Total Pageviews
Thursday, March 5, 2015
တွင်းသင်းမင်းကြီးမှသည် မင်းသုဝဏ်ထိတိုင် "အားကို"
          ခေတ်တိုင်း ခေတ်တိုင်းပေါ်ထွန်းကြသောကဗျာဆရာတို့ သည် ဘာသာစကားယာဉ်ရထားကို သာမန်လူတို့ ထက်ပိုကာ ကျွမ်းကျင်ပိုင်နိုင်စွာထိန်းကျောင်းပြီး မိုင်ကုန်စိုင်းနှင်တတ်သူများဖြစ်ကြောင်း ကဗျာတွေဖတ်ရင်း သတိပြုမိလာပါသည်။ ကဗျာဆရာသဘာဝ၊ ကဗျာဆရာဗီဇကိုက သူများတွေးသ
လို၊ သူများပြောသလို တွေးသူ၊ပြောသူများမဟုတ်ဘဲ အတွေးဆန်း၊ အပြောဆန်းတတ်သည်။ 
ဟုတ်ပေစွ။ ကဗျာဆရာသည် သူများထက်ပို၍ တွေးတတ်၊ မြင်တတ်သည်။
 ပြီးတော့ ခေါင်းတလုံးမြင့်-နှာတဖျားသာကာ ပြောတတ်၊ ရေးတတ်သည်။ ဤသည်ပင် ကဗျာဆရာအတွက် သဘာဝလိုအပ်ချက် ဖြစ်လေ၏။ သည်လိုတွေးတတ်၊မြင်တတ်၊ ပြောတတ်မှလည်း ကဗျာဆရာဖြစ်သည်ကိုး….။
          သာမန်ဘာသာစကားနယ်ပယ်မှာ အပြောစကားစည်းကမ်း၊ အရေးအသားစည်းကမ်း ဆိုတာ ရှိလေ၏။ ယင်းအရာကို "သဒ္ဒါ"ဟု ခေါ်ရိုးပြုကြသည်။ သဒ္ဒါကျမ်းဂန်စည်းကမ်းတို့ ကို  သာမန်ဘာသာ
စကားနယ်ပယ်မှာ ဂရုစိုက်ကြသည်။ လေးစားလိုက်နာကြသည်။ ကဗျာဆရာများလည်း သဒ္ဒါစည်းကမ်း သတ်မှတ်ချက်တို့ ကို များသောအားဖြင့် လိုက်နာကြပါသည်။ သို့ သော် …..လိုအပ်လာလျှင်တော့ မလိုက်နာကြပါ။ လိုတိုရှင်းပြောရလျှင် …ကဗျာဆရာတို့ သည် သဒ္ဒါစည်းကမ်းကို ဖောက်ဖျက်တတ်ကြ
ပါသည်။
          ကဗျာဆရာတို့ သဒ္ဒါစည်းကမ်း"လွတ်"ကြသည်တို့ ကို လူ့ အဖွဲ့ အစည်းက နားလည်ခွင့်လွှတ်
ကြကာ အခွင့်အရေးတရပ်အဖြစ် "ဘေးမဲ့"ပေးထားကြ၏။ ကဗျာဆရာတို့ ၏ ဘေးမဲ့အခွင့်ထူးရမှုကို "Poetic License, ကဗျာဆရာလိုင်စင်" ဟု ပညတ်တင်ခေါ်ဝေါ်ကြလေသည်။
 ရေးစီလိုက်လေ၏။ ဘုရင်က ကိလေသာငန်းဖျားတက်နေသည့် ဆရာရသေ့အား မိဖုရားကိုပေးလှုရာတွင် ဆရာကျေနပ်ပြီးရော ။ လှုကာမတ္တမဟုတ်၊ အကြံရှိသည်။ သူ့ အကြံကို မိဖုရားအား တိုးတိုးမှာထားလိုက်ပုံကား...၊
ရေးခြားလိမ္မာ
သာဘိသေက
မယ်လှလှလျှင်
ဝါနယွင်းပါး
ရသေ့အားကို
မမှားရအောင်
ပညာရောင်ဖြင့်
မှောင်အလုံးတွင်း
မှုန်းကာထွင်း၍
လင်းစေလေဿး……..။(၆၁)
မြန်မာစကားပြေအရေးအသား၊ အပြောစကားနယ်ပယ်မှာ"အား" "ကို" ဝိဘတ်သွယ်တွေကို တပေါင်းတည်းသုံးစွဲခြင်းမပြုပါ။ သီးခြားစီသာ သုံးစွဲသည်။ "အား ၊ ကို" သုံးစွဲပုံအကြောင်း မြန်မာစာပညာရှင်တို့ ရှင်းလင်းပြသည်များကို အကျဉ်းချုပ်တင်ပြပါမည်။
"အား"သည် လက်ခံသူကို ပြသောစကားဖြစ်၏။ လက်ခံပြဝိဘတ်ဟု ခေါ်သည်။
ပုံစံ- ဆရာသည် စာအုပ်ကို ကျွန်တော့်အား ပေး၏။
(ကျွန်တော်သည် စာအုပ်ကိုလက်ခံသူဖြစ်ကြောင်း "အား"က ပြသည်။)
ပုံစံ-- လှလှသည် ထိုအကြောင်းကို ဖေဖေအား ပြော၏။
(ဖေဖေသည် လှလှပြောသည့်အကြောင်းကိစ္စကို လက်ခံနားထောင်သူဖြစ်ကြောင်း "အား"က ပြသည်။)
"ကို"သည် ပြုလုပ်ခြင်းခံရသူ ၊ ပြုလုပ်ခြင်းခံရသောအရာတို့ ကို ပြသောစကားဖြစ်သည်။ ကံဝိဘတ်ဟု ခေါ်သည်။
ပုံစံ- သူသည် ခွေးကို ရိုက်၏။
     တပည့်တို့ သည် ဆရာကို ရိုသေကြ၏။
"ကို"ဝိဘတ်တွဲသည့် လက်ခံပုဒ်ပါ ၂ ခုလုံးပါဝင်နေသည့် ဝါကျမျိုးတွင်မူ ကံဝိဘတ်ကိုချေလိုက်ပြီး "အား"အစား "ကို" ကို သုံးနိုင်ပါသည်။
ပုံစံ- ဆရာသည် ကျွန်တော့်ကို စာအုပ်ပေး၏။
    လှလှသည် ဖေဖေ့ကို ထိုအကြောင်းပြော၏။
ကံတပုဒ်တည်းပါလျှင်မူ "ကို"ကိုသာ သုံးရန်ဖြစ်သည်။ ကံတပုဒ်တည်းပါပါလျက် "ကို"ကို မသုံးဘဲ "အား"ကိုသုံးနေကြသည်ကိုလည်း မကြာခဏတွေ့ နေရသည်။
ပုံစံ- မောင်ပုသည် ခွေးအား ရိုက်၏။
 ဆရာသည် တပည့်အား ချစ်ခင်၏။
လက်ခံပုဒ်မပါဘဲ ကံတပုဒ်တည်းပါသောဝါကျမျိုးတွင် "ကို"ကိုသုံးလျှင် ရှင်းနေပါလျှက် "အား"ကို သုံးသည်မှာ စဉ်းစားစရာဖြစ်ပါသည်။ "ကို"နှင့် "အား" ခွဲခြားသုံးဖို့ မလိုသည့်ဝါကျမျိုးတွင် "ကို"ကိုသာ တသမတ်တည်း ထည့်သုံးသင့်ပါသည်။
(မောင်ခင်မင် (ဓနုဖြူ)၏ ငယ်ပေါင်းကြီးဖော်မြန်မာစာ၊ ၂၅-၂၆။)
          ကဗျာဆရာလိုင်စင်ရ တွင်းသင်းမင်းကြီးက "အား"တခုတည်းကိုမသုံး၊ "ကို"တခုတည်း
ကိုလည်း မသုံး။ "အားကို"ဟု ဝိဘတ် ၂ လုံးတွဲ သုံးပြလိုက်သည်။ ထူးထူးဆန်းဆန်းလုပ်ပြလိုက်ခြင်းပါ။
ကိစ္စတစုံတခုကို အလေးအနက်ထားလို၍ (မုဒုလက္ခဏပျို့ ကောက်နုတ်ချက်အရမူ- ဆရာရသေ့အပေါ် အလေးအနက်ထားပြောလို၍) "အားကို"ဟု အင်တိုက်အားတိုက်ပြောလိုက်ပုံရသည်။ "အား"ကိုဖြစ်စေ၊ "ကို"ကိုဖြစ်စေ တခုစီသုံးနေရလျှင် မလုံလောက်၊ မလေးနက်၊ မစို့ မပို့ ဖြစ်သည်ဟု ခံစားမိဟန်လည်း ဖြစ်ပုံရသည်။
          တွင်းသင်းမင်းကြီး၏"အားကို"သည် သည်အတိုင်းရပ်တန့် မနေပါ၊ ခေတ်စမ်းစာပေဂုရု
ဆရာကြီး မင်းသုဝဏ်ဆီသို့ အထိ စီးဆင်းလာပါသည်။ "သူ့ မှာတမ်း"ကဗျာကို ဖတ်ကြည့်လေ။
သူတို့ အဆုတ် ၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား ၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း။
ငယ်ကကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်းပြောပါလေ။
အမောင်ပြောက်ကျား ၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း။
မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်းပြောပါလေ။
အမောင်ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း။
ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ ၊ ခွဲရပါ၍
အားနာခဲ့ကြောင်းပြောပါလေ။
ယမ်းငွေ့ အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား….။
တွင်းသင်းမင်းကြီးက "ရသေ့အားကို"ဟု တကြိမ်တခါတည်းသုံးခဲ့သည်။ ဆရာကြီးမင်းသုဝဏ်က ပြောက်ကျားရဲဘော်ကလေး၏ဘဝမှာတည်ရှိသောအရာ ၃ မျိုးကို အလေးအနက်
 ဖော်ပြသည့်အနေဖြင့် "ချစ်သူအားကို ၊ မိဘအားကို ၊ တိုင်းပြည်အားကို"ဟု ဆက်ကာဆက်ကာ သုံးပြသွားလေသည်။
အမရဒီပ
မတ်လ ၅ ၊ ၂ဝ၁၅ 
ဖြည့်စွက်ချက်။ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ကလည်း မဃဒေဝလင်္ကာသစ် ၃၅၂ တွင်"အားကို"
 ပြန်ကြောင်း ထပ်မံတွေ့ ရှိပါသည်။
တရားဟိရီ ၊ မရှိလဇ္ဇာ
သေမင်းလာ၍ ၊ မညှာမထောက်
မကြောက်မရှက် ၊ တဟုန်နက်ဖြင့်
ကြက်မအားကို ၊ သားနှင့်တအုပ်
ကျားနှယ်ခုတ်ပြီး ၊ နုတ်နုတ်ဝါးကာ
မျို၍သာလျှင် ၊ ဗိုလ်ပါခပင်း
လူတသင်းကို ၊ မကြွင်းစေငြား
အကုန်စား၏။
No comments: