Total Pageviews

Tuesday, July 10, 2012

မဟာဋီကာ၊ ဘေဒနီဆရာ မှသည် အဋ္ဌကထာဆရာ၊ဝိပဿနာဂုရုဆီသို့ 

သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်ကြီး ပေဋကောပဒေသအဋ္ဌကထာနဲ့  မိလိန္ဒပဥှာအဋ္ဌကထာတို့ ကို ပြုစုတော်
တော်မူခဲ့ကြောင်း သိခဲ့ကြရပြီ။ ဒီကျမ်းတွေကို ဘယ်ပုံဘယ်နည်းပြုစုခဲ့သလဲဆိုတော့ သက်ဆိုင်ရာအဋ္ဌကထာ
ကျမ်းကို မရေးခင် မူတည်ထားမယ့် ပါဠိတော်ကျမ်းကို နုတ်လွတ်အာဂုံအရကျက်မှတ်တယ်။ ပါဠိတော်ကျမ်းကို အလွတ်အာဂုံရပြီးတော့မှ အဋ္ဌကထာကို ဆရာတော်ကြီးရေးတော်မူပါတယ်။

အဋ္ဌကထာကိုရေးပြီးတဲ့အခါမှာလည်း ကိုယ်တိုင်ရေးအဋ္ဌကထာကို နေ့ စဉ်ရွတ်အံပြီး နုတ်ငုံဆောင်တယ်။ ၄ နှစ် ၅ နှစ် နုတ်ငုံဆောင်ပြီး ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်တော်မူပါတယ်။  (ရဟန္တာနှင့်
ပုဂ္ဂိုလ်ထူး)

ဒီလိုပြောလို့  ဆိုင်ရာပါဠိတော်နဲ့  အဋ္ဌကထာကိုသာ အလွတ်ကျက်မှတ်ခြင်း၊ နုတ်တက်ရပြီးသားစာတွေကို နေ့ 
စဉ်ရွတ်ဆိုခြင်း ပြုလုပ်တယ်လို့  အမှတ်မမှားစေချင်ဘူး။ ဆရာတော်ကြီးဟာ ပိဋကတ်သုံးပုံကို အလှည့်ကျရွတ်
ဆိုပြီး နေ့ စဉ်ဘုရားဝတ်တက်တယ်လို့ သိရပါတယ်။ 
ဓမ္မာစရိယဦးဌေးလှိုင်က "ဆရာတော်ကြီးဟာ လူမသိတဲ့ တိပိဋကဓရ"…..တဲ့။ (ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး)

သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်အပေါ် အဲဒီခေတ်ထင်ရှားခဲ့တဲ့ လယ်တီဆရာတော်၊ မဟာဝိသုဒ္ဓါရုံ
 ရွှေကျင်သာသနာပိုင်ဆရာတော်တို့ ပြုစုရေးသားခဲ့တဲ့ကျမ်းစာတွေက တနည်းနည်းနဲ့ သက်ရောက်မှုရှိခဲ့ သလားလို့  စောကြောမိတယ်။ နည်းနည်းလေ့လာကြည့်ရအောင်….။

လယ်တီဆရာတော်ကြီးက  ခရစ်နှစ် ၁၈၄၆ ဖွား (မြန်မာနှစ် ၁၂ဝ၈)၊ မဟာဝိသုဒ္ဓါရုံဆရာတော်က ခရစ်နှစ် ၁၈၃၈
(မြန်မာနှစ် ၁၂ဝဝ ပြည့်) ဖွားဖြစ်ပါတယ်။ သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်က ခရစ်နှစ် ၁၈၆၉
(မြန်မာနှစ် ၁၂၃ဝ ပြည့်) ဖွားဆိုတော့ သက်တော်အားဖြင့်လယ်တီဆရာတော်အောက် ၂၃ နှစ်၊မဟာဝိသုဒ္ဓါရုံဆရာတော်
အောက် ၃၁ နှစ် ငယ်တယ်။

မဟာဝိသုဒ္ဓါရုံဆရာတော်က ပုဂံမင်း၊ မင်းတုန်းမင်းတို့ ရဲ့ဆရာ သီးလုံးဆရာတော်ရဲ့တပည့်ဖြစ်တဲ့ ဝက်လက်မြို့ 
အနောက်ဘက် မဟာဗိုလ်တောရဆရာတော်ရဲ့  တပည့်ဖြစ်ခဲ့တယ်။ မင်းကွန်းဇေတဝန်ဆရာတော်က သီးလုံးဆရာတော်တပည့်တွေဖြစ်ကြတဲ့ မင်းကွန်းတောင်ရိုး ဦးပုညကြီးတောင်ခေါ် တောင်ပေါ်ကြီးကျောင်းတိုက် သုံးဂိုဏ်းချုပ်ဆရာတော် ဦးရာဇိန္ဒ၊ မင်းကွန်းအလယ်တောရဆရာတော် ဦးမဉ္ဖူသာရတို့ ရဲ့ တပည့်ဖြစ်လို့  "သီးလုံးဆရာတော်အဆက်အနွယ်ချင်းတူတယ်"လို့  လေ့လာတွေ့ ရှိရပါတယ်။

 



လယ်တီဆရာတော်ရဲ့စာပေနဲ့ ပတ်သက်လို့  မင်းကွန်းဇေတဝန်ဆရာတော်မှာ ရည်မှန်းချက်တခုဖြစ်ပေါ်ခဲ့တယ်။
"စာချဘုန်းကြီးဦးနာရဒ၏သတင်းသည် စစ်ကိုင်း ၊ မင်းကွန်းတောင်ရိုးတခွင်၌ ပျံ့ လွင့်စပြုနေ၏။ ထိုအချိန်ကား လယ်တီဆရာတော်၏"မဟာဋီကာ"ဂယက်ထချိန်ဖြစ်၍ "ငါသာဆိုလျှင် အဋ္ဌကထာပဲရေးမယ်"ဟု အားကျမခံ အကြံပေါ်ကာ "ပေဋကောပဒေသပါဠိတော်"အဖွင့် "အဋ္ဌကထာ"ရေးရန် စီစဉ်လျာထားလျက်ရှိသည်"
(ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး)


ဗုဒ္ဓစာပေရဲ့ အစီအစဉ်မှာ (၁) ပါဠိတော် (၂) အဋ္ဌကထာ (၃) ဋီကာ-လို့  ၃ မျိုးရှိပါတယ်။ ဗုဒ္ဓစကားကို ပါဠိတော်လို့ 
သတ်မှတ်ပြီး ပါဠိတော်ကို အဋ္ဌကထာကရှင်းပြတယ်။ အဋ္ဌကထာစကားကို ဋီကာက ရှင်းပြတယ်။
မြန်မာနှစ် ၁၂၅၉ (ခရစ်နှစ် ၁၈၉၇) မှာပြီးစီးတဲ့လယ်တီဆရာတော်ရဲ့ပရမတ္ထဒီပနီမဟာဋီကာကျမ်းက
သီဟိုဠ်ကျွန်းသားဆရာတော်တပါးရဲ့ အဘိဓမ္မတ္ထသင်္ဂဟဋ္ဌကထာအဖွင့် ဋီကာကျော်ကျမ်းနဲ့  မြန်မာပြည်သား
အရှင်အရိယဝံသရဲ့ မဏိမဉ္ဖူကျမ်းတွေကိုပယ်ပယ်နယ်နယ်ဝေဖန်ထားတဲ့ ကျမ်းတစောင်ဖြစ်လို့  ပညာရှင်လောကကို သိမ့်သိမ့်တုန်စေခဲ့တယ်။

လယ်တီဆရာတော်ရဲ့ ပရမတ္ထဒီပနီမဟာဋီကာအောင်မြင်မှုအရှိန်အဝါသြဇာဓာတ်ခိုက်လို့ မင်းကွန်းဇေတဝန်ဆရာ
တော်လောင်းလျာ ဦးနာရဒဟာ အဋ္ဌကထာကျမ်းပြုဖို့ ဆန္ဒဖြစ်ပေါ်လာရပါတော့တယ်။

ဒုတိယမြောက်ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့ "ပရမတ္ထသရူပဘေဒနီကျမ်း"ကြီး ၂ စောင်တွဲဟာ မင်းကွန်းဇေတဝန်ဆရာတော်အပေါ် အတော်ကျေးဇူးပြုတာတွေ့ ရတယ်။ ပန်းကုံးကျမ်းပြုဆရာတော်အရှင်ကုမာ
ရ ရေးသားပြုစုတဲ့ "ဝိသုဒ္ဓါရုံမြောင်းမြဆရာတော်နှင့် ဗုဒ္ဓမြတ်စွာသာသနာ" ဆိုတဲ့စာအုပ်မှာ မြောင်းမြဆရာတော်
ရဲ့ သြဝါဒတခုအရ ပရမတ္ထသရူပဘေဒနီကျမ်းနဲ့  မင်းကွန်းဇေတဝန်ဆရာတော် ဘယ်လိုဆက်စပ်သလဲဆိုတာ ဖော်ပြပါရှိတယ်။ မူရင်းအတိုင်း ကူးယူဖော်ပြပါရစေ……..။

"မကြာခင်ကမှပျံလွန်တော်မူသွားကြတဲ့ မဟာမြိုင်ဆရာတော်၊ ကမာဝက်ဆရာတော် ဒီပုဂ္ဂိုလ်တွေလဲပဲ  မဟာမြိုင်ဆရာတော်ဆိုတာလဲပဲ တပည့်တော်ဓာတ်သိပဲ၊ ပညာရေးမှာ ထိတ်ထိတ်ကြဲပဲ။ တကယ်တော်တဲ့ပုဂ္ဂိုလ်
တစ်ပါးပါပဲ၊ သတ္တိဗျတ္တိလဲရှိတယ်။

သူပြောသွားတာပေါ့။  အခုမင်းကွန်းဆရာတော်နည်းတွေဆိုပြီးတော့ ကမ္မဋ္ဌာန်းနည်းတွေပေးနေကြတယ်။ မဟာမြိုင်ဆရာတော် သူငယ်ငယ်တုန်းက ဒီကနေပြီးတော့ သူထွက်သွားတယ်။ ဗဟုသုတအလို့ ငှါ သူလိုက်ရှာတယ်၊ မင်းကွန်းဆရာတော်ကြီး တရားဟောတဲ့နေရာ ရောက်သွားတယ်တဲ့၊ သူ့ ဆွမ်းသူခံစားပြီးတော့ မင်းကွန်းဆရာတော်ကြီးတရား နာနေတာပဲ၊ နာနေရာကနေ မင်းကွန်းဆရာတော်ကြီးက ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ
တဲ့ဟာတွေ ရွတ်ဖတ်ရွတ်ဖတ်ပြီးတော့ (ပရမတ္ထသရူပဘေဒနီအာဘော်အတိုင်း) ဟောဟောနေတယ်တဲ့။ နေက်တစ်နေ့ အချိန်မှာ မင်းကွန်းဆရာတော်ကြီး(ဆီ) သူဝင်သွားတယ်တဲ့၊ "ဆရာတော်ဘုရား၊ ပရမတ္ထသရူပဘေဒနီစာအုပ်ကြီး ကြည့်ဖူးပါသလား"လို့  မေးတယ်တဲ့။ "ဒုတိယတစ်အုပ်လုံးရတယ်"လို့ ပြော
လိုက်တယ်တဲ့။

ကြည့်၊ ဟို မင်းကွန်းဆရာတော် ခု-ခု မင်းကွန်းနည်းပေါ့လေ၊ မြန်မာပြည်ပြနေတဲ့ဟာတွေ၊ အဲဒီဆရာတော်က ပြောလိုက်တယ်တဲ့၊ "ပရမတ္တသရူပဘေဒနီဒုတိယတစ်အုပ်လုံး ရတယ်" လို့ ၊ အော်- ဒါကြောင့်မို့  ဝိသုဒ္ဓိမဂ်ဟာတွေ ရွတ်ရွတ်ပြပြီးတော့ ဝိသုဒ္ဓါရုံဆရာတော်ဘုရားအယူအဆအတိုင်း ရှင်းပြနေတာပဲလို့  သူထင်ခဲ့တယ်တဲ့။

ဟော-ဒီဒကာ ခင်မောင်ပေါ့လေ၊ မနှစ်က (တပည့်တော်က တစ်နှစ်ခြားသွားပြီ။) တပည့်တော်မလာဘူး၊ နောက်တစ်နှစ်ခြားက တပည့်တော်တို့ စပ်မိလို့ ပြောကြတယ်၊ သူကိုယ်တိုင်လျှောက်ဖူးပါတယ်တဲ့၊ မင်းကွန်းဆရာတော်ကြီးကို သထုံမှာနေတုန်းက "ဆရာတော်ဘုရား---ဒီကမ္မဋ္ဌာန်းနည်းတွေ ဘယ်ကရသလဲ"
 လို့ ၊ "ပရမတ္ထသရူပဘေဒနီက သဲလွန်စရတယ်ကွဲ့ "လို့ ပြောတယ်တဲ့၊ "လုပ်ပုံလုပ်နည်းတွေကော ဘုရား"လို့  ပြောတော့ "ဈာန်ခန်းပါတယ်ကွဲ့ "လို့ ပြောတယ်တဲ့။

ပရမတ္ထသရူပဘေဒနီဆိုတာ ဝိသုဒ္ဓါရုံဆရာတော်ကြီး ၇-ဝါရကရေးခဲ့တဲ့ ပရမတ္ထသရူပဘေဒနီပဲ၊ အဲဒီနည်းတွေသာ ကြည့်တော့၊ မင်းကွန်းဆရာတော်ကြီးကို မဟာမြိုင်ဆရာတော်ကလည်း လျှောက်ဖူးတယ်၊ အခု လူထွက်နေတဲ့ ဒကာ ခင်မောင်၊ သူကလည်း လျှောက်ဖူးတယ်တဲ့၊ သူကလည်း အဲဒီအားထုတ်ဖူးတာကိုး၊ မေးကြည့်တော့ "ပရမတ္ထသရူပဘေဒနီက သဲလွန်စရတယ်ကွဲ့ "တဲ့၊ လုပ်ပုံလုပ်နည်းတွေကောဘုရားဆိုတော့ လုပ်ပုံလုပ်နည်းတွေ ဈာန်ခန်းပါတယ်ကွဲ့ "လို့ ပြောလိုက်တယ်တဲ့။ ဒီတော့ မဟာမြိုင်ဆရာတော်ပြောတာနဲ့  ထပ်တူထပ်မျှဖြစ်နေတယ်
၊ အခု သမထ ဝိပဿနာနည်းတွေ ထပ်တူထပ်မျှ ဖြစ်နေတယ်တဲ့။"

ဒီကိုးကားချက်ဟာ ရွှေကျင်သာသနာပိုင် ဝိသုဒ္ဓါရုံမြောင်းမြဆရာတော် (၁၂၅ဝ-၁၃၃၇) ရဲ့ သြဝါဒမိန့် ခွန်းတော်
 ဖြစ်ပါတယ်။ ဆိုလိုရင်းက မင်းကွန်းဆရာတော်ဟာ မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့ ပရမတ္ထသရူပဘေဒနီဒုတိယအုပ် ကို အလွတ်အာဂုံဆောင်နိုင်တယ်၊ ကမ္မဋ္ဌန်းနည်းနဲ့  လက်တွေ့ လုပ်နည်းကားတွေကို ပရမတ္ထသရူပဘေဒနီက ရတယ်၊
 ဒီတော့ လက်တွေ့ လုပ်နေတဲ့ကမ္မဋ္ဌာန်းတရားနဲ့  ပရမတ္ထသရူပဘေဒနီမှာပါတဲ့နည်းတွေဟာ ထပ်တူထပ်မျှဖြစ်နေတယ် လို့ မိန့် တော်မူသွားတာပါပဲ…..။


သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်ဟာ လယ်တီဆရာတော်ရဲ့ ပရမတ္ထဒီပနီမဟာဋီကာကို အတုယူအားကျပြီး
 ပေဋကောပဒေသအဋ္ဌကထာ၊ မိလိန္ဒပဥှာအဋ္ဌကထာဆရာဖြစ်အောင် ကြိုးစားတက်လှမ်းခဲ့တယ်။ 
မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့ ပရမတ္ထသရူပဘေဒနီဒုတိယအုပ်ကို အခြေခံပြီး ကမ္မဋ္ဌာန်းတရားလက်တွေ့ အားထုတ်
လေ့ကျင့်ဖို့  သဲလွန်စနည်းစနစ်တွေ ခြေရာကောက်နိုင်ခဲ့တယ်။ မဟာသတိပဋ္ဌာန်သုတ္တန်မှာလမ်းညွှန်ထားတာ
တွေနဲ့  အချိုးကျကျရောသမမွှေစပ်ပြီး အကျိုးရလဒ်ကို ကိုယ်တိုင်လည်းသုံးစွဲ၊ သူတပါးကိုလည်း လက်ဆင့်ကမ်းနိုင်တဲ့ ဝိပဿနာဂုရုဆရာတော်ဖြစ်လာပါတယ်။ ဒါတွေဟာ မဟာဝိသုဒ္ဓါရုံဆရာတော်၊ လယ်တီဆရာတော်များနဲ့  သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်တို့ ရဲ့ (အဓိကအားဖြင့်စာပေမှတဆင့်)ဆက်စပ်မှုကို လေ့လာတွေ့ ရှိခြင်းဖြစ်ပါတယ်။ 
ပုဂ္ဂိုလ်ချင်းဆက်စပ်မှုကိုတော့ မတွေ့ ရှိရသေးပါဘူး……..။

အမရဒီပ
ဇူလိုင် ၁ဝ၊ ၂ဝ၁၂

No comments: