Total Pageviews
Monday, May 20, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၎
ဘုန်းကြီး၏ခမည်းတော်မှာ လယ်မြေဧကအတော်များများအမွေရထားသူဖြစ်၏။ ရာဘာစိုက်ခင်းတဧက၊ 
လက်ဘက်ခင်းက တဧကခွဲ၊ လယ်တဧကနှင့် အိမ်ဆောက်ထားသည့် မြေနေရာတို့ မှာ အမွေရမြေဖြစ်သည်။
စပါး၊ လက်ဘက်ခင်း၊ ရာဘာခင်းတို့ အပြင် ဥယျာဉ်စိုက်ပျိုးခြင်းမှာလည်း သူက ဝါသနာအိုး…။
အိမ်တဝိုက်ကွက်လပ်နေရာများတွင် စက္ကူပန်း၊ ခေါင်ရမ်းပန်းပင်တွေ စိုက်ပျိုးထားသည်။ အိမ်ဘေးနားတွင် စံပယ်ပန်းရုံနှင့် နှင်းဆီပင်ရောနှောစိုက်ထားသည့် စည်းရိုးတန်းရှိ၏။ ယင်းစည်းရိုးကို သူက ဓားကြီးတချောင်းနှင့် 
သပ်ရပ်ညီညာစွာ “တိ“ပေးသည်။
ကန်စွန်းဥပင်၊ ပီလောပီနံ ၊ ပဲ၊ ခရမ်းပင်၊ကြက်ဟင်းခါးပင်၊ ဂေါ်ဖီ၊ ကော်ဖီပင်တို့ လို ငွေစပေါ်နိုင်
သည့် အပင်မျိုးများစွာကိုလည်း သူစိုက်ပျိုးသည်။ သို့ သော်… အိမ်အနီး စားပင်သီးပင်
အများအပြားစိုက်ပျိုးထားသော် လည်း မိသားစုကို လောက်လောက်ငှငှကျွေးမွေးနိုင်သည်ဟူ၍ ဘယ်သောအခါမျှမရှိခဲ့ပါချေ…။
ဘုန်းကြီးတို့ မိသားသည် ကျွဲ နှစ်ကောင်ကိုလည်း ပိုင်ဆိုင်သည်။ သည်ကျွဲများကို ဖခင်လယ်ထွန်သည့်အခါ သုံးသည်။ 
ကျွဲများကို လယ်ထွက်၊ ခြံထွက်သီးနှံများ ကျွေးမွေးစရာမလိုအပ်ခြင်းမှာ ကံကောင်းခြင်းတရပ်ပေ။
ကျွဲတွေသည် မြက် သို့ မဟုတ် ဆူးပင်နှင့် ပိန္နဲသီးအခွံကို စားကြ၏။
ဖခင်သည် ခြံထွက်သီးနှံများကို ငါးခြောက်၊ ဟင်းခတ်အမွှေးအကြိုင်၊ သကြား၊ ဆား၊ ရေနံဆီ နှင့် ကိုယ်တိုင်
မထုတ်လုပ်နိုင်သော ပစ္စည်းများဝယ်ယူရေးအတွက် ရောင်းချသည်။ ကုန်ရောင်းကုန်ဝယ်လုပ်ရန် ၃ မိုင်ခန့် ဝေးသည့် “ဂလဂေဒရမြို့ “သို့ လမ်းလျှောက်ရသည်။ ယင်းမြို့ တွင် မွတ်ဆလင်ဆိုင်၊ ဟိန္ဒူဘာသာဝင် တမီး(လ်) ဆိုင်တွေ ရှိသည်။ ပစ္စည်းမျိုးစုံမှာ အချိန်တိုအတွင်းပြတ်လပ်တတ်ရာ သူလိုချင်တာကိုမရသည်နှင့် ကြုံရသည်ကလည်း မကြာခဏဖြစ်တတ်သည်။
မွတ်သိပ်ဆာလောင်နေကြသည့် ကလေး ၇ ယောက်ကို ကျွေးမွေးရေးအတွက် ဖခင်သည် အိမ်နီးချင်းများထံ လက်သမားဆရာလည်း လုပ်လိုက်သေး၏။ ထိုသူတို့ က ဖခင်ကို ရံဖန်ရံခါလောက်သာ ပေးကမ်းနိုင်သည်မှာ
လည်း ကံမကောင်းခြင်းပင်…။ ငွေရေးကြေးရေးအတွက် သောကမပြတ်ဖိစီးခြင်းက သူ့ ကို ဒေါသထန်သူ
ဖြစ်လာအောင် လုပ်လိုက်ဟန်ရသည်။ သူသည် တင်းကြပ်သော “ဦးစည်းကမ်းကြီး“ တယောက်ဖြစ်လာသည်။ 
သူက အိမ်ခေါင်မိုးမှာ ဒုတ်တချောင်းညှပ်ထားသည်။ မဆိုစလောက်အမှားလေးတခုအတွက် ဘုန်းကြီးတို့ အပေါ်
 ပြင်းထန်စွာ အပြစ်ပေးဖို့ ဝန်လေးခဲ့သူမဟုတ်။ သူ့ အော်သံမှာ ကြောက်မက်ဖွယ်အလွန်ကောင်းသည်။ ဘုန်းကြီးတို့ သည် သူ့ အော်သံကိုကြားရလျှင် ကျောချမ်းလာတတ်သည်။ အကို ရမ်ဘဏ္ဍ နှင့် ဘုန်းကြီးတို့  ၂ ဦးမှာ သည်အော်သံနှင့် သည်တုတ်အကြောင်း နောကြေအောင် သိသူများဖြစ်ကြသည်။ ဘုန်းကြီးတို့  ၂ ဦးမှာ လူရွှတ်လူနောက်ကလေးတွေ
 ဖြစ်ခဲ့ကြသည်ကိုး…..။
ဘုန်းကြီးတို့  ၂ ယောက်၏ ကနဦးကမြင်းကြောထမှုတခုမှာ နွားနှင့် ငှက်များကို ခဲနှင့်ထုခြင်းဖြစ်သည်။ တနေ့ ..
ခွေးသားပေါက်မကြီးတကောင်ကို မြင်ကြရာ အကိုက ခဲလုံးတွေ တပွေ့ တပိုက်ကောက်သည်။ ဘုန်းကြီးကိုလည်း နီးစပ်ရာအပင်တပင်ဆီတက်နေဖို့ ပြောသည်။ သူ့ စိတ်ကူးမှာ ညီအကို ၂ ယောက် သစ်ပင်ပေါ်မှာ အပီအပြင်
နေရာယူပြီးပါက ခွေးမကြီးကို “စ“ရန် ဖြစ်သည်။ ဘုန်းကြီးအရွယ်လောက်အတွက် သစ်ပင်မြင့်လွန်းသည်၊ မတက်နိုင်..ဟု ရမ်ဘဏ္ဍကို ဘုန်းကြီးပြောပါသည်။
“သွားမလုပ်နဲ့ ဦးနော်၊ ခွေးမကြီး ငါ့ကိုကိုက်လိမ့်မယ်“
ဘုန်းကြီးသူ့ ကို တောင်းတောင်းပန်ပန် ပြောသေးသည်။ သို့ သော် သူက ခွေးမကြီးဆီသာ အာရုံရောက်နေချေ၏
။ သူသည် သစ်ပင်ပေါ် လွှားကနဲ ခုန်တက်ပြီးနောက် ခွေးမကြီးအပေါ် ခဲမိုးရွာချလေတော့၏။ အမြန်ပြေးနှုန်းဖြင့် ဘုန်းကြီးပြေးပါသည်။ သို့ သော် ခွေးမကြီးက ဘုန်းကြီးထက်ပိုမြန်သည်။ ဘုန်းကြီးလဲကျသွားသည်နှင့် ခွေးမကြီးက ကိုက်လေတော့၏။
အိမ်ပြန်ရောက်သည်နှင့် ဘုန်းကြီးသွေးထွက်သံယိုဖြစ်ရခြင်းအကြောင်း ရှင်းလင်းရတော့သည်။
 ခွေးကို စနောက်သည့်အမှုဖြင့် ဘုန်းကြီးတို့  ၂ ယောက်ကို ဖခင်ကြီးက ကြိမ်ဒဏ်ပေးပါတော့သည်။
ရမ်ဘဏ္ဍ နှင့် ဘုန်းကြီးမှာ အမြဲလိုလို “ငတ်ကြီးကျ“သူများဖြစ်ကြ၏။ ကစားနေတုန်း စားစရာအသီး၊ အစေ့တခုခုများ
 တွေ့ ရလျှင် အငမ်းမရဖြစ်ကြသည်။ သူတပါးပိုင်နက်ထဲက အသီး၊ အစေ့ဖြစ်လျှင် ပိုင်ရှင်ကို ခွင့်တောင်းပါသည်။
ပိုင်ရှင်က ခွင့်မပြုလျှင် ရသည့်နည်းဖြင့် ခိုးကြသည်။
တနေ့ … အကိုနှင့် ဘုန်းကြီးတို့  မိသားစုပိုင်ရာဘာခင်းသို့ အသွား လမ်းတဝက်လောက်တွင် ဆင်းရဲသည့် မိသားစုတစု၏ စိုက်ခင်းကို ဖြတ်သန်းသွားရသည်။ စိုက်ခင်းထဲမှာ ပြောင်းဖူးပင်အပင် ၅ဝ လောက်လည်း ရှိ၏။ လမ်းဘေးနားမှာ ပြောင်းဖူးအရင့်တဖူးကို တွေ့ ရသည်။ အကိုက ဘေးဘီဝဲယာသို့ အကဲခတ်သည်။ 
တယောက်တလေမှ မတွေ့ ရ။ သို့ နှင့် အကိုက ပြောင်းဖူးကို ခူးပြီး တဝက်စီ ချိုးလိုက်သည်။ တပိုင်းမှာ သူ့ 
အတွက်…၊ နောက်တပိုင်းကတော့ ဘုန်းကြီးအတွက်ပေါ့…..၊ အရသာရှိလိုက်သည့်ပြောင်းဖူး…။
အပြန်လည်း ထိုစိုက်ခင်းကို ဖြတ်ရပြန်သည်။ သည်တကြိမ်တွင် အကြောင်းတခုဖြင့် ရိုးရိုးသားသားကျင့်ကြဖို့ 
 နှစ်ဦးသားဆုံးဖြတ်လိုက်သည်။ အကိုက ပိုင်ရှင်အိမ်သို့ သွားကာ ပြောင်းဖူးတောင်းသည်။ ပိုင်ရှင်အမျိုးသမီးက လမ်းဘေးနားမှာ ပြောင်းဖူးတဖူးရှိကြောင်းပြောသည်နှင့် ဘုန်းကြီးတို့ ဝမ်းသာသွားသည်။ သူကပင် အိမ်ထဲမှ
ထွက်လာပြီး ပြောင်းဖူးရှိသည့်နေရာကိုလိုက်ပြသည်။ သို့ သော် လမ်းဘေးရှိပြောင်းဖူးပင်နားသို့ ရောက်
အကိုကလည်း သူ့ ခြေထောက်ကို ခြေရာပေါ်ချလိုက်ရာ ခြေထောက်နှင့် ခြေရာမှာ ကွက်တိဖြစ်နေလေတော့၏။
ဘုန်းကြီးတို့ ညီနောင်အပြစ်ရှိကြောင်း ဘွင်ဘွင်းကြီးပေါ်လေတော့၏။ သို့ သော် အမျိုးသမီးက ဒေါသ
အမူအရာကို မပြဘဲ “ကလေးတွေ၊ အိမ်ပြန်တော့၊ ဒေါ်ဒေါ် မင်းတို့ အတွက် နောက်ထပ် ပြောင်းဖူးတွေ
ယူလာခဲ့မယ်“ဟု ပြောသည်။
ဘုန်းကြီးတို့ နှစ်ဦးသား ပျော်ပျော်ပါးပါး အိမ်ပြန်ခဲ့ကြသည်။
သို့ သော်…..
အိမ်အရောက်တွင် ပိုင်ရှင်အမျိုးသမီးသည်လည်း အိမ်မှာ ကြိုတင်ရောက်နှင့်နေသည်။ သူကပင် ဖြစ်ကြောင်း
ကုန်စင်ကို ဖခင်ကြီးအား ပြောဆိုပြီးဖြစ်သည်။ လက်ထဲမှာ တုတ်အဆင်သင့်ဆောင်ကာ ဖခင်ကြီးက ဘုန်းကြီး ၂ ယောက်ကို စောင့်ကြိုနေလေသည်။ အရင်ဖြစ်ရပ်များထက်ပိုကာစိတ်ဆိုးနေပုံလည်းပေါက်သည်။
အပြစ်မှာ နှစ်ထပ်ကွင်း အပြစ်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တယောက်၏ “သူတပါးပစ္စည်းမခိုးရ“ ဟူသောစည်ကမ်းကို ချိုးဖောက်ရုံသာမက ဆင်းရဲချို့ တဲ့ပြီး အမျိုးဇာတ်နိမ့်သူတဦးပိုင်ပစ္စည်းကို ခိုးယူမှုလည်း ဖြစ်လေ၏။
ဘုန်းကြီးတို့  ၂ ယောက်၏ ကျောပြင်မှသွေးစိမ်းရှင်ရှင်ကျသည်အထိ ဖခင်ကြီး ရိုက်သည်။ မယ်တော်ကြီးက အရိုက်ရပ်ဖို့ ကြိုးစားသော်လည်း သူကဇွဲခတ်ပြီး ဆက်ရိုက်သည်။ ပြောင်းဖူးပိုင်ရှင်အမျိုးသမီးကလည်း အရိုက်ရပ်ဖို့ တောင်းပန်သည်။ အားလုံးငိုနေကြသည်။ မည်သူပြောသည်ကိုမျှ ဖခင်က နားမထောင်ပါ။ သူကိုယ်တိုင် ခြေကုန်လက်ပန်း ကျသည်အထိ ဘုန်းကြီးတို့  ၂ ယောက်ကို ရိုက်နှက်ခဲ့၏။
ယနေ့ အချိန်မှာတော့ ဘုန်းကြီးတို့ ညီအကိုအား ယင်းသို့ ရိုက်နှက်မှုကို “ကလေးသူငယ်အပေါ် ညဉ်းဆဲ
နှိပ်စက်မှု“ဟု အမည်တပ်ကြပေမည်။ သို့ သော် လွန်ခဲ့ပြီး အနှစ် ၇ဝ ကမူ ကလေးအပေါ် ရိုက်နှက်အပြစ်ပေး
ခြင်းမှာ သီဟိုဠ်ကျွန်းသားမိဘများ၏ အလေ့အထတရပ်အဖြစ်  ထွန်းကားခဲ့လေသည်။ ဗုဒ္ဓအဆုံးအမတော်ကို ကိုင်းရှိုင်းယုံကြည်သူတဦးဖြစ်သော ဖခင်ကြီးသည် အမှန် နှင့်အမှားနှစ်ခုအကြားရှိကွာခြားချက်ကို သူ၏ရင်သွေး
ဘုန်းကြီးတို့ ညီအကို မောင်နှမတစုအား သွန်သင်ပြသရန် အလိုအလျောက် ဆုံးဖြတ်ချက်ကျပြီးသားပင်ဖြစ်ပါ၏။
သားသမီးအပေါ် သူ၏ဆုံးမနည်းများမှာ သူ၏မျိုးဆက်နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၏ အရာသာ ဖြစ်ကြပေသည်။
အမှန်အားဖြင့် ယင်းသို့ ဆုံးမခဲ့ခြင်းအတွက် ဖခင်ကြီးအား ဘုန်းကြီးအပြစ်မတင်လိုပါ…….။
အမရဒီပ
မေလ ၂ဝ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။ 
No comments: