Total Pageviews

Thursday, September 5, 2013

ရခိုင်ရာဇဝင်သစ်ဆရာနဲ့  သမ္မုတိသာသနာပိုင်များ


                                                   (၁)

ရခိုင်သမိုင်းလေ့လာရင် " ရခိုင်ရာဇဝင်သစ်ကျမ်း" ၂ တွဲဟာ မဖြစ်မနေဖတ်သင့်တဲ့ ရခိုင်သမိုင်း
စာအုပ်စာရင်းမှာ ပါဝင်တယ်။ ဒီကျမ်း ၂ တွဲကို ရမ်းပြည့် (ရမ်းဗြဲ) တောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ပြုစုတယ်။

တောင်ကျောင်းဆရာတော်ရဲ့ ရခိုင်ရာဇဝင်သစ်ကျမ်းကို အွန်လိုင်းစာကြည့်တိုက်တခုမှာ ဖတ်ခွင့်ကြုံလို့ ဖတ်ကြည့်တယ်ဆိုရင်ပဲ ဆရာတော်နဲ့ သမ္မုတိသာသနာပိုင်အကြောင်း သတိပြု
မိလာလို့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ သမ္မုတိသာသနာပိုင်အကြောင်းဟာ မြန်မာဗုဒ္ဓသာ
သနာသမိုင်းမှာ မှတ်တမ်းရှိနေပေမယ့် လူပြောသူပြောမများလှပေဘူး။ တောင်ကျောင်းဆရာ
တော်ရဲ့ ထေရုပ္ပတ္တိကို ဖတ်ကြည့်မိမှ သက်ဆိုင်ရာမှတ်တမ်းတွေကို ဖြန့် ကျက်လေ့လာမိပါ
တယ်။

ရခိုင်ရာဇဝင်သစ်ဆရာတောင်ကျောင်းဆရာတော်လောင်းလျာကို မြန်မာ ၁၂၂၃ (အေဒီ
 ၁၈၆၁) နှစ်မှာ ရမ်းပြည့် (ရမ်းဗြဲ) မြို့ ၊ ရွာပုလဲရွာမှာ မွေးဖွားတယ်။ မိဘနှစ်ပါးကတော့ ဦးအောင်ကျော်ဇောနဲ့  ဒေါ်လှဝင်းဖြူ တို့ ဖြစ်ကြပါတယ်။

မွေးချင်း ၃ ဦးအနက် ဆရာတော်က အငယ်ဆုံး…။ အကိုကြီး ကျော်ဇံလှ၊ အမကြီး ယောင်သာ
မေ တို့ ရှိကြတယ်။ ဆရာတော်ရဲ့ငယ်မည် ကျော်ဇောအောင်….။ အဖေ့အမည်က စာလုံးတွေ
ချည်းပဲ..။

မြန်မာနှစ် ၁၂၃၉ (အေဒီ ၁၈၇၇) အသက် ၁၆ မှာ ကျော်ဇောအောင် ရှင်သာမဏေဝတ်တယ်။
လူအမည် ကျော်ဇောအောင်က ရှင်စန္ဒမာလာလင်္ကာရ ဖြစ်လာတယ်။ ၁၂၄၂ (အေဒီ ၁၈၈ဝ ) မှာ ရဟန်း ဖြစ်တယ်။

ခေတ်ကာလဆိုင်ရာအုပ်ချုပ်ရေးကိုကြည့်ရင်-----
-ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (အေဒီ ၁၈၂၄)
-ဒုတိယအင်္ဂလိပ်-မြန်မာစ်ပွဲ (အေဒီ ၁၈၅၃) တွေဖြစ်ပြီးလို့  ဗြိတိသျှတို့  အောက်မြန်မာနိုင်ငံကို စိုးမိုးထားနိုင်ပါပြီ။

ရဟန်းဖြစ်ပြီးနောက် ၃ နှစ်အကြာ ၁၂၄၅ (အေဒီ ၁၈၈၃) မှာ ဦးစန္ဒမာလာလင်္ကာရ သရက်မြို့ 
သို့ စာသင်ကြွပါတယ်။ သရက်မြို့ မှာ ဆရာတော်သီတင်းသုံးနေခိုက် ၁၂၄၇ (အေဒီ  ၁၈၈၅) မှာ ကုန်းဘောင်မင်းဆက်နောက်ဆုံးဖြစ်တဲ့ သီပေါမင်း ဗြိတိသျှလက်ပါတော်မူပါတယ်။
၁၂၅ဝ (အေဒီ ၁၈၈၈) ပြည့်မှာ သရက်ကနေ ဇာတိ ရမ်းပြည့်(ရမ်းဗြဲ) သို့ ဆရာတော် ပြန်ကြွ တယ်။ သူ့ အရပ်မှာ ရှင်၊ရဟန်းငယ်တွေကို စာချ၊ တဖက်ကလည်း အထက်တန်စာပေကို ကိုယ်တိုင်လေ့လာတယ်။

ရဟန်းဝါ ၁၆ (၁၇) ရပြီးဖြစ်တဲ့ ဆရာတော်ဟာ ၁၂၅၇ (အေဒီ ၁၈၉၅) မှာ မန္တလေး စာသင်
ကြွပြန်တယ်။ အရှေ့ ခင်မကန်တိုက်မှာ နေတယ်။ ကျောင်းနေသက် ၂ လ ၃ လလောက်
ကြာတော့ ခင်မကန်တိုက်ဆရာတော်ကြီးက ဦးစန္ဒမာလာကို သူ့ ဆီလာဖို့ အခေါ်လွှတ်တယ်။
အကြောင်းက ညပိုင်းမှာ အာဂုံနုတ်တက်ရသမျှစာတွေကို တတွတ်တွတ်ပြန်ဆိုလေ့ကျင့်နေသံ
ကို ခင်မကန်ဆရာတော်ကြီး သတိထားမိသွားတာကြောင့်ပါပဲ။

ဦးစန္ဒမာလာရောက်လာတဲ့အခါ ဆရာတော်ကြီးက စာပေဆိုင်ရာမေးခွန်းအမျိုးမျိုး
တွေကို မေးမြန်းတယ်။ မေးသမျှကိုလည်း မဆိုင်းမတွဖြေနိုင်လို့ ဆရာတော်ကြီးက ဦးစန္ဒမာလာကို နှစ်သက်သဘောကျတယ်။
"မောင်စန္ဒ….မင်းပိဋကတ်အိုးဖြစ်နေပြီ၊ ပရိယတ္တိပိုင်းဆိုင်ရာ ပြည့်စုံနေပြီပဲ၊
တို့ အနေနဲ့  မောင်စန္ဒ ရခိုင်ပြည်ပြန်ပြီး သာသနာပြုစေချင်တယ်။ တို့ က သမ္မုတိသာသနာပိုင် ပခန်းဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး စာချွန်တော်နဲ့ တံဆိပ်တော်တွေတပါတည်းချီးမြင့်လိုက်မယ်၊
 ဘယ့်နှယ်သဘောရလဲ"
လို့  ခင်မကန်ဆရာတော်ကြီးက ဦးစန္ဒမာလာကို မိန့် ကြားပါတယ်။

ခင်မကန်ဆရာတော်ကြီးနဲ့  သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ကြီးစတဲ့ မန္တလေးဆရာ
တော်ကြီးများက ဦးစန္ဒမာလာနဲ့ တိုင်ပင်ပြီး ရမ်းပြည့်(ရမ်းဗြဲ) က အခြားဆရာတော် ၂ ပါး ကို ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ခန့် တယ်၊ ဦးစန္ဒမာလာကို ဂိုဏ်းထောက်ခန့် တယ်။ ခန့် စာနဲ့ တံဆိပ် တော်တွေကို ဦးစန္ဒမာလာကို ပေးအပ်လိုက်ကြပြီး ရခိုင်ပြည်ပြန်လွှတ်လိုက်တယ်။

(၂)

ဒီနေရာမှာ "သမ္မုတိသာသနာပိုင်" ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ တွေးစရာဖြစ်လာတယ်။
မန္တလေးမြို့ တည်နန်းတည် မင်းတုန်းမင်း (နန်းတက်အေဒီ ၁၈၅၃- နတ်ရွာစံအေဒီ ၁၈၇၈)
လက်ထက်မှာ သာသနာပိုင်ဆရာတော်က ဦးဉေယျ ဖြစ်ပါတယ်။ မင်းတုန်းမင်းလက်ထက် သာသနာပိုင်ဦးဉေယျ သက်တော် (၆၆) ဟာ ၁၂၂၇ (အေဒီ ၁၈၆၅ /၁၈၆၆) မှာ ပျံလွန်တော်မူ
တယ်။ အဲဒီနောက် သာသနာပိုင်အသစ်ခန့် ထားခြင်းမပြုတော့ဘဲ သာသနာပြုဆရာတော် ၈ ပါး
ခန့် ထားပြီး သာသနာရေးကိစ္စကို ဖြေရှင်းဆောင်ရွက်တယ်။
အရှင်သံဝရာဘိဝံသပြုစုတော်မူတဲ့ ဗုဒ္ဓနိုင်ငံတော်၊ ၃၊ စာမျက်နှာ ၁၉၉ မှာတော့ မင်းတုန်းမင်းလက်ထက်သာသနာပိုင်ဦးဉေယျဆရာတော်ပျံလွန်တဲ့နှစ်ကို ၁၂၃၇ လို့ ပြထား
တာတွေ့ ရပါတယ်။
ဗုဒ္ဓနိုင်ငံတော်၊ ၃၊ ၁၉၉ မှာပဲ "မင်းတုန်းမင်းလက်ထက် သာသနာပိုင်ဆရာတော်ဦးဉေယျလွန်
ပြီးနောက် သာသနာပိုင်မမြှောက်၊ သံဃာ့ဆန္ဒနဲ့ လွန်တော်မူသာသနာပိုင်ကလွှဲခဲ့တဲ့ ပခန်း
ဆရာတော်ကပဲ "သမ္မုတိသာသနာပိုင်" တာဝန်ကို ယူထားရတယ်။ သီပေါမင်းလက်ထက် သာသနာပိုင်အသစ်ခန့် ထားတော့မှ ပခန်းဆရာတော် သမ္မုတိသာသနာပိုင်အဖြစ်မှ အနားယူ
တယ်"လို့ ဖော်ပြတာတွေ့ ရပါတယ်။ ဒီအတိုင်းဆိုရင် သာသနာပိုင်ဆရာတော်ဦးဉေယျအလွန်
ကာလတွေမှာ သာသနာပြုဆရာတော် ၈ ပါးကပဲ သာသနာရေးကိစ္စကို စီစဉ်ဆောင်ရွက်တာ
လား၊ သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ကပဲ ဦးဆောင်ပြီး သာသနာရေးကိစ္စဆောင်ရွက်
တာလား အတွေးပွားစရာဖြစ်ပါတယ်။ တိကျတဲ့အဖြေအတွက် ဆက်လက်လေ့လာရပါလိမ့်
မယ်။

(၃)

၁၂၄၁ (အေဒီ ၁၈၇၈) မှာ မင်းတုန်းမင်းနတ်ရွာစံပြီး သီပေါမင်းသား ဘုရင်ဖြစ်လာတယ်။ သီပေါဘုရင်က သာသနာပိုင်ဆရာတော်အဖြစ်----
(၁) မာလာလင်္ကာရ သာသနဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု တောင်တော်ဆရာတော် (သီပေါမင်းသားက ဒီဆရာတော်ဆီမှာ ဗုဒ္ဓစာပေသင်ယူခဲ့တယ်။)
(၂) ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု ရွှေကျင်ဆရာတော် တို့ ကို (ပူးတွဲ) သာသနာပိုင်ခန့် ထားပါတယ်။ သို့ သော် ရွှေကျင်ဆရာတော်က သာသနာပိုင်
တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲတော်မူလို့  တောင်တော်ဆရာတော်ဦးမာလာကိုသာ သာသနာပိုင်လို့ အသိများကြပါတယ်။

အေဒီ ၁၈၈၅ မှာ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပြီးနောက် မြန်မာတနိုင်ငံလုံး ဗြိတိသျှကိုလို
နီလက်အောက်ခံဖြစ်သွားတယ်။ သီပေါမင်းလည်း အင်္ဂလိပ်လက်ပါရရှာတယ်။

သီပေါမင်းပါတော်မူပြီး ၁၁ နှစ်အကြာ ၁၂၅၆ (အေဒီ ၁၈၉၆) မှာ သာသနာပိုင်တောင်တော်
ဆရာတော် ပျံလွန်တော်မူပါတယ်။

တောင်တော်သာသနာပိုင်ဆရာတော်လွန်ပြီးနောက် "နန္ဒာဘိဓဇ သီရိသဒ္ဓမ္မဓိပတိ မဟာဓမ္မ
ရာဇာဓိရာဇဂုရု" ဆိုတဲ့ မင်းတုန်းမင်းဆက်ကပ်တဲ့ဘွဲ့ တံဆိပ်ခံ ပခန်းဆရာတော်ကြီးကို မန္တလေးလေးပြင်လေးရပ်ဆရာတော်များက သာသနာပိုင်ဆရာတော်အဖြစ် ကျေနပ်သဘော
တူပြီးသမ္မုတိပေး ရွေးချယ်ကြလို့ "သမ္မုတိသာသနာပိုင်ပခန်းဆရာတော်"ရယ်လို့ ဖြစ်လာပါ
တယ်။

ရခိုင်ပြည်၊ ရမ်းပြည့်(ရမ်းဗြဲ) ကစာသင်ကြွလာတဲ့ ဦးစန္ဒမာလာနဲ့ အေဒီ ၁၉ဝ၇ မှာ တွေ့ ခဲ့တဲ့ သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ဟာ သီပေါမင်းလက်ထက်သာသနာပိုင်တောင်တော်
ဆရာတော်အလွန်ကာလမှာ သမ္မုတိသာသနာပိုင်ဖြစ်တဲ့ဆရာတော်ဖြစ်ပါတယ်။
သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ကြီးဟာ ၁၂၆၂ (အေဒီ ၁၉၁၂) မှာ ပျံလွန်တော်မူခဲ့
ကြောင်း သိရပါတယ်။

(၄)

ပခန်းသမ္မုတိသာသနာပိုင်လွန်ပြီးနောက် "သုဇာတာဘိသိရီဓဇဓိပတိပဝရ မဟာဓမ္မရာဇာဓိရာ
ဇဂုရု"ဘွဲ့ တံဆိပ်တော်ရ မန္တလေးတောင်ပြင်မိုးတားဆရာတော်ကို "သမ္မုတိသာသနာပိုင်"အ
ဖြစ်တင်မြှောက်ကြပြန်တယ်။ မိုးတားဆရာတော်က သမ္မုတိသာသနာပိုင်အဖြစ် ၂ နှစ်ခန့် 
ဆောင်ရွက်ပြီးနောက် ဗြိတိသျှကိုလိုနီအစိုးရတင်မြှောက်တဲ့ တောင်ခွင်သာသနာပိုင်ပေါ်လာ
လို့  သမ္မုတိသာသနာပိုင်ရဲ့အခန်းကဏ္ဍမှေးမှိန်သွားရတယ်။

(ဗုဒ္ဓနိုင်ငံတော်၊ ၃၊ ၂ဝ၁။ မှာတော့ သမ္မုတိသာသနာပိုင်မိုးတားဆရာတော် ၁၂၆၂ မှာ ပျံလွန်
တယ်လို့ ဆိုထားပါတယ်။ သမ္မုတိပခန်းသာသနာပိုင်ပျံလွန်တဲ့နှစ်ဖြစ်နေတာမို့ ဒီအဆိုဖြစ်နိုင်
ဖို့ နည်းပါးကြောင်း တွေ့ ရပါတယ်။သမိုင်းပညာရှင်တွေရဲ့အကူအညီနဲ့ ဒွိဟပွားစရာအဆိုတွေ
ကို အမှန်ပြင်သင့်ပါတယ်။)

၁၂၆၅ ၊ တန်ဆောင်မုန်းလဆန်း ၁ဝ (အေဒီ ၁၉ဝ၃ ၊ နိုဝင်ဘာ ၁၃ မှာ ဗြိတိသျှကိုလိုနီ
မြန်မာနိုင်ငံဘုရင်ခံ ဆာ ဟယူ ရှာကီးစပီးယား ဘန်းစ် (Sir Hugh Shakespaer Barnes) က
 မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်မှာ အခမ်းအနားကျင်းပပြီး တောင်ခွင်ဆရာတော် ဦးဝိသုဒ္ဓ
ကို "အထက်မြန်မာနိုင်ငံသာသနာပိုင်"အဖြစ် ခန့် ထားပါတယ်။

တောင်ခွင်သာသနာပိုင်ဆရာတော်ဟာ "ဝိသုဒ္ဓသီလာစာရ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု" ဆိုတဲ့ မြန်မာဘုရင်ရဲ့ဘွဲ့ တံဆိပ်တော်၊ "ဝိသုဒ္ဓသီလာစာရ သိရီပဝရဓမ္မသေနာပတိ မဟာသံဃ
ရာဇာ" ဆိုတဲ့ အင်္ဂလိပ်အစိုးရဘွဲ့ တံဆိပ်တော်တို့ ကို ဆက်ကပ်ခံရတဲ့ ဆရာတော်ဖြစ်ပါတယ်။

တောင်ခွင်ဆရာတော်သာသနာပိုင်ဖြစ်လာချိန်နဲ့  မဖြစ်ခင်ကတည်းက သီပေါမင်းလက်ထက်
 တောင်တော်သာသနာပိုင်ရဲ့လွှဲအပ်ချက်အရ ဖွဲ့ စည်းထားခဲ့တဲ့ သံဃအဖွဲ့ အစည်းတခုလည်း ရှိနေတယ်။

ဗုဒ္ဓနိုင်ငံတော်၊ ၃၊ ၂ဝ၂ မှာ "တောင်ခွင်ဆရာတော်ကို အင်္ဂလိပ်ဘုရင်ခံက သာသနာပိုင်အဖြစ်
အသိအမှတ်ပြုပေမယ့် တကျိပ်နှစ်ပါးသံဃာတော်များက သဘောတူကြောင်းဆန္ဒမပေးခဲ့ကြ
ဘူး၊ ဒါကြောင့် သီးခြားအဖွဲ့ ဖွဲ့ စည်းပြီး သာသနာရေးကိစ္စလုပ်ဆောင်တယ်"လို့  ဖော်ပြပါ
တယ်။

ဆရာတော် ၁၂ ပါးပါဝင်ဦးစီးလို့ အဲဒီအဖွဲ့ ကို "တကျိပ်နှစ်ပါးဂိုဏ်း" ခေါ်ပါတယ်။ တကျိပ်နှစ်ပါး အမည်စာရင်းကတော့ ဟောသည်အတိုင်းပါပဲ။
(၁) မြို့ ပြင်ကြီးဆရာတော်
(၂) မိုးကောင်းမဟာဝေယံဘုံကျော်ဆရာတော်
(၃) အကောက်ဝန်ဆရာတော်
(၄) ရွှေပြည်ဆရာတော်
(၅)  မြို့ သာဆရာတော်
(၆) ပေါင်းလောင်းဂူဆရာတော်
(၇) မောက်ကျိုးဆရာတော်
(၈) တိုင်တားတိုက်အုပ်ဆရာတော်
(၉) အရှေ့ တိုက်တော်ဆရာတော်
(၁ဝ) ဆင်ဖြူကျွန်း ဦးနရိန္ဒဆရာတော်
(၁၁) မေဃဝတီဆရာတော် ဦးကလျာဏ (အဂ္ဂမဟာပဏ္ဍိတ)
(၁၂) မိုးကောင်းတိုက်စာချ ဦးနန္ဒိယဆရာတော် (ပထမကျော်)

ဒီတော့ မြန်မာဘုရင်လက်ထက်တော်က သုဓမ္မာဇရပ်မှာ ရုံးထိုင်ခဲ့ကြတဲ့ ရဟန်းတော်များဟာ
- တောင်ခွင်ဂိုဏ်း
-တကျိပ်နှစ်ပါးဂိုဏ်း
လို့ အုပ်စု နှစ်စုဖြစ်လာတယ်။ ဒီဂိုဏ်းနှစ်ခုဟာ သက်ဆိုင်ရာဂိုဏ်းဝင်များအတွက် ဝါဆိုဝါကပ်
အမိန့် ဆင့်စာထုတ်ပြန်ကြတယ်။ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်ခန့် ထားတာမျိုး လုပ်ကြ
တယ်။ ဝိနိစ္ဆယခုံရုံးဖွဲ့ ပြီး တရားဆုံးဖြတ်ကြတယ်။

သည်လိုဂိုဏ်းဂဏ ၂ စုဖြစ်နေပေမယ့် ဝိနည်းဆိုင်ရာသံဝါသ၊ သမ္ဘောဂမကွဲပြားကြဘူး၊ သံဃာ့ကံကို အတူတကွညီညွတ်ဆောင်ရွက်ကြတယ်လို့ မှတ်တမ်းတင်ထားတာရှိပါတယ်။

(၅)

တောင်ခွင်ဂိုဏ်းကို အထက်မြန်မာပြည်သာသနာပြုလို့ သတ်မှတ်ထားပေမယ့် တကျိပ်နှစ်ပါး
ဂိုဏ်းကိုတော့ ထက်/အောက်မြန်မာပြည်သာသနာပြုလို့ ခွဲခြားသတ်မှတ်ထားတာမျိုး
မရှိခဲ့ပါဘူး။
အဲသည်ဂိုဏ်း ၂ ခုအပြင် အထက်မြန်မာတခွင်မှာ ရွှေကျင်ဂိုဏ်း၊ အောက်မြန်မာပြည်တခွင် ဒွါရဂိုဏ်းလို့ လည်း သူ့ အစုနဲ့ သူသာသနာရေးဆောင်ရွက်ကြတယ်။

(၆)

၁၂၅၇ (အေဒီ ၁၈၉၅) မှာ သမ္မုတိပခန်းသာသနာပိုင်ဆရာတော်ကြီးကို ဖူးမြော်ပြီး ရမ်းပြည့်(ရမ်းဗြဲ) ပြန်ကြွလာတဲ့ မန္တလေးပြန်ဦးစန္ဒမာလာလင်္ကာရဟာ ၁၂၇၄ (အေဒီ ၁၉၁၂) မှာ တောင်ကျောင်းကျောင်းထိုင်ဆရာတော် ဖြစ်လာတယ်။

တောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရဟာ ဘဝတသက်တာအတွင်း
ရခိုင်ရာဇဝင်သစ်ကျမ်း ၂ တွဲအပါအဝင် ကျမ်းပေါင်း ၂၁ ကျမ်း ပြုစုခဲ့တယ်။ နှစ်ပရိစ္ဆေဒများစွာ ကြာလာသည်နှင့်အမျှ ပျက်စီးပျောက်ကွယ်သွားကြလေတာမို့  ယခုအခါ (၁၈) ကျမ်းမျှသာ ရှာဖွေတွေ့ ရှိရတော့တယ်လို့ ဆိုကြပါတယ်။

သမ္မုတိသာသနာပိုင်ပခန်းဆရာတော်က ဦးစန္ဒမာလာလင်္ကာရကို ပေးအပ်လိုက်တဲ့ တံဆိပ်
တော်ကို အစိုးရပြတိုက်မှာထားမယ်ဆိုပြီး ဗိုလ်မှုး (တင့်လွင်)ဆိုသူက တောင်းယူသွားလို့ 
ဆရာတော်ရဲ့ မူရင်းကျောင်းမှာ ပုံတူပွားထားတဲ့တံဆိပ်တော်သာ ရှိတော့တယ်လို့ 
ထေရုပ္ပတ္တိက ဆိုပါတယ်။

သမ္မုတိသာသနာပိုင်ဆရာတော်ရဲ့ စာချွန်တော်နဲ့ စာချွန်တော်ထည့် ကျောက်စီရွှေချဘူးလည်း ဂျပန်ခေတ်စစ်အတွင်းပျောက်ဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

ရခိုင်ရာဇဝင်သစ်ဆရာတောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရဟာ ၁၂၉၂ ၊ 
(အေဒီ ၁၉၃ဝ) တန်ဆောင်မုန်းလကွယ်၊ အင်္ဂါ၊ နံနက် ၈ နာရီမှာ တဘဝခန္ဓာငြိမ်းတော်မူကြောင်း
ထေရုပ္ပတ္တိမှာ ဖတ်ရပါတယ်။

(၇)

သာသနာပိုင်၊ သမ္မုတိသာသနာပိုင် ၂ မျိုးကို ခွဲခြားရရင် အုပ်ချုပ်သူ (ဘုရင်၊ အစိုးရ) က သာသနာရဲ့အကြီးအကဲအဖြစ်ခန့် ထားရင် "သာသနာပိုင်" ဆိုရပါတယ်။

အုပ်ချုပ်သူ ( ဘုရင်၊ အစိုးရ)သဘောထားမပါဘဲ ရဟန်းသံဃာကကျေနပ်သဘောတူလို့ ဆန္ဒ
ပေးပြီး သာသနာရဲ့အကြီးအကဲအဖြစ်တင်မြှောက်ခန့် ထားရင် "သမ္မုတိသာသနာပိုင်" ဆိုရ
ပါတယ်။

ယနေ့ ခေတ် ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်းစသည်တို့ မှာ တင်မြှောက်ထားကြတဲ့ "သာသနာပိုင်" ဆရာတော်များဟာ အုပ်ချုပ်သူ (ဘုရင်၊ အစိုးရ) ကရွေးချယ်တင်မြှောက်တာမဟုတ်ဘဲ ဂိုဏ်းဝင်သံဃာတော်များက ရွေးကောက်တင်မြှောက်တာမို့ "သမ္မုတိသာသနာပိုင်"
များ ဖြစ်ကြပါတယ်။ (ယနေ့ ခေတ်မှာ ဘုရားစေတီပြုပြင်လို့ ၊ ပရဟိတဆောင်ရွက်လို့ စတဲ့
စတဲ့ အကြောင်းပြနဲ့ လူဝတ်ကြောင်နောက်လိုက်တစုက သူရို့ ဆရာကို သာသနာပိုင်ရာထူး ပေးနေကြသူများ ဒီထုံးတမ်းစဉ်လာကိုသတိပြုကြစေလိုပါတယ်။ ဘုရားတည်ရုံ၊ လမ်းဖောက်ရုံ
နဲ့  သာသနာပိုင်၊ သမ္မုတိသာသနာပိုင် ၂ မျိုးလုံးမဖြစ်နိုင်ကြောင်း သတိပညာဖြင့် ဆင်ခြင်စဉ်း
စားသင့်ပါတယ်။)

အမရဒီပ
စက်တင်ဘာ ၅၊ ၂ဝ၁၃

ကိုးကားကျမ်းစာရင်း

၁။ ရခိုင်ရာဇဝင်သစ်ကျမ်း၊ တောင်ကျောင်းဆရာတော်အရှင်စန္ဒမာလာလင်္ကာရ။
၂။ သာသနာ့ဗဟုသုတပ္ပကာသနီ၊ ဘုရားဖြူဆရာတော်။
၃။ ဗုဒ္ဓနိုင်ငံတော်၊ တတိယတွဲ၊ အရှင်သံဝရာဘိဝံသ။
5.   http://en.wikipedia.org/wiki/Rakhine_Razawin_Thit

No comments: