တက်ဘုန်းကြီး နှင့် အနာဂတ်သာသနာ
၁။
သိန်းဖေ (နောင် သိန်းဖေမြင့်) သည် မြန်မာပြည်လွတ်လပ်ရေးမရခင် ၁ဝ နှစ်အလို ၁၉၃၇-ခုနှစ်က
"တက်ဘုန်းကြီး " ဝတ္ထုကို ရေးသားထုတ်ဝေလိုက်သည်။ သူ့ ဝတ္ထုတွင် ဘုန်းကြီးများ အကျင့်သီလ
ဖောက်ပြားပုံကို ရေးသားသရုပ်ဖော်ထားသည့်အတွက် တနိုင်ငံလုံး "ဂယက်ထ"သွားသည်။
ရဟန်းပျို့ အချို့ က ကန့် ကွက်ကြသည်။ ဘုန်းကြီးများ ဆတ်ဆတ်ထိ နာကြသည်။
ထိုဝတ္ထု၏အကျိုးဆက်ကြောင့် သူ တို့ ဗမာအစည်းအရုံးမှနုတ်ထွက်ရသည်။
နောင်တွင် "တက်ဘုန်းကြီးသိန်းဖေ "အဖြစ် လူသိများ၏။ဒဂုန်တာရာက
"အမှန်အားဖြင့် တက်ဘုန်းကြီးဝတ္ထုမှာ ဘုန်းကြီးများက မခံရပ်နိုင်၍ ကန့် ကွက်ခဲ့သဖြင့် နာမည်ကြီးလာသော်လည်း
ဝတ္ထုအနေဖြင့်  အတော်ကောင်းသည်ဟု ထင်သည်။ ဘုန်းကြီးတွေကို ဆော်လိုက်မဟဲ့ ဟူသောသဘောမျိုးမဟုတ်၊ သဒ္ဓါလွန်သောသဌေးမအပျိုကြီးနှင့် ရာဂတောက်စားသော ဓမ္မကထိကတဦး၏ အချစ်ဇာတ်ကွက်ကို လှပစွာသရုပ်ဖော်ထားသော သရုပ်ဖော်ဝတ္ထုတပုဒ်အနေဖြင့် အနုပညာမြောက်နေသည် "ဟု ဝေဖန်ရေးရှုထောင့်မှ သုံးသပ်ထားလေသည်။ ဤကား ဝတ္ထုရေးသူ၊ ဝတ္ထုဖတ်သူတို့ အပေါ် ဝတ္ထု၏ တုံ့ ပြန်မှုနှင့် ဝေဖန်ရေးဆရာ၏သဘောထားအမြင်ဖြစ်ပါသည်။
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခု (ခရစ် ၁၉၄၄-၄၅) တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ "အနာဂတ်သာသနာရေး"စာအုပ်ထွက်ပေါ်လာသည်။ လွတ်လပ်ရေးမရခင် ၂ နှစ်အလို---။ အနာဂတ်သာသနာ
ရေးကျမ်းဖြစ်ပေါ်လာပုံကို သခင်ထိန်ဝင်းက သူ၏မှတ်တမ်း (ဗုဒ္ဓ=လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်ကိုယ်
ကျင့်ဗုဒ္ဓဝင်နောက်ဆက်တွဲမှာကြည့်ပါ)တွင် ဤသို့ မှတ်တမ်းတင်၏။
"ဂျပန်များဆုတ်ခွာသွား၍ အင်္ဂလိပ်စစ်တပ်များ မြန်မာပြည်တွင်းသို့  ဝင်ရောက်လာသောအခါဂျပန်စစ်တပ်များရှိ
နေစဉ်ကစ၍ ယနေ့ လွတ်လပ်ရေးရအောင် ကြိုးပမ်းနေကြသော နိုင်ငံအတွက်ဆောင်ရွက်နေကြသည့် နိုင်ငံရေး
သမားအမည်ခံသူများနှင့် ထိုသူများ၏ကိုယ်ကျင့်တရားပျက်စီးနေပုံ၊ သာသနာတော်တွင် ရဟန်းရောလူပါ ကိုယ်
ကျင့်တရားများဆုတ်ယုတ်မှုကြောင့် တိုင်းပြည်ပျက်စီးတော့မည်ကို မိမိဉာဏ်မီသမျှ ကြိုတင်သိရှိရသဖြင့် စိတ်မ
တင်မကျ မကြည်မလင်ဖြစ်နေခဲ့ပါသည်။ ထိုအချိန်တွင် မြောင်းမြပဇ္ဇောတာရုံဆရာတော်ဘုရားကြီး (ရွှေကျင်သာ
သနာပိုင်) နှင့် ကျွန်းကုန်းဆရာတော်တို့၏ စောင့်ရှောက်မှုဖြင့် ၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသထံတော်သို့ ရောက်ရှိ၍ ဆွေးနွေးလျှောက်ထားခွင့်ရရှိသဖြင့်
အနာဂတ်သာသနာရေးကျမ်းစာတစောင်ဖြစ်ပေါ်လာပြီး----------"။
ကိုယ်တိုင်ရေး တဘဝသံသရာစာအုပ်တွင် အနာဂတ်သာသနာရေးကျမ်း"ဂယက်"အကြောင်းအရှင်ဇနကာဘိဝံသ
ဆရာတော်ကိုယ်တိုင်မှတ်တမ်းပြုထားသေး၏။
"တပည့်တော်ရဲ့ရေးလက်စကျမ်းစာပြီးတဲ့အခါ အနာဂတ်သာသနာအတွက် "အနာဂတ်သာသနာရေး"ကျမ်းစာ ရေးရပါတယ်။ တပည့်တော်ရဲ့စာအုပ်ထဲမှာ ဘာသာရေးပြုပြင်ချက်တွေကိုကြည့်ပြီး တပည့်တော်ကို "ကွန်မြူနစ်"
လို့  ကင်ပွန်းတပ်ကြပါသတဲ့။ စဉ်းစားဉာဏ်ရှိပြီး အမျိုး ဘာသာ သာသနာကို မြှင့်တင်လိုသော နိုင်ငံရေးလူကြီး
လူကောင်းများက အလွန်ကျေနပ်ကြပါတယ်။ တချို့ သံဃာတော်များကလဲ အများနဲ့ မဆန့် ကျင်ဝံ့လို့ သာပါ၊ စိတ်ထဲမှာတော့ သဘောကျကြပါတယ်။ ဘာပဲပြောပြော ဘာသာရေးလိုက်စားတဲ့ နောက်လူငယ်များအတွက်
တော့ များစွာ အထောက်အကူဖြစ်ပါတယ်။"
၂။
တက်ဘုန်းကြီးကို ရေးစဉ်က ၁၉၁၄-ခုနှစ်ဖွား မောင်သိန်းဖေသည် အသက် ၂၃ နှစ်ရှိပြီ။ ၁၃၁၆-ခုနှစ် ဝါဆိုလ ရက်စွဲဖြင့် ရန်ကုန်မြို့ ၊အရှင်အာဒိစ္စဝံသကျောင်းတိုက်၊ အရှင်ပညာဇောတအမှာစာဖော်ပြပါရှိသည့် စစ်ပြီးခေတ် ဒုတိယအကြိမ်၊ ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ၊အောင်သူရိယစာပေထုတ် မူတွင် စာရေးသူ၏ သုံးသပ်ချက်ကို တွေ့ ရပြန်
သည်။ အရှင်ပညာဇောတက "တက်ဘုန်းကြီး"ဝတ္ထုထပ်မထုတ်တော့ဘူးလား မေးခွန်းထုတ်ရာ သိန်းဖေ(မြင့်) က "သူ စိတဝင်စားမှုမရှိတော့ကြောင်း၊ သူသည် နိုင်ငံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စာပေရေးကိစ္စတွေမှာသာ စူးစိုက်လုပ်
ပါတော့ကြောင်း၊ ဘာသာရေးကိစ္စမှာ ဝင်မပါချင်တော့ကြောင်း" ပြန်လည်ဖြေကြားသည်။ အရှင်ပညာဇောတက "တက်ဘုန်းကြီး"ထုတ်စခါစတုန်းကလို ဘာသာ၊သာသနာကိုစင်ကြယ်စေချင်သည့်စေတနာလျော့ကုန်ပြီလား"ဟု မေးပြန်သည်။ "သူသည် နေရာတကာမှာ စင်ကြယ်ရေးကို အလိုရှိပါသည်၊ သို့ သော် သာသနာစင်ကြယ်ရေးကို ဘယ်သူမပြု မိမိမှုဆိုတာလို အရှင်ဘုရားတို့ကဲ့သို သံဃာတော်တွေကသာ အရင်းခံထားပြီး ဆောင်ရွက်ကြလိမ့်
မည်ဟု ယူဆကြောင်း" ဖြေကြားခဲ့သည်။ တဆက်တည်းပင်"သူ (သိန်းဖေမြင့်)သည် တက်ဘုန်းကြီးကို ရေးစဉ်က အသက်ငယ်သေးသည့်အတွက် စိတ်သန်ရာကို တဘက်သတ်လုပ်တတ်ကြောင်း၊ သာသနာကို ပြုပြင်ချင်တဲ့စိတ်
ကများနေပြီး မတော်မတဲ့ သီလကြောင်တွေကို ဖော်ထုတ်ရှုတ်ချရာမှာသာ အားသန်ပြီး တဖက်တွင် သန့်ရှင်းတဲ့ ဘုန်းကြီးများ၊ တကယ်ကြည်ညိုစရာကောင်းသော ရဟန်းသံဃာများရှိသေးတာကို မဖော်ပြမိခဲ့ကြောင်း၊
ဤအချက်သည် သူ၏ချွတ်ယွင်းချက်ဖြစ်ကြောင်း"ဝန်ခံပြောဆိုခဲ့လေသည်။
သိန်းဖေမြင့်သည် တက်ဘုန်းကြီးဝတ္ထု၏နိဒါန်းကို မိဘများထံသားမောင် သိန်းဖေ၏ပေးစာအဖြစ် ဖော်ပြ၏။
မောင်သိန်းဖေက ကျောင်းပိတ်အားလပ်ရက်မှာ ရဟန်းဝတ်ချင်၏။ မိဘများ၏ခွင့်ပြုချက်တောင်းသည်။ ခွင့်မရ။ အကြောင်းပြမှာ သားရဟန်းတက်ရင် လူများတွေ ကဲ့ရဲ့လိမ့်မည် ၊ သူများတံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည်ဟူ၏။
မောင်သိန်းဖေ တွေးမိပါ၏။ ရဟန်းဝတ်ခြင်းအတွက် ကဲ့ရဲ့ခံရသောအပြုအမူဖြစ်ခြင်းသည်(၁) ဗုဒ္ဓဘာသာ
မြန်မာတွေက သာသနာကို ယုံကြည်လိုက်နာလေးစားမှု ကျဆင်းလာခြင်းကြောင့်လည်း ဖြစ်မည်။ (၂) သာသနာ
ဝန်ထမ်းရဟန်းများ အကျင့်ပျက်သောကြောင့် လူတို့ မလိုလားတော့ခြင်းကြောင့်လည်း ဖြစ်မည်။ မည်သည့်
အကြောင်းပင်ဖြစ်ဖြစ် ဗုဒ္ဓသာသနာကွယ်ပျောက်ကြောင်းများပင် ဖြစ်၏။ ဇာတ်၊ အငြိမ့်လို ပျော်ရွှင်ပွဲများတွင် သင်္ကန်းရောင်ဝါထိန်နေတာမျိုး၊ ပွဲခင်းတွင်းတိုးဝှေ့ ၊အပျိုကလေးတွေကို ကာလသားတွေ လက်သရမ်းသလို ပြုမူကြပုံမျိုး၊ လောင်းကစားဝိုင်းမှာ ဘုန်းကြီးတွေချည်းဖြစ်နေတာမျိုးကအစ ပေါင်ဒါလိမ်းတဲ့ဘုန်းကြီးအလယ် မိန်းမတွေနှင့်အပျော်ကျူးနေသောဘုန်းကြီးအဆုံး မောင်သိန်းဖေရေးပြချင်လာ၏။ သာသနာတော်ဝန်ထမ်း ရဟန်းလောကကို ပြုပြင်ချင်လာ၏။ ဤသည်ကား တက်ဘုန်းကြီးရေးရခြင်း အကြောင်းပြတရပ်ဖြစ်၏။
သာသနာတော်ညှိုးနွမ်းဆုတ်ယုတ်လာခြင်းသည် သာသနာပြုမင်းမရှိသောကြောင့် (တနည်း) ဗမာအမျိုးသားတို့  ကျွန်ဖြစ်နေသောကြောင့်ဖြစ်၏။ သာသနာတော် စင်ကြယ်သန့် ရှင်းစည်ပင်တိုးတက်လာအောင် ဗမာဗုဒ္ဓဘာသာ
တို့ လက်ထဲ တိုင်းပြည်အာဏာ (သို့ မဟုတ်) တိုင်းပြည်လွတ်လပ်ရေးရဖို့ လိုသည်။ နိုင်ငံလွတ်လပ်ရေး (ဝါ) သာသနာတော်စည်ပင်မှု၏ အခြေခံအုတ်မြစ်ကို လူငယ်တချို့ ဆောင်ရွက်နေကြပြီ၊ မိဘတို့ ခွင့်ပြုကြပါ-ဟု ပန်ကြား၏။ ဤသည်လည်း တက်ဘုန်းကြီးရေးရခြင်း အကြောင်းပြတရပ်ဖြစ်၏။
ဤရည်ရွယ်ချက် ၂ ရပ်ဖြင့် သိန်းဖေ (သိန်းဖေမြင့်)သည် တက်ဘုန်းကြီးဝတ္ထုကို ရေးသားလေတော့၏။
လောကလူတို့  ပြောဆိုကြ၏။ ယနေ့ ခေတ်ကား တက်ခေတ်ဖြစ်၏။ ခေတ်လူငယ်တို့ ကို တက်လူ-ဟု ခေါ်၏။ ခေတ်ပေါ်ဘုန်းကြီးတို့ ကိုလည်း တက်ဘုန်းကြီး ဟု ခေါ်လေသည်။ တက်ဘုန်းကြီးကား ဘုရားလက်ထက်က ၆ ပါးအုပ်စု (ဆဗ္ဗဂ္ဂီ)ဝင်ရဟန်းဆိုးများကဲ့သို့  ခေတ်သစ်ရဟန်းဆိုးတချို့ ကို ကိုယ်စားပြုလေသည်။ (သာသနာတော်
ဝန်ထမ်းရဟန်းအားလုံးကို ကိုယ်စားမပြုပါ။) ခေတ်တိုင်းမှာ ရဟန်းဆိုး၊ ရဟန်းကောင်းဆိုတာ အသေအချာရှိစမြဲ---။ ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်ကသာ ရဟန်းကောင်းများရှိခဲ့သည်ဆိုအံ့၊ ဝိနည်းသိက္ခာပုဒ်ပညတ်ချက်တွေ ပေါ်လာစ
ရာအကြောင်းမရှိချေ--။
၃။
၁၉ဝဝ ပြည့်ဖွား အမရပူရ မဟာဂန္ဓာရုံဆရာတော် အနာဂတ်သာသနာရေးကျမ်းကို ထုတ်တာ၁၉၄၄-၄၅ ဆိုတော့ သက်တော် ၄၅ နှစ်ရှိပေပြီ။ ဉာဏ်မီးတောက်၍ အတွေ့ အကြုံ၊ အတွေးအကြံအားကောင်းသည့်အရွယ်--။ သိန်းဖေမြင့် တက်ဘုန်းကြီးရေးသည့်အရွယ်နှင့် ကွာလိုက်သည့်ဖြစ်ခြင်း----။ ဆရာတော်သည် တက်ဘုန်းကြီး
ဝတ္ထုဂယက်ထသည်ကို ရည်ရွယ်သည်ဟု ယူသော်ရကောင်းသော စကားတရပ်ကို အနာဂတ်သာသနာရေးကျမ်း
နိဒါန်းတွင် ရေးသားတော်မူလေသည်။
"အချို့ စာရေးဆရာများနှင့် သတင်းစာဆရာများလည်း ယခုလက်ရှိသာသနာရေးနှင့်စပ်သော
အကြောင်းအရာကို ဉာဏ်မီသမျှ ပြုပြင်ကြ၏။ သို့ သော် သာသနာ့ဝန်ဆောင်မဟုတ်ကြသော ထိုလူ
ဝတ်ကြောင်များ၏ ရေးသားမှုကို တိုင်းပြည်က လေးလေးနက်နက်မစဉ်းစားကြသဖြင့် တချို့ အရေးအ
သားအတွက် ပြုပြင်ရာမရောက်ဘဲ ဆွပေးသကဲ့သို့ ဖြစ်နေသောကြောင့် သာသနာ့အရေးအရာနှင့်စပ်
လာလျှင် မိမိတို့ စိတ်ရှိသလို မရေးဝံ့ကြတော့ဘဲ တိုင်းပြည်သဘောကျသာ ရေးကြရတော့၏။
ထို့ ကြောင့် လက်ရှိသာသနာရေးကို သာသနာဝန်ဆောင်များကိုယ်တိုင် စိစစ်ထိုက်ရကား ယခုအခါဝယ်
ဤကျမ်းစာမျိုးရှိသင့်ပြီဟု ထင်မြင်လာပေသည်။"
တချို့ က ရဟန်းသာမဏေများများမြင်မှ သာသနာထွန်းကားစည်ပင်သည်ဟု ထင်သည်။ ဆရာတော်၏သဘော
မှာ များရုံသာများနေခြင်းကား ခရီးမရောက်--။ သင်ကြားရေး (ပရိယတ္တိ) ကျင့်ကြံရေး (ပဋိပတ္တိ)တာဝန်များကို ထမ်းဆောင်သူများစွာရှိမှသာ သာသနာစည်ပင်သည်။
ဗုဒ္ဓသာသနာသည် နှစ်ပေါင်းများစွာကြာမြင့်လာသည်နှင့်အမျှ အိမ်အိုပမာဖြစ်လာသည်။ မြတ်ဗုဒ္ဓညွှန်ပြခဲ့သော ဓမ္မဝိနယအပေါ် နားလည်နိုင်သောစွမ်းရည်၊ လိုက်နာကျင့်ကြံနိုင်သောစွမ်းရည်များ ရဟန်းကော လူပါ ကျဆင်း
နေသည်။ ဤအရေးကို ဆရာတော်နှင့် ဓမ္မမိတ်ဆွေများ ဆွေးနွေးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ--လွတ်လပ်ရေးရစအချိန်တွင် နိုင်ငံသစ်ထူထောင်သည်နှင့်အတူ နိုင်ငံ၏သာသနာကိုပါ ပြုပြင်ဖို့ ရန် စိတ်အားထက်
သန်ခဲ့ကြသည်။ မြန်မာနိုင်ငံ သာသနာတော်အရေးနှင့်စပ်၍ ပြုပြင်သင့် ဖြည့်စွက်သင့် နုတ်ပယ်သင့်သောအချက်
များကို ယခင်ကတည်းက ဖော်ထုတ်ရေးသားလိုစိတ်ဖြစ်ခဲ့သော်လည်း အကျိုးကျေးဇူးထက်အပြစ်များမည်ကိုသာ
မြင်သောကြောင့်ကျမ်းစာအဖြစ်မရေးသားခဲ့ဟု သိရ၏။ သို့သော် သာသနာပြုပြင်ရေးအတွက် နည်းလမ်းရှာသူ၊ အဘိယာစကပြုသူများရှိလာပြီဖြစ်သောကြောင့် ဆရာတော်သည် အနာဂတ်သာသနာရေးကျမ်းကို ရေးသား
ထုတ်ဝေလေတော့၏။
အနာဂတ်သာသနာကို မြှင့်တင်လိုလျှင် ပစ္စုပ္ပန်သာသနာအရေးကို လေ့လာသုံးသပ်ရမည်။ပစ္စုပ္ပန်သာသနာအခြေ
အနေ၏အတက်အကျကို အကဲဖြတ်ဖို့  အတိတ်သာသနာ့သမိုင်း (သာသနာဝင်)ကို သိရပေမည်။ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၏ညွှန်ပြချက်နှင့် ရှေးကျသောအရိယာသံဃာတော်များ၏ အနေအထိုင်၊ အလုပ်အကိုင်ကိုလည်း သိရပေမည်။ ဤအစီအစဉ်အရ အနာဂတ်သာသနာရေးကျမ်းတွင် (၁) ဗုဒ္ဓရတနာ (၂) ဓမ္မရတနာ (၃) သံဃရတနာ (၄) မြန်မာပြည်သာသနာ (အတိတ်နှင့် ပစ္စုပ္ပန်) ကဿပဘုရားသာသနာနောက်ပိုင်း (၅) အနာဂတ်သာသနာ-ဟု အခန်း ၅ ခန်းစီစဉ်ရေးသားထားသည်။
ဆရာတော်က အနာဂတ်တွင် စာသင်တိုက်၊တရားတိုက်ဘုန်းကြီးကျောင်းများသာရှိသင့်သည်။ ကျောင်းထိုင်
ဘုန်းကြီးအရည်အချင်းရှိရေး၊ ကျောင်းဂေါပကအဖွဲ့ ၏အရည်အချင်း၊ အလှုပစ္စည်းထိန်းသိမ်းခြင်း၊ ကျောင်းတိုက်
အချင်းချင်းဆက်သွယ်ရေး၊ အတန်းနှင့်ပြဋ္ဌာန်းစာကိစ္စစသည်မှသည် ရဟန်းခံရှင်ပြုကိစ္စအထိ ပြုပြင့်သင့်သည်များ
ကို ညွှန်ပြထားလေသည်။ ဆရာတော်က ပြုပြင်ဖို့ သြဝါဒပေးသော်လည်း ယခုတိုင်ဒုံရင်းအတိုင်းမူမပြောင်းဘဲ
ရှိသေးသော ရဟန်းခံ၊ ကထိန်ခင်း၊ ရှင်ပြု၊ ဘုန်းကြီးပျံ၊ လူအသုဘ၊ ဘုရားတည်၊ သီတင်းကျွတ်တန်ဆောင်တိုင်ပွဲ၊ ဥပုသ်စောင့်၊ဆွမ်းတော်ကြီးတင်၊ ဆွမ်းဆန်စိမ်းလောင်းပွဲ၊ ဘုရားပွဲ၊ မင်္ဂလာဆောင်အကြောင်းတို့ ကိုလည်း ရေးပြ
ထား၏။
အိမ်ရှေ့ ကနောင်မင်းသားနှင့် စစ်ဖက်ဆိုင်ရာအရာရှိများက အောင်ပင်လယ်တွင် ရေမြှပ်ဗုံးဖောက်ခွဲစမ်းသပ်လိုက်
စဉ် ဘုရင်မင်းမြတ်ဆက်ကပ်သောဆွမ်းကို နန်းတော်မှာ ကြွရောက်ဘုန်းပေးနေသော ဆရာတော်များက မျက်နှာ
မကောင်းဖြစ်ကာ ဆွမ်းဘုန်းပေးသည်ကို ရပ်တန့် လိုက်ကြသည်။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ ဘုရင်မင်းမြတ်က ညီတော်အိမ်ရှေ့ မင်းသားကို လက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ရန် အမိန့် ပေးကြောင်း ကြားဖူး၏။ ထိုအကြောင်းကို အနာဂတ်သာသနာရေးကျမ်းနိဒါန်းတွင် ဤသို့ ငြင်းပယ်ထား၏။
"သာသနာဝင်အရှင်များသည် လောကီရေးရာ၌ ဤမျှအထိဝင်စွက်ဖို့  တာဝန်မရှိပါ။ ဝင်စွက်ခဲ့မည်လည်း
မဟုတ်ပါ။ သာသနာဝင်နှင့် ရာဇဝင်ရှေ့ ပိုင်းကို ကြည့်လျှင် စစ်မှုရေးရာ၌ပင် အပြစ်ကင်းသောကိစ္စ၌ ပါ
ဝင်ရွက်ဆောင်ခဲ့ကြပါသေးသည်။ ထိုစစ်ဖြစ်စအချိန်က လက်နက်မစုခဲ့ကြခြင်းမှာ ထိုခေတ်လူတို့ 
ဒေသန္တရဗဟုသုတမရှိကြသေးဘဲ ကံဆိုးမိုးမှောင်ဆိုသလိုကြောင့်သာ ဖြစ်ပါလိမ့်မည်။"
၎။
သိန်းဖေမြင့်သည် သာသနာအတွင်းနေထိုင်ပြီး မဖွယ်မရာပြုကျင့်နေသူတို့ ၏ အမူအရာကို တက်ဘုန်းကြီးဝတ္ထု
ရေးကာ ဖော်ထုတ်ခဲ့၏။ သာသနာကိုစော်ကားသည်ဟု အထင်မှားခံရ၏။ စင်စစ် တက်ဘုန်းကြီးဝတ္ထုသည်
ဝိနည်းပိဋကကျမ်းများနှင့် ဇာတ်တော် ၅၅ဝ (ဥပမာ- မဟာကဏှဇာတ်) လာ ရဟန်းဆိုး အကြောင်းများကို ခေတ်ပေါ်ဝတ္ထုရေးနည်းအတတ်ပညာဖြင့် ပြောင်းလဲတင်ပြခြင်းသာ ဖြစ်သည်ကို တွေ့ ရ၏။
(ဆရာဇော်ဂျီ၏ "သူ့ မယား" သည် အဋ္ဌကနိပါတ်၊ ဣန္ဒြိယဇာတ်တော်အခြေခံခေတ်သစ်ဝတ္ထုတိုဖြစ်၏။ ဤကား
စကားချပ်။) ဝိနည်းသိက္ခာပုဒ်တို့သည် မတော်မတဲ့အမှားများကျူးလွန်သူရဟန်းတို့ကို အခြေခံကာ ချမှတ်ခဲ့သော
စည်ကမ်းချက်များသာ ဖြစ်လေသည်။ တက်ဘုန်းကြီးဝတ္ထုပါ ဘုန်းကြီးဇာတ်ဆောင်များ (ဦးသုဓဇ၊ မဇ္ဈိမနန္ဒဝန်
ကျောင်းဆရာတော်၊ ဓညဝတီ ဦးဇောတိက) တို့ ၏ အပြုအမူများသည် ဘုရားဝိနည်းတော်နှင့်ညီညွတ်မှုရှိသည်
ကို မတွေ့ ရချေ--။ ဘုရား၏ ဓမ္မဝိနယနှင့်မညီညွတ်က ရဟန်းပင်ဖြစ်စေ၊ သာသနာကို ကိုယ်စားမပြုချေ-----။
ဘုရားအကျင့်၊ ဘုရားမူကို ကိုယ်စားမပြုသူတို့ ၏ အကျင့်စရိုက်ကို သရုပ်ဖော်ခြင်းအတွက် ဓမ္မဝိနယနှင့်ညီညွတ်
ရေးကို ဦးတည်သူအပေါင်းတို့ က ကန့် ကွက်ပြောဆိုစရာအကြောင်းရှိသည်ဟု မယူဆပါ။ ရှင်ဒေဝဒတ်အပြုအမူ
သည် သာသနာကို ကိုယ်စားမပြုပါ။ ဓမ္မဝိနယနှင့်လည်းမညီပါ။ စာရေးဆရာက အရှင်ဒေဝဒတ်အကြောင်း
ရေးသားလို့  ကန့် ကွက်လျှင် ကန့်ကွက်သူသည် ဒေဝဒတ်ဘက်တော်သားလား၊ ဘုရားဘက်တော်သားလား စဉ်းစားဖွယ်ဖြစ်၏။
အမရပူရ မဟာဂန္ဓာရုံဆရာတော်သည် အနာဂတ်သာသနာရေးကျမ်းကို ရေးသားခဲ့၏။ ကွန်မြူနစ်ဟု အပြောခံရ
၏။ ဆရာတော်၏ကျမ်းစာအုပ်များကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ခံရ၏။ အနာဂတ်သာသနာရေးပြုပြင်ရေး
စီမံကိန်းသည် တနိုင်ငံလုံးအနေဖြင့် မအောင်မြင်ခဲ့ပါ။ ဆရာတော်တပိုင်တနိုင်အုပ်ချုပ်သည့် နေရာလောက်သာ ဆရာတော်၏မူအတိုင်းဖြစ်လာသည်။ ဆရာတော်တင်ပြခဲ့သမျှသာသနာပြုပြင်ရေးနည်းလမ်းများသည် ကောင်းပါ
၏။ သို့ သော် ကောင်းတိုင်းလည်း လူတိုင်းမကြိုက်--။ လူတိုင်းမကြိုက်သည့်အတွက် တနိုင်ငံလုံးအတိုင်းအတာ
ဖြင့် သာသနာပြုပြင်ရေးသည် စာအုပ်ဘဝမျှသာ ရောက်ခဲ့သည်။ လက်တွေ့  ဖြစ်မလာခဲ့ချေ--။ သို့ သော်
တက်ဘုန်းကြီးကို ဖတ်ပြီး အနာဂတ်သာသနာရေးအတွက် ရင်မောနေရုံနှင့်မပြီး၊ လုပ်စရာရှိသည်များကိုကား အ
နာဂတ်သာသနာရေးကျမ်းတွင် အတိအကျညွှန်ပြနိုင်ခဲ့၏။
အမရဒီပ
သြဂုတ်လ ၁၇၊ ၂ဝ၁၁
No comments:
Post a Comment