Total Pageviews

Friday, March 23, 2012

ဝင့်ထန်းရဲ့ မဟနအဖွဲ့ နှင့် သာသနာရေးဝန်ကြီးဌာန ဆောင်းပါး


ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဖျက်သိမ်းပစ်ရမယ့် မဟန နဲ့ သာသနာရေးဝန်ကြီးဌာန

Details
Published on Tuesday, 20 December 2011 17:24
Written by ၀င့်ထန်း
Hits: 3893


မကြာခင်က မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောခဲ့တဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟ ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဆိုဆုံးမရခက်တဲ့ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီး သူ့ရဲ့ကျောင်းတိုက်ကနေ ထုတ်ပစ်ဖို့ အမိန့်စာထုတ်ခဲ့ပါတယ်။
တကယ်တော့ ဒီဖြစ်ရပ်ဟာ အထူးအဆန်းမဟုတ်ဘဲ၊ မြန်မာနိုင်ငံ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းမှာ သာသနာပြု ဆရာတော်တွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင်တဲ့ ရာဇဂုရု ဆရာတော်တွေကြားမှာ ခေတ်အဆက်ဆက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာမျိုးပါပဲ။ ခေတ်တိုင်းမှာ သာသာနာပြုဆရာတော်တွေနဲ့ မင်းဆရာတော်တွေကြား မကြာမကြာ ပြဿနာတွေတက်ခဲ့ရသလို နောက်နောင် ထပ်ဖြစ်လာနိုင်တာမျိုးလည်း ဖြစ်ပါတယ်။
အရင်ဆုံး မင်းဆရာတော်တွေ ဩဇာအာဏာထက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်အချို့ကို တင်ပြချင်ပါတယ်။

မင်းဆရာတော်ဆိုတာ ပြဋ္ဌာန်းသောအရာတည်
ညောင်ရမ်းသာသနာကိုကြည့်ရင် သာလွန်မင်းကိုးကွယ်တဲ့ တောင်ဖီလာဆရာတော်ရဲ့ တန်ခိုးဩဇာ ကြီးထွားမှုကို မြင်နိုင်ပါတယ်။ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ဟာ သက်တော် ၀ါတော်တူတဲ့ ကျမ်းတတ် ဆရာတော်တွေ ဖြစ်ပါတယ်။ သူတို့နှစ်ပါး တွေ့ဆုံတဲ့မြင်ကွင်းဟာ မှတ်သားစရာကောင်းပါတယ်။

တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ကို “အရှင်ဘုရား၊ တပည့်တော်က မင်းကျွမ်းဝင်ဆရာတော် ရာဇဂုရုဖြစ်ပါတယ်။ ဒါကြောင့် အရှင်ဘုရားက ရှေ့က ကြွပါ” လို့ပြောပါတယ်။ ဒါကို ရွှေဥမင်ဆရာတော် ပြန်ပြောပုံက “လောကမှာ ရာဇဂုရုရဟန်းမည်သည် ပြဋ္ဌာန်းသော အရာတည်တယ်၊ အရှင်ဘုရား ရာဇဂုရုကသာ ရှေ့ကကြွပါ” လို့ ပြောတဲ့အတွက် တောင်ဖီလာဆရာတော်က ရှေ့ကကြွရပါတယ်။ မင်းဆရာတော်ဆိုတာ ပညာတူ ၀ါတူရင်တောင် ရှေ့ကနေရာပေးရတယ်ဆိုတာ ဒီဆရာတော်ကြီးနှစ်ပါး တွေ့ဆုံမှုက ဖော်ပြနေပါတယ်။

အလောင်းမင်းတရား အလွဲ
ကုန်းဘောင်ခေတ် သာသနာမှာ အလောင်းမင်းတရားက “ဤနိုင်ငံတော်အတွင်း နေထိုင်သီတင်းသုံးတော် မူကြကုန်သော ရဟန်း သံဃာတို့သည် မိမိချီးမြှောက်ထားတဲ့ မင်းဆရာတော်၏ အလိုအယူသို့သာလိုက်ပြီး ကျင့်ကြံနေထိုင်ကြရမည်” ဟု အမိန့်ပြန်တမ်း အလွဲတစ်ခုထုတ်ခဲ့ပါတယ်။ အဲဒီ ဘုရင့်အမိန့်ကြောင့် မင်းဆရာတော် အတုလယသမထေရ် ဟာ ဩဇာထက်လာပြီး၊ သူနဲ့ ဂိုဏ်းမတူ သူ့အလိုမလိုက်တဲ့ မောင်းထောင်ရွာက မထေရ်ကြီးနှစ်ပါးကို သဲဒဏ် ရေဒဏ်ပေး နှိပ်စက်ခဲ့ဖူးပါတယ်။

အလောင်းဘုရားလက်ထက် မြန်မာနိုင်ငံတွင်း ရှိသမျှ သံဃာတော်အားလုံးဟာ မင်းအလိုနဲ့ မင်းဆရာတော်ရဲ့ အလိုကို လိုက်ခဲ့ကြရပြီး၊ ဆန့်ကျင်အာခံသူဆိုလို့ ကျမ်းတတ် ရှင်မုနိန္ဒဃောသ မထေရ်တစ်ပါးသာ ရှိခဲ့ပါတယ်။

အဲဒီ မထေရ်ကို မင်းဆရာတော်တွေက သုဓမ္မာဇရပ်မှာ “သင့်ဆရာ ဘယ်သူဖြစ်လို့ ခေါင်းမာနေတာလဲ” ဆိုပြီး ခေါ်ယူစစ်ဆေးတဲ့အခါ၊ ဇရပ်ပေါ်ရှိ ရုပ်ဆင်းတုတော်ကို ထိုးပြပြီး “ဤသည်ပင်လျှင် ငါ့ဆရာတည်း” ဆိုပြီး ဖြေပါတယ်။

နောက် သံဃာထုအလယ်မှာ ဆောင့်ကြောင်ထိုင် လက်အုပ်ချီပြီး၊ “အရှင်ဘုရား တပည့်တော်သည် အသက်ဆုံးသည့်တိုင်အောင် တပည့်တော် အသက်ကိုသာ စွန့်ပါမည်၊ မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်တော်ကို မစွန့်ပါ” ဟု ဆင်းတုတော်ကို လျှောက်ထားပါတယ်။

အဲဒီဖြစ်ရပ်ကို မင်းဆရာတော်က မကျေနပ်လို့ အလောင်းမင်းတရားကို ပြန်ပြောပြတော့၊ “ဤမထေရ်သည် မာန ခက်ထန်လှသည်၊ ငါ့နိုင်ငံတော်အတွင်းမှာ မနေသင့်” ဆိုပြီး တိုင်းတစ်ပါး နှင်ထုတ်ပါတယ်။ နောက် ထပ်မံ ဖမ်းဆီး အကျဉ်းချထားပြီး ပြန်လာမှ သတ်မယ်ပြောပြီး စစ်ချီတက်ရင်း အလောင်းမင်းတရား နတ်ရွာစံသွားပါတယ်။   

စိတ်ဖောက်သွားတဲ့ ဘိုးတော်ဦးဝိုင်း
ဘိုးတော်မင်းတရားလက်ထက် အမရပူရခေတ် သာသနာကိုကြည့်ရင်  မောင်းထောင် သာသနာပိုင်နဲ့ သာသနာပိုင်ဆရာတော်ဟောင်း အတုလယသမထေရ် တို့ကြား အယူဝါဒပြဿနာတက်ပါတယ်။ မောင်းထောင် သာသနာပိုင်နဲ့ သူ့တပည့်တွေက “ဤ အတုလယသပုဂ္ဂိုလ်သည် သာသနာတော်၏ ရန်ဆူးငြောင့် ပြုကျင့်နေသူဖြစ်သည်” ဆိုပြီး ကျောင်းတိုက်ကနေ မောင်းထု နှင်ထုတ်ခဲ့ပါတယ်။

ဘိုးတော်ဘုရားကလည်း အတုလယသ ရဟန်း (လူအမည် ဦးပန်းထွေး) ကို ကြက် ငှက် တိရိစ္ဆာန်တို့ကဲ့သို အ၀တ်ဗလာမဲ့ ထားပြီး ခြင်းကြားဆောင်းနဲ့ လှောင်ထားပါတယ်။ စလောင်းဖုံးနဲ့ ထမင်းကြွေး၊ လှံ ဓား ရံပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံမျှောခဲ့ပါတယ်။ ‘အတုလ သာသာနပိုင်ဟောင်း ငပန်းထွေး အား နှင်ထုတ်ခြင်း’ ဆိုတဲ့ စာလုံးကြီးကြီးရေးပြီး ရောက်လေရာ မြို့တွေ ရွာတွေ ၀ိုင်းကြည့်ဖို့ အမိန့်ထုတ်ထားခဲ့ပါတယ်။

နောက်ပိုင်း ဘိုးတော်မင်းတရား ဦးဝိုင်း စိတ်ဖောက်ပြန်ချိန်မှာ မောင်းထောင်သာသနာပိုင်ကိုလည်း လူဝတ် အတင်းချွတ်ခိုင်းလို့၊ သာသာနာပိုင်ဆရာတော်ကြီးခမျာ ၀ဋ်လည်ပြီး လူ ‘ဦးမြတ်နေ’ ဖြစ်သွားခဲ့ရပါတယ်။

သုဓမ္မာ တန်ခိုးထွားမှု ရွှေကျင်မခံနိုင်
ရတနာပုံ မန္တလေးခေတ်သာသနာကိုကြည့်ရင်လည်း ကိလေသာ ၀ဋ္ဋ်မြစ်ကင်းရာ နိဗ္ဗာန်ဆုပန်ပြီး မိဘုရား ၁၅၀ နီးပါးယူထားတဲ့ မင်းတုန်းမင်းကြီးဟာ ပဉ္စမသင်္ဂါယနာတင်ပြီး သာသနာကို ချီးမြောက်ခဲ့တယ်လို့ ဆိုကြပါတယ်။

မင်းတုန်းလက်ထက် တန်ခိုးထွားတဲ့ သုဓမ္မာမင်းဆရာတော်တွေက သူတို့ကို မလေးမခန့်ပြုတယ်ဆိုပြီး ရေစကြိုဆရာတော် ဦးဂန္ဓနဲ့ ရွှေကျင်ဆရာတော် ဦးဇာဂရ တို့ကို အောက်ပြည်အောက်ရွာ နှင်ထုတ်ခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာလည်း သုဓမ္မာကို ပမာမခန့်ပြုတဲ့ မိုးကောင်းဆရာတော် ဦးဂန္ဓမာ ဟာ အောက်မြို့ ဟင်္သတကို နှင်ထုတ်ခံခဲ့ရပါတယ်။

အင်္ဂလိပ်စာသင်တာ မိစ္ဆာအယူ
အင်္ဂလိပ်ခေတ်မှာတော့ ဘာသန္တရတိုက်ပွဲတစ်ခု ဘုန်းကြီးတွေကြား ပေါ်ထွက်လာပါတယ်။ ဆရာတော် အရှင် အာဒိစ္စ၀ံသ ပြုစုတဲ့ စာသင်သား ရဟန်းသံဃာများ သာသနာပြုဖို့ အင်္ဂလိပ်စာသင်ကြားရေး ဆိုတဲ့ “ဘာသန္တရ လမ်းညွှန်ကျမ်း’ ကို အကြောင်းပြုပြီး ပြဿနာတက်ခဲ့တာပါ။

အဲဒီခေတ် ဆရာတော်ကြီးအများစုက အရှင် အာဒိစ္စ၀ံသရဲ့ အဆိုပြုချက်ကို မိစ္ဆာအယူဆိုပြီး ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ယနေ့ မြန်မာနိုင်ငံက ရဟန်းသံဃာ အများအပြား တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာကို အကြီးအကျယ်လိုက်စားနေကြပေမဲ့၊ အခုထိ ရှင်အာဒိစ္စ၀ံသရဲ့ ‘ဘာသန္တရ လမ်းညွှန်ကျမ်း’ ကို သာသနာရေး ၀န်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်ထားဆဲပဲ ဖြစ်ပါတယ်။ ရှင်အာဒိစ္စ၀ံသအပေါ် အမှားလုပ်ခဲ့တာကို ၀န်မခံနိုင်သေးလို့ ဖြစ်ပါတယ်။

သာသနာကြီးပွားဖို့ မင်းကိုပဲ အမှီပြုရမလား
အထက်က တင်ပြခဲ့တာဟာ မင်းဆရာတော်တွေနဲ့ ရိုးရိုးကျင့်ကြံနေထိုင်တဲ့ ဆရာတော်တွေရဲ့ ပြဿနာတွေထဲက အထင်ကရဖြစ်ခဲ့တဲ့ ဥပမာ အချို့သာဖြစ်ပြီး၊ ကျေးလက်၊ တောရွာ မြို့နယ်တွေမှာ အာဏာရှိသူနဲ့ နီးစပ်တဲ့ဘုန်းကြီးနဲ့ အာဏာနဲ့မနီးစပ်တဲ့ ဘုန်းကြီးရဟန်ုးတွေကြား  ခေတ်အဆက်ဆက် ပြဿနာ ကြီးကြီးသေးသေးတွေ ရှိနေခဲ့၊ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ထေရ၀ါဒသာသနာရဲ့ အရေးပါတဲ့ သင်္ဂါယနာ ခြောက်ကြိမ်တင်တာကိုကြည့်ရင်လည်း အဇာတသတ်မှ ဦးနု အထိ ရဟန်းသံဃာတွေဟာ မင်းတွေကို  အမှီပြုခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် အစိုးရ မင်းတွေရဲ့ ဂုဏ်ပြုပူဇော်မှုခံရတဲ့ ဆရာတော်တွေက ဘုန်းကြီးအချင်းချင်းကြားမှာကို ခေါင်းတစ်လုံးပိုပြီး၊ နိဗ္ဗာန်နဲ့ ပိုနီးလေဟန် အထင်ခံရတတ်ပါတယ်။ မင်းတွေနဲ့ အစိုးရတွေကလည်း သာသနာကိုလည်း ချီးမြောက်ရင်း၊ လူထုကြား သူတို့အာဏာတည်မြဲရေးအတွက် ဘာသာရေးကို တစ်ချက်ခုတ်နှစ်ချက်ပြတ် အသုံးချခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ယနေ့ မြန်မာအစိုးရနဲ့ သံဃာမဟာနယကအဖွဲ့ (မဟန) အထိ လက်ဝါးရိုက် ဆက်လက် ကျင့်သုံးနေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ သံဃာနာယက ဆရာတော်တွေဟာ ဗုဒ္ဓဘုရားရှင်နဲ့ သံဃာထုကို ကိုယ်စားပြုဖို့ထက်၊ အစိုးရရဲ့ အမိန့်ကို လိုက်နာအကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေကြတာ ဖြစ်ပါတယ်။

မဟနအဖွဲ့ကို မဆလခေတ်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ အစိုးရက ဖွဲ့စည်းခဲ့သလဲဆိုတာ တွေးကြည့်ရင် မြင်သာပါတယ်။ မဟနဟာ ဘယ်သူကို ကိုယ်စားပြုပေးနေသလဲဆိုတာ ရွှေဝါရောင်တော်လှန်ရေးမှာ အားလုံး ထင်ထင်ရှားရှား မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုတစ်ခါ ရွှေည၀ါဆရာတော်ကိစ္စမှာလည်း ရုပ်ပျက်ဆင်းပျက် ထပ်မြင်တွေ့ရပါတယ်။

မဟနအဖွဲ့အစည်း နောက်နောင် ဆက်ရှိနေသမျှလည်း မြန်မာနိုင်ငံက သံဃာထုအရေးနဲ့ သာသာနာ့အရေး ဆောင်ရွက်ဖို့ထက်၊ အစိုးရအကျိုးကာကွယ်ဖို့ပဲ လုပ်သွားဖို့ရှိပါတယ်။ အကြောင်းကတော့ သံဃာမဟာနာယက အဖွဲ့ဆိုတာ သာသနာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဌာနတစ်ခု ဖြစ်နေရလို့ပါပဲ။ လွတ်လပ်တဲ့ ဘာသာရေး အဖွဲ့အစည်း မဟုတ်လို့ပါပဲ။

ဘာသာရေးနဲ့ ဒီမိုကရေစီ
အခု စာရေးသူ တင်ပြနေတာက ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ ဘယ်လို လက်တွဲသွားနိုင်မလဲဆိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွန်းဖို့ ထေရ၀ါဒဘာသာရေးက ဘယ်လို ဆက်လက် အကျိုးပြုနိုင်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို ဆွေးနွေးကြည့်ခြင်းမျှ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ လက်တွဲသွားနိုင်ဖို့အတွက် အရင်ဆုံး ဒီမိုကရေစီရဲ့ နောက်ကြောင်း နည်းနည်း ပြန်ကြည့်ဖို့လိုအပ်ပါမယ်။

မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေဟာ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို ကြီးကျယ်ခမ်းနားဂုဏ်မြင့်သူတွေလို့ ထင်ပါစေ၊ အခုမှ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရဆဲ ဒီမိုကရေစီကို ကျင့်သုံးဖို့ စမ်းတ၀ါးဝါး သွားနေရဆဲဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ ဒီမိုကရေစီမှာ လေးဘက်တွားအဆင့်ပဲ ရှိပါသေးတယ်။ ဒီတော့ လစ်ဘရယ် ဒီမိုကရေစီ ဘိုးအေ အနောက်နိုင်ငံတွေရဲ့ ဖြတ်သန်းမှုကို တစေ့တစောင်း လေ့လာရမှာပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ဒီမိုကရေစီကို သူတို့ ဘယ်လို လက်တွဲသွားခဲ့သလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။

လစ်ဘာတီအစ ကျောင်းတော်က
ယနေ့ ဒီမိုကရေစီလို့ ပြောနေကြတဲ့အခါ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ပြောတာဖြစ်ပါတယ်။ လစ်ဘရယ်ဆိုတဲ့ တစ်ဦးချင်း လွတ်လပ်ခွင့် (လစ်ဘာတီ) နဲ့ လူအများ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ကို နှစ်ခု ပေါင်းစပ်ထားတာကို ပြောကြတာဖြစ်ပါတယ်။

လစ်ဘာတီ မရှိရင် ဒီမိုကရေစီဟာ အာဏာရှင်စနစ်ကိုတောင် ဦးတည်စေပါတယ်။ ဥပမာ၊ ဂျာမဏီက ဟစ်တလာနဲ့ ယူဂိုစလပ်က မီလိုဆဗစ် တို့ဟာ လူထုရဲ့ မဲအပြတ်အသတ် ထောက်ခံမှုနဲ့ တင်မြှောက်ခံခဲ့ရပြီး အာဏာရှင်တွေ ဖြစ်လာသူတွေပါ။

အဲတော့ ဒီမိုကရေစီဖွံ့ဖြိုးဖို့နဲ့ လမ်းမှန်ရောက်ဖို့အတွက် လစ်ဘာတီက ထိန်းကြောင်းပေးပါတယ်။ အနောက်မှာ ဒီမိုကရေစီ မဖြစ်ထွန်းမီ လွတ်လပ်မှုဆိုတဲ့ လစ်ဘာတီက အရင်စလာပါတယ်။ အဲဒီ အနောက်ရဲ့ လစ်ဘာတီကို စတင်ဖြစ်ထွန်းစေရာမှာ ခရစ်ယာန်ကျောင်းတွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ တစ်နည်းပြောရရင် အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်ဒီမိုကရေစီမှာ ကျောင်းတော်နဲ့ နိုင်ငံတော် စည်းခြားမှု (Separation of Church and State) က အလွန် အရေးပါပါတယ်။

ခရစ်ယာန်ကျောင်းတွေနဲ့ ဘုရင်တွေဟာ ခေတ်အဆက်ဆက် အားပြိုင်ပွဲတွေ ရှိခဲ့ကြပါတယ်။ ဘုရင်တွေက ဘာသာရေးကို ချုပ်ကိုင်နိုင်တာထက် ပုပ်ရဟန်းမင်းတွေက ဘုရင်တွေကို ပြန်လည်ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီလို ကျောင်းတော်နဲ့ နိုင်ငံတော် အားပြိုင်မှုတွေကနေ အကျိုးထွက်တာက လူသားတွေရဲ့ လွတ်မြောက်မှုပါပဲ။ အုပ်ချုပ်သူတွေက လူထုကို ဖိနှိပ်ဖို့လုပ်တဲ့အခါတိုင်း ခရစ်ယာန်ကျောင်းတွေတွေ အကာကွယ်ပေးပါတယ်။

ဒီဖြစ်ရပ်ကို နောက်ဆုံး နိုင်ငံလေးဆယ်ကျော် ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့ တတိယလှိုင်းဖြစ်စဉ်မှာလည်း (၁၉၇၄ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ) တွေ့ရပါတယ်။ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား စတဲ့ အရှေ့ဥရောပနိုင်ငံတွေနဲ့ လာတင်အမေရိက တိုင်းပြည်တွေကို သွားတဲ့ ပုပ်ရဟန်းမင်း ဂျွန်ပေါရဲ့ ခရီးစဉ်တွေဟာ အာဏာရှင်တွေနဲ့ ထိပ်တိုက်တိုးပြီး ကတ္တီပါတော်လှန်ရေးတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။

ဒီနေရာမှာ ခရစ်ယာန်ဘာသာကောင်းတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ၁၆ ရာစု၊ ၁၇ ရာစုလောက်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေဆို အတွေးအခေါ်သစ်ရှိသူတွေကို ပိတ်ပင် ကားစင်တင် မီးရှို့ လုပ်ခဲ့ကြတာပါပဲ။

ဒါပေမဲ့ ခရစ်ယာန် ကျောင်းတော်တွေက နိုင်ငံတော်ရဲ့ အာဏာကို အမြဲဆန့်ကျင့်ပေးထားတတ်ပါတယ်။ အဲဒီလို ဘုရင်တွေရဲ့ အာဏာကို ကန့်သတ်ထားမှုကနေ နိုင်ငံသားတွေအတွက် မွေးခြင်း သေခြင်း၊ အိမ်ထောင်ပြုခြင်း လွတ်လပ်စွာ စီးပွားရှာခြင်း စတဲ့ လူမှုအကာအကွယ်တွေ ပေးလာနိုင်ခဲ့ပါတယ်။ တစ်ဦးချင်း အခွင့်အရေးတွေ တိုးတက်လာစေခဲ့ပါတယ်။

ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားဖို့ ဦးဗုဓ်ပြော
အခု ပြောနေတာ ဘယ်ဘာသာက ဘယ်ဘာသာထက် ပိုကောင်းတယ်ဆိုတဲ့ ဘာသာရေး အငြင်းပွားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာသာရေးက လူ့အဖွဲ့အစည်းအတွင်း လစ်ဘရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ တင်ပြနေခြင်း ဖြစ်ပါတယ်။

အနောက်ဒီမိုကရေစီရဲ့ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှု (Separation of Church and State) ဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်သင့်ပြီဆိုတာ တင်ပြနေခြင်း ဖြစ်ပါတယ်။
လက်ရှိ သံဃာမဟာနယကအဖွဲ့ဟာ နိုင်ငံတော်အစိုးရရဲ့ အောက်ကနေ ရုန်းထွက်ပြီး သီးခြားလွတ်လပ်တဲ့ ဘာသာရေးအဖွဲ့အစည်းအဖြစ် ရပ်တည်သင့်ပါတယ်။ ဒီလို ခွဲခြားရပ်တည်တာဟာ ရဟန်းသံဃာတွေ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ အစိုးရက အစိုးအာဏာလုပ်ငန်းသတ်သတ်၊ ရဟန်းတွေက ကိုယ့်ဘာသာရေးလုပ်ငန်း သတ်သတ် စည်းခြားလိုက်ကိုင်ကြခြင်းသာဖြစ်ပါတယ်။
အဲဒီလို ခွဲထွက်နိုင်မှုကသာ ဗုဒ္ဓသာသနာကို  လွတ်လပ်မှု အပြည့်နဲ့ ပိုမိုတိုးတက်လာစေပြီး၊ လူထုအတွက်အတွက်လည်း လွတ်လပ်မှုနဲ့ အကာအကွယ်တွေ ပိုမို ပေးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ လစ်ဘရယ်ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှုဆန်ဆန် ပြောခဲ့တဲ့ ဆရာတော်တစ်ပါးကတော့ သာသနာ့ အာဇာနည် ညောင်ကန်ဆရာတော် ဦးဗုဓ် ဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ် ဟာ ပရိယတ္တိကိစ္စပြီးနေသူဖြစ်သလို၊ မင်းဧကရာဇ်ကိုတောင်မှ လုံးဝ ဂရုမစိုက်တဲ့ ရဟန်းဖြစ်ပါတယ်။
ရွှေဘိုမင်းက ဩ၀ဒါပေးဖို့ လျှောက်တဲ့အခါ၊ ဆရာတော် ဦးဗုဓ်က "မင်းက မင်းအလုပ် မင်းလုပ်ရင် ငါတို့ ဩ၀ါဒပေးစရာမလို၊ မင်းက မင်းအကျင့်မကျင့်ရင်လည်း ဒါဟာ ငါတို့ ကိစ္စမဟုတ်၊ အ၀ီစိ ကိစ္စပဲ" ဆိုပြီး ခပ်မာမာ ပြောခဲ့ပါတယ်။ ဆရာတော်ရဲ့ စကားက တိုတောင်းပေမဲ့၊ သာသနာ့အလုပ်နဲ့ မင်းအလုပ် ကိုယ့်အလုပ်ကိုယ် ခွဲလုပ်ကြဖို့ ခပ်ပြတ်ပြတ် ပြောခဲ့တဲ့စကားဖြစ်ပါတယ်။

နိုင်ငံရေးလုပ်နေတာ မဟနအဖွဲ့
တကယ်တော့ ရဟန်းသံဃာတွေဟာ အာဏာနိုင်ငံရေးရဲ့ ခပ်ဝေးဝေးမှာ နေသင့်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်နေတဲ့ သံဃာတွေဟာ ထောင်ထဲက ကိုယ်တော်တွေ မဟုတ်ပါဘူး။ သာသနာရေးဝန်ကြီးဌာန လက်အောက်မှာ ဌာနကြီးတစ်ခုသဖွယ် ရပ်တည်နေတဲ့ သံဃမဟာနာယကအဖွဲ့က ဆရာတော်တွေပဲ ဖြစ်ပါတယ်။

ဒီဆရာတော်ကြီးတွေကသာ အဏာနိုင်ငံရေးနဲ့ နီးစပ်ပြီး အစိုးရကို ကျေးဇူးပြုနေတာ ဖြစ်ပါတယ်။ အစိုးရ ဆက်ကပ်ထားတဲ့ ရှည်လျားတဲ့ ဘွဲ့တံဆိပ်တော်တွေ၊ ဇိမ်ခံကားသစ်တွေနဲ့ လေအေးပေးစက်အောက်မှာနေပြီး မိမိတို့ရဲ့ တပည့်သံဃာတွေကို စောင့်ကြည့်ဖို့ အစိုးရအတွက် အလုပ်လုပ်ပေးနေရတာ ဖြစ်ပါတယ်။ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ လဘ်လာဘတွေနောက် ရဟန်းတွေလိုက်တာဟာ ဗုဒ္ဓသာသနာ ခြစားမှုကြီး ဖြစ်စေတာပါပဲ။

အပြီးတိုင်ဖျက်ပစ်ရမယ့် ဌာနပို
နောက် တစ်ဆက်ထဲ ပြောလိုတာက သာသနာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနဆိုတာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ မထားရှိတဲ့ ဌာနဖြစ်ပါတယ်။ အီရန်နဲ့ ဆော်ဒီတို့လို နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းပြီး အစိုးရက လူထုကို ဘာသာရေးအကြောင်းပြနှိပ်ကွပ်ဖို့ ထားရှိတဲ့ ဌာနမျိုးဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာနကို သာမန်အားဖြင့် သာသနာကို ချီးမြှောက်တဲ့ အဖွဲ့လို့ ဗုဒ္ဓဘာသာဝင်တွေက မြင်တတ်ပါတယ်။ အမှန်တော့ ဘာသာရေးကို အာဏာနဲ့ ရောထွေးစေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဟန ဆရာတော်ကြီးတွေကို အာဏာနဲ့ ပတ်သက်စေပြီး သာသနာကိုပျက်စီးစေတဲ့ ဌာနကြီးဖြစ်ပါတယ်။ ဘာသာရေး သာသနာရေးဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းပုံစံဖြစ်နေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အနာဂတ် ဗုဒ္ဓသာသနာ သန့်ရှင်းရေးတည်တံ့ရေးအတွက် လွတ်လပ်တဲ့ သံဃာ့အဖွဲ့အစည်းပုံစံသစ် မြန်မာနိုင်ငံမှာ ရှိဖို့လိုအပ်နေပါပြီ။ နိုင်ငံတော်အောက်ကနေ ရုန်းထွက်ပြီး လွတ်လပ်တဲ့ မဟနအဖွဲ့အသစ် ပေါ်ထွန်းဖို့နဲ့ သာသနာရေးဝန်ကြီးဌာန ဖျက်သီမ်းဖို့ လိုအပ်နေပါပြီ။ ဒီလိုဖြစ်ဖို့ကိုလည်း ရဟန်းသံဃာတိုင်း ဗုဒ္ဓဘာသာဝင်တိုင်းက တာဝန်တစ်ရပ်အဖြစ် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဗုဒ္ဓဘာသာဟာ ပင်ကိုယ်အားဖြင့် လွတ်လပ်မှုအပြည့်ရှိတဲ့ ဘာသာရေးဖြစ်ပါတယ်။ အာဏာနိုင်ငံရေး ကင်းရှင်းတဲ့ ဘာသာရေး ဖြစ်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ သာ အပြည့်အ၀ လွတ်လပ်မှု ရှိလာခဲ့ရင် တိုင်းပြည်ရဲ့ ယိုယွင်းခြစားနေတဲ့ စာရိတ္တမဏ္ဍိုင် ပြည်လည်တည့်မတ်ဖို့ ဦးဆောင်လမ်းပြနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ လျှောက်လှမ်းနေတဲ့ လစ်ဘရယ်ဒီမိုကရေစီလမ်းကို ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အခြားဘာသာဝင်တွေနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဝင့်ထန်း

http://www.maukkha.org/index.php/feature-article/1664-maukkha-monks 
မောက္ခပညာရေးမဂ္ဂဇင်းမှာဖတ်ခဲ့ရတာကို ပြန်လည်မှတ်တမ်းပြုခြင်းဖြစ်ပါတယ်။ (အမရဒီပ)

 

No comments: