Total Pageviews
Friday, May 31, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၃
ဆရာတော်အရှင်သောဏုတ္တရက ဤကျောင်းမှာ ဘုန်းကြီးပျော်သွားပါလိမ့်မည်၊ ဆရာကောင်းများထံတော်မှာ ဓမ္မစာပေသင်ယူရလိမ့်မည်ဟုပြောလျက် ချော့မော့နှစ်သိမ့်ပါသည်။ ယင်းနောက် ကွန်ကရိအခင်းပေါ်အိပ်နိုင်ရန် ဖျာစုတ်တထည် နှင့် ညစ်ပေနေသည့် ခေါင်းအုံးတလုံးပေးပါသည်။
ဘုရားကျောင်းဆောင်ထဲဝယ် လေးပေအမြင့်ရှိ ကျောက်ပြားများအပေါ်တင်ထားသော သစ်သားစင်မြင့်တခု ရှိသည်။ အလွန်အိုဟောင်း ရုပ်ဆိုးသော ရွံ့ စေးဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တဆူမှာ ဘုရားကျောင်း
ဆောင်၏  အထင်ကရအရာဖြစ်ပေသည်။ ဘုန်းကြီး မှတ်မိနေပါသည်။ ထိုဗုဒ္ဓရုပ်ပွားတော်မှာ ကြောက်မက်ဖွယ်
ကောင်းသည်။ အမျက်ဒေါသထွက်နေပုံမျက်လုံးအစုံရှိသည်။ ဘုန်းတော်ကြီးကျောင်းအများစုရှိ မြင်တွေ့ ဖူးသမျှ သပ္ပါယ်ကြည်ညိုစရာ ဗုဒ္ဓရုပ်ပွားတော်များနှင့် လားလားမျှ မဆိုင်ချေ။ ယင်းဗုဒ္ဓရုပ်ပွားတော်ကို ထုဆစ်သူမှာ မည်သူပင်ဖြစ်ဖြစ် ၊ သူ၏လက်ရာဗုဒ္ဓရုပ်ပွားတော်တွင် ဖော်ပြသင့်သော ဗုဒ္ဓဘုရား၏ ထူးခြားသော လက္ခဏာ
တော်များကို ထိုသူခမျာ လေ့လာသင်ယူခဲ့ဖူးပုံမပေါ်ချေ။
မျက်မှောင်ကြုတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ဘေးတချက်တွင် အသားပြာပြာနှင့်ဗိဿနိုးပုံရှိသည်။ ဟိန္ဒူနတ်များ
အနက် နတ်အကြီးအကဲတပါးဖြစ်သည်။ အခြားတဖက်တွင် ဟူနီယမ်နတ်မင်း၏ ပုံတူကားချပ်ရှိသည်။
ဟူနီယမ်နတ်မင်းဟူသည် သူ၏ကြမ်းကြုတ်ရက်စက်မှုကြောင့်  ယနေ့ ခေတ်အထိ ဆင်ဟာလီလူမျိုးအချို့  ယုံကြည်ကိုးကွယ်ခံရသူ နတ်ဒေဝတာတပါးဖြစ်သည်။ ရန်သူတော်များကို ရင်ဆိုင်ရေးအတွက် တန်ခိုးပါဝါများ ပေးသနားပါရန် အချို့ သူတို့  ထိုနတ်မင်းရှေ့ မှာ တိုးလျှိုးတိုင်တည်ကြသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၏ ဘုရားဆောင်တွင်  ဗိဿနိုးနှင့် ဟူနီယမ်တို့ ရောက်နေခြင်းမှာ 
ထူးဆန်းသော ရွေးချယ်မှုပင်ဖြစ်သည်။နေရာချထားမှုအချိုးမကျခြင်းလည်း  ဖြစ်လေသည်။
ဘုရားကျောင်းဆောင်မှာ နှစ်ဆယ့်နှစ်ပေအကွာ သီးခြားအဆောက်အအုံသည်ကား ညစ်ထတ်ထတ်မဲမှောင်မှောင်
အခန်းသုံးခန်းရှိသည်။ ကျောင်းထိုင်ဆရာတော်အိပ်ခန်း၊ အာဂန္တုသံဃာအခန်း နှင့် စတိုခန်းတို့ ဖြစ်သည်။ ဆွမ်းချက်ဆောင်ကို လမ်းသွယ်လေးမှသွားရသည်။ ဆွမ်းချက်ဆောင်တွင် ဆွမ်းစားရန် နေရာကျဉ်းကျဉ်းတခု ရှိသည်။ အလွန်ညစ်ပတ်သည်။ ထို့ ပြင် ဖိုခနောက်သုံးလုံးဆိုင်သစ်သားထင်းမီးဖိုတခုလည်း ရှိသည်။
ဆွမ်းချက်ဆောင်အနောက်တွင် ကျောင်းထိုင်ဆရာတော်အတွက် သီးသန့် အိမ်သာတလုံးရှိသည်။ ဘုန်းကြီးတို့ 
ကျောင်းသားများမှာ ကျောင်းခြံအနောက် ကွင်းပြင်တွင် ကိစ္စရှင်းရသည်။ ကိစ္စပြီးလျှင် ခြံနားနီးချင်းတို့ ၏ ဝက်များ ရောက်လာပြီး သန့် ရှင်းရေးလုပ်သွားကြသည်။
ပထမဘုန်းကြီးကျောင်းနေစဉ်ကကဲ့သို့  ဤကျောင်းတွင်လည်း ဘုန်းကြီး တာဝန်လုပ်ငန်းများစွာ လုပ်ရ၏။ ဆွမ်းချက်ရန် ထင်းခွဲ ၊ ရေခပ်၊ တံမြက်စည်းလှည်း၊ ဘုရားပန်းကောက်၊ ဆွမ်းချက်၊ ပန်းကန်ဆေး၊ ခွေးစာကျွေး
အလုပ်တို့ ပါတည်း။
ကျောင်းဝေယျာဝစ္စအားလပ်ခိုက် "သတက" ခေါ် "တရာ"စာအုပ်များမှ သက္ကတကဗျာများကို ကျက်မှတ်ရသည်။ ယင်းကဗျာများမှာ အများစုအားဖြင့် ဘုရားဂုဏ်ကို ဖွဲ့ ဆိုထားကြသည်။ တအုပ်ကုန်လျှင် နောက်တအုပ် ဆက်
ကျက်ရသည်။ သတကစာအုပ်များထဲကတအုပ်တွင် ဘုရားအမည် ၁ဝ၈ မျိုး ရှိပုံကိုရှင်းပြထားသည်။ အခြားတအုပ်တွင် ဘုရားဂုဏ်တော် ၉ ပါး စသည်ကို တင်ပြထားသည်။
ယင်းသက္ကတကဗျာများအား ကျောင်းသားငယ်များကို မရမကအာဂုံကျက်မှတ်စေခြင်းမှာ ရည်ရွယ်ချက် သုံးမျိုးရှိ
လိမ့်မည်။ သက္ကတအသံထွက်မှန်စေရန် ၊ ဘုရားဂုဏ်တော်များကို သိထားစေရန် နှင့် ကလေးတို့ စိတ်ထဲ ဘုရားကို ကြည်ညို ယုံကြည်စိတ်ဖြစ်ပေါ်စေရန်တို့ ဖြစ်ကြသည်။ နောက်ဆုံးအချက်မှာ အရေးအကြီးဆုံးဟု ဘုန်းကြီးထင်ပါသည်။
ညနေပိုင်း စာပြန်ချိန်တွင်  ဆရာတော်အရှင်သောဏုတ္တရက ရေနံဆီမီးအိမ်ကို မှိန်မှိန်လေးလျော့ထွန်းသည်။ အလစ်တွင် စာအုပ်ကို ခိုးကြည့်ခွင့်မသာအောင် လုပ်ခြင်းဖြစ်သည်။ စာပြန်ခိုက် အမှားပါလျှင် သို့ မဟုတ် ပြည့်ပြည့်စုံစုံ မရလျှင် ဆရာတော် စိတ်တိုပြီး ပါးရိုက်သည်။ ဆရာတော်ပါးရိုက်သည်မှာ သင်ကြားရေးမှာ အထောက်အကူပြုပစ္စည်းကို သုံးစွဲပုံနှင့် ပိုတူသည်။  ပထမဘုန်းကြီးကျောင်းနေစဉ် ဘုန်းကြီးမနေချင်အောင်လုပ်ခဲ့သော အကြမ်းပတမ်းပြုပုံမျိုးနှင့် လုံးဝမတူပါချေ။
ပုံမှန်အားဖြင့် စာဆိုစာကျက်အလုပ်များကို ဘုန်းကြီးကောင်းမွန်စွာ လုပ်ခဲ့သည်။ ဘုန်းကြီမှာ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသူ ဖြစ်ဟန်တူ၏။ ဆရာတော်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ သုံးလအတွင်းမှာပင် ဘုန်းကြီးအခြေအနေကောင်းသည်၊ ရှင်ပြုရန်အဆင်သင့်ဖြစ်နေပြီဟု ဆရာတော်က ကြေညာလိုက်သည်။
ဆရာတော်အရှင်သောဏုတ္တရသည် နက္ခတ်ဗေဒင်ဆရာတဦးနှင့် ရှင်ပြုပွဲအတွက် မင်္ဂလာအချိန်၊ ရက်တို့ ကို ရွေးချယ်ရန် တိုင်ပင်သည်။ ယင်းနောက် ဘုန်းကြီး၏မိဘများထံ စကားလူကြုံပါးသည်။ ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှလည်း သံဃာနှစ်ဆယ် ပင့်ဖိတ်သည်။
ခရိုင်အတွင်း အသက်သိက္ခာအကြီးဆုံးဆရာတော် "အရှင်အနုဂေါဓသုမနတိဿမဟာထေရ်"က ဘုန်းကြီး၏ ဥပဇ္ဈာယ်ဆရာအဖြစ်ဆောင်ရွက်ပါလိမ့်မည်။ ရှင်ပြုပွဲအကြိုနေ့ တွင် သံဃာဆွမ်းကပ် ရေးအတွက် ပြင်ဆင်
ကြမည့် မလံဒေနီယရွာသားများရောက်လာကြရာ ဘုန်းတော်ကြီးကျောင်းသည် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။
ဖခင် ၊ ယောက်ဖ နှင့် ချစ်ကိုကြီး ရမ်ဘဏ္ဍအပါအဝင် ဘုန်းကြီး၏ဆွေမျိုးများ ပွဲနေ့ အတွက် ရောက်လာကြသည်။ မိခင်မှာ ကျောကုန်းအနာဒဏ်ကြောင့် ခရီးဝေးမသွားနိုင်။ မလာနိုင်သည့်အတွက် စိတ်ထိခိုက်နေကြောင်း ဖခင်က ဘုန်းကြီးကို ပြောပါသည်။ ဘုန်းကြီး စိတ်မကောင်းကြီးစွာ ဖြစ်မိပါသည်။
နံနက်ဆယ်နာရီတွင် ပရိသတ်အားလုံး အနံဆယ်ပေ အလျားပေလေးဆယ်ကျယ်သည့် သံဃာဆောင်အဝင်ဝမှာ စုဝေးလိုက်ကြသည်။ ပုံမှန်အားဖြင့် အခမ်းအနားများကို ဘုရားကျောင်းဆောင်မှာ ကျင်းပမြဲဖြစ်သည်။ သို့ သော် ပရိသတ်များပြားလွန်းသောကြောင့် ဆရာတော်က ကျယ်ကျယ်ဝန်းဝန်းရှိမည့်နေရာမှာကျင်းပရန် ဆုံးဖြတ်လိုက်
ခြင်းဖြစ်သည်။
အင်္ကျီလုံချည်အဖြူရောင်ဆင်တူကို ဘုန်းကြီးဝတ်ဆင်သည်။ ဖခင်နှင့်အတူ သံဃာတော်များရှေ့ သို့ လျှောက်
သွားရသည်။ သံဃာတော်များမှာ လူပရိသတ်ကို မျက်နှာပြု၍ ဘုရားရှင်သီတင်းသုံးရာယာယီပလ္လင်နှင့်ကပ်ရက် ကြမ်းပြင်မှာ ထိုင်နေကြ၏။
ဘုန်းကြီးသည် သက်တော်ဝါတော်အကြီးဆုံးဆရာတော် အရှင်သုမနတိဿရှေ့ မှာ ဒူးထောက်ပြီး သုံးကြိမ်ဦး
တိုက်ရှိခိုးပါသည်။ ဆရာတော်က သာမဏေပြုရေးအတွက် ဖခင်ထံမှခွင့်ပြုချက်တောင်းခံရန် ဘုန်းကြီးကို ညွန်ကြားသည်။ သို့ နှင့် ဘုန်းကြီးက ဖခင်ရှေ့ မှာ ဒူးထောက်ပြီး ခွင့်တောင်းစာကို သုံးကြိမ်သုံးခါ ဆိုရသည်။ တကြိမ်ဆိုပြီးတိုင်း တကြိမ်ဦးချသည်။ အကြိမ်တိုင်း ရိုသေမှုကိုပြသသည့်အနေဖြင့် ဖခင်၏ခြေထောက်ကို နဖူးဖြင့် ထိရသည်။ ဘုန်းကြီးကိုငုံ့ ကြည့်နေသည့် ဖခင်၏တည်ကြည်သောမျက်နှာကို ဘုန်းကြီးမှတ်မိနေဆဲဖြစ်ပါ၏။
သံဃာတော်များထံသို့ ပြန်လာသောအခါ ဆရာတော်အရှင်သုမနတိဿက "ဆံပင်၊ မွှေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ"ဟူသော "တစပဉ္စကကမ္မဋ္ဌာန်း" ပွားများပုံကိုလိုက်ဆိုစေပြီး ကပ်ကျေးဖြင့် ဘုန်းကြီး၏ ဆံပင်အနည်းငယ်ကို "စတိသဘော" ဖြတ်လိုက်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပထမဦးစွာသော
ကမ္မဋ္ဌာန်းအာရုံဖြစ်ကြပေသည်။ ဗုဒ္ဓရှင်တော်၏ မဟာသတိပဋ္ဌာန်သုတ်၊ ကာယာနုပဿနာရှုပုံအပိုင်းမှာလာသည့်
ကမ္မဋ္ဌာန်းဖြစ်ပြီး ပြုသစ်စရှင်သာမဏေများကို ပေးရသော အစဉ်အလာလုပ်ငန်းကျင့်စဉ်လည်းဖြစ်သည်။
သော့ချက်ကျသည့်တရားတော်များအနက် တခုဖြစ်သည့် မဟာသတိပဋ္ဌာန်သုတ္တန်တွင် ရှုမှတ်ရမည့်ကမ္မဋ္ဌာန်းအာ
ရုံလေးမျိုးကို ဗုဒ္ဓဘုရားဟောညွှန်ပြထားသည်။ ယင်းလေးမျိုးမှာ ခန္ဓာကိုယ်၊ ခံစားမှု၊ စိတ်အခြင်းအရာနှင့် သဘောတရားတို့ ပင် ဖြစ်ကြသည်။
သတိပဋ္ဌာန်အာရုံလေးပါးကို အားသွန်ခွန်စိုက်ကာ၊  ၊ မနားမရပ်ကြားမပြတ်ဘဲ၊ သေချာရှင်းလင်းသော သတိဖြင့် ရှုမှတ်မည်ဆိုလျှင် ထိုအာရုံလေးမျိုးမှာ အလျဉ်မပြတ်စီးဆင်းနေသည်ကို စတင်တွေ့ မြင်ရမည်ဖြစ်၏။ တခဏပြီး တခဏပြောင်းလဲနေခြင်း၊ ယင်းတခဏတာတွေ့ ကြုံရမှုအတွင်း မည်သည့်ငြိကပ်တွယ်တာစရာမျှ မချန်ထားရစ်
ခြင်းတို့ ဖြင့် သတိပဋ္ဌာန်အာရုံလေးပါးတို့  ရွှေ့ လျားနေသည်။ စီးဆင်းနေသည်။ အပြောင်းအလဲ အတက်အကျ ဖြစ်နေသော ဤလေးမျိုးကို မပြတ်စောင့်ကြည့်နေခြင်းဖြင့် ကိုယ်ပိုင်ဖြစ်တည်နေမှုအတွင်းမှာပင် အရာအားလုံးအတည်အမြဲရှိမှုကင်းနေကြောင်း ရှင်းလင်းစွာ မြင်တွေ့ ရပေမည်။
ထို့ အပြင် မိမိ ၊ သူတပါး နှစ်ဦးသားအကြားတွင် ကွဲပြားခြားနားချက်ဟူသည်ရှိမနေကြောင်း နားလည်လာသည်။ တဦးစီဖြစ်စေ၊ လူတိုင်းဖြစ်စေ ကိုယ် ၊ ခံစားမှု ၊ စိတ် ၊သဘောတရား တို့  ပေါင်းစုတည်ဆောက်ထားသော အရာ
တခုသာ ဖြစ်သည်။ ဤသည်ကို နားလည်သောအခါ သူတပါးအပေါ် သဘောထားကြီးသူဖြစ်လာသည်။ မနာလိုခြင်း၊ ခွဲခြားလိုခြင်းများ တဖြည်းဖြည်း ကင်းစင်ပြီး ကရုဏာနှင့် မေတ္တာတရားများကို အစားထိုးတတ်လာ
သည်။
သို့ သော် ရှင်ပြုဆဲ ၁၂ နှစ်သားကောင်လေးတယောက်အတွက် ရှင်သာမဏေတိုင်းသင်ယူရသည့် ကမ္မဋ္ဌာန်း
သင်ခန်းစာ ပထမနေ့ တွင်ကား ထိုအရာများမှာ အလှမ်းဝေးသော ပန်းတိုင်များသာဖြစ်နေချေ၏။ သိက္ခာဝါတော်
ရင့်သည့် ရဟန်းတော်များသည်ကား သတိပဋ္ဌာန်လေးပါးစုံလင်အောင် ရှင်သာမဏေတပါးကို ကောင်းမွန်သေချာ
စွာ ညွှန်ကြားပြသနိုင်ပေလိမ့်မည်။ သို့ သော် ထိုရဟန်းတော်များသည် အမြဲလိုပင် ခန္ဓာကိုယ်ကမ္မဋ္ဌာန်းကို
 ရွေးချယ်တတ်ကြသည်။ အကြောင်းရင်းမှာ သင်ယူလေ့ကျင့်ခါစယောဂီများအတွက် နားလည်ရလွယ်ကူသော
ကြောင့်ဖြစ်သည်။ အကြမ်းဖျင်းပြောရလျှင် ခန္ဓာကိုယ်သည် လောဘကိုထုတ်လုပ်၊ နာကျင်မှုကို ဖန်တီး၊ မာန်တက်တတ်သော သဘာဝတို့ ၏ မှီတည်ရာဖြစ်၏။ ဥပဇ္ဈာယ်ဆရာတော်၏ရှေ့ တော်မှောက်ဝယ်ဒူးထောက်
နေစဉ် ဘုန်းကြီးသည် နောင်အခါလေ့လာဦးမည့် ပထမသတိပဋ္ဌာန်အာရုံနှင့်ပတ်သက်ပြီး မပီပြင်ဝိုးတဝါးစိတ်ကူး
တခုမျှကိုသာ ရခဲ့ပါသည်။
ဥပဇ္ဈာယ်ဆရာတော်က ဆံပင်အခွေကို ဘုန်းကြီး၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ ဤအခြင်းအရာသည်
ကား ရဟန်းငယ်တပါးပါးသည် ဘုန်းကြီးထံလာပြီး ခေါင်းရိတ်ကိစ္စကို အပြီးအစီးဆက်လုပ်ရန် အချက်ပြခြင်း
 ဖြစ်သည်။
ရဟန်း သို့ မဟုတ် သာမဏေတပါးအတွက် လူ့ အဆောင်အယောင်နှင့် လောကီသံယောဇဉ်ကို စွန့် လွှတ်သည့်
အထိမ်းအမှတ်ဖြစ်သည့် ခေါင်းရိတ်အခမ်းအနားကို  ပရိသတ်နှင့်ဝေးရာ သီးခြားတနေရာမှာ ပြီးစေလိုက်သည်။
ခေါင်းရိတ်ပြီးနောက် ဆွမ်းချက်ဆောင်နောက်ဘက်ရှိရေတွင်းမှာ ရေချိုးသည်။ ပြီးနောက် အဖြူရောင်အဝတ်ကို
 ပြန်ဝတ်ရပြန်သည်။
ခန်းမတွင်းသို့ ဘုန်းကြီးပြန်ဝင်လာသောအခါ သင်္ကန်းခေါက်အထုပ်ကို ဦးခေါင်းပေါ်ထမ်းရွက်လာရသည်။ ဥပဇ္ဈယ်ဆရာတော်ရှေ့ မှာ ဘုန်းကြီး ဒူးထောက်လိုက်သည်။ ပါဠိဘာသာဖြင့် "အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်းအကျိုးငှါ တပည့်တော်၏လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ သပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေပြုပေးတော်မူပါဘုရား"ဟု လျှောက်ထားရသည်။ ပြီးနောက် ဦးသုံးကြိမ်ချရှိခိုးသည်။
ယင်းနောက် ဆရာတော်အရှင်သုမနတိဿ က ဘုန်းကြီးကို သရဏဂုံသုံးပါးနှင့် ဆယ်ပါးသီလသိက္ခာပုဒ်ကို တိုင်ပေးသည်။ ဘုန်းကြီးက လိုက်ဆိုရသည်။
"ဗုဒၶံ သရဏံ ဂစ ၦာမိ"
"ဓမၼံ သရဏံ ဂစ ၦာမိ"
"သံဃံ သရဏံ ဂစ ၦာမိ"
(ဒုတိယမၸိ …………။ တတိယမၸိ……..။)
(မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။
မြတ်စွာဘုရား၏တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။
မြတ်စွာဘုရား၏တပည့်သားသံဃာတော်မြတ်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။)
(နှစ်ကြိမ်မြောက်လည်း……။ သုံးကြိမ်မြောက်လည်း….။)
"သတ္တဝါ၏အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏"
"မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏"
"မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏"
"မွန်းလွဲသောအခါမှစ၍ နောက်တနေ့ အရုဏ်မတက်မီအတွင်း စားဖွယ်သောက်ဖွယ်ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"သာသနာတော်နှင့်မလျော်ဆန့် ကျင် ငြောင့်တံကျင်သဖွယ်ဖြစ်သော ကခြင်း ၊သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ ကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"ပန်းပန်ခြင်း၊ အမွှေးနံ့ သာလိမ်းကျံရှုရှိုက်ခြင်း၊ နံ့ သာမှုန့် အရောင်တင်ဆီတို့ ဖြင့် တင့်တယ်ပြေပြစ်အောင် ဖို့ 
သိပ်ခြယ်သခြင်းမှ ရှောင်ကြဉ်ပါ၏"
"တတောင့်ထွာထက်ပို၍မြင့်သော အိပ်ရာနေရာ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ရာနေရာတို့ ၌ နေထိုင်အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"ရွှေ ငွေဒင်္ဂါး အကြွေ ငွေစက္ကူတို့ ကို ကိုင်ခံခြင်းမှ ရှောင်ကြဉ်ပါ၏"
သရဏဂုံနှင့် ဆယ်ပါးသီလများရွတ်ဆိုပြီးနောက် ဥပဇ္ဈာယ်ဆရာတော်အား ထုံးတမ်းစဉ်လာပန်ကြားချက်
တရပ်ကို လျှောက်ထားရသည်။
"ဆရာတော်အရှင်သူမြတ်ဘုရား….၊ တပည့်တော်ရရှိသော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်နုမော် သာဓုခေါ်တော်မူပါ။ အရှင်ဘုရားရရှိသော ကုသိုလ်ကောင်းမှုကိုလည်း တပည့်တော်အား ဝမ်းမြောက်နုမော် သာဓုခေါ်ခွင့်ပြုတော်မူပါ…..။"
ယင်းနောက် ဥပဇ္ဈာယ်ဆရာတော်နှင့် အခြားသံဃာတော်များကို သုံးကြိမ်ရှိခိုးအရိုအသေပြုပါသည်။
နောက်ဆုံးတွင် ဆရာတော်အရှင်သုမနတိဿအရှင်သူမြတ်က ဘုန်းကြီး၏အမည်သစ်ကို ကြေညာလိုက်၏။
ဂုဏရတန…….၊ သီလသမာဓိပညာတည်းဟူသော ရတနာ….ဟူသည်တည်း။
ယခု ဘုန်းကြီး ရှင်သာမဏေ (သိုမဟုတ်) ကိုရင်တပါးဖြစ်ပြီ….။
ဘုန်းကြီးကို နေရာထိုင်ခင်းလေးတခု ပေးကြသည်။ ရဟန်းတော်များအကြားမှာ ထိုင်ရသည်။ သို့ သော် နီးနီးကပ်
ကပ်မဟုတ်ပါ။ ဘုန်းကြီးထိုင်လိုက်စဉ် လူအနည်းငယ်ကတန်းစီလျှက် တဦးချင်းစီဘုန်းကြီးရှေ့ ရောက်လာသည်။ ဦးချသည်။ လှူဖွယ်ပစ္စည်းအနည်းငယ်ကိုလည်း ဘုန်းကြီးရှေ့ မှာ ချထားကြသည်။ အလှူပစ္စည်းများမှာ မျက်နှာသုတ်ပုဝါများ၊  ဆပ်ပြာခဲများနှင့်  ထီးတလက်တို့ ဖြစ်ကြပေသည်။ ထီးမှာ ရိုးရှင်းလှသော ဘုန်းကြီး၏ ဘဝသစ်တွင် အလွန်တရာ အသုံးတည့်သော အသုံးအဆောင်တခုဖြစ်လာသည်။
ရှင်ပြုပွဲနေ့ အလှူဆွမ်းမှာ တန်ဖိုးကြီးမားသောအစားအစာဖြစ်သည်။ ကြမ်းပြင်ပေါ်ထိုင်ကာ အခြား
ရဟန်းတော်များနှင့် ဘုန်းကြီးဆွမ်းစားရသည်။ လူဝတ်ကြောင်များဘုန်းကြီးကျောင်းမှာ ကပ်လှူသော ဆွမ်းသည် ဘုန်းကြီးကျောင်းအတွက်ပင်ဖြစ်ကြောင်း ဖော်ပြပါသည်။ ဤအစားအသောက်မျိုးကို ရှေးယခင်က ဘုန်းကြီး
စားသောက်ခွင့် မရခဲ့ဖူးပါ။ စားသောက်ရသည်မှာ မြိန်မြိန်ယှက်ယှက်ရှိလှပါပေသည်။
ရှင်ပြုပွဲနေ့ သည် ဘုန်းကြီးဘဝမှာ ထိပ်တန်းအကျဆုံးတနေ့ ဖြစ်ပါသည်။ တခုမှလွဲ၍ အရာရာပြည့်စုံနေ၏။ မပြည့်စုံသောအရာတခုမှာ ချစ်လှစွာသောမိခင်ကြီးအလှူပွဲမှာ ရှိမနေခြင်းပါတည်း။ မိခင်ကို ဘုန်းကြီး ရင်နင့်မိလုမတတ် လွမ်းဆွတ်မိပါသည်။
ရက်သတ္တနှစ်ပတ်လွန်ပြီးနောက် ဘုန်းကြီး မိခင်ကို သွားရောက်တွေ့ ဆုံပါသည်။ ဦးပြည်းရှိမ်းရှိမ်း..၊ လိမ္မော်ရင့်ရောင်သင်္ကန်းဝတ်နှင့် သူ၏သားအငယ်ဆုံးကို တွေ့ ရသည့်အတွက် အတိုင်းထက်အလွန် မိခင်ပျော်ရွှင်
ဤအခြင်းအရာသည် ဘုန်းကြီးအိမ်မှထွက်ခွါသည့်နေ့ က မိခင်ကို ရှိခိုးဦးချသည်နှင့် ပြောင်းပြန်ဖြစ်နေသည်။
 ယခု မိခင်သည် ဘုန်းကြီးကို အရိုအသေပေးနေ၏။ သား နှင့် မိခင်နှစ်ဦးလုံးအတွက် စွမ်းအားပြည့်လှသော ၊ လှုပ်ရှားနေသော အခိုက်အတန့် ပါတည်း။
"ကိုရင်လေး…..၊ ဘယ်တော့မှ လူမထွက်နဲ့ တော့နော်…၊ ဘုန်းကြီးဘဝဟာ ကိုရင့်အတွက်
အကောင်းဆုံးပဲ၊ ဘုန်းကြီးဘဝဟာ လွတ်မြောက်တဲ့ဘဝပဲ….၊ လူဝတ်လဲဖို့ ဘယ်တော့မှ မစဉ်းစားနဲ့ တော့….။"
မျက်လုံးအိမ်တွင် မျက်ရည်ပြည့်လျက် မိခင်ကပြောရှာပါသည်။
ထိုနေ့ မှသည် အခါအခွင့်သင့်၍ အိမ်သို့ ဘုန်းကြီးရောက်တိုင်း ဤသို့ ဤပုံ ဤစကားကို ထပ်တလဲလဲပြောပါသည်။
"ငါ့သား….ဘယ်တော့မှ လူမထွက်နဲ့ နော်……"
အမရဒီပ
မေလ ၃၁၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
No comments: