ဆရာကြီးမင်းသုဝဏ်က တွင်းသင်းတိုက်ဝန်ဦးထွန်းညို ရေးတဲ့ မဟာဇနကပျို့ ကို ရှင်းပြတဲ့ စံပယ်ဖြူမဂ္ဂဇင်းပါဆောင်းပါးတွေကို "မြန်မာစာပေပညာရှင်တွင်းသင်းမင်းကြီး" အမည်နဲ့ ဆောင်းပါးပေါင်းချုပ်စာတအုပ်ထုတ်ဝေခဲ့ပါတယ်။
ဆောင်းပါးက ၁ဝ ပုဒ်တည်းဆိုတော့ ဖတ်လို့ ၊ မှတ်လို့ အားမရနိုင်ပါဘူး။ ဆရာကြီး ဒီထက်အများကြီးရေးသားနိုင်ခဲ့ရင် ပိုကောင်းမယ်လို့ တွေးမိပါတယ်။
ဆရာကြီးက "တွင်းသင်းမင်းကြီး၏ဥပမာတချို့ " အမည်နဲ့  ပျို့ မှာပါတဲ့ ဥပမာတွေကို ကောက်နုတ်ချက်ပြ၊ ရှင်းပြတယ်။ "ပတ္တလားဥပမာ" ဆိုတာလည်း တွေ့ ပါတယ်။
-မယ်တော်မိန့် ချက် ၊ ရွှေခွန်းထွက်ကို
ဦးထက်တင်ရ ၊ ထိုသော်ကလျှင်
အဖမဲ့သား ၊ ဆဲရေးငြားလည်း
ပွင့်ထွားနန်းရန် ၊ မကြားဟန်နှင့်
မာန်ဆန်ချလျက် ၊ ထဲသို ဝှက်၍
သက်လေးနှစ်ကြွင်း ၊ နှစ်ဆယ်တွင်းတွင်
သုံးခွင်သင်ရိုး ၊ ဗေဒင်မျိုးကို
နှုတ်ကျိုးလျှာပြန့် ၊ မိုးသို့ နန့် ၍
မတွန့် မလျှောက်၊ ထိုးထွင်းဖောက်လျက်
ထက်အောက်ပြန်လှန် ၊ မြန်သန်ဖြိုးဖြိုး
ကျမ်းထိုမျိုးကို ၊ ကျိုး ကျိုး ကျည်ကျည်
စည်ပတ္တလား ၊ ခေါက်၍သွားသို့ ။ (ပိုဒ်ရေ-၂၁။)
မယ်တော်ပြောပြလို့  မိမိဟာ မိဓိလာပြည်ဘုရင်ရဲ့သားတော်ဖြစ်ကြောင်း မဟာဇနကမင်းသားသိသွားတယ်။ အဲဒီကတည်းက ကစားဖော်တွေက အဖမဲ့သားလို့ နှိမ့်ချဆဲဆိုကြပေငြားမကြားဟန်ဆောင်နေတယ်။ အရင်လိုအကြမ်းပတမ်းမတုံ့ ပြန်တော့ဘူး။ ဗေဒင်သုံးပုံပညာရပ်တွေကို ကြိုးစားသင်ယူပါတော့တယ်။ ပတ္တလားတီးသလို ဒိုးဒိုးဒေါက်ဒေါက်သွက်သွက်လက်လက်ဖြစ်သွားပါတော့တယ်လို့ ဥပမာပြတယ်။
ဒီဥပမာမှာ စည် ဆိုတာ သားရေကြက်ပြီးတီးရတဲ့ ဗုံကိုဆိုလိုပုံမရ၊ တူရိယာ-ဆိုတဲ့အနက်ကို ယူလိုပုံပေးတယ် လို့ ဆရာကြီးမင်းသုဝဏ်ဆိုပါတယ်။ ထူးထူးခြားခြားစကားတခွန်းကိုလည်း ဆရာကြီးကရေးသွားသေးတယ်။ ကြည့်....။
"ထို့ ပြင် (မိုးသို့ နန့် ၍) ဆိုသောဥပမာကို မတွေးတတ်သေးပါ။"
ဆရာကြီးရေးတာကိုဖတ်မိတိုင်း "မိုးသို့ နန့် ၍" ဆိုတဲ့သစ်ငုတ်ကလေးကို အားရှိသလောက် တွန်းကြည့်၊ နှဲု့ ကြည့်တယ်။
တန်ခိုးတုန်နန့် မြေကြောတည်း။ (မဃဒေဝလင်္ကာသစ်၊ ၂၅။)
မြေကြီးတုန်နန့် ရိုက်ဖြန်းတည်း။ (၄င်းကျမ်း၊ ၄၅။)
တုန်နန့် မြေကြီး၊ ရိုက်တီးဖြန့် ဖြန့် (၄င်းကျမ်း၊ ၄၆။)
"နန့် --ဟူသည် တုန်လှုပ်သည်ပင်" လို့ ပိုဒ်ရေ ၂၅၊၄၅ လီနတ္ထဒီပနီရှင်းချက်မှာ မန်လည်ဆရာတော်ကြီးကိုယ်တော်တိုင် ရေးပါတယ်။
မြေကြီးတုန်လှုပ်တာကိုပဲ (နန့် )လို့ ခေါ်တာပေါ့။ ဟုတ်ပြီ၊ မန်လည်ဆရာတော်က မြေကြီးနန့် တာကိုဖွဲ့ ဆိုတာ။ နားလည်ပြီ။
တွင်းသင်းမင်းကြီးက မိုးကိုနန့် ခိုင်းနေတာ၊ တုန်လှုပ်ခြင်းဆိုတဲ့အဓိပ္ပါယ်နဲ့ ဆက်စပ်ရခက်နေပါတယ်။
"မိုးသို့ နန့် ၍" စကားရဲ့ရှေးမှာ (သုံးခွင်သင်ရိုး၊ ဗေဒင်မျိုးကို၊ နှုတ်ကျိုးလျှာပြန့် ) ရှိနေတယ်။ နောက်မှာ (မတွန့် မလျှောက်၊ ထိုးထွင်းဖောက်လျှက်၊ ထက်အောက်ပြန်လှန်၊ မြန်သန်ဖြိုးဖြိုး) ရှိနေတယ်။
ဗေဒင် ၃ ပုံးကို နှုတ်တက်ရွရွ၊ ပီပီသသ၊ သန့် သန့် ရှင်းရှင်း၊ မထစ်မငေါ့ဆိုနိုင်၊ ရွတ်နိုင်တယ်။ စ-လယ်-ဆုံးမဟုတ်ဘဲ အလယ်ဖောက်မေးမလား၊ အဆုံးကအနေအလယ်ကိုမေးမလား။ ထက်အောက်အပြန်အလှန်မေးလည်း မင်းသားက သွက်လက်စွာဖြေနိုင်တယ်။ ကြီုက်သလိုမေး၊ ဖြေနိုင်တယ်ဆိုတာပြတယ်။
လောကနီတီအဆိုတခုရှိတာကို သတိရမိပါတယ်။ "ပညာရှိသည် မမေးမူစည်ကြီးသဖွယ်၊ မေးမြန်းမူကား မိုးကြီးသဖွယ်ဖြစ်ရာ၏" စကားလေ။ လောကနီတိကိုကြည့်ပြီး မင်းကြီးက "မိုးသို့ နန့် ၍" ကို ရေးလိုက်လေသလား။
ဗေဒင် ၃ ပုံသင်ရိုးကို မင်းသားငယ်ဟာ မိုးတဖွဲဖွဲရွာချသလို ပီသ၊ကြည်လင်၊ သွက်လက်စွာ၊ ထက်အောက်၊ အပြန်အလှန်ဆိုရွတ်နိုင်တယ်။ မိုးရွာချသလိုဖြစ်တယ်ဆိုတာကို ရည်ရွယ်ပြီး (မိုးသို့ နန့် ၍)ကို အဓိပ္ပါယ်ကောက်ကြည့်ရင် မဆိုးဘူးလို့ မြင်မိပါတယ်။
ဒီအတိုင်းဆိုရင် (နန့် )အတွက်အဓိပ္ပါယ်ကို (အဆက်မပြတ်ဖြစ်ခြင်း၊ တခြိမ့်ခြိမ့်တဖွဲဖွဲဖြစ်ခြင်း၊ မိုးစက်မိုးပေါက်ရွာချသလိုဖြစ်ခြင်း) လို့ အဓိပ္ပါယ်အနက်တခုဖွင့်ရပါတော့မယ်။
အမရဒီပ
အောက်တိုဘာ ၂၉၊ ၂ဝ၁၄
No comments:
Post a Comment