Total Pageviews
Thursday, May 23, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၇
အကြောင်းရင်းရှာရခက်သည့် ကြက်မျက်သင့်ရောဂါဒဏ်ကို ဘုန်းကြီးအလူးအလဲခံရပြီးနောက် နောက်တနှစ်မှာ
ဘဝတခုလုံးပြောင်းလဲသွားစေသည့် မတော်တဆမှုတခုကို မိခင်ကြီးကြုံရလေ၏။
တနေ့ …
မိခင်ကြီး အပင်ပေါ်တက်ကာ ကိုကာသီးခူးသည်။ ဤအလုပ်ကိုလည်း မကြာခဏလုပ်နေကြဖြစ်၏။ ကိုကာသီးကို ခွဲကာ အထဲက အသားပြည့်နေသည့်  သစ်ကြားသီးအရွယ် ကိုကာစေ့ကို ထုတ်၊ ပြီးတော့ နေခြောက်လှန်းသည်။ ကိုကာစေ့များကို ဖခင်ကြီးက ဈေးမှာ တပေါင်လျှင် ၁-နီကယ် (ငါးပြားစေ့ ၅ စေ့နှင့်တန်ဖိုးညီသော အမေရိကန်
နိုင်ငံသုံးအကြွေစေ့) လောက်နှင့် ရောင်းချသည်။  
ကိုကာစေ့အခြောက်သည် အလွန်ချိုမြ၏။ ကိုကာစေ့ခြောက်ကို ကိုကာမှုန့် အဖြစ်ထုတ်လုပ်ပါသည်။ ယင်းနေ့ က မိခင်ကြီး၏လုပ်ရိုးလုပ်စဉ်အလုပ်မှာ ဖြစ်ရပ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သစ်ပင်အမြင့်ပေါ်ရောက်နေခိုက် သစ်ကိုင်းကျိုးကာ လူပါပြုတ်ကျသည်။ မိခင်၏အော်သံကို ဘုန်းကြီးကြားသည်နှင့် အပြေးရောက်သွားသောအခါ
မြေပြင်ပေါ် ပက်လက်ကလေးသတိမေ့နေသည်ကို တွေ့ ရ၏။ အမနှစ်ယောက်လည်း ထပ်ရောက်လာကြသည်။
မိခင်ကြီးကို တွေ့ သောအခါ သူတို့ ငိုကြွေးကြလေသည်။
အမနှစ်ယောက်ငိုသံကို အိမ်နီးချင်းတို့ ကြားသွားပုံရသည်။ သူတို့ ရောက်လာကာ မိခင်ကြီးကို တတ်အားသမျှ
 ပြုစုကြသည်။ သူသတိရလာသောအခါ အိမ်နီးချင်းတဦးက ရိုးရာအားဆေးတခွက်ပေးသည်။ ယင်းဆေးမှာ ကြက်ဥအနှစ်ရောမွှေထားသော ဘရန်ဒီအရက်တခွက်ဖြစ်၏။ မိခင်က ယင်းဆေးခွက်ကို သောက်ရန်ငြင်းပါသည်
။ သူ့ ဘဝတလျှောက်လုံး အရက်သောက်ခြင်းကိုတားမြစ်ချက်အပါအဝင် ၅ ပါးသီလကို လိုက်နာလာသည်။ ဘရန်ဒီအရက်က နာကျင်မှုကို သက်သာလျော့ပါးစေသည်ဆိုသော်ငြား သီလစည်းကမ်းကိုလည်း သူက မချိုးဖျက်လိုပေ။
လယ်ကွင်းထဲအလုပ်လုပ်သည့် ဖခင်ကို တယောက်ယောက်က ပြေးခေါ်သည်။ တဖန် ဖခင်ကြီးက ရွာဆေးဆရာ
ကို ပြေးပင့်သည်။
မိခင်အားအိမ်ပြန်သယ်ဖို့ အားလုံးဝိုင်းကူကြသည်။ ကျောကုန်းမှာ အလွန်နာကျင်နေသည်။ လမ်းပင် မလျှောက်
စီလုံကျွန်းရှိရွာတိုင်းရွာတိုင်းမှာ ဘုန်းတော်ကြီးနှင့် ဆေးဆရာရှိရသည်။ သူတို့ နှစ်ဦးမှာ အတူလက်တွဲပြီး အလုပ်လုပ်ကြပေသည်။ ဆေးဆရာသည် သူ၏ဗိန္ဒောဆေးတဖုံဖုံကို မဖော်စပ်ခင် သူ့ အိမ်ရှိ ဘုရားစင်ရှေ့ မှာ ဘုရားစာရွတ်ဖတ်သည်။ ဆေးကုပေးခြင်းအတွက် အခကြေးငွေမတောင်းခံပါ။ သို့ သော် ရွာသားတွေက သူ့ ကို 
ဟင်းသီးဟင်းရွက်၊ အုန်းသီး၊ ဟင်းခပ်ပစ္စည်း၊ လက်ဖက်ခြောက်နှင့် ကွမ်းသီးလက်ဆောင်များ တုံ့ ပြန်ပေးအပ်ကြ
သည်။ ဆေးဆရာသည် ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်လျှင် သူ့ ဆေးမှာ အစွမ်းးထက်သည်ဟုယုံကြည်
ကြသည်။ သို့ ဖြစ်လေရာ သူ၏ဆေးအစွမ်းထက်မှုမှာ ဖြူစင်သန့် ရှင်းသော ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်-မဖြစ် အပေါ် မူတည်နေပါ၏။
ရွာတိုင်း ရွာသူကြီးခန့် ထားသည့် ဒေသန္တရအစိုးရအုပ်ချုပ်ရေးစနစ်ကို ဗြိတိသျှတို့ ပြဌာန်းပြီးသည်နောက်မှာ
လည်း ရွာဆေးဆရာနှင့် ကျောင်းထိုင်ဘုန်းတော်ကြီးတို့ မှာ သြဇာအာဏာကြီးဆဲပင်ဖြစ်လေသည်။ ရာဇဝတ်မှုကို 
အပြစ်ပေးရန်၊ အငြင်းပွားမှုကို ဖြေရှင်းရန် ဆုံးဖြတ်ချက်မချခင် ရွာသူကြီးသည် ဆေးဆရာနှင့် ကျောင်းထိုင်ဆရာ
တော်ကို တိုင်ပင်ဆွေးနွေးရလေသည်။
သစ်ပင်ပေါ်မှပြုတ်ကျပြီးရက်ပေါင်းများစွာကြာသွားသော်လည်း မိခင်ကြီးအခြေအနေ ကောင်းမလာခဲ့ပါ။
 ခြေထောက်မလှုပ်နိုင်၊ မတ်တပ်မရပ်နိုင်ဖြစ်နေ၏။ နာကျင်လွန်းလို့ ညဉ်းတွားနေရသည်။ ဆန်ပြုတ်နည်းနည်း၊ လိမ္မော်ရည်နည်းနည်းသောက်နိုင်သည်မှအပ အခြားအစားအသောက် မဝင်…။ သူ့ အတွက် ဆေးဝါးကုသမှု 
ပိုမိုလိုအပ်သည်မှာ သိသာထင်ရှားလွန်း၏။ သို့ သော် ဘုန်းကြီး၏ မိဘများသည် ဆေးရုံဆေးခန်းကို 
အယုံအကြည်မရှိကြချေ….။
ဟေနေပေါလရွာနှင့် မိုင် ၃ဝ ကျော်ဝေးသည့် သူ့ ဇာတိရွာ မိဘများထံ ပြန်လိုကြောင်း မိခင်က ပြောပါသည်။ ခရီးဝေးလွန်းသော်လည်း သူ့ ဇာတိရွာ၏ ဆေးဆရာမှာ "ဆေးလိုက်"သည်၊ ကလေးဘဝနေခဲ့သည့်နေရာကို ပြန်ရောက်သွားလျှင် အခြေအနေ ပိုကောင်းနိုင်မည်ဟုလည်း သူကပြောသည်။ သို့ နှင့် ဖခင် နှင့် လူကြီး
တချို့ သည် မိခင်ကို ထမ်းစင်ပေါ်တင်ကာ အနီးဆုံးမြို့ သို့ သယ်ဆောင်ကြ၏။ ယင်းမြို့ တွင် ကားငှါးပြီး မိခင်၏ဇာတိရွာ သို့ ဆက်သွားသည်။
သူတို့ ခရီးစဉ်အတွင်း ဘုန်းကြီးတို့ ကလေးတစုကို ပစ်ထားခဲ့ရသည်။ ထိုစဉ်က အသက် ၁၈ နှစ်အရွယ် ဒုတိယအမကြီးကပင် ဘုန်းကြီးတို့ အငယ်တွေအတွက် ချက်ပြုတ်ပေးသည်၊ ထိန်းကျောင်းစောင့်ရှောက်သည်။
ရက်အနည်းငယ်အကြာ မိခင်မပါဘဲ ဖခင်ကြီးတယောက်တည်း အိမ်ပြန်လာသည်။ 
မိခင်က သူ့ မိဘအိမ်မှာ ပြန်လည်ကျန်းမာသည်အထိ ကျန်ရစ်ခဲ့သည်။ သို့ သော် ဘယ်အခါမျှ လုံးဝပြန်မကောင်းလာတော့ချေ။  နောက်ဆုံး လပေါင်းများစွာ ကြာမြင့်သွားသည်။ မိခင်ကြီး အိမ်ပြန်လာခဲ့ပါသည်။
 နောက်ကျောမှာ ခုံးခုံးမောက်မောက်ဖြစ်နေပြီး ဂျိုင်းထောက်ကို အားပြုနေရ၏။ ညာဘက်ခြေထောက်ကို လုံးဝမကွေးနိုင်တော့ပြီ။
ထို့ ပြင် အနီးဆုံးခရီးဖြစ်သည့် ဘုန်းတော်ကြီးကျောင်းသို့ ပင် လမ်းမလျှောက်နိုင်တော့ချေ…..။
အမရဒီပ
မေလ ၂၃ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
No comments: