်ကြီးချုပ်က ငြင်းပယ်ခဲ့သည်ကား ပထမဖြစ်ရပ်…။
          ဒုတိယမှာ ရူပီးငွေ သန်းပေါင်းများစွာကုန်ကျမည့် သကြားစက်ရုံလိုင်စင်ကိစ္စဖြစ်သည်။ ဝန်ကြီးချုပ်သည် ဖိလစ်ဂုဏဝါဒေနနှင့် အာဂျီသေနနာယကတို့အကြံပေးချက်အတိုင်း ဗုဒ္ဓရက္ခိတနှင့် ဇယဝါဒေနတို့ ၏ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချပေးဖို့ ငြင်းဆိုပြန်၏။ အကျိုးဆက်မှာ ငွေကြေးဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခဲ့ပြန်၏။
          ဤအခြေအနေများကြောင့် ဗုဒ္ဓရက္ခိတနှင့် ဇယဝါဒေနတို့ သည် ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့  လျို့ဝှက်အကြံထုတ်ခဲ့ကြလေသည်။ အရမ်းစိတ်လှုပ်ရှားလွယ်သော ရဲရဲတောက်ဆင်ဟာလီအမျိုးသားရေး
ဝါဒီ ဗုဒ္ဓဘာသာရဟန်းတော် တာလဒူဝေသောမရာမသည် မအူမလည်နှင့် ထိုပုဂ္ဂိုလ်နှစ်ယောက်၏ ပုဆိန်ရိုးဖြစ်သွားရသည်။
          စိတ်ခံစားမှုမြင့်မား ပြင်းထန်သူသောမရာမကို ဗုဒ္ဓရက္ခိတက လွယ်လင့်တကူ ကြိုးကိုင်ထားလိုက်နိုင်သည်။  “ဝန်ကြီးချုပ်သည် တိုင်းပြည်၊ အမျိုးဘာသာ သာသနာကို သစ္စာဖောက်သူဖြစ်ကြောင်း” သောမရာမယုံကြည်လာအောင် ဗုဒ္ဓရက္ခိတက စည်းရုံးသွေးဆောင်သည်။ 
ထို့ ကြောင့် ဝန်ကြီးချုပ်ကို သုတ်သင်ရှင်းလင်းပစ်ရမည်ဟူ၏။
 သောမရာမသည် ကြောင်တကောင်၏လက်သည်းနှင်နှင်မျှဖြစ်သည်။
          ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် ဘန်ဒရာနိုက်ကေးအတွက် ထိရောက်စွာမဲဆွယ်
လှုပ်ရှားပေးခဲ့ကြသည့်အင်အားစုများမှာ ဗုဒ္ဓဘာသာရဟန်းတော်များ ၊ အာယုဗ္ဗေဒတိုင်းရင်းဆေး
ပညာရှင်များ နှင့် ကျောင်းဆရာများဖြစ်ကြသည်။ ဘန်ဒရာနိုက်ကေးကို ဝန်ကြီးချုပ်စင်မြင့်ပေါ်ရောက်
အောင်တင်ပေးခဲ့သူတို့ မှာ “သံဃာ၊ ဝေဒ၊ ဂုရု”ဟုပင် ပြောစမှတ်တွင်သည်။
          ဝန်ကြီးချုပ်ကို လုပ်ကြံသူမှာ တယောက်တည်းနှင့်ပင် ယင်း (သံ-ဝေ-ဂု) ၃ မျိုးလုံးကို ကိုယ်စားပြုနေခြင်းကလည်း ကြမ္မာရိုင်း၏လှည့်ကွက်ပင်ဖြစ်၏။ သောမရာမသည် ရဟန်းတပါးဖြစ်သည်။ အာယုဗ္ဗေဒတိုင်းရင်းဆေးဆရာဝန်တဦးလည်းဖြစ်သည်။ အာယုဗ္ဗေဒတိုင်းရင်းဆေးကောလိပ်၏ကထိကဆရာ တဦးလည်းဖြစ်သည်။
          ဝန်ကြီးချုပ်အာဏာရအောင်တွန်းပို့ ပေးခဲ့ကြသောအင်အားစု ၃ ရပ်သည် ဝန်ကြီးချုပ်ကို သတ်ဖြတ်သူ လူသတ်သမားဆီမှာ လူပုဂ္ဂိုလ်အသွင်တည်ရှိနေလေသည်။
          ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးကွယ်လွန်ပြီးနောက် ပညာရေးဝန်ကြီး ဒေါက်တာ ဝိဇယာနန္ဒ ဒယနာယကေး က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။ ဝန်ကြီးချုပ်သစ်သည် ဗုဒ္ဓရက္ခိတထေရ်၏ လုပ်ကြံမှုတွင် သွယ်ဝိုက်ပါဝင်ပတ်သက်မှုကို မသိနားမလည်သောကြောင့် သေရာပါအမှားကြီးတခုကို လုပ်မိခဲ့သည်။
          ဗုဒ္ဓရက္ခိတသည် နိုင်ငံတော်အာဏာ၏ကန့် လန့် ကာနောက်ကွယ်က အဓိကကြိုးကိုင်သူဖြစ်သည်။ သူသည် တိုင်းပြည်မှာလည်း လျှမ်းလျှမ်းတောက်ဖြစ်နေသည်။ ဒဟနာယကေးသည် ဗုဒ္ဓရက္ခိတကို မျက်နှာချိုသွေးဖို့ သူ့ နည်းသူ့ ဟန်ဖြင့် ကြိုးစားခဲ့သေးသည်။ ဗုဒ္ဓရက္ခိတသည် လုပ်ကြံမှုနောက်ကွယ်ရှိ မိစ္ဆာဉာဏ်ကြီးရှင်အဖြစ် တစွန်းတစဆဝါးနားလည်နိုင်သော်ငြား ဝန်ကြီးချုပ်သစ် ဒဟနာယကေးသည် ဗုဒ္ဓရက္ခိတကို “ဝိဟာရုက္ခဝန်ကြီးချုပ်စံအိမ်” သို့ ပင့်ဖိတ်၍ ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးအကြောင်း တနိုင်ငံလုံးသို့  ရေဒီယိုမိန့်ခွန်းပြောဖို့ စီစဉ်ပေးခဲ့သည်။
          ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးလုပ်ကြံခံရခြင်းအကြောင်း ကြားသူတကာတို့ အရည်ပျော်ကျအောင် ဗုဒ္ဓရက္ခိတက ဖော်ကျူးသောအခါ ဥပမာတင်စားပုံရှုပ်ထွေးလင့်ကစား သူတော်ကောင်းအဖြစ်သရုပ်ဆောင် အပိုင်းမှာအမြင့်မားဆုံး၊ ယုတ်မာကလိန်ကကျစ်ကျသူအဖြစ်သရုပ်ဆောင်ရာမှာ အနက်ရှိုင်းဆုံးအဆင့်ရောက်သွားလေပြီဟု တဦးတယောက်က ဆိုပေလိမ့်မည်။ ယင်းသို့ အလိမ်အညာပွဲဆင်ယင်ကျင်းပခြင်းဖြင့် အကင်းမပါးသူ ဒဟနာယကေးတယောက် နာမည်ပျက်ခဲ့ရချေသည်။
          နောင်မကြာမီ ဗုဒ္ဓရက္ခိတဖမ်းဆီးခံရသည်။ ကောလာဟလသတင်းမျိုးစုံဆက်တိုက်ထွက်လာလေရာ ဒဟနာယကေးတယောက် သံသယပစ်မှတ်ကြီးတခုဖြစ်ခဲ့သည်။
သြဇစ်ကိုရေးအား
          နာမည်ဆိုးဖြင့်ကျော်ကြားသူမြေအောက်လောကထိပ်သီး သြဇစ်ကိုရေးအားကိုလည်း ဖမ်းဆီးလိုက်ကြ၏။ သြဇစ်သည် ယခင်ယစ်မျိုးစစ်ဆေးရေးအရာရှိဖြစ်ဖူးသည်။ နောက်ပိုင်းတွင် အရက်ဖြန့် ချီသူနှင့် သီရိလင်္ကာဝီစကီ ‘ကဆစ်ပု’ ကုန်သည်ဖြစ်လာသည်။
          သောမရာမလက်ကိုင်ပြုခဲ့သောသေနတ်သည် သြဇစ်ကိုရေးအား၏ကိုယ်ပိုင်ခြောက်လုံးပြူး
သေနတ်ဖြစ် ကြောင်း တရားရုံးစစ်ဆေးချိန်အတွင်း ပေါ်ထွက်လာခြင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
          ဝန်ကြီးချုပ်လုပ်ကြံခံရသည့်ရက်ပိုင်းအတွင်း သြဇစ်သည် ဦးခေါင်းကို ဦးပြည်းကတုံး
ရိတ်ထားသေးသည်။ ဤအခြင်းအရာကြောင့် သြဇစ်ကိုရေးအားသည် ဗုဒ္ဓဘာသာဘုန်းကြီးအ ယောင်ဆောင်ကာ ဝန်ကြီးချုပ်ကိုသတ်သူဖြစ်ကြောင်း ကောလာဟလသတင်းကလည်း မီးလောင်ရာလေပင့် ထွက်လာပြန်သေးသည်။ သို့သော် သြဇစ်ကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်လိုက်၏။
ဇွိုင်းဆညီနောင်များ
          ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ စတန်လေ ဒီ ဇွိုင်းဆကိုလည်း လုပ်ကြံမှုအရိပ်ကြီး မိုးလာသည်။ စတန်လေ၏ညီတဦးဖြစ်သည့် အပ်ဖ်အာ ဒီဇွိုင်းဆသည်လုပ်ကြံမှုသံသယရှိသူများအနက်တဦးဖြစ်သည်။ စီးပွားရေးသမား အပ်ဖ်အာဒီ ဇွိုင်းဆကို နိုဝင်ဘာ ၂၁ ရက်တွင်ဖမ်းဆီးလိုက်သောအခါ နိုဝင်ဘာ ၂၃ တွင် စတန်လေက သူ့ ရာထူးမှနှုတ်ထွက်လိုက်သည်။ အခြားအကိုတဦးဖြစ်သူ လက်ထောက်ရဲချုပ် ဆစ်ဒနီ ဒီဇွိုင်းဆကိုလည်း ရာထူးမှအနားပေးလိုက်သည်။ အပ်ဖ်အာဒီ ဇွိုင်းဆမှာအပြစ်မရှိကြောင်းတွေ့ ရပြီး သက်ဆိုင်ရာကပြန်လွှတ်ပေးပြီးနောက်တွင် ဝန်ကြီးချုပ်ဒဟနာယကေးက အသစ်ဖွဲ့ စည်းထားသော ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်အဖြစ် ဆစ်ဒနီဒီဇွိုင်းဆကို ပြန်လည်ခန့် ထားသည်။
ဝိမလာနှင့် ဗုဒ္ဓရက္ခိတ သို့ မဟုတ် မာတုဂါမ နှင့် ရဟန်း
          သတင်းအထောက်အထားအုတ်အော်သောင်းတင်းပေါ်ထွက်ပြီးနောက် အောက်တိုဘာ ၂ဝ တွင် မပိတိဂါမဗုဒ္ဓရက္ခိတထေရ်ကို ဖမ်းဆီးလိုက်သည်။ ယင်းသို့ သော ဆိုင်းမဆင့်ဗုံမဆင့်အခြေအနေက ယခင်က ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒေသန္တရအစိုးရဝန်ကြီးဖြစ်သူ ဝိမလာ ဂျေဝါဒီနေကို နှုတ်ထွက်ရန် ဖိအားပေးရာရောက်စေသည်။
          ဗုဒ္ဓရက္ခိတထေရ်သည် ဝိမလာနှင့်အလွန်နီးစပ်သူအဖြစ် လူသိများသည်။ ဗုဒ္ဓရက္ခိတသည် ဝိမလာ၏ နိုင်ငံရေးမဲဆွယ်ပွဲများအတွက်လည်းထောက်ပံ့ကူညီခဲ့သည်။ ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲတွင် ဝိမလာရှုံးနိမ့်ခဲ့ သော်လည်း ဝိမလာအတွက် ဗုဒ္ဓရက္ခိတက ကာလပမာဏအရအလွန်များပြားသည့် ရူပီးငွေခြောက်သောင်း သုံးစွဲခဲ့သည်။
          ၁၉၅၆ ခုနှစ်တွင် မိရီဂါမမဲဆန္ဒနယ်တွင် ဝိမလာရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗုဒ္ဓရက္ခိတက ရူပီးငွေ တသန်းကျော်သုံးစွဲခဲ့သည်။
          ယင်းတို့ ကြောင့် မာတုဂါမဝိမလာနှင့် ဗုဒ္ဓရက္ခိတရဟန်းတို့၏ဆက်ဆံရေးအကြောင်း အညှီအဟောက်ဦးစားပေးစာစောင်နှင့် လူပြိန်းကြိုက်အတင်းအဖျင်းသတင်းစာများ၏သည်းခြေကြိုက်ဖြစ်လာ ရလေသည်။ သတင်းစာ နှင့် စာစောင်များ၏ သူတို့ အကြောင်းအရေးအသားများကို အရေးယူပေးဖို့  ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးကို ဝိမလာနှင့် ဗုဒ္ဓရက္ခိတနှစ်ဦးနှစ်ဘက်လုံးက တိုက်တိုက်တွန်းတွန်းရှိခဲ့သည်။ သို့ သော် ဝန်ကြီးချုပ်က သတင်းစာများကို အရေးယူဖို့ ငြင်းဆိုလိုက်ပြန်၏။ ဤဇာတ်လမ်းကလည်း ဝန်ကြီးချုပ်ကို ဆန့် ကျင်လာအောင် မီးလောင်ရာလေပင့်အကြောင်းတရပ်ဖြစ်လာစေသည်။
          ဗုဒ္ဓရက္ခိတဖမ်းဆီးခံရသောအခါ ဝိမလာလည်း လုပ်ကြံရေးအသင်းအပင်းဝင်ဖြစ်နိုင်သည်၊ ဝန်ကြီးအဖြစ်မှဝိမလာနှုတ်ထွက်သင့်သည်ဟု ဒွိဟသံသယဖြစ်လာကြသည်။ ဝန်ကြီးချုပ်ဒဟနာယကေးက နှုတ်ထွက်ပေးဖို့ ပြောဆိုသောအခါတွင်မူ သူအပြစ်ကင်းကြောင်းပြန်ပြောကာ နှုတ်ထွက်ဖို့ ဝိမလာက ငြင်းဆိုခဲ့သည်။ နောက်ဆုံး နိုဝင်ဘာ ၂၁ မှာ ဝိမလာအဖမ်းခံရသည်။ ဝိမလာကို ဝန်ကြီးအဖွဲ့ ကက်ဘိနက်မှ ဖယ်ရှားရုံကလွဲ၍ ဒဟနာယကေးအတွက် ရွေးစရာလမ်းမရှိတော့ပေ။
          ဝိမလာအပြစ်ကင်းရှင်းကြောင်း၊ လုပ်ကြံရေးအုပ်စုကြံရာပါမဟုတ်ကြောင်း နောင်တွင် ရှင်းလင်းမြင်သာလာ၏။
စကော့တလန်ယဒ်စုံထောက်များ
          လုပ်ကြံမှုစုံစမ်းစစ်ဆေးရာတွင် သီရိလင်္ကာရဲတပ်ဖွဲ့ ကို အကူအညီပေးရန် ဗြိတိန်နိုင်ငံ၊ စကော့တလန်ယဒ်မှ စုံထောက်များကို ဖိတ်ကြားခေါ်ယူခဲ့သည်။
          “ရဲအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ”ကို တာဝန်ယူထားသူများမှာ ရာဇဝတ်မှုခင်းစုံစမ်းစစ်ဆေးရေးဌာန၊ လက်ထောက်ရဲမှုးချုပ် ပတေး၊ ရဲမှုးကြီးရာဇသောရိယ၊ လက်ထောက်ရဲမှုးကြီးလေယာ၊ ရဲစစ်ဆေးရေး
အရာရှိများဖြစ်ကြသည့် အဘယဝါဒေန၊ သေနဝိရတန နှင့် တေရေး ဂုဏေတိလောက တို့ ဖြစ်ကြသည်။
          ၁၉၅၉ ခုနှစ် ၊ နိုဝင်ဘာ ၂၆ တွင် ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးကို လုပ်ကြံသတ်ဖြတ်သူနှင့် အပေါင်းပါ ၇ ဦးကို ကိုလံဘိုမြို့ ၊ ရာဇဝတ်တရားသူကြီးရုံး၌ ရုံးတင်တရားစွဲဆိုလိုက်သည်။
 ထို ၇ ဦးမှာ----------၊
၁။ မပိတိဂါမ ဗုဒ္ဓရက္ခိတမထေရ်
၂။ ဟေမစန္ဒြ ပိယသေန (အတိုကောက်…အိပ်ခ်ျပီ) ဇယဝါဒေန
၃။ ဖလိဟကရာဂေး အနုရာ ဒီ ဆေးလ်ဗား
၎။ တာလဒူဝေသောမရာမမထေရ်
၅။ ဝီရသောရေယျ အရချန်ဂီး နယူတန် ပီရေးရား
၆။ ဝိမလာ ဝိဒေဝါဒီနေ
၇။ အမရာဆင်ဟေး အရချန်ဂီး ကာရိုးလိစ် အမရာဟေး (အတိုကောက်အခေါ်…အေအေစီ အမရာဆင်ဟေး)
….. တို့ ဖြစ်ကြ၏။ အမှတ် ၄ တရားခံ သောမရာမထေရ်ကို လူသတ်မှုဖြင့်ပါ ပူးတွဲတရားစွဲသည်။
          သောမရာမထေရ်သည် ရဲကိုဖြောင့်ချက်ပေးရာတွင်လည်းကောင်း၊ ကိုလံဘိုမြို့ တရားရုံး
တရားသူကြီးရှေ့ ထွက်ဆိုဝန်ခံရာတွင်လည်းကောင်း လူသတ်မှုကို သူကိုယ်တိုင်ကျူးလွန်ကြောင်း ထွက်ဆိုဝန်ခံသည်။ သို့ သော် နိုင်ငံတော်တရားရုံး တရားခွင်သို့ ရောက်သောအခါ ကိုလံဘိုမြို့ တရားရုံးတွင် သူထွက်ဆိုဝန်ခံထားခဲ့သမျှကို ပြောင်းလဲထွက်ဆို၏။
“ကျွန်ုပ်သည် ဝန်ကြီးချုပ်ကို ပစ်သတ်သူမဟုတ်ပါ။ အမှတ် ၁ နှင့် ၂ တို့ မှာလည်း တရားခံများမဟုတ်ကြပါ။ ထိုသူနှစ်ဦးအနက် တဦးဦးကသော်လည်း ကျွန်ုပ်အား ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့  စေခိုင်းခြင်းမဟုတ်ပါ။ တရားသူကြီးများထံ ကျွန်ုပ်ထွက်ဆိုဝန်ခံချက်များအားလုံးမှာ အမှန်အတိုင်းမဟုတ်ပါ။ တရားသူကြီးများကိုပေးခဲ့သော ကျွန်ုပ်၏ဝန်ခံထွက်ဆိုချက်များမှာ ကိုယ့်သဘောဆန္ဒအတိုင်း ဝန်ခံထွက်ဆိုခြင်းမဟုတ်ပါ။ ကျွန်ုပ်သည် အပြစ်ရှိမဟုတ်ပါ…..”ဟု နိုင်ငံတော်တရားရုံးချုပ်၌ သောမရာမက ထွက်ဆိုခဲ့သည်။
          မကြာမီ အမှတ် ၇ တရားခံ အေအေစီ အမရာဆင်ဟေး (ကောလုံနဝမြို့ပြကောင်စီဝင်) သည် ရာဇဝတ်မှုဆိုင်ရာတရားမကျင့်ထုံးအမှတ် ၂၈၃ ပြဋ္ဌာန်းချက်အတိုင်း တရားခံလွတ်ငြိမ်းခွင့်ကို လက်ခံပြီးနောက် အစိုးရသက်သေတဦး ဖြစ်လာသည်။
          သက်သေအထောက်အထားများစွာဖြင့် တရားစွဲဆိုခြင်းကိုစတင်လိုက်ပြီး တရားသူကြီးများ၏ အချိန်ယူမေးမြန်းစုံစမ်းစစ်ဆေးမှုအပြီးတွင် အမှတ် ၆ တရားခံ ဝိမလာဝါဒီနေသည် ကြံရာပါသူမဟုတ်၊ လုပ်ကြံမှုနှင့်မသက်ဆိုင်သူ အပြစ်ကင်းရှင်းသူတဦးဖြစ်ကြောင်း ယူဆခံရသည်။ ၁၉၆ဝ ပြည့်နှစ် ဇူလိုင် ၁၅ တွင် ဝိမလာကို တရားသေလွှတ်ပေးလိုက်သည်။ ဤတွင် ဝိမလာ၏နိုင်ငံရေးသမားဘဝလည်း စုပ်စုပ်မြုပ်အဆုံးသတ်သွားလေသည်။
          ယင်းဖြစ်ရပ်လွန်နှစ်များတွင် ယုံကြည်ကိုးကွယ်မှုအားဖြင့်လည်း ဝိမလာ ပြောင်းလဲသွားခဲ့သည်။ ဝိမလာကို ခရစ်ယန်ဘာသာယုံကြည်သူများအစည်းအဝေးများတွင် ပုံမှန်တက်ရောက်သူတဦးအဖြစ် တွေ့ မြင်ရခြင်းပင်ဖြစ်လေသည်။
နိုင်ငံတော်တရားရုံးသို့ 
          ကိုလံဘိုမြို့ တော်တရားသူကြီးချုပ် အန်အေဒီအက်စ် ဝိဒေဆေကရ၏ ဦးဆောင်မှုအောက်တွင် တရားဥပဒေပိုင်းဆိုင်ရာမေးမြန်းစုံစမ်းမှုများကို ၁၂၄ ရက်ကြာ ပြုလုပ်ခဲ့သည်။ သက်သေပေါင်း ၁၉၃ ဦး၏ ထွက်ဆိုချက်ကိုလည်း ကြားနာခဲ့သည်။ ယင်းနောက် လူသတ်မှု၊ လျှို့ ဝှက်ပူးပေါင်းကြံစည်မှုတို့ တွင် ပါဝင်ခဲ့သူ တရားခံ ၅ ဦးကို နိုင်ငံတော်တရားရုံးတရားခွင်သို့ လာရောက်ရန် တရားသူကြီးချုပ်က ဆုံးဖြတ်လိုက်သည်။
တီအက်စ် ဖာနန်ဒို
                    တရားခံ ၅ ဦး၏ နိုင်ငံတော်တရားတရားခွင်ကို တရားသူကြီး တီအက်စ်ဖာနန်ဒို ကျူစီအိုဘေး ရှေ့ မှောက်မှာ စတင်ကြားနာသည်။ အဖွဲ့ ယင် ၇ ဦးပါ အင်္ဂလိပ်ဘာသာစကားပြောဂျူရီအဖွဲ့ ၏ခေါင်းဆောင်မှာ ဒီဒဗလျူအယ်လ် လီဗာဇ်အက်စ်အန်အာ ဖြစ်သည်။
          သက်သေ ၉၇ ဦး စစ်ချက်ပေးထွက်ဆိုကြသည်။ တရားခံရှေ့ နေများကလည်း ပြန်လှန်စစ်ဆေးမေးမြန်းကြသည်။
          တရားလိုဘက်တွင် တရားရုံးချုပ်ရှေ့ နေ အေစီအယ်လီ၊ လက်ထောက်တရားရုံးချုပ်ရှေ့ နေ အေစီအမ် အမ်မီရာ တို့ က ဝါရင့်တရားချုပ်ရှေ့ နေကြီးများဖြစ်ကြသည့် အာအက်စ်ဝဏ္ဏသုန္ဒရ နှင့် အာအိုင်အိုဘေယေး ဆေကရ တို့ နှင့်အမှုကို ဦးဆောင်စွဲဆိုကြသည်။
          အမှတ် ၁ တရားခံ ဗုဒ္ဓရက္ခိတနှင့် အမှတ် ၂ တရားခံ ဇယဝါဒေနတို့ က ခုခံကာကွယ်ရန်အတွက် နာမည်ကျော် အင်္ဂလိပ်လူမျိုးဝတ်လုံတော်ရရှေ့ နေ ဖင်းကွတ်စ်ကို ငှါးရမ်းကြသည်။
          အမှတ် ၃ တရားခံ အနုရာ ဒီ ဆေးလ်ဗား၏ ရှေ့ နေမှာ ကက်နက်ရှင်ယ ဖြစ်သည်။ ကက်နက်၏အကူရှေ့ နေမှာ ကေ ရနေဆာဖြစ်သည်။
          အမှတ် ၄ တရားခံ သောမရာမအတွက် ရှေ့ နေမှာ ရဟန်းတော်များအတွက်အခမဲ့အကျိုးဆောင်ကူညီ သူ လူစီယပ်စ် ဂျီ ဝီရမန်ထရီ ဖြစ်သည်။
          ထင်ရှားသော ဝတ်လုံတော်ရရှေ့ နေကြီး အက်စ် နာဒေဆန်၏သား အန် ဆတ်ယန်ဒရာ နှင့် အကူရှေ့ နေ အေ မဟေဆန်တို့ မှာ အမှတ် ၅ တရားခံ နယူတန် ပီရေးရား အတွက်
လိုက်ပါအကျိုးဆောင်ကြသည်။
အဆုံးအဖြတ်
          ဂျူရီအဖွဲ့ ဝင်အားလုံး၏တညီတညွတ်တည်းဆုံးဖြတ်ချက်အရ အမှတ် ၁ တရားခံ ဗုဒ္ဓရက္ခိတထေရ်၊ အမှတ် ၂ တရားခံ ဇယဝါဒေန နှင့် အမှတ် ၄ တရားခံ သောမရာမထေရ် တို့မှာ အပြစ်ထင်ရှားရှိကြောင်း တွေ့ ရသည်။ တရားခံ ၃ ဦးလုံးကို သေဒဏ်ပေးကြောင်းကြေညာသည်။ ယင်း ၃ ဦးလုံး ကြိုးစင်တက်ရမည်ဖြစ်သည်။
          တရားခွင်ကာလအတွင်း သင်္ကန်းဝတ်ဖြင့် ရုံးချိန်တက်လာသော သောမရာမကို သင်္ကန်းဝတ်ခွင့် ရပ်ဆိုင်းလိုက်သည်။ ဤအဆုံးအဖြတ်ကို “သင်္ကန်းဝတ်နဲ့ ရုံးလာခွင့်မရရင် မှားလေစွလို 
အစိုးရ၏လုပ်ဆောင်ချက်များ
          လူသတ်သမားကို သနားကရုဏာထားကြဖို့  ပြောဆိုနေသူ သေအံ့မူးမူး ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေး ကို ပြန်ပြောင်းသတိရဖွယ်ဖြစ်၏။ ဝန်ကြီးချုပ်၏အလိုဆန္ဒနှင့် ဆန့် ကျင်ပြီး သီရိလင်္ကာလွတ်မြောက်ရေးပါတီ (အက်စ်အယ်လ်အပ်ဖ်ပီ) အာဏာရသည့် ဝန်ကြီးချုပ်ဒဟနာယကေး (၁၉၅၉-၁၉၆ဝ မတ်လ) နှင့် ဝန်ကြီးချုပ် သီရိမာဘန်ဒရာနိုက်ကေး (၁၉၆ဝ ဇူလိုင်- ၁၉၆၅) တို့ လက်ထက်တွင် ပြစ်ဒဏ်ကျသူများကို ပေးသင့်ပေးထိုက် သောအခွင့်အရေးကို သက်ညှာခွင့်မပေးဘဲ ခါးသီးသော အာဃာတရန်ငြိုးမုန်းတီးမှုကို ပြသခဲ့သည်။
          မစ္စတာဘန်ဒရာနိုက်ကေးဝန်ကြီးချုပ်ဖြစ်လာသောအခါ သူ၏အစိုးရသည် ၁၉၅၈ ခုနှစ်တွင် ပုဒ်မ ၂ဝ သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ကြောင်းဥပဒေထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ ကြောင့် ၁၉၅၈ ခုနှစ် မေလ ၉ ရက်မှ စတင်၍ သေဒဏ်ပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည်။
          ဝန်ကြီးချုပ်ဘန်ဒရာနိုက်ကေးလုပ်ကြံခံပြီးနောက်တွင် ဝန်ကြီးချုပ်ဒဟနာယကေးအစိုးရသည် အစိုးရ၏သေဒဏ်ပေးခြင်းဆိုင်ရာရပ်တည်ချက်ကို တက်သုတ်ရိုက်ပြင်ဆင်လေတော့သည်။ ၁၉၅၉ ခုနှစ် အောက်တိုဘာ ၂ ရက်ရက်စွဲဖြင့် အစိုးရအမိန့် ပြန်တမ်း အထူးကြေညာချက်တစောင်ကို ရက်သတ္တတပတ်အတွင်းထုတ်ပြန်ကာ သေဒဏ်ကို ပြန်လည်အသက်သွင်းသည်။ ဤသည်မှာ ဝန်ကြီးချုပ်ကို လုပ်ကြံခဲ့သူများအား အကြီးမားဆုံးဒဏ်ခတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
          အကောင်းဆုံးပြင်ဆင်ထားသည့်တိုင် ရည်မှန်းချက်နှင့်မကိုက်ဘဲလွဲချော်ရသည်များလည်း ရှိသည်။ တရားခံ ၃ ဦးသည် သေချာပေါက်သေဒဏ်ကျကိန်းရှိနေသော်လည်း ဗုဒ္ဓရက္ခိတနှင့် ဇယဝါဒေနတို့ မှာ ကံကောင်းထောက်မ၍ သေဒဏ်လွတ်လမ်းတရပ် ဥပဒေလမ်းကြောင်းအရပင် ရှိနေပြန်သည်။
          သေဒဏ်ဆိုင်းငံ့ကြောင်းဥပဒေအတည်မပြုမီက လူသတ်မှု၊ လူသတ်ရန်ပူးပေါင်းကြံစည်မှုတို့ မှာ ပြစ်မှုထင်ရှားပါက သေဒဏ်စီရင်သည်။ သို့ သော် သေဒဏ်ဆိုင်းငံ့ဥပဒေ ပုဒ်မ ၂ တွင် လူသတ်မှု နှင့် လူသတ်ရန်ပူးပေါင်းကြံစည်မှုတို့ မှာ သေဒဏ်မကျထိုက်ကြောင်း ပြဌာန်းထားသည်။ အဆိုပါပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ထောင်တသက်တကျွန်းသို့  ပြင်ဆင်လျှော့ပေါ့ပေးထားသည်။
          သေဒဏ်ဆိုင်းငံ့ဆိုင်ရာဥပဒေကို ရုပ်သိမ်းပြီး နောက်ကြောင်းပြန်အာဏာသက်ရောက်ခြင်းရှိမည့် သေဒဏ်ကိုပြန်လည်ပြဌာန်းဖို့ အလျင်စလိုဆောင်ရွက်ရာတွင် ဒဟနာယကေးအစိုးရသည် အလွဲအချော်အတိမ်းအစောင်းတချို့ ကို ပြုမိခဲ့လေသည်။
          ယင်းသေဒဏ်ပြစ်မှုရုပ်သိမ်းသည့်ဥပဒေတွင် ၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မတိုင်ခင် လူသတ်မှုကျူးလွန်သူကို သေဒဏ်ပေးရမည့်အကြောင်း အတိအလင်းဖော်ပြသည်။ လူသတ်မှု၏ပူးပေါင်းကြံရာပါပြစ်မှုအတွက်မူ တိတိကျကျပြဌာန်းထားသည့် ကန့်သတ်ပြဌာန်းချက်မျိုး ယင်းဥပဒေတွင် မပါဝင်လာခြင်းပင်ဖြစ်သည်။
အယူခံတရားရုံးတော်
          သေဒဏ်ချမှတ်စီရင်ခံရသူတရားခံ ၃ ဦးတို့ သည် အယူခံတရားရုံးတော်သို့ ဆက်လက်အယူခံဝင်ကြ၏ ။ တရားသူကြီး ၅ ဦးအဖွဲ့ တွင် ဥက္ကဋ္ဌ မစ္စတာ ဟေမ အိပ်ခ်ျ ဘတ်စ်နာယကေး၊ အမ်စီဆန်ဆိုနီ၊ အိပ်ခ်ျအန်ဂျီ ဖာနန်ဒို၊ အန်ဆင်နေးတာဘီ နှင့် အယ်လ်ဘီ ဒီ ဆေးလ်ဗားတို့ က အဖွဲ့ ဝင်အဖြစ် ပါဝင်ဆောင်ရွက်ကြသည်။
          တရားလိုတရားစွဲအဖွဲ့ ကို နိုင်ငံတော်ရှေ့ နေချုပ်ကသီးသန့် ငှါးရမ်းထားသော အရပ်သားရှေ့ နေ ဂျော့ အီ ချစ်တီးက ဦးဆောင်သည်။ ယင်းအစီအစဉ်ကို လက်ထောက်တရားရုံးရှေ့ နေချုပ် အမီယာက ကန့် ကွက်ဆန္ဒပြသည့်အနေဖြင့် တရားလိုတရားစွဲအဖွဲ့ မှ နှုတ်ထွက်သည်။ (နောင်သော် အမီယာသည် ဒူဒလေ သေနနာယကေးအစိုးရ ၁၉၆၅-၁၉၇ဝ လက်ထက်တွင် နိုင်ငံတော်ရှေ့ နေချုပ်အဖြစ် တာဝန်ပေးခန့် ထားခံရသည်။)
          ဝတ်လုံတော်ရရှေ့ နေ ပရီမရတ်နေ နှင့် ဝတ်လုံတော်ရရှေ့ နေ အာနန္ဒပီရေးရားတို့  က လက်ထောက်ရှေ့ နေများအဖြစ်ဆောင်ရွက်ကာ ဂျော့ချစ်တီးကို ကူညီကြသည်။
          လူသတ်ရန်လျို့ ဝှက်ပူးပေါင်းကြံစည်မှု၏အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တသက်တကျွန်း
ချမှတ်ခြင်းအ ပေါ် တရားခံများကိုယ်စား ဗုဒ္ဓရက္ခိတနှင့် ဇယဝါဒီနေတို့ ကိုယ်စား တရားခံရှေ့ နေများက လျှောက်လဲချက်ပေးကြသည်။
          ပြန်လည်ပြဋ္ဌာန်းထားသောဥပဒေတွင် လူသတ်မှုအတွက် သေဒဏ်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ လူသတ်မှုပူးပေါင်းကြံစည်မှုအတွက်လည်း ယင်းနည်းတူ သေဒဏ်ဟု ရှင်းလင်းတိကျစွာမဆိုထားကြောင်း အီးဂျီ ဝိရေမနာယကေးက တင်ပြလျှောက်လဲသည်။
          ယင်းစောဒကတင်ပြချက်ကို အယူခံတရားရုံးတော်က လက်ခံအတည်ပြုသည်။ တဆက်တည်းပင် တရားခံ ၃ ဦး၏အယူခံလွှာကိုလည်း တရားရုံးတော်က ပယ်ချလိုက်သည်။ သို့ သော် ဗုဒ္ဓရက္ခိတ နှင့် ဇယဝါဒီနေတို့ သေဒဏ်အစား ထောင်ဒဏ်တသက်တကျွန်းကျခံစေရန် ပြင်ဆင်လျှော့ပေါ့ပေးလိုက်သည်။ တရားခံ ၂ ဦးမှာ အဆိုပါဥပဒေထွက်ပေါက်ကြောင့် ကြိုးစင်တက်ရကိန်း သက်သာခွင့်ရကြလေသည်။
          ကွယ်လွန်သူဝန်ကြီးချုပ်၏ဇနီးသည်ဦးဆောင်သော သီရိလင်္ကာလွတ်မြောက်ရေးပါတီ (အက်စ်အယ်လ်အပ်ဖ်ပီ) သည် ထိုအချိန်က အာဏာရအစိုးရဖြစ်၏။ အမျိုးသမီးဝန်ကြီးချုပ်၏ ဝန်ကြီးအဖွဲ့ ကက်ဘိနက်တွင် တန်ခိုးအာဏာအထက်ဆုံးဝန်ကြီးမှာ တူတော်မောင် ဖိလစ်ဒက်စ် ဘန်ဒရာနိုက်ကေး ဖြစ်သည်။
          တရားခံကိုသက်ညှာဖို့ သွားလေသူဝန်ကြီးချုပ်၏ပန်ကြားချက်ရှိသော်ငြားလည်း သီရိလင်္ကာလွတ်မြောက်ရေးပါတီအစိုးရသည် အခဲမကြေနိုင်ဘဲ ရက်ရက်စက်စက်ပြုမူခဲ့သည်။ အယူခံတရားရုံးတော်၏ဆုံးဖြတ်ချက်ကြောင့် အမျက်သိုဒေါသထွက်နေသည့် အစိုးရသည် ယင်းကိစ္စကိုဆက်လက်ရင်ဆိုင်ဖို့ ၊ အထူးဥပဒေပြုဖို့ ဆုံးဖြတ်လိုက်သည်။
          ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် သေဒဏ်ဆိုင်ရာအထူးပြဋ္ဌာန်းချက်ဥပဒေကို လွှတ်တော်ကပြဋ္ဌာန်းလိုက်၏။ ဥပဒေမူကြမ်းတင်သွင်းသူမှာ လွှတ်တော်ဥက္ကဋ္ဌ စီပီဒီ ဆေးလ်ဗား ဖြစ်၏။ ယင်းဥပဒေသည် ဘန်ဒရာနိုက်ကေးလုပ်ကြံမှုနှင့် တိုက်ရိုက်သက်ဆိုင်ပြီး ဝန်ကြီးချုပ်ကိုလုပ်ကြံသူ၊ ပူးပေါင်းကြံစည်မှုကျူးလွန်သူများကို သေဒဏ်စီရင်ရန် ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေ အပိုဒ်ငယ် ၃ ပြဋ္ဌာန်းချက်သည် ပူးပေါင်းကြံစည်သူများအနေဖြင့် သေဒဏ်အစားထောင်ဒဏ်တသက်တကျွန်းကျခံစေ ဟူသော အယူခံတရားရုံးတော်၏ ပြင်ဆင်စီရင်ချက်ကို ပျက်ပြယ်သွားစေသည်။
          ဥပဒေ၏ရည်ရွယ်ချက်မရိုးသားမှုကြောင့် ဆန္ဒပြမှုနှင့် ကန့် ကွက်သံများကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာ၏။ ယင်းဥပဒေမှာ ဥပဒေလမ်းကြောင်းအရထွက်ပေါက်ရကာ အကျိုးခံစားခွင့်ရသူများကို ကြိုးစင်ပေါ်မဖြစ်မနေတက်ရလေအောင် အစိုးရ၏လက်စားချေတုံ့ ပြန်မှုအစီအစဉ်ဖြစ်ကြောင်း ထင်ရှားနေပါသည်။
          လင်္ကာသမဇ္ဖပါတီခေါင်းဆောင် ထင်ရှားသောရှေ့ နေ ကြီး ဒေါက်တာကောဗင်အာဒီ ဆေးလ်ဗား က “လွှတ်တော်က လူသတ်ဖို့ ကြမ်းကြုတ်ရက်စက်တဲ့ဥပဒေပြဋ္ဌာန်းနေပြီဗျာ” ဟု လိုရင်းတိုရှင်း သုံးသပ်သည်။ 
ဧကရီဘုရင်မအကြံပေးအဖွဲ့ 
          ထိုအချိန်တွင် တရားခံ ၃ ဦးသည် ဗြိတိန်နိုင်ငံ ဘုရင်မအကြံပေးအဖွဲ့ ၊ တရားသူကြီးရေးရာကော်မတီ ၏ သေဒဏ်စီရင်ချက်အဟောင်းကိုပြင်ဆင်သောဆုံးဖြတ်ချက်ကို ရယူနိုင်ရန်အားကိုးအားထားပြုလာရလေ၏။ တရားခံ ၃ ဦး တင်သွင်းလာသော အထူးအသနားခံအယူတင်လွှာများကို ဘုရင်မအကြံပေးအဖွဲ့  တရားသူကြီးရေးရာကော်မတီက ပယ်ချလိုက်သည်။
          ဘုရင်မအကြံပေးအဖွဲ့ တရားသူကြီးရေးရာကော်မတီ ရုံးတော် နောက်ဆုံးအယူခံလွှာပွဲသို့  သောမရာမ၏ရှေ့ နေအဖြစ် ဝတ်လုံတော်ရ ဆာ ဒင်ဂဲဖွတ် တက်ရောက်သည်။
          နောက်ဆက်တွဲဆိုးကျိုးနှင့် ဆန့် ကျင်ကန့် ကွက်မှုများ နေရာအနှံ့ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင့်ကြနေသော သီရိလင်္ကာအစိုးရက ဘုရင်မအကြံပေးအဖွဲ့ သို့ တင်သွင်းထားသော အယူခံလွှာများ တိုးတက်မှုရနေကြောင်းအကြောင်းပြကာ သေဒဏ်ဆိုင်ရာအထူးပြဋ္ဌာန်းချက်ဥပဒေကို ဇန်နဝါရီ ၂၅ ရက်တွင် ရုပ်သိမ်းလိုက်သည်။
          ၁၉၆၂ ခုနှစ် ဇန်နဝါရီ ၂၇ တွင် မအောင်မြင်သောအာဏာသိမ်းပွဲသတင်းက တနိုင်ငံလုံး ကိုင်လှုပ်လိုက်သည်။ အာဏာသိမ်းပွဲသတင်းက အများစိတ်ဝင်စားနေသည့် ဘန်ဒရာနိုက်ကေးလုပ်ကြံမှု သတင်းနေရာမှာ အစားထိုးဝင်ရောက်နေရာယူသွားလေသည်။ 
သောမရာမနောက်ဆုံးအချိန်
          တာလဒူဝေသောမရာမထေရ်သည် သေခြင်းမရဏကို ရင်ဆိုင်ဖို့ သူ့ ဖာသာပြင်ဆင်
ထားနှင့်ပြီးဖြစ်သည်။
“ဒီတရားရုံးတော်မှာ ကျွန်ုပ်ကိုအကာအကွယ်ပေးခဲ့တဲ့ ခြင်္သေ့အလားပမာတူတဲ့ကျွန်ုပ်ရဲ့ရှေ့ နေကြီးကို ကျေးဇူးတင်ပါတယ်”
သူ့အတွက် အခမဲ့အကျိုးဆောင်ပေးသူ ရှေ့ နေကြီးဝီရမန်ထရီကို တရားခွင်အတွင်းကျေးဇူးတင်စကား ပြောဆိုခဲ့သည်။
          သေဒဏ်မစီရင်ခင်အကြိုရှေးရက်သတ္တပတ်များလောက်ကပင် သောမရာမသည် ခရစ်ယန်ဘာသာသို့ ကူးပြောင်းသက်ဝင်သည်။ အင်္ဂလီကန်ခရစ်ယန်ဘုန်းတော်ကြီးတပါးက သူ့ နေရာအကျဉ်းခန်းသို့ ကြွလာကာ သူ့ ကို နှစ်ခြင်းပြုပေးခဲ့သည်။
          ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့ တွင် ဝေလီကာဒီအကျဉ်းထောင်ကြိုးတိုက်တွင် အသက် ၄၈ နှစ်အရွယ် သောမရာမကို ကြိုးပေးကွပ်မျက်လိုက်သည်။ ကြိုးပေးကွပ်မျက်တာဝန်ကို နိုင်ငံတော်အဆင့် လက်မရွံ့ ထောင်မှုး လူးဝစ်ဆင်ဂေါ နှင့် လက်ထောက်သုဘသေရီအပ္ပူတို့ က တာဝန်ယူစီစဉ်ရသည်။
တရားခံအမှတ် ၁ နှင့် ၂
          ၁၉၆၅ မှ ၁၉၇ဝ ခုနှစ်အထိ အာဏာရခဲ့သော ဝန်ကြီးချုပ်ဒူဒလေး သေနနာယကေးအစိုးရက ၁၉၆၆ ခုနှစ်၊ မေလ ၇ ရက်တွင်  တရားခံအမှတ် ၁ နှင့် အမှတ် ၂ ကို တသက်တကျွန်းထောင်ဒဏ်မှ ထောင်ဒဏ်နှစ် ၂ဝ ပြစ်ဒဏ်သို့ ပြောင်းလဲပြင်ဆင်လျှော့ပေးလိုက်သည်။
          အမှတ် ၁ တရားခံမပိတိဂါမ ဗုဒ္ဓရက္ခိတထေရ်သည် သူ၏ ၇၂ နှစ်တာထောင်ဒဏ်နှစ်ရှည်ကို ဝေလီကာဒီအကျဉ်းထောင်တွင် ကျခံနေစဉ်အတောအတွင်း ၁၉၆၇ ခုနှစ်အရောက် အသက် ၄၆ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားလေသည်။
          အမှတ် ၂ တရားခံ အိပ်ခ်ျပီ ဇယဝါဒေနသည် ထောင်ဒဏ် ၇၂ နှစ်ချမှတ်ခံရသည်။ ၁၉၇၇ ခုနှစ် သြဂုတ် ၄ ရက်တွင် သူ ပြန်လည်လွတ်မြောက်လာသည်။
အပြန်ပြန်အလှန်လှန်စုံစမ်းစစ်ဆေးရာဝယ်
          ဝန်ကြီးချုပ်သီရိမာဘန်ဒရာနိုက်ကေးအစိုးရသည် ၁၉၆၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေးဥပဒေပြဋ္ဌာန်းကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စည်းပြီး ဝန်ကြီးချုပ် အက်စ်ဒဗလျူအာဒီ ဘန်ဒရာနိုက်ကေးလုပ်ကြံခံရမှုအပေါ် နိုင်ငံရေးရှုထောင့်အမြင်အမျိုးမျိုးကို စုံစမ်းဖော်ထုတ်ရန် ကော်မရှင်အားတာဝန်ပေးခဲ့သည်။
          တရားသူကြီး တီအက်စ် ဖာနန်ဒို၊ တရားသူကြီး အဗ်ဒေးလ်ယူနိစ့် (အီဂျစ်နိုင်ငံ) နှင့် တရားသူကြီး ဂျီစီ မိုင်လ်စ်အော်ဒီး (ဂါနာနိုင်ငံ)တို့  ၃ ဦးပါ ကော်မရှင်အဖွဲ့ ဖြစ်သည်။
          ကော်မရှင်က ကနဦးသက်သေခံစာရွက်စာတမ်းများ၊ လူပုဂ္ဂိုလ်သက်သေများ၏ဖြေဆိုချက်များကို စေ့စပ်သေချာဖတ်ရှုပြီးနောက် “၁၉၆၄ ခုနှစ် ဆောင်ရွက်ချက်အစီရင်ခံစာအမှတ် ၃” ကို ထုတ်ပြန်တင်ပြခဲ့သည်။
          အစီရင်ခံစာအရ လုပ်ကြံမှုဆိုးကျိုးကိုဖြစ်စေသူမှာ ဝိမလာဝါဒီနေအမျိုးသမီးပင်ဖြစ်ကြောင်း ထင်းထင်းကြီး မီးမောင်းထိုးပြနေ၏။ ဝိမလာမှာ ၁၉၆ဝ ပြည့်နှစ်ကပင် အမှုမှလွှတ်ပေးထားပြီးသူဖြစ်ပါ၏။
မူရင်းဆောင်းပါး- ဒီ-ဘီ-အက်စ်- ဇေယျရာဇာ ၏ "The Assassination of Prime Minister S.W.R.D. Bandaranaike 55 years ago"
မြန်မာပြန်- အမရဒီပ    
--------------------------------------------------------------- 
မှတ်စု
၁။ ရက်စ်ပြူတင် ဂရီဂေါ်ရီ အီးဖိမိုဗစ်ခ်ျ Rasputin Grigori Efimovich (1871- 1916)   
ရုရှားတောင်သူလယ်သမားမျိုးရိုး ၊ ဆိုက်ဘေးရီးယားဒေသဇာတိ ၊  ကိုယ်ပိုင်ပုံစံဘာသာရေးဂိုဏ်းထူထောင်သူ၊ မှော်ဆရာဖြစ်သည်။  စိန့် ပီတာဇဘက်မြို့ သို့ ရောက်လာသည်။ ဇာဘုရင် ၂ နီကိုလက်စ် နှင့် မိဖုရားအလက်ဇန္ဒြား တို့ ၏ အထူးယုံကြည်အားထားခြင်းခံရသည်။ သားတော်လေး၏ သွေးမတိတ်ရောဂါကို မှော်အစွမ်းဖြင့် ကုသပေးသောကြောင့် တန်ခိုးရှိသူဟု ယုံကြည်ကြသည်။ နန်းတွင်း ရာထူးခန့် ၊ ရာထူးဖြုတ်ကိစ္စကို သြဇာပေးနိုင်သည်။ လိင် နှင့် အရက်ကိစ္စကြောင့် နာမည်ပျက်သည်။ နောင် အသတ်ခံရသည်။
၂။ ကာဒီနယ် ရီးချလူး Cardinal Richelieu (1585- 1642)
ပြင်သစ်ဘုရင် လူဝီ ၁၃ ၏ မင်းဆရာဝန်ကြီးချုပ် ၊ ပြင်သစ်ပြည်ကက်သလစ်ခရစ်ယန်ဂိုဏ်းချုပ်၊ အာဏာလက်စောင်းထက်သူ။
၃။ ဘန်ဒရာနိုက်ကေး+ ချယ်ဝနယာဂမ် သဘောတူညီချက် Bandaranaik- Chelvanayagan pact
တမီးလ်လူမျိုးခေါင်းဆောင်ချယ်ဝနယာဂမ် နှင့် သဘောတူလက်မှတ်ထိုးသော ထိုစာချုပ်တွင် တမီးလူမျိုးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ပါဝင်။