Total Pageviews

Saturday, June 8, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၇



နေ့ လယ်ပိုင်းတွင်ဆရာတော်သည် ကန္ဒီမြို့ မှ ပြန်လည်ကြွလာသည်။ ဘုရားကျောင်းဆောင်အတွင်း ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှာဆွမ်းကပ်လှူသည့် သပိတ်ကို  အဆောတလျင်ရှောင်တခင် စစ်ဆေးသည်။ ဘုန်းကြီးတို့ 
အတွက် လမ်းညွှန်ချက်မှာ " နေ့ စဉ် မွန်းမတည့်ခင် သပိတ်ထဲမှဆွမ်းကို သန့် ရှင်းဆေးကြောပြီးဖြစ်ရမည်"ဟူ၍
ဖြစ်သည်။

ထိုနေ့ က နေ့ လယ်တနာရီအထိ သပိတ်မှာ ဆွမ်းအပြည့်ရှိနေဆဲဖြစ်ကြောင်း ဆရာတော်  တွေ့ မြင်၏။  ထိုအချိန်တွင် ဘုန်းကြီးမှာ ဆွမ်းချက်ဆောင်တွင် ဆရာတော်အတွက် ရေနွေးကြမ်းပွဲပြင်ဆင်နေ၏။ ဆရာတော်ကဘုန်းကြီးကို ခေါ်သည်။ ဆွမ်းချက်ဆောင်မှထွက်ပြီး ကျောင်းမကြီးအတွင်း ခြေလှမ်းစနင်းရုံ ရှိသေးသည်။ ရုတ်တရက် ဘုန်းကြီးထံ ပျံဝဲလွင့်လာသော အရာတခုကို မြင်လိုက်ရ၏။ ဘုရားကျောင်းဆောင်မှ ဆွမ်းသပိတ်ဖြစ်သည်။ ဆရာတော် အလွန်စိတ်တိုသွားသည်။ အဘယ့်ကြောင့် ဤအချိန်အထိ ဆွမ်းသပိတ်
အပြည့်ရှိနေရသနည်းဟု ဘုန်းကြီးကိုမေးမြန်းစုံစမ်းခြင်းပင်မပြုလုပ်သေးခင် ဘုရားဆွမ်းတော်သပိတ်ဖြင့် ဘုန်းကြီးကို ပစ်ပေါက်လေသည်။ အရှိန်ပြင်းပြင်း ဆွမ်းသပိတ်ပျံသည် ဘုန်းကြီးကို တည့်တည့်မတ်မတ် ထိမှန်သည်။ ဘုန်းကြီး မြေကြီးပေါ်ဘုန်းကနဲလဲကျသည်။ သွေးများ ဖြာကျလာ၏။

ယနေ့ အချိန်အထိ ဘုန်းကြီး၏နဖူးပြင်ပေါ် အမာရွတ်ထင်ကျန်ရစ်ခဲ့သည်။

ဆရာတော်သည် ဟန္နီမဟတ္တယ၏ နုတ်ခမ်းတဝိုက်မီးလောင်ရာများကိုလည်း သတိထားမိသွားသည်။
"ဒါကကော ဘယ်လိုဖြစ်တာတုန်း"
ဆရာတော်က ဘုန်းကြီးကို မေးခွန်းထုတ်သည်။
စီးကရက်နှင့်ပတ်သက်သည့် ထိခိုက်မှုကို ဆရာတော်ထံမလျှောက်ထားဖို့ ဟန္နီမဟတ္တယကို ဘုန်းကြီးသတိပေး
ထားပြီးဖြစ်သည်။ အကယ်၍ သူ ဆရာတော့်ကို လျှောက်ထားလျှင် ဆေးလိပ်သောက်မှုအတွက်
 နှစ်ဦးလုံး ပြဿနာတက်ရဦးမည်။ ကံကောင်းထောက်မစွာဖြင့် ဟန္နီမဟတ္တယ ဘာမျှမပြော။

ကျောင်းသားသည် ဘုန်းကြီးကို ဆဲဆိုသည်။ ပြစ်ဒဏ်ပေးသည့်အနေဖြင့် သူ့ နုတ်ခမ်းကို မီးရှို့ ရသည်ဟု ဆရာတော့်ကို ဘုန်းကြီး  ရှင်းပြသည်။ ဘုန်းကြီး၏ဇာတ်လမ်းကို ဆရာတော်လက်ခံပုံပေါ်သည်။
 နောက်ထပ် မေးမြန်းပြောဆိုခြင်းမပြုတော့ချေ။ ထူးဆန်းပေစွ…..။

ဤသည်မှာ အကျဉ်းအကြပ်ထဲမှ  ရှောင်ထွက်နိုင်ခဲ့သည့် ရှာမှရှားဖြစ်ရပ်များအနက် တခုတလေဖြစ်သည်။
ဆရာတော်၏ဒေါသမှာ အထိန်းအကွပ်မရှိ …။ စည်းကမ်းကို နည်းနည်းကလေးချိုးဖောက်သည့်အတွက်ပင် မနားတမ်း ရိုက်နှက်သည်။ ဆရာတော်သည် အာဏာရှင်ကြီးဖြစ်သည်။ မေးခွန်းမမေးရ၊ ဆွေးနွေးခွင့်မရ။ ဘုန်းကြီးတို့ သည် သူ၏အမိန့် အာဏာသက်သက်ကိုသာ လက်ခံနေရသည်။

ထိုသို့ ပင်ဖြစ်နေသော်လည်း ဆရာတော်အရှင်သောဏုတ္တရမှာ ကြင်နာသိမ်မွေ့ သည့်အကျင့်တခုရှိပါသည်။
ဆရာတော်သည် တိရစ္ဆာန်များကိုညှာတာသနားသည်။ ထို ကြောင့်ပင်လျှင် ရွာနားတဝိုက်ရှိ လေလွင့်ခွေးများ၊
 ကြောင်များအားလုံးကို အစာကျွေးတတ်သည်။ မကျန်းမာသူတဦးဦး အကူအညီတောင်းလာလျှင် တိုင်းရင်းဆေး
များ အခမဲ့ပေးတတ်သည်။ ရံဖန်ရံခါ ကျောင်းသားများ ကြေးမီးအိမ်၊ ဗုဒ္ဓဆင်းတုတို့ လို တန်ဖိုးကြီးပစ္စည်းများ
ခိုးယူထွက်ပြေးကြသည်။ 

"ယူပါစေကွာ ၊ သူ့ ခမျာ ဆင်းရဲပါတယ်။ ဒါတွေသူရောင်းတော့ ပိုက်ဆံလေးဘာလေး နည်းနည်းပါးပါးရမှာပေါ့။ အခိုးခံရတာတွေလဲ အစားထိုးလို့ ရပါတယ်"
သူက ပြောတတ်သည်။

အခုအချိန်ဆရာတော်အရှင်သောဏုတ္တရအကြောင်း ပြန်တွေးမိလျှင် ဆရာတော်သည် ဘုန်းကြီးကို ရဟန်း
ကောင်းတပါးအဖြစ် မြင်လိုတွေ့ လိုသည်မှာ အသေအချာဖြစ်သည်။ ချုပ်ချယ်မှုကင်းရေးအတွက်သဘာဝ
အားဖြင့် အရွယ်ရောက်ခါစအချိန်မှာ  လမ်းလွဲမသွားစေလိုသူဖြစ်သည်။ သို့ ဖြစ်လေရာ ထိုခေတ်ထိုအခါ
သမားရိုးကျပုံစံ ကိုယ်ထိလက်ရောက်ရိုက်နှက်သည့်နည်းကို သုံးခြင်းဖြင့် အပြုအမူကောင်းများပျိုးထောင်နိုင်
အောင် တွန်းအားပေးခဲ့လေသည်။

အမှန်တကယ်အားဖြင့် ဆရာတော်၏၄င်းရည်ရွယ်ချက်ကို အရွယ်ရောက်ပြီးချိန်အထိ ဘုန်းကြီးမြင်သိနိုင်စွမ်း
မရှိခဲ့ပါချေ။ ကိုရင်တပါးအဖြစ် သူ၏ကျောင်းမှာဘုန်းကြီးနေထိုင်ခဲ့စဉ် ဘုန်းကြီးသည် စိတ်ပျက်စရာကောင်းသူ
 ဖြစ်နေခဲ့သည်။ သူ၏သြဇာအာဏာအောက်တွင် အစဉ်မပြတ် ပြဿနာရှာတတ်သူဖြစ်နေခဲ့သည်။

အခြေအနေပေးသည့်တချိန်တွင် ဘုန်းကြီးနှင့် ကျောင်းသားတယောက် ထွက်ပြေးကြဖို့ တိုင်ပင်ကြသည်။
 ကျောင်းသားသည် ကျောင်းမှာနေရသည်ကို အလွန်စိတ်ညစ်လှပြီ။ နှစ်ဦးသား ငွေ နှင့် ဖယောင်းတိုင်ထုပ် စုဆောင်းကြပြီး တနေ့ ထွက်ပြေးကြဖို့ အစီအစဉ်ဆွဲလိုက်ကြသည်။ တနေ့ တွင် ညနက်ပိုင်းအချိန် ထွက်ပြေးကြ
ရန် သဘောတူလိုက်ကြသည်။ ယင်းနေ့ ကျောင်းဝေယျာဝစ္စကို ခါတိုင်းထက်ပို၍  ကြိုးစားလုပ်ကြသည်။ ဆရာတော်သဘောကျပြီး ဘုန်းကြီးတို့ အပေါ် သင်္ကာယုံမှားစိတ်ကင်းအောင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုညတွင် ကျောင်းနေသူအားလုံး အိပ်ရာဝင်သွားပြီးနောက် ဘုန်းကြီးသည် သင်္ကန်းချွတ်ပြီး လုံချည်နှင့် 
အင်္ကျီကို ဝတ်လိုက်သည်။ 

ဘုန်းကြီးနှင့် ကြံရာပါကျောင်းသားတို့ သည် တံခါးမှ တိတ်တဆိတ်လစ်ထွက်လိုက်ကြ၏။

ရှေးဦးစွာ သုသာန်ကို ဖြတ်လျှောက်ရမည်။ ဤနေရာကိုကား ဘုန်းကြီးတို့ နှစ်ဦးလုံး မကြောက်ကြချေ။
 ယင်းနောက် ချောင်းငယ်တခုပေါ် ဖြတ်သွယ်ထားသော သစ်သားတံတားကို  တွေ့ ရသည်။ ဤတံတားနေရာမှာ စုန်းသဘက်နှင့် တစ္ဆေမှင်စာများ လူများကို ဖမ်းစားတတ်သည်ဟု လူပြောသူပြောများသည်ကို ကြားရဖူးသည်။ ထိုဒဏ္ဍာရီဆန်ဆန် ပုံပြင်အရ မကောင်းဆိုးဝါးများ ကိုယ်ထင်မပြခင် ပထမဦးဆုံးကိုယ်ထင်ရှားပြသည်ကား
 ခွေးနက်ကြီးတကောင်ဖြစ်သည်ဟူ၏။

ရိုးရိုးသာမန်အချိန်  လူများ ဤတံတားကို ဖြတ်လျှောက်မည်ဆိုလျှင် လူအရင်စုကြသည်။ စကားကျယ်ကျယ် ပြောရသည်။ မကောင်းဆိုးဝါးများရှောင်ရှားသွားစေရန် အလင်းရောင်ကောင်းကောင်း
မီးတုတ်များကိုလည်း ကိုင်စွဲထားရသည်။ သို့ ဖြစ်စေကာမူ ဘုန်းကြီးတို့ မှာ ထွက်ပြေးလာသူများဖြစ်သောကြောင့် အသံတိတ်နေရသည်။ တပါတည်းယူဆောင်လာသော ဖယောင်းတိုင်များကိုလည်း 

လူများမြင်တွေ့ မည်စိုးရိမ်ရ၍ မီးမထွန်းရဲ….။

သန်းခေါင်ယံတိတိမှာဘုန်းကြီးတို့ တံတားကို ဖြတ်ကျော်ခဲ့ကြသည်။ နှစ်ယောက်လုံး တုန်တုန်ယင်ယင်ဖြစ်နေကြ
သည်။ အာခြောက်နေကြသည်။ ဆံပင်အဖျားလည်း ထိုးထိုးထောင်ထောင်ဖြစ်နေကြသည်။ တယောက်ကိုတ
ယောက် စကားမပြောနိုင်ကြချေ။ အမှောင်ထုထူထူပိန်းပိန်းထဲမှာ လမ်းကိုသာ အတွင်သားလျှောက်လာကြ၏။

ခွေးနက်ကြီးတကောင် ဗြုန်းစားကြီး လူနှစ်ယောက်အရှေ့ ပေါ်လာ၏။ ဗြောင်းဆန်အောင် အသည်းတုန်ခါနေသည်
။ ယင်းနောက် နှစ်ယောက်လုံး တဖြန်းဖြန်းမြည်အောင် ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်ခံရပြန်၏။ တံတားပေါ်လဲပြို
ပြီး ရေထဲပြုတ်ကျလုမတတ်ဖြစ်သွားကြသည်။

လက်စသတ်တော့ ခွေးနက်ကြီးသည် ဘုန်းကြီးတို့ ကျောင်းမှ ကျောင်းခွေးကြီးဖြစ်နေ၏။  ပါးရိုက်ချက်ကား ဘုန်းကြီးတို့ ဆရာတော်၏လက်ချက်ဖြစ်သည်။ ဘုန်းကြီးတို့ နှစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် တံခါးဖွင့်ထွက်
သွားကြသည်ကို ဆရာတော်ကြားသွားပြီး တံတားအထိ ဘုန်းကြီးတို့ နှစ်ယောက်နောက် နောက်ယောင်ခံ
လိုက်လာခြင်းပင် ဖြစ်တော့သည်။

အမိန့် တော်အရ ဘုန်းကြီးတို့ သည် ဆရာတော်နှင့်အတူ ဘုန်းကြီးကျောင်းသို့ ပြန်လိုက်ခဲ့ပြန်၏။
 ကျောင်းပြန်ရောက်သည်နှင့်ချက်ချင်း ဘုန်းကြီးသည် တတိယအကြိမ် ရှင်သာမဏေပြုရပြန်၏။
 စံတော်ချိန်ကား ညသန်းခေါင်ယံဖြစ်သတည်း…။

ဘုန်းကြီးတို့ ၏သန်းခေါင်ယံဖြစ်စဉ်ကို အခြား ဘုန်းကြီးကျောင်းသားများ လုံးဝမသိမရိပ်မိလိုက်ကြချေ။ ရွာသူရွာသားများလည်း လုံးဝမသိကြပေ။ နောက်တနေ့ တွင် ခါတော်မီ သင်္ကန်းပြန်စည်းထားသူ ဘုန်းကြီးသည် သပိတ်ကြီးလွယ်ကာ ရွာထဲသို့ အစဉ်အလာမပျက် ဆွမ်းခံဝင်ခဲ့ရလေတော့သည်။

ဘုန်းကြီးအသက် ၁၅ နှစ် သို့ မဟုတ် ၁၅ နှစ်ကျော်လောက်မှာ ထိုရွာဇာတိသက်ရွယ်တူ သည့်မိန်းကလေး တယောက်ကို စိတ်ဝင်စားမိပါသည်။ နေ့ စဉ် ဆွမ်းခံဝင်လာသည့်အခါတိုင်း ထိုမိန်းကလေးသည် သူ့ အိမ်ရှေ့ မှာ မတ်တပ်ရပ်နေတတ်သည်။ အရပ်အမောင်းမှာ ဘုန်းကြီးနှင့်မတိမ်းမယိမ်း..။  ရှည်လျားသော ပိတုန်းရောင်
 ကေသာကျော့ ပိုင်ရှင်…။ ဘုန်းကြီးလိုပင် မျက်နှာဝိုင်းဝိုင်း..၊ သာမန် ဆင်ဟာလီအမျိုးသမီးများထက် 
အသားအရေ ပိုလတ်သည်။ ပုလဲသွယ်ကို စီခြယ်ပမာ လွန်ညီညာသည့် ပြုံးလိုက်တိုင်းပေါ်လာတတ်သော
သွားများမှာလည်း ကောင်းခြင်းနှင့်ပြည့်စုံလှသည်။ ဘုန်းကြီးအထင် သူသည် ချောမောလှပတင့်တယ်၏။

တနေ့ ဘုန်းကြီး၏သပိတ်ထဲသို့ သူဆွမ်းလောင်းထည့်နေစဉ် နှစ်ဦးသားစကားစမြည်ပြောဖြစ်ကြသည်။ စကားမှာ တိုသည်။ အသံမှာ နှစ်ကိုယ်ကြားရုံမျှဖြစ်သည်။ ဝိနည်းစည်းကမ်းတော်နှင့် ဖြောင့်ဖြောင့်ဆန့် ကျင်သော စကားဆိုခြင်းဖြစ်သည်။

ထိုနေ့ ညနေပိုင်းတွင် ရေတွင်းသို့ ရေချိုးအသွား သူ့ အိမ်ဖက်မှကြားနိုင်အောင် ရေပုံးကို တမင်တကာ အသံ
ကျယ်ကျယ် ထုရိုက်လိုက်သည်။ ဤသည်မှာ ဘုန်းကြီးတို့ အကြား အချိန်းအချက်ပေးခြင်းဖြစ်သည်။
မကြာမီ ရေခပ်ရန် ရေတွင်းသို့ လာသည့်အမူအရာဖြင့် ရေအိုးရွက်ကာ အပြေးတပိုင်း သူရောက်လာသည်။ သူလာသည်ကိုကြည့်ပြီး ဘုန်းကြီး သည်းထိတ်ရင်ဖိုဖြစ်နေမိသည်။

ဆယ်ရက်လောက်သက်တမ်းကြာသည့်အခါ ချိန်းတွေ့ ခြင်းမှာ ဘုန်းကြီးတို့ ၏ လုပ်ရိုးလုပ်စဉ်ဖြစ်လာသည်။ ဘုန်းကြီးက ရေတွင်းမှရေပုံးကို ထုရိုက်မည်။ သူက အိမ်ရှိ ရေအိုးတလုံးကို ကောက်ဆွဲမည်။ အကယ်၍ ရေအိုးမှာ ရေအပြည့်ရှိနေလျှင် ရေကိုသွန်ပစ်မည်။ ရေတွင်းသို့ သွားရန် အကြောင်းပြရှာခြင်းဖြစ်သည်။ ဖူးသစ်ပျိုမျစ်စအရွယ်၏ ခံစားချက်များကို တယောက်နှင့်တယောက် အတူခွဲဝေမျှကြဖို့ 
ရှက်စိတ်သည်းနေကြဆဲဖြစ်သော်လည်း ပြောစရာစကားလည်း မကုန်ခမ်းနိုင်၊ နားထောင်၍လည်း မငြီးငွေ့ နိုင်ခဲ့ကြပါချေ။ တွေ့ ကြလေတိုင်း စကားပြောချိန် ရှည်လျားကြာမြင့်လေသည်ချည်းပင်…။

ဘုန်းကြီးကျောင်းသည် အကျဉ်းထောင်တခုလိုဖြစ်ကြောင်း ဘုန်းကြီးက သူ့ ကို ပြောပြသည်။ ပြီးနောက် ရွာထဲက အခြားလူများအကြောင်းကိုလည်း အတင်းပြောမိကြသည်။ သူကလည်း သူ့ အိမ်မှာနေရသည့်အကြောင်းများအား
ဘုန်းကြီးကို ပြောပြသည်။

နောက်ဆုံး ဆရာတော်ကပင် ရေတွင်းမှာ ဘုန်းကြီး ရေချိုးကြာနေခြင်း
အကြောင်းကို တွေးစရာဖြစ်လာနေ၏။ တနေ့ ဆရာတော်ကိုယ်တိုင် ရေတွင်းသို့ ကြွလာပြီး ဘုန်းကြီးကိုကြည့်ရာ စကားပြောလိုက်၊ ရယ်မောလိုက်ဖြစ်နေကြသည့် ဘုန်းကြီးတို့ 
နှစ်ယောက်ကို တွေ့ သွားလေသည်။

ဆရာတော်စိတ်ပျက်သွားမည်ကား အမှန်ပင်။ အသက်ကြီးငယ်မရွေး ဘုန်းကြီးဟူသည် မာတုဂါမနှင့် နီးနီးစပ်စပ် မနေသင့်၊ မနေထိုက်။ ဘုန်းကြီး ရေတွင်းမှာရှိနေခိုက် မာတုဂါမကလေး ရေတွင်းသို့ မလာရဟု ဆရာတော်အမိန့် 
တော်ချမှတ်လိုက်သည်။ ကျောင်းပြန်ရောက်သည့်အခါ ဘုန်းကြီးကို အလွန်ပြင်းထန်သည့်စကားလုံးများသုံးကာ ဆရာတော် ရှုတ်ချကဲ့ရဲ့သည်။ နေ့ နှောင်းပိုင်းညအချိန်ရောက်မှသာ ရေချိုးရန်လည်း အမိန့် ချမှတ်ပြန်၏။ ညအချိန်ဆိုလျှင် အချိန်လင့်ပြီဖြစ်၍ မာတုဂါမကလေး ရေတွင်းသို့ မလာလောက်ပြီဟုလည်း ဆရာတော် တွေးမိပုံ
ပေါ်သည်။

တကယ်တမ်းအားဖြင့် ညအချိန်မှာ ဘုန်းကြီးအတွက် အံကိုက်အချိန်ဖြစ်သည်။ ညနေရီအမှောင်ဖုံးသွားပြီးနောက် တူနှစ်ကိုယ်လွတ်လွတ်လပ်လပ် စကားပြောခွင့် ပိုရလာမည်။ ဘုန်းကြီးတို့ ကို မည်သူမျှလည်း မမြင်နိုင်တော့ပြီ
မှန်း ဘုန်းကြီး ကြိုသိထားပြီးဖြစ်သည်။ သို့ နှင့် "ဖော်ချင်းတွေ့ ဆုံ ချစ်ရိပ်မြုံ" အစည်းအဝေးကလေးကိုကား တက်ရောက်သူရာနှုန်းပြည့်ဖြင့် မပြတ်တမ်းဆက်ခဲ့ကြပါသည်။

နောက်တကြိမ်တွင်လည်း ဆရာတော်က ဘုန်းကြီးတို့ နှစ်ယောက်ကို ထပ်တိုက်ရင်ဆိုင်ဖမ်းမိခဲ့ပြန်သည်။ သည်တကြိမ် ဆရာတော်၏အရေးယူအပြစ်ပေးမှုမှာ ပို၍ကြမ်းတမ်းလာသည်။ သူက မာတုဂါမကလေးကို
 ရေတွင်းဆီ မည်သည့်အခါမျှ ထပ်မလာတော့ရန် နှင့် ကလေးမအပြုအမူကို မိဘများအား အသိပေးတော့မည်
 ဖြစ်ကြောင်း ပြောပါသည်။

ဘုန်းကြီး၏သူငယ်ချင်းမသည် ငိုယိုပြီး ဆရာတော့်အနေဖြင့် သူ့ မိဘများအား မတိုင်ကြားရန် တောင်းပန်သည်။ မည်သည့်အခါမျှ ရေတွင်းသို့ မသွားမလာတော့ပါဟုလည်း ကတိပေးသည်။ ဟုတ်ပါသည်။ သူ ရေတွင်းဆီ မလာတော့ပါ။ သူ့ ကို ဘုန်းကြီး မည်သည့်အခါမျှ ပြန်မတွေ့ ရတော့ပါ။

တရားဓမ္မကို နှစ်ပေါင်းများစွာလေ့လာ၊ ကိုယ်တိုင်လည်းလက်တွေ့ ကျင့်သုံးပြီးနောက် ယင်းဖြစ်ရပ်ကို ပြန်လည်
တွေးမိသည့်အခါ သက်သေခံဖြစ်ရပ်တခုအဖြစ် မြင်မိလာသည်။ ဘုန်းကြီးတို့ ငယ်ရွယ်စဉ်အခါက  အစဉ်အလာ
များကဲ့သို့ ကလေးများကို ငယ်ငယ်ကတည်းက ရှင်ရဟန်းပြုမပေးသင့်ပါ။  ကလေးငယ်များအား ပထမဦးစွာ  လောကီပညာရေးကို  သင်ပေးသင့်သည်။ လူငယ်များနှစ်သက်စွဲလမ်းသည့်အရာများဖြစ်သည့် အားကစားနည်းများ၊ သူငယ်ချင်းအသိုင်းအဝိုင်း နှင့် ပျော်ပွဲရွှင်ပွဲများ၌ ပါဝင်ပြီး

ပျော်ပျော်ရွှင်ရွှင်နေစေသင့်သည်။ ယင်းနောက် သူတို့ အရွယ်ရောက်၍ လူကြီးဖြစ်လာသည့်အခါ ရှင်ရဟန်းပြုခြင်းနှင့်ပတ်သက်ပြီး ရင့်ကျက်ခိုင်မာသော ဆုံးဖြတ်ချက် ကို ချမှတ်နိုင်ပေလိမ့်မည်။ ရှင်ရဟန်းတို့ ဘောင်သို့ ဝင်ရောက်ခြင်းသည် အလွန်အရေးကြီးသော ကတိကဝတ်ပြုမှုဖြစ်သည်။ အလွန်အမင်းငယ်ရွယ်သူတို့ သည် ရှင်ရဟန်းပြုသည်နှင့်ပတ်သက်၍ ကိုယ်ပိုင်အသိဉာဏ်ဖြင့် 

ကိုယ့်လမ်းကိုယ်ရွေးချယ်ကြဖို့ ကြိုတင်ပြင်ဆင်ထားပြီးကြပြီဟု ဘုန်းကြီး မထင်မိပါ။ ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ့်လမ်းကိုယ်ရွေးချယ်တတ်ခြင်းက တိကျပြင်းထန်ပြီးစည်းစနစ်ကြီးသော ဘုရားဥပဒေကို စိတ်ပါလက်ပါ လိုက်နာကျင့်သုံးရန်အဆင်သင့်ဖြစ်သော ရှားရှားပါးပါးလူငယ် တယောက်ဖြစ်လာပေလိမ့်မည်။

 စိတ်ဓာတ်ပိုင်းဆိုင်ရာနုပျိုတက်ကြွသူ လူငယ်များသည်  လူကြီးများထက် ဘာသာရေးကျမ်းစာကို 
လွယ်လင့်တကူ အာဂုံကျက်နိုင်စွမ်းရှိကြ၏။ အပြုအမူ၊ အနေအထိုင် ကိုယ်ရည်ကိုယ်သွေးကိုလည်း
 လိုသလိုပုံဖော်နိုင်သည်။  ရဟန်းပီပီ နေထိုင်ပြောဆိုကြံတွေးတတ်သောကြည်ညိုဘွယ်ဗဟိဒ္ဓအသွင်အပြင်
ကိုလည်း ငယ်စဉ်ကပင် အချိုးတကျ ပုံသွင်းထားပြီးဖြစ်သည်။ ဤသည်မှာ ဘုန်းကြီး၏ဇာတိနိုင်ငံ သီရိလင်္ကာတွင်
 အစဉ်အလာ ယူဆချက်ဖြစ်သည်။ ဤယူဆချက်သည် မှန်ကန်သည်ဟု ဘုန်းကြီးအနေဖြင့် ယခုအခါ မယူဆတော့ပါ။ လူလတ်ပိုင်းအရွယ်နှင့် အသက်ကြီးပိုင်းအရွယ် သို့ မဟုတ် အိမ်ထောင်ကျပြီး ၊ သားသမီးများကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့သူများမှ ရဟန်းဖြစ်လာသူများစွာကို ဘုန်းကြီးတွေ့ မြင်ခဲ့ဖူးပါသည်။ သူတို့ သည် ရဟန်းကောင်းများ ဖြစ်နိုင်ကြပါသည်။ အခြားတဖက်တွင် အရွယ်မရောက်မီကပင် ကိုရင်ဖြစ်၊ ကိုရင်မှသည် ရဟန်းဖြစ်သူများစွာကိုလည်း ဘုန်းကြီးမြင်တွေ့ ခဲ့ဖူးပါသည်။ ထိုငယ်ဖြူကိုယ်တော်များသည် ကလေးဆန်ဆန် ပြုမူပြောဆိုကြဆဲပင် ဖြစ်၏။

အမရဒီပ
ဇွန်လ ၈၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။


No comments: