Total Pageviews

Sunday, January 15, 2012

ကုရုဓမ္မဇာတ်တော်


ကုရုဓမ္မဇာတ်တော်

ပစ္စုပ္ပန်ဝတ္ထု
အစိရဝတီမြစ်ကမ်းပါး၌ ပျံနေသော ဟင်္သာ၏မျက်စိကို ကျောက်စရစ်ခဲဖြင့် ပစ်ခတ်သတ်ဖြတ်သော ရဟန်းတပါး
ကို အကြောင်းပြု၍ ဤအတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူသည်။

အတိတ်ဝတ္ထု
ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျမင်းကြီးစိုးစံစဉ် ဘုရားလောင်းသည် ထိုမင်း၏သားဖြစ်၍ ခမည်းတော်ကွယ်
လွန်သောအခါ မင်းအဖြစ်ကိုရရှိသည်။ ထိုမင်းသည် မင်းကျင့်တရား ၁ဝ ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်၍ ‘ကုရုဓမ္မ’ (ပဉ္စသီလ) နှင့်လည်းပြည့်စုံသည်။ ထိုမင်းကဲ့သို့ ပင် မယ်တော်မိဖုရားကြီး၊ ညီတော်အိမ်ရှေ့မင်း၊ ပုရော
ဟိတ်အမတ်၊ မြေတိုင်းအမတ်၊ ရထားထိန်း၊ သူဌေး၊ တင်းခြင်အမတ်၊ တံခါးမှုး၊ ပြည့်တန်ဆာမတို့သည်လည်း ပဉ္စသီလနှင့်ပြည့်စုံကြလေသည်။ မင်းကြီးသည် အလှုပေးမှု၌ ရက်ရောသူဖြစ်၍ မြို့တံခါးလေးမျက်နှာ၊ မြို့ လယ်၊ နန်းတော်တံခါး ဤ ၆ ခုတို့၌ မဏ္ဍပ်ကြီးများဆောက်လုပ်၍ နေ့ စဉ်အသပြာငွေ ၆ သိန်းဖိုးစီ ပေးလှုလေ့ရှိသည်။

ထိုအချိန်က ကာလိင်္ဂတိုင်း၊ဒန္တပုရပြည်၌ မိုးခေါင်ခြင်းကြောင့် ကာလိင်္ဂမင်းသည် ရှေးထုံးစံအတိုင်း မိုးရွာစေရန် အလှုပေး၊ သီလဆောက်တည်၍ ကျက်သရေရှိသောတိုက်ခန်းတို့ ၌ မြေစာမြက်ကိုခင်း၍ အိပ်ခြင်းသည်ကိုပြု
သော်လည်း မိုးမရွာသဖြင့် အမတ်တို့ က " မြတ်သောမင်းကြီး၊ ဣန္ဒပတ္တနဂိုရ်မြို့ မှ ဓနဉ္စယကောရဗျမင်းတွင် ‘အဉ္စနဝဏ္ဏ’ မည်သော မင်္ဂလာဆင်ဖြူတော် ရှိသည်။ ထိုဆင်ကို ဆောင်ယူရရှိခဲ့သည်ရှိသော် မိုးရွာပါလိမ့်မည်" ဟု လျှောက်တင်ကြသဖြင့် ပုဏ္ဏား ၈ ယောက်တို့အား ဓနဉ္စယကောရဗျမင်းထံ မင်္ဂလာဆင်တော်ကို အလှုခံရန် စေလွှတ်လိုက်သည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို ပေးလှုလိုက်သည်။ ထိုသို့ ပြုလုပ်သည့်တိုင် မိုးမရွာ
ဘဲ မိုးခေါင်နေသည်။
ကာလိင်္ဂမင်းသည် ကောရဗျမင်း၏ ကုရုဓမ္မတရား၌သာ တည်ခြင်းကြောင့် ထိုမင်း၏နိုင်ငံ၌ လခွဲတကြိမ်၊ ဆယ်ရက်တကြိမ်မိုးရွာသွန်းကြောင်းကို သိသဖြင့် မင်္ဂလာဆင်တော်ကိုပြန်ပို့ စေကာ ကုရုဓမ္မတရားများကို ရွှေပြား
၌ ရေးကူးလာခဲ့ကြရန် အမတ်ကြီးနှင့် ပုဏ္ဏားတို့ အား စေလွှတ်လိုက်ပြန်၏။ အမတ်တို့ သည် ဓနဉ္စယကောရဗျ
မင်းထံ ရောက်သွားကြသောအခါ  "အမောင်တို့ ၊ ငါသည် ကုရုဓမ္မကိုစောင့်ထိန်းသည်ကား မှန်၏။ သို့ ရာတွင် စိတ္တရာဇမင်းသောနတ်မင်းကို ပူဇော်ခဲ့စဉ်က အရပ်လေးမျက်နှာတို့ သို့  မြားလေးစင်းတို့ကို ပစ်လွှတ်ခဲ့ရာ တစင်းသောမြားသည် ရေကန်တခုထဲသို့ ကျသွားခဲ့သောကြောင့် ငါးတကောင်သေဆုံးခဲ့ရလေသလောဟုကုက္ကုစ္စ
သံသယဖြစ်မိသည်။  ထို့ကြောင့် ငါသည် မိမိ၏သီလကို အားမရ၊ မယ်တော်သည်ကား ကောင်းစွာစောင့်၏။ မယ်တော်၏ထံမှသာ ယူကြပါလော့ " ဟု ကောရဗျမင်းဆိုသည်။

ထိုအခါ အမတ်များနှင့် ပုဏ္ဏားတို့ က  "အရှင်မင်းကြီးတွင် သေစေလိုသော စိတ်စေတနာမရှိ၍ သီလမပျက်ပါ၊ ကုရုဓမ္မတရားကိုသာ ပေးတော်မူပါလော့ " ဟု လျှောက်သဖြင့် ဓနဉ္စယကောရဗျမင်းက  "သတ္တဝါကို မသတ်အပ်၊ ပိုင်ရှင်မပေးသော ဥစ္စာကို မခိုးယူအပ်၊ ကာမတို့ ၌ မှားသောအကျင့်ကို မကျင့်အပ်၊ မမှန်သောစကားကို မပြော
အပ်၊ သေအရက်တို့ ကို မသောက်အပ် " ဟူသောတရား ၅ ပါးတို့ ကို ရွှေပြားပေါ်၌ ရေးစေကာ မယ်တော်၏ထံ
သို့ သွားကြရန် စေလွှတ်လိုက်သည်။

မယ်တော်သည် မိမိထံသို့ရောက်လာကြသော တမန်များအား မိမိသည် ‘ကုရုဓမ္မ’ကို စောင့်ထိန်းသည်မှာ မှန်ကန်
ပါသည်။ သို့ ရာတွင် တခါက သားတော်မင်းကြီး ပူဇော်ကန်တော့ခဲ့သည့် အဖိုးတထောင်ထိုက်တန်သော စန္ဒကူးနံ့
သာနှစ်နှင့် အဖိုးတထောင်ထိုက်တန်သည့် ရွှေပန်းခိုင်တခုရရှိခဲ့ရာ တန်ဖိုးများသည့် စန္ဒကူးနံ့သာနှစ်ကို သားငယ်
အိမ်ရှေ့မင်း၏မိဖုရားအားပေး၍ တန်ဖိုးနည်းသည့် ရွှေပန်းခိုင်ကိုမူ သားကြီးဖြစ်သည့် မင်းကြီး၏မိဖုရားအား ပေးကမ်းခဲ့မိသည်။ အမှန်စင်စစ်တွင်မူ တန်ဖိုးများသည့် ပစ္စည်းသည် ကြီးကဲသူအတွက်သာ ဖြစ်သင့်ပါသည်။ ထို့ 
ကြောင့် ဤကိစ္စတွင် ပေးကမ်းချီးမြှင်မှုလွဲခဲ့ရသဖြင့် မိမိ၏သီလပျက်ခဲ့လေသလောဟု ကုက္ကုစ္စသံသယဖြစ်နေမိ
သည် ဟု ပြောပြလေရာ တမန်များက "မိမိပိုင်ဥစ္စာပစ္စည်းများကို မိမိသဘောကျခွဲဝေပေးခြင်းသည် အပြစ်မရှိပါ၊ သီလမပျက်ပါ" ဟု ပြောဆို၍ မယ်တော်ထံမှလည်း ‘ကုရုဓမ္မ’ကို ရွှေပြားပေါ်၌ရေးကူးကာ ယူခဲ့ကြသည်။
ထို့ နောက် မယ်တော်၏ ညွှန်ကြားချက်အရ မိဖုရားထံသို့ လာခဲ့ကြသည်။

မိဖုရားကြီးကလည်း  "မိမိသည်တခါက မတ်တော်ဖြစ်သူ အိမ်ရှေ့ မင်းအား ကိလေသာစိတ်ဖြင့် ကြည့်မိခဲ့သည်။ ထို့ကြောင့် မိမိ၏သီလပျက်ခဲ့ရသည်ထင်ပါသည် "ဟု ပြောရာ တမန်များက  "အရှင်မ၊ စိတ်ကူးရုံမျှဖြင့် လွန်ကျူးမှု
မဖြစ်ပါ။ ကုရုဓမ္မကိုသာ ပေးတော်မူပါ "ဟု ဆို၍ မိဖုရားကြီးထံမှလည်း ရေးကူးယူကြပြန်သည်။ ထို့နောက်မိဖုရား
ကြီးညွှန်ကြားလိုက်သော အိမ်ရှေ့မင်းထံသို့ ဆက်၍ လာခဲ့ကြပြန်သည်။

အိမ်ရှေ့မင်းသည်လည်း  "တရံရောအခါက မိမိ၏အခြွေအရံများသည် မိမိကြောင့် တညလုံး မိုးရေပြင်ထဲ၌ ဆင်းရဲ
ပင်ပန်းကြီးစွာ နေခဲ့ကြရသည်။ ထိုအကြောင်းကြောင့် မိမိသီလကျိုးပေါက်ခဲ့ရသည် ဟုမှတ်ယူထားပါသည် "ဟု တမန်များအားပြောပြရာ  "အရှင်မင်းသားတွင် သူတို့အားပင်ပန်းစေလိုသော စေတနာမရှိ၍ ကံမမြောက်ပါ "ဟု ဆို၍ ‘ကုရုဓမ္မ’ကို ရေးကူးကြပြန်သည်။ ထို့နောက်အိမ်ရှေ့မင်းညွှန်ကြားလိုက်သော ပုရောဟိတ်အမတ်ကြီးထံသို့ ရောက်ခဲ့ကြရပြန်သည်။

ပုရောဟိတ်အမတ်ကြီးသည်လည်း "မိမိသည်တချိန်က ဓနဉ္စကောရဗျမင်းအား တိုင်းခြားမင်းတပါးကဆက်သလာ
သော ရထားသစ်တစီးကို လိုချင်လောဘစိတ်ဖြစ်ပေါ်ခဲ့မိ၍ မိမိသီလပျက်ခဲ့ရပြီဟု ထင်နေပါသည်"ဟု တမန်များ
အား ပြောပြသောအခါ တမန်များက "လောဘစိတ်ဖြစ်ပေါ်ကာမျှနှင့်  သီလမပျက်ပါ"ဟု ပြော၍ ‘ကုရုဓမ္မ’ကို ရေးကူးကြပြန်သည်။ ပုရောဟိတ်ကြီး၏ လမ်းညွှန်ချက်ဖြင့် မြေတိုင်းအမတ်ထံသို့ ဆက်၍ လာခဲ့ကြပြန်သည်။

မြေတိုင်းအမတ်သည်လည်း "တခါက လယ်မြေတိုင်းတာရာတွင် ကြိုးစွန်းချည်သော လှံတံကို ပုစွန်တွင်း၌ စိုက်ခဲ့ရာ ပုစွန်သည် လှံတံထိုးမိ၍ သေခဲ့ရသဖြင့် မိမိသီလကိုစိတ်မချပါ" ဟု တမန်များအား ပြောပြသည်။ တမန်များက "သေစေလိုသောစေတနာမရှိ၍ ကံမမြောက်ပါ"ဟုပြောကြပြီးလျှင် ‘ကုရုဓမ္မ’ကို ရေးကူးယူကြပြန်
သည်။ တဖန်ထိုအမတ်၏ ညွှန်ပြချက်အရ ရထားထိန်းထံသို့  ရောက်ခဲ့ကြရပြန်သည်။

ရထားထိန်းသည်လည်း "တရံရောအခါက မိမိသည် ရထားပေါ်တွင် မင်းကြီးကိုတင်ဆောင်၍ ဥယျာဉ်တော်မှ ပြန်လာစဉ် မိုးသားတိမ်မည်းတို့  တက်လာသည်ကို မြင်ရ၍ မင်းကြီးအားမိုးမိမည်စိုးသဖြင့်သိန္ဓောမြင်းများအား နှင်တံနှင့်တို့၍ တို့၍ ပေးသည်။ နောင်သောအခါ သိန္ဓောမြင်းများသည် ထိုနေရာသို့ ရောက်တိုင်းရောက်တိုင်း လျင်မြန်စွာ ပြေးနေကြသဖြင့် ပင်ပန်းကြရသည်။ ဤအကြောင်းကြောင့် မိမိ၏သီလကို အားမရနိုင်ပါ" ဟု တမန်
များအား ပြောပြသည်။ တမန်များက "သင့်တွင် ပင်ပန်းစေလိုသော စေတနာမရှိသဖြင့် အပြစ်မရှိပါ"ဟု ပြောပြ၍
ကုရုဓမ္မ’ကို ရေးကူးသွားကြပြန်သည်။ ထိုသူ၏လမ်းညွှန်ချက်အရ သူဌေးကြီးထံသို့ ဆက်သွားကြပြန်သည်။

သူဌေးကြီးသည်လည်း "တရံရောအခါက မင်းကြီးအတွက် သတ်မှတ်ပေးထားသော မိမိ၏သလေးစပါးလယ်ကွက်
မှ ကောက်နှံပန်းတဆုပ်ကို ခူးယူ၍ မိမိ၏ဦးသျှောင်၌ ပန်ဆင်ခဲ့မိရာ မင်းကြီးထက်အလျင်သုံးစွဲမိသောကြောင့် သီလပျက်ရသည်" ဟု သံတမန်များအား ပြောပြသောအခါ "သူဌေးမင်းတွင် ခိုးလိုသောစိတ်မရှိခဲ့၍ အဒိန္နာဒါနမ
ဖြစ်ပါ" ဟု တမန်များက ပြောကြပြီး  ‘ကုရုဓမ္မ’ကို ထပ်မံ၍ ရေးကူးကြပြန်သည်။
ထို့ နောက် သံတမန်များသည် သူဌေးကြီး လမ်းညွှန်လိုက်သော တင်းခြင်အမတ်ထံသို့  လာခဲ့ကြပြန်သည်။

တင်းခြင်းအမတ်သည်လည်း "တခါက စပါးများကို တင်းဖြင့်ခြင်တွယ်ရာခြင်တွယ်ခြင်းမပြုသေးသော စပါးပုံမှ စပါး
များကိုယူ၍ အမှတ်အစုပြုလုပ်ခဲ့မိသည်။ စပါးများခြင်တွယ်ပြီးသောအခါ ထိုအမှတ်အစုစပါးများကို ကောက်ယူ၍ စပါးပုံတပုံ၌ အမှတ်တမဲ့ရောထည့်လိုက်မိရာ ခြင်တွယ်ပြီးသော စပါးပုံ၌ရောထည့်မိလား၊ မခြင်တွယ်ရသေးသော စပါးပုံ၌ ရောထည့်မိလား ကွဲကွဲပြားပြား မသိပါ။ ခြင်တွယ်ပြီးသားစပါးပုံ၌သာ ရောထည့်ခဲ့မိလျှင် စပါးရှင်သည် နစ်နာ၍ မိမိသီလလည်း ပျက်စီးရပါလိမ့်မည်"ဟု တမန်များအား ပြောပြရာ တမန်များက "ခိုးလိုသောစိတ်မရှိသ
ဖြင့် သီလမပျက်ပါ" ဟု ပြောဆိုကြပြီးလျှင်  ‘ကုရုဓမ္မ’ကို ရေးကူးယူကြပြန်သည်။ ထို့ နောက် တင်းခြင်အမတ်ညွှန်
ပြလိုက်သောတံခါးမှုးထံသို့  ရောက်ကြရပြန်သည်။

တံခါးမှုးသည်လည်း တရံရောအခါ တံခါးဝနားသို့ ရောက်လာကြသော မောင်နှမ ၂ ယောက်အား လင်မယားအ
ထင်နှင့် ပြောဆိုခဲ့မိသည်။ ထို့ ကြောင့် သူ့ သီလပျက်သည်ဟုယူဆကြောင်း ပြောသည်။ တမန်များက"လင်မယား
ထင်၍ ပြောဆိုမိခြင်းသာဖြစ်သောကြောင့် သင့်သီလမပျက်ပါ" ဟု ပြောကြပြီးလျှင်  ‘ကုရုဓမ္မ’ကို ထပ်မံရေးကူးကြ
ပြန်သည်။ ပြီးလျှင် တံခါးမှုးညွှန်ကြားလိုက်သော ပြည့်တန်ဆာမထံသို့  ဆက်လာခဲ့ကြပြန်သည်။

ပြည့်တန်ဆာမသည်လည်း "တချိန်က အမျိုးသားတယောက်ထံမှ ငွေကြေးလက်ခံထားပြီး မကျေသေးမီ အခြား
အမျိုးသားတယောက်ထံမှ အဖိုးအခကိုလက်ခံရန် လက်ဖြန့် မိခဲ့သည်။ ယူကားမယူမိခဲ့---။ ထို့ အကြောင်းကြောင့် မိမိသီလသည် ပျက်စီးခဲ့ရပြီထင်ပါသည်"ဟု တမန်များအား ပြောပြရာ တမန်များက လက်ဖြန့် ရုံမျှဖြင့် သီလ
မပျက်ပါ။ သီလသည် အလွန်စင်ကြယ်လှပါသည်"ဟု ပြောဆိုကြပြီးနောက်  ‘ကုရုဓမ္မ’ကို ရွှေပြားပေါ်မှာ ရေးကူး
ယူကြပြန်သည်။

ဤသို့ဖြင့် တကျိပ်တယောက်သောသူတို့ ၏သီလကို ရွှေပြား၌ ရေးကူးခဲ့ကြပြီးလျှင် ကာလိင်္ဂမင်းအားဆက်သကြ
သည်။ ကလိင်္ဂမင်းသည် ‘ကုရုဓမ္မ’ကို စောင့်ထိန်းရာ တခဏ၌ပင် ကာလိင်္ဂတိုင်း၌မိုးရွာသဖြင့် ဘေးသုံးပါးတို့သည်
လည်း ငြိမ်းအေးသွားခဲ့သည်။ နိုင်ငံသည်လည်း သာယာဝပြောလာသည်။

ဇာတ်ပေါင်း။         ။ ပြည့်တန်ဆာမ- ဥပ္ပလဝဏ်ထေရီ၊ တံခါးမှုး- ပုဏ္ဏမထေရ်၊ မြေတိုင်းအမတ်- ကစ္စည်းမထေရ်၊
                        တင်းခြင်အမတ်-မောဂ္ဂလာန်မထေရ်၊ သူဌေး-အရှင်သာရိပုတ္တရာ၊ ရထားထိန်း- အရှင်အနုရုဒ္ဓါ၊
                        ပုရောဟိတ်- ကဿပမထေရ်၊ အိမ်ရှေ့မင်း- နန္ဒပညာရှိ၊ မိဖုရားကြီး- ရာဟုလာမယ်တော်၊
                        ဓနဉ္စယကောရဗျမင်း- ဗုဒ္ဓ။

အနှစ်ချုပ်။           ။ လူတိုင်းသီလကျင့်လျှင် တိုင်းပြည်အေးချမ်းသာယာသည်။


No comments: