ပါဠိအဘိဓာန်ဂါထာတွေကို အလွတ်ရအောင် နုတ်ငုံဆောင်ဖူးပါရဲ့၊ ဝမ်းနာလို
့အိမ်သာကမန်းကတန်းရှာသူလို စာမေးပွဲဖြေဖို့ လောက်သာ
မှန်းပြီးလေ့လာခဲ့လေသမို့ 
ကိစ္စပြီးတာနဲ့ မေ့ပျောက်သွားခဲ့ပါတယ်။ ကောင်းလိုက်တဲ့ဥာဉ်....။
အဲသလိုလူက ဒီလို ကဗျာကြီး၊ စာကြီးကို လေ့လာတော့ (အနက်မသန် အဘိဓာန်) ဆိုတာကို လက်တွေ့ ခံစားရပါတော့တယ်။
သုဒ္ဓေါ်ခမည်း ၊ ဆွေနည်းဗိမ္ဗာ
သည်းချာရာဟု ၊ တစုဝန်းလျား
ခြွှေရံများနှင့် ၊ ပျော်ပါးရိပ်မြုံ
သဗ္ဗဘုံသို့ ၊ ပြည့်စုံချမ်းငြိမ်း
မင်းစည်းစိမ်အား ၊ စွန့် သွားရက်ရက်...။
(စတုဓမ္မသာရကိုးခန်းပျို့ ၊ အပိုဒ်-၁။)
မင်းနှင့် ပုဏ္ဏား ၊ ထိုနှစ်ပါးကား
သားမရှိကြီး ၊ လင်မှီးစုံကာ
မိရာ ဘရိုက် ၊ သိမ်းပိုက်မွေနှစ်
ကင်းသည်ဖြစ်၍ ၊ နောင်လစ်သောခါ
လူ့ ချမ်းသာကို ၊ တွယ်တာအောက်မေ့
တနေ့ သ၌ ၊ နှစ်ခြိုက်တူကွ
ရွှင်ပျော်ပလျက် ၊ နေကြသရော်
ကာမဘော်ဖြင့် ၊ မွေ့ လျော်ရိပ်ငြိမ်
ထိုစည်းစိမ်ကား ၊ ပျောက်တိမ်ရန်နှိပ်
လေးကျွန်းထိပ်ဝယ် ၊ ဘုန်းရိပ်လွှမ်းခြုံ
သဗ္ဗဘုံသို့ ၊ အပုံအယင်
ဖြစ်လင့်ကစား၊ သားနှင့်သမီး
မျိုးမသီးသော် ၊ ချည်းနှီးပွင့်ဆန်း
စေ့မဲ့ထွန်းသား ၊ ပန်း၏သဘွယ်....။
(စတုဓမ္မသာရကိုးခန်းပျို့ ၊ အပိုဒ်-၇။)
"ဘုန်းရိပ်လွှမ်းခြုံ
၊ သဗ္ဗဘုံသို့ " ဆိုတဲ့စကားအကြောင်း ပြောပြချင်တာပါ။ ဇာတ်လမ်းသဘောအရ
မင်းမိဖုရား၊ ပညာရှိပုဏ္ဏား၊ ပုဏ္ဏားကတော်တို့ မှာ သား၊ သမီးမထွန်းကားပါဘူး။
လိုတရသူတွေဆိုတော့ သူရို့ နေရာဟာ (သဗ္ဗဘုံ) ဖြစ်တယ်လို့ စာဆိုတော်အရှင်မဟာရဋ္ဌသာရဆိုလိုက်တယ်လို့  နားလည်ခဲ့ပါတယ်။
မင်း-ပုဏ္ဏားစုံတွဲ
ကလေးမထွန်းကားဘူးဆိုတာတော့ မှန်တယ်။ သဗ္ဗဘုံ ကို နားလည်တာမမှန်မှန်း သိတာက
စကြာဝတေးမင်းကို ပါဠိအဘိဓာန် (သဗ္ဗဘုမ္မော၊ စက္ကဝတ္တိ) ပုဒ်ကိုတွေ့ လိုက်မှ။
သဗ္ဗဘုမ္မ
ကို မြန်မာမှုပြုတော့ သဗ္ဗဘုံ လို့ ဖြစ်သွားပါလေရော။ မသိရင်တော့ လူ့ ဘုံ၊
နတ်ဘုံစတာတွေတော့သိရဲ့။ သဗ္ဗဘုံက ဘာဆိုလိုတာလဲ အတွေးပွားစရာ။
"ပျေက်တိမ်ရန်နှိပ်၊
လေးကျွန်းထိပ်ဝယ်၊ ဘုန်းရိပ်လွှမ်းခြုံ" ဆိုတဲ့ အဖွဲ့ မှာ စကြာမင်းဟာ ၎
ကျွန်းလုံးကို အစိုးရတယ်။ သက္ကတကျမ်းတွေအလို ဥပေါသထဆင်ကို သဗ္ဗဘုမ္မ လို
့ခေါ်ပြီး ဒီဆင်ဟာ စကြာဝတေးမင်းတို့ နဲ့ သာ ထိုက်တန်တယ်လို့ ဆိုပါတယ်။
သဗ္ဗဘုံ ကို အဓိပ္ပါယ်ဖြောင့်ဖြောင့်နားမလည်တော့ အချို့ စာပြင်ဆရာတွေက (သိကြားဘုံသို့ ) လို့ ပြင်လိုက်တတ်တယ်။ မှားပါတယ်။
သဗ္ဗဘုံ ဆိုတာ စကြာဝတေးမင်းကို ဆိုလိုတာသာဖြစ်ပါတယ်။
အမရဒီပ
အောက်တိုဘာ ၃၁၊ ၂ဝ၁၄
ကျမ်းကိုး။ သမန္တစက္ခုဒီပနီ ၊ ၂၂၅။
No comments:
Post a Comment