Total Pageviews

Sunday, October 16, 2011

ဆရာလွဲ၊ဆရာစွဲ


၁။

ထင်မိထင်ရာစိတ်ကူးပေလော မပြောတတ်---။  "သခင်" ပါသော အမည်ပိုင်ရှင်များကိုတွေ့ မိလျှင် "နိုင်ငံရေး
တက်ကြွသူ၊ နိုင်ငံရေးစိတ်ထက်သန်သူ" ဟု အလိုလိုနားလည်သလိုဖြစ်နေမိပါ၏။ ထိုအမြင်အတွေးသည် မမှား။ 
သို့ သော် မမှန်---။  ဗမာပြည်လွတ်လပ်ရေးအတွက်ကြိုးစားလိုသူတို့ သည်"တို့ ဗမာအစည်းအရုံး"အသင်းဝင်ကာ
"သခင်"ဘွဲ့ ခံ၍ နိုင်ငံလွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြသည်။ ထိုသူတို့ လောက်ကိုသာ အမြင်များနေ၍ "သခင်" ဟူသည် နိုင်ငံရေးတက်ကြွသူ ဟု ယူဆခဲ့သည်။ ဤအထိ မှန်နေသည်။ "သခင်မြတ်ဆိုင်"အမည်ရသခင်
တဦးကို မြင်ရသောအခါ မိမိအထင်မှားနေကြောင်း သတိပြုမိ၏။ ဟုတ်ပေ၏။ သူကား နိုင်ငံရေးသခင်ထက် ဘာသာရေးသခင်ဖြစ်နေသည်ကို တွေ့ ရသောကြောင့်ပင်--။ မိမိအကဲဖြတ်တာ လွဲမှားပါက ပြင်ပေးကြပါ။ နိုင်ငံရေးလှုပ်ရှားမှု၊ဖြတ်သန်းမှုသမိုင်းစာမျက်နှာများတွင် သခင်မြတ်ဆိုင်အမည်ကို မတွေ့ မိပါ။ တောင်တွင်းကြီး လူသေလူဖြစ်ဦးဥက္ကဋ္ဌ (ယခုအခါ သူ၏တပည့်တပန်းများက နတ်မှီဆရာတော်ဟု
ခေါ်နေကြ၏)နှင့် ပတ်သက်သော ဘာသာရေးလှုပ်ရှားမှုစာမျက်နှာများတွင် သခင်မြတ်ဆိုင်အမည်ကို
ပီပီပြင်ပြင် မြင်ရသည်။ ယင်းအကြောင်းကြောင့် သခင်မြတ်ဆိုင်သည် ဘာသာရေးသခင်ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်၏။ သခင်မြတ်ဆိုင်သည် နတ်မှီတောရကျောင်းထိုင်၊ လူသေလူဖြစ်ဦးဥက္ကဋ္ဌနှင့် နှီးနွယ်ပြီး-----
၁။ လူသေလူဖြစ်ပြဿနာ (သခင်မြတ်ဆိုင်မေး၊ ရှင်ဥက္ကဋ္ဌဖြေ)
၂။ ဗုဒ္ဓ၏မိဂဒါဝုန်တရား
၃။ ဗုဒ္ဓဝိပဿနာ (၁) (၂)
၎။ လက်ရွေးစင်သီးသန့် ပိဋကတ်တော်ကောက်နုတ်ချက်များ--ဆိုသော စာအုပ်များကို ရေးသားခဲ့သည်။ (သခင်မြတ်ဆိုင်၏ဖော်ပြပါစာအုပ်များမှာ မြန်မာပြည်တွင် ရှင်ဥက္ကဋ္ဌစာအုပ်များနည်းတူ တရားဝင်ထုတ်ဝေခွင့်ပိတ်
ထားသည်။)
၁၉၇၈-ခုနှစ်တွင် ရှင်ဥက္ကဋ္ဌ ကွယ်လွန်သည်။ ၁၉၈၁-ခုနှစ်မှာ လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ခံရတော့ သခင်မြတ်ဆိုင်အသက် ၇၃ နှစ်ရှိပြီ။ အရွယ် ၁ဝ ပါးအမြင်အရ ယိုင်နဲ့ နဲ့ ဖြစ်သောအရွယ်--။
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)သို့  စုဒိတကပုဂ္ဂိုလ် (တရားစွဲသူ)များက သာမညစောဒနာ 
(သာမညစွဲဆိုချက်)ပေါင်း အချက် ၂ဝ တင်ပြသည်။  ယင်းအချက် ၂ဝ မှာ လူသေလူဖြစ်ဝါဒအမှားပေါင်း ၂ဝ ဖြစ်သည်။ သာမညစောဒနာတင်ပြအပြီးတွင် ဝိနည်းဓိုရ် (တရားသူကြီး)အဖွဲ့ က အဆိုပါအချက် ၂ဝ သည် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်နောက်ပါများ၏ဝါဒဟုတ်၊ မဟုတ် မေးမြန်းသည်။ တာဝန်ယူပြီး ထုချေလွှာတင်၊ မတင်
မေးမြန်းသည်။ ယင်းပွဲတွင် သခင်မြတ်ဆိုင်က ဤသို့ ပြောဆိုလေသည်။
            "ရှင်ဥက္ကဋ္ဌလုပ်ဆောင်ချက်မှန်သမျှ၊ ရှင်ဥက္ကဋ္ဌအမည်ပါသမျှအားလုံး တပည့်တော် တာဝန်ယူပါတယ်
ဘုရား။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်ဆရာဘက်က ရပ်ရမှာပဲဘုရား။ ဒါမှလဲ တပည့်တော် တပည့်ကောင်းဖြစ်
မယ်ဘုရား။ ဒီနေရာမှာတော့ တပည့်တော် ထွက်ပြေးလို့ မရတော့ပါဘူး။ "
သခင်မြတ်ဆိုင်၏ဆရာသံယောဇဉ်အလွန်စွဲမြဲကြောင်းပေါ်လွင်စေသော စကား--။ 
သည်သံယောဇဉ်နှင့်ပင် သခင်မြတ်ဆိုင်သည် "မဟုတ်ကိုအဟုတ်၊ မရှိကိုအရှိ"ဖြစ်အောင် လုပ်ဆောင်ခဲ့လေသည်။ ဥပမာ-
"အယူမှန်က မိမိ၏အယူကိုပါ တဖန်ပြန်လည်၍ စွန့် လွှတ်လော့၊ ဤကားအေးငြိမ်းရန် ဖြစ်၏"ဟူသောစကားကို မူလပဏ္ဏာသ၊သလ္လေခသုတ်တွင် အကြိမ်ပေါင်း ၁၆ ကြိမ်ပြောကြောင်း သခင်မြတ်ဆိုင်က ရုံးတော်တွင် ချေပ၏။ ဝိနည်းဓိုရ်ဆရာတော်များက စာအုပ်ပြ၍ လက်တွေ့ မေးမြန်းသောအခါ သခင်မြတ်ဆိုင်ပြောသည့်အတိုင်းမဟုတ်
ကြောင်း ကာယကံရှင်ဝန်ခံခြင်း----။  "လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ"ဟူသောပါဠိသည် နိဒါန
ဝဂ္ဂသံယုတ်၊ ကစ္စာနဂေါတ္တသုတ်၊ စာမျက်နှာ ၂၄၂ မှာပါရှိကြောင်း သခင်မြတ်ဆိုင်ဆိုထား၏။ သို့ သော် ရုံးတော်
က လက်တွေ့ သက်သေပြရန် ပြောလာသောအခါ ကျမ်းညွှန်းပါဠိအတိုင်းမဟုတ်ဘဲ လိုသလိုဖန်တီးထားသော
ပါဠိသာဖြစ်ကြောင်း သခင်မြတ်ဆိုင်ဝန်ခံရခြင်း---။

၂။

ရှင်ဥက္ကဋ္ဌ၏အန္တေဝါသိကတပည့်ရင်းကြီးသခင်မြတ်ဆိုင်သည် လူသေလူဖြစ်ဝါဒကို ခုံရုံးတင်ဆုံးဖြတ်ရန် ကြားနာ
စဉ်ကာလတွင်း လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)၏  သဘာပတိဆရာ
တော်က သခင်မြတ်ဆိုင်၏လှုပ်ရှားမှုများကို ခုံးရုံးတော်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားတော်မူခဲ့လေသည်။
            "အခုတရားခွင်ရှေ့မှာထိုင်နေတဲ့ စုဒိတကသခင်မြတ်ဆိုင်က "ဓမ္မမိတ်ဆွေများသို့ "လို့ ခေါင်းစဉ်တပ်ပြီး ဒီဝိနိစ္ဆယကိစ္စနဲ့ ပတ်သက်လို့  စာတိုစာရှည်ကမ်းခဲ့တယ်။ အဲဒီစာထဲမှာ သုတ်ပေါင်း (၁၅ဝ)ကျော်ကိုးကားချေပ
လိုက်လို့  ဘုန်းကြီးတွေမျက်နှာမည်းသွားတာပဲ ဆိုတာမျိုးတွေ မိမိကိုယ်ကိုမြှောက်၊ သူတပါးကိုနှိမ့်ချပြီး သူတော်
ကောင်းများမလုပ်တဲ့အလုပ်ကိုလုပ်တာတွေ့ ရတယ်။
            အဲဒီဒကာကြီးသခင်မြတ်ဆိုင်ပဲ စာရေးတယ်။ သူ့ စာထဲမှာရေးထားတာတွေဟာ သူတော်ကောင်းများအ
နေနဲ့ သံဝေဂဖြစ်စရာ အလွန်ကောင်းပါတယ်။ ဒကာကြီးသခင်မြတ်ဆိုင်က ဘုန်းကြီးတို့ ရဟန်းသံဃာတော်တွေ
ကို ဘာသာရေးအရေခြုံတွေ လို့ စွပ်စွဲထားပါတယ်။ မြှောက်ပင့် ရှုတ်ချလိမ်ညာ ကိုယ်ကျိုးရှာ တမလွန်ရေးရာ
မသေမချာ မုသား အကြွား အမှားပေါင်းအနန္တဖြင့် ဘဝစည်းစိမ်ကို ထူထောင်နေကြသူ ဘုန်းကြီးလူတန်းစားလို့ 
ဆိုပြီး ၊ ဘုန်းကြီးတို့ရဟန်းသံဃာတော်တွေ လိုက်နာကျင့်သုံးနေတဲ့ ဗုဒ္ဓဝါဒကိုတော့ သွေးစုပ်ဝါဒလို့ ဆိုပြီး ဒီဗုဒ္ဓ
ဝါဒသွေးစုပ်ဝါဒကြီးဟာ နှစ်ပေါင်း ၂ဝဝဝ -ကျော်လာပြီလို့ လည်း ဆိုပါတယ်။
            နောက်တခုက ဒကာကြီးသခင်မြတ်ဆိုင်က သူ့ အနေနဲ့  ဒီဝိနိစ္ဆယရုံးမှာ ချေပသောဓနာခွင့်ကြားရက် (၃) ရက်ပဲ 
ရခဲ့တယ်။ ရက်နည်းလို့ အာားမရဘူး။ တကယ်လို့ (၁ဝ)ရက်လောက်သာ ရက်ရလိုက်လို့ ရှိရင် လက်ရှိ
ဘုန်းကြီးတွေထဲက (၁ဝ)ပုံ (၁)ပုံတောင် ကျန်မှာ မဟုတ်ဘူး။ဘုန်းကြီးတသိန်းကျော်နဲ့  နောက်ပါ ကလေးတွေနဲ့ 
ခွေးတွေကိုပါ လူထုက ကျွေးထားရတဲ့တာဝန် ပေါ့သွားမယ်လို့  ဒကာကြီးသခင်မြတ်ဆိုင်က ဆိုပါတယ်။"
(ချေပရက် ၃ ရက်သာရသည်ဆိုခြင်း မဟုတ်ကြောင်း သဘာပတိဆရာတော်က ရှင်းပြသည်။၊)
သဘာပတိဆရာတော်မှာ ထားဝယ်မြို့ ၊ ဃောသိတာရာမတိုက်ဆရာတော် ဦးဃောသိတာဘိဝံသဖြစ်ပါ၏။
ဤမျှသောစကားဖြင့် သခင်မြတ်ဆိုင်၏ အမြင်အယူအဆကို မှန်းဆနိုင်လောက်ပါပြီ------။
ဆရာပြောသမျှ၊ လုပ်သမျှ မှားသည်၊မှန်သည်မစဉ်းစား--။ အမြဲတမ်းထောက်ခံအားပေးသောတပည့်တမျိုး လောကမှာ
ရှိနေသည်။ ရှိခဲ့သည်။ ရှိလိမ့်ဦးမည်။


၃။

အကြောင်းအရာတခုကို ဆရာ့လောင်းရိပ်အောက်အမိမခံဘဲ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်တတ်
သူတွေလည်း ရှိပါ၏။ သူ၏အမည်မှာ ဗြဟ္မဒတ္တ (ဗြဟ္မဒတ်)---။ သူ၏ဆရာမှာ သုပ္ပိယဖြစ်၏။ သဉ္စည်းဆရာကြီး၏ တပည့်ကြီးတဦးဖြစ်သည်။ သုပ္ပိယနှင့် ဗြဟ္မဒတ်ဆရာတပည့်တို့သည် မြတ်စွာဘုရားနှင့် ရဟန်း ၅ဝဝ တို့နှင့် အတူ့ရှေ့ဆင့် နောက်ဆင့်တခရီးတည်းသွားခိုက်ဖြစ်သည်။ ဆရာသုပ္ပိယသည် မြတ်စွာဘုရားအပေါ်အမနာပ
စကားအမျိုးမျိုးပြော၏။ တပည့်ဗြဟ္မဒတ်ကမူ သူ့ ဆရာအပြုအမူမှာ 'မီးကိုစားမျို၊ ဓားသွားကိုလက်နှင့်သပ်၊တောင်
ကြီးကိုလက်သီးနှင့်ထိုးဖြို၊ လွှသွားကို ပုတ်ခတ်ကစား၊မုန်ယိုဆင်ကိုလက်နှင့်ကိုင်သူပမာ'ဖြစ်ကြောင်း နားလည်၏။
တပည့်ဟူသည် ဆရာအယူကိုအတုယူပြောဆိုပြုမူလေ့ရှိကြ၏။ ထိုတပည့်အမျိုးအစားတွင် သူမပါဝင်ပါ--။ ကျင်ကြီး၊ ဆူး၊ မီး၊ မြွေဟောက်၊ ငြောင့်ကို ဆရာနင်းတိုင်း တပည့်လိုက်မနင့်သင့်--။ ဆရာအဆိပ်စားတိုင်း တပည့်လိုက်မစားသင့်--။ ချောက်ထဲဆရာခုန်ချတိုင်း တပည့်လိုက်ပြီး မခုန်ချသင့်--။ သတ္တဝါတိုင်း ကိုယ်ပြုသော
ကံ ကိုယ့်ထံပြန်လာစမြဲ--။  ဆရာသည် သူတော်ကောင်းအပေါ် မကောင်းပြော၏။ သူစိုက်သောအပင်၏အသီးကို သူပင်ရိတ်သိမ်းရပေမည်။ ဗြဟ္မဒတ်သည် ဤသို့ တွေးကာ ဘုရားအပေါ် ချီးမွှမ်းစကားပြော၏။ သူ့ ဆရာ့က ကဲ့ရဲ့
ပြစ်တင်စကားဆို၏။ ဆရာနှင့်တပည့်သည် လုံးဝဆန့် ကျင်ဘက်----။ မဟုတ်မမှန်သည်ကို ဆရာလုပ်သောအခါ တပည့်က အလိုတူအလိုပါမလုပ်ဘဲ ရှောင်ထွက်သည်။ ဆရာ၏လုပ်ရပ်ကို မှန်၏၊ မမှန်၏ ဝေဖန်ဆန်းစစ်သည်။
ခေတ်ဟောင်းဟု ပြောနိုင်သော လွန်ခဲ့ပြီး နှစ်ပေါင်း ၂၅ဝဝ ကျော်က ဇာတ်လမ်းတခု ဖြစ်၏။ ဒီဃနိကာယ်၊
ဗြဟ္မဇာလသုတ္တန်နိဒါန်း ဖတ်ကြည့်ပါလေ--။
ဆရာပြောသမျှ၊လုပ်သမျှ လက်ညှိုးထောင်ခေါင်းညိတ်မလုပ်ဘဲ အမှန်ကို ရှာဖွေသောတပည့်တမျိုး လောကမှာ
ရှိနေသည်။ ရှိခဲ့သည်။ ရှိလိမ့်ဦးမည်။

၎။
            "ကျွန်ုပ်သည် ဆရာကြီး ပလေတိုအား ချစ်လည်း ချစ်ပါ၏။ ကြည်လည်းကြည်ညိုပါ၏။ သို့ သော် ဆရာ
            ကြီးကို ချစ်ကြည်ညိုသည်ထက် အမှန်တရားကို ပို၍ချစ်မြတ်နိုးပါသည်။"
အရစ္စတိုတယ်လ် (ARISTOTLES) ၏  ဂန္ထဝင်မြောက်စကားတခွန်း-----။ သူ၏ချစ်လှစွာသော ဂုရုကြီးမှာ
ပလေတို (Plato) ဖြစ်၏။ အရစ္စတိုတယ်လ်သည် ဂုရုကြီးပလေတို၏အတော်ဆုံး၊အထက်မြက်ဆုံးတပည့်ဖြစ်
သည်။ ဂုရုကြီး၏အချစ်ဆုံးတပည့်ကျော်လည်း ဖြစ်သည်။ သို့ သော် ဂုရုကြီး၏လောင်းရိပ်အောက်က တပည့်
တယောက်တော့မဖြစ်ခဲ့ပါ။
ပလေတိုသည် ကောင်းကင်ဆန်သော စိတ်ကူးယဉ်လောကမှာ မွေ့ လျော်သူဖြစ်၏။ အရစ္စတိုတယ်လ်သည်
မြေကြီးပေါ်နေ လူသားဘဝနှင့်နီးစပ်၍ မြေကြီးဆန်သူဟု ဆိုကြ၏။ဂုရုကြီးပလေတိုက လူ၏စွမ်းရည်
ကွဲပြားမှုအပေါ်ပိုင်ခြားစိစစ်၍ နိုင်ငံအုပ်ချုပ်ရေးတာဝန်ကို အတွေးအခေါ်ပညာရှင်များကသာ ကိုင်တွယ်ရ
မည်ဟု ဆိုခဲ့သည်။ ဤအချက်အပါအဝင် နိုင်ငံတော်တခုတည်ထောင်ရေးအတွက် မူများကို သူ၏ သမ္မတနိုင်ငံ
(Republic) ကျမ်းတွင် ချပြခဲ့၏။  အရစ္စတိုတယ်လ်က နိုင်ငံကို ဥပဒေအရသာ အုပ်ချုပ်ရမည်။ ဥပဒေဖြင့် အုပ်စိုးသောအစိုးရသာဖြစ်ရမည်ဟု ဆိုလို၏။ပလေတို၏ သမ္မတနိုင်ငံကျမ်းလာ အတွေးအခေါ်များမှာ
 စိတ်ကူးယဉ်ဆန်သည်။ လက်တွေ့ ဖန်တီးရန်မလွယ်။ လက်တွေ့ ဖြစ်လာသည့်တိုင် ယင်းနိုင်ငံပုံစံမျိုးကို
 မတည်ဆောက်သင့်။ မလိုလားသင့်ဟု အရစ္စတိုတယ်လ်က ယူဆသည်။
အဆင်း၊အသံစသောအာရုံအားဖြင့် သိနိုင်သော ရုပ်လောကသည် တကယ်အစစ်အမှန်လောကမဟုတ်၊ 
ဉာဏ်ဖြင့်သိမြင်နိုင်သော ဝိညာဏလောကသည်သာ အစစ်အမှန်လောကဖြစ်သည်၊ ရုပ်လောကသည် နာမ်လော
က၏အသွင်၊ ပုံရိပ်ပမာဖြစ်သည်ဟု ပလေတိုက ယူဆ၏။
တပည့်ကျော်အရစ္စတိုတယ်လ်ကမူ ရုပ်လောကသည် နာမ်လောက၏ ပုံရိပ်မျှဖြစ်သည်အဆိုမှာ လုံးဝမဟုတ်။ 
နာမ်လောကသည် အစစ်အမှန်လောကဖြစ်သလို ရုပ်လောကသည်လည်း အစစ်အမှန်လောကပင် ဖြစ်သည်ဟု
ယုံကြည်သည်။ ထိုအတိုင်းပင် လက်ခံသည်။
ဤနည်းဖြင့် အရစ္စတိုတယ်လ်သည် ပလေတို၏အမှားများ၊ လစ်ဟာကွက်များကို ဝေဖန်ဖော်ထုတ်တင်ပြခဲ့သည်။ ပလေတို၏အမှားများကို အရစ္စတိုတယ်လ်မဖော်ထုတ်ခင်က ဆရာကြီးပလေတိုပို့ ချဟောပြောသမျှ အမှန်တရား
များသာဖြစ်သည်၊ အမှားအယွင်းမပါဝင်ဟု တပည့်များ ယုံကြည်နေခဲ့ကြသည်ဟူ၏။ ဤကားခေါက်ရိုးကျပုံစံ--။
ဤလောကတွင် ဆရာမမြင်သောအမှား၊ ဆရာ့အယူအဆ၏အားနည်းချက်ကို ဖော်ထုတ်ဝေဖန်ရဲသော အမှန်တ
ရားမြတ်နိုးသူ တပည့်များ ရှိနေ၏။ ရှိခဲ့၏။ ရှိနေဦးမည်။

၅။

ဆရာနှင့်ပတ်သက်၍ မြန်မာအမျိုးသားတယောက်၊ အိန္ဒိယအမျိုးသားတယောက်၊ ဂရိအမျိုးသားတယောက်တို့ ၏ သဘောထားခံယူချက်ကို ပြတ်ပြတ်ထင်ထင် မြင်လိုက်ရ၏။
မြန်မာအမျိုးသား၏သဘောထားကား ရှင်း၏။ ပြတ်သား၏။ အစွဲသန်၏။ "မှားတာမှန်တာ မစဉ်းစား၊ ဆရာဘက်
မှာရပ်တည်ဖို့ သာ စဉ်းစား၏။" မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး စသောစ
သောအရေးအရာများတွင် ရှေ့ကသွားနှင့်ပြီးသူ ဆရာ့ဆရာတွေ၏"အလွဲ"တွေကို ယခုလက်ရှိတပည့်တွေက
"ဆရာစွဲစိတ်"ဖြင့် ဖုံးကွယ်ထိန်ချန်ထားခြင်းအကျိုးဆက်တွေကရော ဘာတွေလဲ------။
ဆရာလွဲမှားခဲ့သမျှကို "ဆရာစွဲ"နှင့် ဆုပ်ကိုင်လေသောအခါ အထိနာ၏။ အကျည်းတန်၏။ မောဟအမှောင်ဖုံး
လွှမ်း၏။ ဉာဏ်အလင်းကွယ်၏။ သစ်ကိုင်းအဖျားဘက်မှာ ခွထိုင်ပြီး သစ်ကိုင်းအရင်းကို ခုတ်ဖြတ်နေသူမျိုး ဖြစ်နေ၏။ (ကိုယ့်ဆရာအမှားကို စနစ်တကျဝေဖန်လာသူအပေါ် စိတ်ဆိုးမာန်ဆိုးဖြစ်ကြသူများ သတိပြုကြပါ။)
အိန္ဒိယအမျိုးသား၊ ဂရိအမျိုးသားတို့ကား "ဆရာစွဲ"ကင်းစွာဖြင့် "ဆရာ့အလွဲ"များကို ဖောက်ချနိုင်ခဲ့ကြ၏။
ပြင်စရာရှိသည်များကိုပြင်၊ အသစ်ရှာဖွေရရှိချက်များကိုလည့်းဖြည့်ပေးခဲ့ကြ၏။ ဆရာထက်သာလွန်ထက်မြက်
သော တပည့်များအဖြစ် မော်ကွန်းကမ္ပည်းထိုးနိုင်ခဲ့ကြ၏။
ထိုအမျိုးသား ၃ ယောက်ဖြစ်ရပ်ကို အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်မိရာမှ မေးခွန်း ၃ ချက်ထွက်လာ၏။
လူသိထင်ရှား ဖြေကြားရန်မလိုပါ။ မိမိကိုယ်မိမိ မှတ်ကျောက်တင်ကြည့်စေလိုပါ၏။
ဆရာလွဲမှားသည်ကို ဆရာစွဲဖြင့် ဆက်လက်ဆုပ်ကိုင်မလား-------------------------------။
ဆရာစွဲကင်းကင်းဖြင့် ဆရာ့အလွဲများကို အမှန်ပြင်ဆင်နိုင်အောင် ကြိုးစားမလား----------။
ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်ဆရာဘက်က ရပ်တည်ခြင်းသည် တပည့်ကောင်းတို့ ၏ အပြုအမူလား----။

အမရဒီပ
သြဂုတ်လ ၁၂ ၊၂ဝ၁၁


စာကိုး။
၁။ လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒစွယ်စုံကျမ်း)
၂။ သီလက္ခန်အဋ္ဌကထာဘာသာဋီကာ၊ ၁
၃။ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ ဆန်းလွင်
၎။ ဒုတိယအတွေး၊ မောင်ဝံသ

No comments: