Total Pageviews

Thursday, June 13, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် -၂ဝ



နောက်နှစ်ရက်အကြာ သာမန်အခမ်းအနားလေးတခုအပြီး ဘုန်းကြီးသည် လိမ္မော်ရောင်သင်္ကန်းကို
 ပြန်လည်ဝတ်ရုံထားပြီးဖြစ်သည်။ ဤအကြိမ်တွင် ဘုန်းကြီး မည်သည့်အခါမှ သင်္ကန်းများကို ချွတ်
ပစ်တော့မည်မဟုတ်ပေ။

ဆရာတော်အရှင်သောဏုတ္တရသည် ဆရာတော်အရှင်သီယမ်ဗလံဂမုဝေ ဓမ္မက္ခန္ဓ ဘွဲ့ မည်တော်တွင်သည့် ဆရာတော်တပါးကိုဆက်သွယ်သည်။အရှင်သီယံဗလံဂမုဝေမှာ ဂမ်ပဟာခရိုင်တွင် ရှင်ရဟန်းများအတွက် အခြေခံပညာရေးကျောင်းငယ်တခုကို စီမံကွပ်ကဲနေသော ဆရာတော်ဖြစ်သည်။  ဘုန်းကြီးနေထိုင်သည့်ကျောင်း
မှ မိုင်ပေါင်း ၆ဝ ခန့် ဝေးသည်။ ဆရာတော်အရှင်သီယံဗလံဂမုဝေနှင့် ဘုန်းကြီး၏ဆရာတော်မှာ မိတ်ဆွေချင်းဖြစ်
သောကြောင့် ဘုန်းကြီး၏လျှောက်လွှာကို အလွယ်တကူလက်ခံသည်။ ဘုန်းကြီး ပြန်လည်ရှင်ပြုပြီးတလအကြာ ၁၉၄၄ ခုနှစ် ဧပြီလတွင် တရားဝင်ဘုန်းတော်ကြီးကျောင်းပညာရေးကို စတင်သင်ခဲ့ရ၏။ ဘုန်းကြီးသည် "ဝိဇ္ဇသေခရပရိဝေဏ" မှာ ကျောင်းတက်ရသည်။ "ဝိဇ္ဇသေခရ"မှာ "သင်ယူခြင်းသရဖူ"ဟု အဓိပ္ပါယ်ဆိုလိုပြီး
"ပရိဝေဏ"မှာ "ရှင်ရဟန်းအတွက်ကျောင်း"ဟု အဓိပ္ပါယ်ဆိုလိုသည်။ ကိုရင်အရေအတွက် အပါးနှစ်ဆယ်
လောက်နှင့် ဆရာတော် သုံးပါး ထိုစာသင်တိုက်မှာ နေထိုင်ကြသည်။ ဘုန်းကြီးတို့ သည် စီလုံသမိုင်းနှင့် အဂုင်္တ္တရနိကာယ်၊ မဇ္ဈိမနိကာယ်တို့ လို အရေးပါမည့် ဒေသနာတော်များကို သင်ယူရသည်။ ဆင်ဟာလီ၊ တမီးလ်၊
ဟိန္ဒီ ၊ အင်္ဂလိပ်၊ သက္ကတတို့ လို ဘာသာစကားများစွာကိုလည်း သင်ယူကြရသည်။

ရွယ်တူဆယ်ကျော်သက်ကိုရင်များကြားမှာနေထိုင်ရပြီး သင်ယူလေ့လာခြင်းဖြင့် အချိန်ကုန်လွန်
ရသောကြောင့် ကျောင်းအသစ်မှာ အတိုင်းထက်အလွန် ဘုန်းကြီးပျော်မိ၏။ သို့ သော် ဘုန်းကြီးသည် စာသင်တိုက်မှာ ကြာကြာ မနေလိုက်ရပြန်။ ဆရာတော်အရှင်သီယံဗလံဂမုဝေမှထံမှာ မေတ္တာရပ်ခံချက်တခု ဘုန်းကြီးထံ ရောက်လာ၏။
နပဂေါဓရွာနေ ကျောင်းထိုင်ဘုန်းကြီး လူဝတ်လဲသွားသည့်အတွက် ကျောင်းတိုက်ကို အစောင့်အရှောက်မဲ့ ထားပစ်ခဲ့သည်။

ဘုန်းကြီး နပဂေါဓရွာသို့ သွားရောက်ပြီး ကျောင်းတိုက်ကို စီမံစောင့်ရှောက်နိုင်မည်လားဟု ဆရာတော်က မေးသည်။ ထိုကိစ္စမှာ ခေတ္တယာယီသာဖြစ်မည်၊ ရက်သတ္တပတ်အနည်းငယ်ကြာအောင် ထိုကျောင်းမှာ နေပြီး နောက်တွင် စာသင်တိုက်သို့ ပြန်လာရလိမ့်မည်ဟု ထင်တားမိသည်။ ထို့ ကြောင့် ဆရာတော် မေတ္တာရပ်ခံသည်
ကို သဘောတူလက်ခံလိုက်၏။

အတိုချုပ်ပြောရလျှင် ထိုကျောင်းတွင် ရှစ်လကြာအောင် ဘုန်းကြီးနေခဲ့ရသည်။
တရားဒေသနာ သို့ မဟုတ် ပါဠိသင်ယူရမှုလုံးဝမရှိ။ ကျောင်းဝေယျာဝစ္စနှင့်သာ နပမ်းလုံးရသည်။ 
မပြီးနိုင်မစီးနိုင်သည့် အလုပ်ကြမ်းတို့ ကြောင့် ပင်ပန်းနွမ်းချိကုန်သည်။

တနေ့ ကျောင်းမှာ စားသောက်ဖွယ်လုံးဝမရှိဖြစ်နေသည်။ ဘုန်းကြီးနှင့် ရွယ်တူလောက်ပင်ရှိမည့် ဘုန်းကြီးကျောင်းသားကို ရွာထဲရှိ ဆိုင်တဆိုင်မှာ ပေါင်မုန့် ဝယ်ခိုင်းလိုက်သည်။ သူမသွား။ ဘုန်းကြီး
 သူ့ ကို ထပ်ခိုင်းပြန်သည်။ သူကလည်း ထပ်ပေကပ်နေပြန်၏။ ဘုန်းကြီး သူ့ ကို ပြောလိုက်သည်။
"ငါ  နောက်တယောက်ကို စားစရာဝယ်ခိုင်းလိုက်မယ်။ မင်းကို ငါ မကျွေးဘဲ ထားမယ်"

သူက ဘုန်းကြီးကို ပြန်ဆဲသည်။ ဘုန်းကြီး သူ့ ကို ခြေထောက်နှင့် အကြိမ်ကြိမ် ကန်ပစ်လိုက်သည်။

ထိုနေ့ နှောင်းပိုင်းတွင် ဘုန်းကြီးတို့ နှင့် တခဏအတူနေခဲ့ဖူးသူ ရဟန်းတပါး ကျောင်းသို့  ပြန်ကြွလာ၏။ သူသည် ကျောင်းသား၏ အကိုကြီးဖြစ်ပုံရသည်။ သူက ဘုန်းကြီးကို ဘာဖြစ်ကြသနည်း၊ ဘာကြောင့် ကျောင်းသား ကျောင်းမှာ မရှိတော့သနည်း မေးသည်။ ဘုန်းကြီးပြောသည်ကိုနားထောင်ပြီးနောက် သူစိတ်ဆိုးလေသည်။

"အေး….ငါတို့ ကို ဝေယျာဝစ္စလုပ်ပေးတဲ့ ကျောင်းသားကို မင်းမောင်းထုတ်လိုက်တယ်ဆိုတော့ 
အခုအချိန်ကစပြီး အုန်းပင်တက်တာ မင်းအလုပ်ဖြစ်သွားပြီ။ ကိုရင်..ငါ့အတွက် အုန်းသီးတလုံး သွားဆွတ်စမ်း"

ဘုန်းကြီး ထိုရဟန်းခိုင်းသည်ကို ငြင်းလိုက်သည်။
"ရှင် ရဟန်းဆိုတာ အပင်မတက်ရဘူး။ အပင်တက်တာ ဝိနည်းနဲ့ မညီဘူး။ ဒါ့အပြင် တပည့်တော်ဆရာက အုန်းပင်တက်ဖို့ ၊ အုန်းသီးဆွတ်ဖို့  ဒီကျောင်းကို လွှတ်လိုက်တာ မဟုတ်ဘူး"
ဘုန်းကြီးက အချက်ကျကျ ထောက်ပြလိုက်သည်။

ယင်းသို့ အကျိုးစီးပွားမဲ့အလဟသကိစ္စ၊ အချေအတင်ငြင်းခုံနေရသည့်ကိစ္စများဖြင့်သာ ခုနှစ်လတာကာလ
ကုန်လွန်ပြီးနောက် စာသင်ချင်သည့်စိတ်ကြောင့် ဘုန်းကြီး နေမထိထိုင်မသာ ဂဏာမငြိမ်ဖြစ်လာပြီး ဆရာတော်ထံသို့ စာရေးသည်။ "တပည့်တော်ကို သနားသောအားဖြင့် စာသင်တိုက်ကို ပြန်လွှတ်ပါဘုရား"ဟု ဘုန်းကြီး တောင်းပန်လိုက်သည်။

ဆရာတော်အရှင်သီယမ်ဗလံဂမုဝေထံတော်မှ ပို့ စကတ်တစောင်ကို မကြာမီ ဘုန်းကြီး ရရှိသည်။
"အေး…တပည့်၊ မင်းကျောင်းကို ပြန်လာလို့ ရပြီ"ဟု ဆိုထားသည်။ ဘုန်းကြီး အပျော်ကြီး ပျော်သွားသည်။

အချိန်မဆိုင်းတော့ဘဲ လေးမိုင်ဝေးသည့် ဝေယံဂေါဓရှိ မီးရထားဘူတာရုံသို့ သွားရန် နွားလှည်းတစီး ငှားလိုက်
သည်။ ဘုန်းကြီးကား ဂမ်ပဟာသို့ ပြန်ပြီး ကျောင်းသားစာရင်းသွင်းရန် အချိန်မဆိုင်းနိုင်တော့ပြီ။
ဘူတာရုံသို့ ဘုန်းကြီး ရောက်သည့်အခါ ဂမ်ပဟာသို့ သွားမည့်ရထားမှာ ထွက်ဦးမည်မဟုတ်၊  ငါးနာရီလောက်
ဘူတာရုံမှာ ဆိုက်ထားဦးမည်ဟု သိရသည်။ ထို့ ကြောင့် ဘူတာရုံအနီးရှိ ဘုန်းကြီးကျောင်းတကျောင်းသို့ 
အလည်အပတ် သွားရန် ဘုန်းကြီး ထွက်လာလိုက်သည်။

ထိုကျောင်းတွင် အသက် ရှစ်နှစ် ကိုးနှစ်အရွယ် ဘုန်းကြီးကိုခင်မင်သည့် ကိုရင်လေးတပါးရှိသည်။ သူက ဘုန်းကြီးကို သူနှင့်အတူ ဘူတာရုံဘေးရှိ  မြစ်ဆိပ်မှာရေကူးခေါ်သည်။ ဘုန်းကြီး အင်တင်တင်ဖြစ်သွားသည်။

အသက်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း ဘုန်းကြီးရေမကူးတတ်ပါ။ ရေမကူးတတ်ကြောင်း ကိုရင်လေးကို ပြော
ပြဖို့ ရန်လည်း "မာန်ခံ"နေပြန်၏။ မပြောချင်။ မတတ်ဘဲတတ်သလိုလို လူတတ်ကြီးလုပ်ချင်သည့် မာနက မကြာမီ ဘုန်းကြီးအသက်ကို ခြိမ်းခြောက်လာခဲ့လေသည်။

ဗုဒ္ဓဒေသနာတော်အဆိုအရ "မာန "ဟူသည် အထက်မဂ်တရားကို မျက်မှောက်ပြုသူတဦးအနေဖြင့်ပယ်သတ်
နိုင်သော အထက်သံယောဇဉ် ၅ ပါးအနက် နောက်ဆုံးလက်ကျန်ဖြစ်သည်။ ပယ်သတ်သင့်သော  စိတ်အညစ်
အကြေး ၂၇ ပါးကို ဗုဒ္ဓဘုရားသတိပေးညွှန်ပြရာတွင် မာနသည် တပါးအပါအဝင်ဖြစ်သည်။ ငါတလူလူမင်းမူ  "မွှန်ထူ "နေမှုများကို ကျော်လွှားနိုင်စေရန် အောက်ပါဆင်ခြင်မှုများကို ပြုသင့်ကြောင်း ဗုဒ္ဓဘုရားရှင် ညွှန်ပြထား ပေသည်။

"ငါသည် အိုခြင်းသဘောရှိ၏ ၊ အိုခြင်းသဘောကို မလွန်မြောက်နိုင် "
"ငါသည် နာခြင်းသဘောရှိ၏ ၊ နာခြင်းသဘောကို မလွန်မြောက်နိုင် "
"ငါသည် သေခြင်းသဘောရှိ၏ ၊ သေခြင်းသဘောကို မလွန်မြောက်နိုင် "
"ပိုင်ဆိုင်သမျှအရာများ၊ ချစ်ခင်မြတ်နိုးသူများသည် ပြောင်းလဲပျက်စီးခြင်းသဘောရှိပါ၏ "
"ကံသာလျှင် မိမိဥစ္စာ၊ ကံသာလျှင် အမွေခံ၊ ကံသာလျှင်အကြောင်း၊ ကံသာလျှင် အဆွေအမျိုး၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ဖြစ်၏။ ကံကောင်းကို ပြုသည်ဖြစ်စေ၊ ကံဆိုးကိုပြုသည်ဖြစ်စေ ထိုကောင်းကံ၊ ဆိုးကံ၏ ကောင်းမွေ ဆိုးမွေကို ခံစားရပေလိမ့်မည်။ "

မြစ်ကမ်းပါးတွင် ကိုရင်လေးသည် ဧကသီကိုယ်ရုံသင်္ကန်းကို ချွတ်လိုက်ပြီး မြစ်ရေထဲသို့ ဝုန်းကနဲခုန်ဆင်းသွား၏။
ငါးတကောင်နှယ် ရေကူးသွား၏။ သူ၏သေသပ်လှပသော ခြေလက်ယက်ကန်လှုပ်ရှားမှုများကို လေးစားအားကျ
ရင်း မြစ်ကမ်းပါးမှာ တောင့်တောင့်ကြီးရပ်နေခဲ့သည်။ ရေကူးခြင်းမှာ အခက်ကြီးဟုတ်ဟန်လည်းမရှိပါလား။ နောက်ဆုံးတွင် ရွှံ့ ထူ အနံ့ ဆိုးသည့် မြစ်ရေထဲသို့  ဒိုင်ဗင်ထိုးချချင်စိတ်ပေါက်လာတော့၏။

မြစ်ကမ်းပေါ်တွင် တွန့် ဆုတ်တွန့် ဆုတ်ဖြစ်နေသည့်ဘုန်းကြီးကို ကိုရင်လေးမြင်ပြန်ရာ သူနှင့်အတူ ရေကူးဖို့ ခေါ်
ပြန်၏။ ဘုန်းကြီးသည် လေးတိလေးကန်ဖြင့် အပေါ်ရုံဧကသီသင်္ကန်းကို ချွတ်လျှက် ကျွတ်ထွက်မသွားစေရန်
သင်းပိုင်းအခေါက်နှင့်တွဲကာ ထုံးချည်လိုက်သည်။ ယင်းနောက် အသက်ရှုလိုက်ပြီး ဒိုင်ဗင်ပစ်ချလိုက်တော့၏။

တစက္ကန့် အတွင်း ဘုန်းကြီး ပြဿနာတက်တော့၏။
ဘုန်းကြီးသည် မြစ်ကြမ်းပြင်အထိ ရောက်သွား၏။ ရွှံ့ ညွှန်ပျောင်းအိအိကို ထိမိသည်။ မတ်တပ်ရပ်ရန် မြေအမာ လုံးဝမရှိပါချေ။ ရေနစ်နေချေပြီ ။ တကိုယ်လုံးကို လှုပ်ရှားရုန်းကန်ကြည့်သည်။ ဓာတ်လိုက်သလို ခန္ဓာကိုယ်တွင်း
မှာ အထိတ်တလန့် ဖြစ်မှုများ ဖြစ်ပွားလာသည်။ ခြေထောက်နှင့်လက်များကို လှုပ်ကြည့်သည်။ အသက်ရှုလိုက်
တိုင်း မြစ်ရေနောက်ကျိကျိကို မျိုချနေမိသည်။

ကိုရင်လေးက ဘုန်းကြီး ဝူးဝူးဝါးဝါးဖြစ်နေသည်ကိုကြည့်ပြီး အကူအညီပေးရန် ကြိုးစားသည်။ ဘုန်းကြီးရှိသည့်နေရာသို့ ရေကူးလာကာ ရေမျက်နှာပြင်ထက်ပေါ်နေသည့် ဘုန်းကြီး၏နားရွက် ၊ ဦးခေါင်းကို ဆွဲ
သည်။ အလိုလေး…..မလွယ်ချေတကား…။ သူ့ အင်အားနှင့် ဘုန်းကြီးကို ရေပေါ်ရောက်အောင် မဆွဲနိုင်ပါ။ ဘုန်းကြီးသည်လည်း ကြောက်ကြောက်လန့် လန့် ဖြင့် သူ့ သင်္ကန်းစကို ဆွဲထားမိ၏။ တခဏတွင်းမှာပင် သင်္ကန်းစ လွတ်သွားပြန်၏။

ဘုန်းကြီးကို ကယ်ဆယ်လိုကယ်ဆယ်ငြား ထိုသင်္ကန်းကိုကိုင်လျက် ရေအောက်သို့  ဘုန်းကြီး သုံးကြိမ်ရောက်၏။ အပေါ်ပြန်တက်လာသည့် သုံးကြိမ်တိုင်တိုင်အခါများတွင် အကူအညီကို ရှာသည်။

နောက်ဆုံးအချီတွင် ဘုန်းကြီး၏မြင်ကွင်းတခုလုံး အနီရောင်သာ လွှမ်းမိုးထားတော့၏။

ဘုန်းကြီး သတိလစ်သွားသည်။

အမရဒီပ
ဇွန်လ ၁၃ ၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။

No comments: