Total Pageviews

Saturday, March 10, 2012

ဦးဝင်းတင် နှင့် မဲဇာ


အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သောအာရှအသံ (Radio Free Asia-RFA) ၏
မြန်မာအစီအစဉ်အပတ်စဉ်ကဏ္ဍတွင် "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း"အစီအစဉ်လည်း
ပါဝင်လေသည်။

RFA က ယင်းအစီအစဉ်မိတ်ဆက်တွင် "ထောင်ဒဏ် ၁၉ နှစ်ကျခံခဲ့ရပြီး ၂ဝဝ၈ ခုနှစ်မှာ ပြန်လွတ်လာတဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်ရဲ့ ဘဝအတွေ့ အကြုံ နဲ့ ခံစားမှုတွေကို "ခေတ်ဝန်ကိုထမ်း၍ခေတ်လမ်းကိုလျှောက်ခြင်း" ခေါင်းစဉ်နဲ့  RFA က ကြာသပတေးနေ့ ညတိုင်း
တင်ဆက်နေပါတယ်" ဟုဖော်ပြထားသည်။ http://www.rfa.org/burmese/ သို့  သွားကြည့်ပါလေ---။
(NLD ဗဟိုအလုပ်အမှုဆောင်ဟုဆိုသော်လည်း ပါတီ၏ဖွဲ့ စည်းပုံအသစ်အရ NLD ပါတီနာယကအဖွဲ့ ဝင် ဦးဝင်းတင်ဟု ပြင်ဆင်နိုင်ပါသည်။)

နှစ်ပေါင်း ၂ဝ နီးပါးထောင်အတွေ့ အကြုံများစွာအနက် ဦးဝင်းတင်သည် ထောင်အတွင်းပျင်းရိငြီးငွေ့ မှု
ပြည့်နှက်နေသော အကျဉ်းသားဘဝကို ကျော်ဖြတ်ရင်းအဟိတ်တိရစ္ဆာန်များဖြစ်သော ခြင်၊
ပုရွက်ဆိတ်၊ ကြောင်၊ငှက်များနှင့် တွေ့ ဆုံခဲ့ရပုံအကြောင်းကို "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း"
အစီအစဉ်တွင်စိတ်ဝင်စားဖွယ်ပြောပြထားသည်။ ဦးဝင်းတင်နှင့်အဟိတ်လောကအကြောင်းနားထောင်ရင်း
ကျီးကန်းကလေး "မဲဇာ"အကြောင်းကိုကြားလိုက်ရ၏။ ဦးဝင်းတင်က သူ၏ထောင်တွင်း
မိတ်ဆွေတဦး---အဲ---တကောင်ဖြစ်သူကျီးကန်းကလေးကို အမည်ပေးထားသည်။ "မဲဇာ"-----။

နိုင်ငံရေးအကျဉ်းသားဦးဝင်းတင်သည် ပြောင်းလဲလာသောအခြေအနေအရ မြန်မာ့ရုပ်မြင်သံကြား
အစီအစဉ်ကို ထောင်တွင်းမှာ ကြည့်ရှုခွင့်ရသည်။ ရုပ်မြင်သံကြားတွင် အဆိုတော် ကိုင်ဇာကို သူတွေ့ ရသည်။ 
စစ်အစိုးရ၏ မူဝါဒဖြန့် ချီရေးဖြစ်သော "ပေါ်လစီသီချင်း"ကို သီဆိုပေးသော ကိုင်ဇာကို မြင်ခဲ့ပုံပေါ်၏။
နာမည်ကျော်လူရွှင်တော် ဇာဂနာ ထောင်တွင်းမှာ သီချင်းဆိုလွန်းသည့်အတွက် ထောက်လှမ်းရေးက ခဲနှင့်
ပေါက်ရာ ဇာဂနာအလွန်စိတ်ဆိုးကြောင်းကိုလည်း ဦးဝင်းတင်အမှတ်ရမိသည်။ ကိုင်ဇာ--ဇာဂနာ-- သူ့ စိတ်မှာ " ဇာ ၂ ဇာ"ကို အမှတ်ရနေမိခဲ့သည်။ သူ့ မိတ်ဆွေကျီးကန်းကလေးကို အမည်ပေးမည်စိတ်ကူးသောအခါ
 ဇာ ၂ ဇာ ကနေ "ဇာ ၃ ဇာ "ဖြစ်သွားအောင် ကျီးပေါက်စကလေးကို "မဲဇာ"ဟု အမည်ပေးလိုက်လေသည်။

--"ဇာဂနာ---ကိုင်ဇာ----မဲဇာ----"  ဇာ ၃ ဇာ---။

ဦးဝင်းတင်က ကျီးကန်းကလေးမဲဇာနှင့် ဆုံတွေ့ ခဲ့ရပုံအကြောင်း ပြောပြသည်။

--" (နာဂစ်) မုန်တိုင်းတိုက်ပြီးနောက် နောက်တနေ့ လည်းကျရော ကျနော့်အခန်းကို ကျီးကန်းပေါက်ကလေး
တကောင် တက်လာတယ်ဗျ၊ သံတိုင်ကြားကနေ ဝင်လာတယ်ပေါ့ဗျာ။ ငယ်ငယ်လေး---အာခေါင်နီလေးပေါ့ဗျာ-။
ကျနော်လဲ မုန့် လေးဘာလေးတွေချကျွေးတာပေါ့ဗျာ၊ ကျီးကန်းက ကောက်မစားတတ်ဘူးဗျ၊ ဒီလိုပဲ နေ-နေတယ်။ အဲဒါနဲ့ သူ့ ကို အသာကလေး သွားဖမ်းလိုက်တဲ့အခါ ဖမ်းမိတော့ ပါးစပ်ကိုဖြဲပြီး ---ပြီးတော့ ဘီစကစ်လေး ဘာလေး ဝါးပြီးတော့ ပါးစပ်ထဲထည့်--ထည့်ပြီးတော့---။

ဒီကောင်ကျီးကန်းက ကျနော့်အခန်းထဲမှာပဲ နေတော့တာပဲဗျ၊ သူ့ ကိုထမင်းကျွေးတယ်၊ မနက်ကျ ဆန်ပြုတ်ကျွေးတယ်၊ အသားကလေးဘာလေးဖဲ့ကျွေးတယ်။

ကျနော့်အခန်းမှာ ကြောင်ရှိတယ်၊ ကျနော်က သူ့ ကိုကိုက်မှာစိုးတယ်၊ အဲဒီအချိန်မှာ ကြောင် ၃ ကောင် ၄ ကောင်လောက် ကျနော့်အခန်းမှာ ရှိတယ်ဗျ၊ ဒီကောင်လဲ ကြောင်ကိုက်တော့ခံရတော့မှာပဲ ဆိုပြီးတော့ ကြောင်တွေကို တည့်အောင်ဆိုပြီးတော့ တို့ ပေး-တို့ ပေးတော့ ကြောင်တွေက မကိုက်တော့ဘူးဗျ၊ သူကကြောင်တွေကိုဆိတ်လိုဆိတ်----။ 
တချို့ ကြောင်တွေက သူ့ ကိုရှောင်ပြေးနေရတယ်။ 

၁ဝ ရက်လောက်ကြာတဲ့အခါကျနော်စဉ်းစားမိတယ်၊ ဒီကောင်က လူနဲ့ နေရင် ---ဒီတိုင်းနေရင် ကျီးကန်းဖြစ်တော့
မှာမဟုတ်ဘူး၊ မင်းလဲဒီတိုင်းနေရင် ဘယ်မှလဲရောက်မှာမဟုတ်တော့ဘူး။ ကျနော်ကသူ့ ကို ဘာလုပ်လဲဆိုတော့ စားသောက်ကျွေးမွေးပြီးရင် ကျနော်က အမိုးပေါ်ပစ်တင်တယ်ဗျ၊ နောက်ထပ် တလ--တလကျော်လောက်ကြာတဲ့
အခါကျတော့ ကျနော်က ကျနော့်အမိုးပေါ်လဲ မတင်တော့ဘဲနဲ့  သူ့ ကို အစားအသောက်တွေဘာတွေကျွေး၊
 ကျွေးပြီးရင် ကျနော့်ရှေ့မှာရှိတဲ့ တမာပင်တို့ ၊ ဗန်ဒါပင်တို့ အပေါ် ကျနော် ပစ်-ပစ်တင်တယ်ဗျ။ ဒါမှလဲ ပျံတတ်
မယ်၊ ကျီးကန်းဖြစ်မယ်ပေါ့ဗျာ။ တခြားကျီးကန်းတွေနဲ့ လဲ ရောရောထွေးထွေးဖြစ်သွားမယ်၊အစုအဖွဲ့ ထဲ ပါသွားမယ်၊ သင်းကွဲကျီးကန်းဖြစ်မနေတော့ဘူးပေါ့။

၁ လကျော်ကျော်လောက်ကြာတဲ့အခါကျတော့ တော်တော့ကို ပျံနိုင်ပြီ။ မနက်တိုင်းကို ကျနော်လမ်းလျှောက်ပြီ
ဆိုရင် ကျနော့်ပုခုံးပေါ်ကို လိုက်နားတယ်။ နောက်ကျတော့ ကျနော့်ပုခုံးပေါ်မနားတော့ဘူး။ ကျနော့ဘေးမှာ နားတယ်။ ကြောင်တွေကလဲ ရှိတယ်။ မနက်တိုင်ကို မုန့်လေးတွေ ဘီစကစ်တို့ ဘာတို့ ယူသွားရတယ်ဗျ။
 ကြောင်တွေကို ဖဲ့ကျွေးလိုက်၊ လမ်းလျှောက်လိုက်၊ ကြောင်တွေကလဲ ကျနော့်နောက်ကနေ လိုက်လိုက်နေတယ်။ ကျီးကန်းကလဲ လျှောက်လိုက်နေတာပေါ့ဗျာ။

နာဂစ်မတိုင်ခင်က တီဗီတို့ ဘာတို့ ကြည့်ရတယ်ဗျ၊ နာဂစ်ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုလမ်းလျှောက်ခွင့်ပေး
တယ်ဗျ။
(ဤနေရာတွင် ဗိုလ်ချုပ်ကြီးခင်ညွန့် ၏ထောက်လှမ်းရေးဗိုလ်ချုပ်များ အင်းစိန်ထောင်သို့  အကျဉ်းသားများအဖြစ်
ရောက်လာပုံ၊ တချိန်က ဦးဝင်းတင်တို့ လို နိုင်ငံရေးလှုပ်ရှားသူများကို နှိပ်စက်ခဲ့သူများဖြစ်သော်လည်း ဦးဝင်းတင်
တို့ က အကျဉ်းသားဘဝတွင် စာနာနားလည်မှုဖြင့်ဆက်ဆံခဲ့ပုံ၊ ထောက်လှမ်းရေးဗိုလ်ချုပ်များကိုလမ်းလျှောက်ခွင့်
ပေးပြီးနောက် သူတို့ မရှိတော့သည့်နောက်ပိုင်းတွင်လည်း ဦးဝင်းတင်တို့ ကို လမ်းလျှောက်ခွင့်ပေးခဲ့ပုံကိုဆက်
လက်ပြောပြသည်။)

အဲဒီမှာ ကျနော်လမ်းလျှောက်တာ ---။ ကျနော့်ကျီးကန်းက ကျနော်သွားလေရာ လိုက်--လိုက်ပြီးတော့ နေတယ်။
စောစောကပြောခဲ့သလိုပဲ ဒီကောင်ကို နာမည်တော့ ပေးမှပဲ ဆိုပြီးတော့ "မဲဇာ"ဖြစ်တော့ကွာ၊ "မဲဇာ"ဆိုတာ "ထောင်"ဆိုတဲ့ အဓိပ္ပါယ်လဲပါတယ်ဆိုတော့ ကျနော်သူ့ ကို "မဲဇာ" "မဲဇာ" ပဲ ခေါ်တယ်။ ဒီကောင် အတော်ကြီးတဲ့ အထိအောင်ကို ကျနော်အခန်းမှာဒီလိုပဲ လာ--လာစားနေတာကိုး---။ သူပျံနိုင်နေပြီ။ ကျနော်လွတ်တာ စက်တင်ဘာလဆိုတော့ သူကမေလ (ဖွား)ဆိုတော့ ၅ လရှိပြီ။ တော်တော်ကို ပျံနေပြီ။

အရင်တုန်းကလို ကျနော်ခေါင်းရင်းအပေါ်မှာပဲ အိပ်နေတာ မဟုတ်တော့ဘူး။ ကျီးအုပ်နဲ့ အတူပျံနေပြီ။ သို့သော် စားတာသောက်တာကတော့ ကျနော့်အခန်းကို ဒီအတိုင်းပဲ ဝင်လာတာပဲဗျာ။ ကျနော်က "မဲဇာ" "မဲဇာ" ထွက်ခေါ်
လိုက်ရင် ဝင်ချလာတာပဲ--။ ဟို---ဝင်ချလာတာပဲဆိုတာ တံခါး ၂ ခုကို ဖြတ်ရတာ--။ ရှေ့ က အုတ်တံတိုင်းမှာ
ထားတဲ့ သစ်သားတံခါး-----ပြီးတော့ သံတံခါး----။

စားသောက်---။ ကြောင်တွေကလဲ သူ့ ကိုဘာမှမလုပ်--။ ကျနော်ပြန်လာတဲ့အချိန်ထိ ဒီလိုပဲ လှုပ်ရှားသွားလာ
နေတာပဲ"

ဦးဝင်းတင်ထောင်မှလွတ်မြောက်ပြီးနောက် (ကို)ဇာဂနာ ထောင်သွင်းအကျဉ်းချခံရပြန်သည်။ အင်းစိန်ထောင် ရှိ ဆရာဦးဝင်းတင်ကျွေးမွေးပြုစုကာကျီးကန်းလားမြောက်အောင် စောင့်ရှောက်ခဲ့ရသော ကျီးကန်းကလေး"မဲဇာ"
ကို လူရွှင်တော် ဇာဂနာကပင် ဆက်လက်ကျွေးမွေးပြုစုစောင့်ရှောက်ကြောင်း ဆရာဦးဝင်းတင်က သူ၏
ပြောပြချက်တနေရာတွင် ပြောပြခဲ့လေသည်။
(လူဆိုရင်လူလားမြောက်--လို့ သုံးနိုင်သည်။ ကျီးကန်းဆိုတော့ ကျီးကန်းလားမြောက်အောင်ဟု သုံးလိုက်သည်။)

စာရေးသူ၏စိတ်ကူးအမြင်တွင် ဆရာဦးဝင်းတင်၏အသွင်အပြင်ပုံစံ၊ ပုခုံးပေါ်နားနေသော ကျီးကန်းကလေးမဲဇာ၊ ကျီးကန်းကလေးကိုယ့်ခြေထောက်ကိုယ်ရပ်နိုင်အောင်(သို့ မဟုတ်) ပျံတတ်သောငှက်ဖြစ်အောင်ကျီးကန်းကလေး
ကို လေ့ကျင့်သင်ကြားပေးခဲ့သော ဆရာဦးဝင်းတင်၏စိတ်ဓာတ်နှင့် အပြုအမူတို့ ကို မြင်ယောင်နေမိပါသည်။

ဆရာဦးဝင်းတင်၏ မတ်လ ၁၂ ရက် ၊ ၂ဝ၁၂ ရက်နေ့ ကျရောက်သော ၈၂ နှစ်ပြည့်မွေးနေ့ တွင် ကျန်းမာရွှင်
လန်းစွာ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်နိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

အမရဒီပ
၃-၁ဝ-၂ဝ၁၂


No comments: