Total Pageviews

Wednesday, November 12, 2014

ဆိတ်စာ

ညောင်ကန်ဆရာတော် ၊ ဦးဗုဓ်ခေါ်၊ ထုတ်ဖော်မိန့် ခဲ့ရာ။
လူနတ်ဗြဟ္မာ ၊ ကဲ့ရဲ့မှာ ၊ ဆိတ်စာမကြောက်ရာ။
ဘုရားကဲ့ရဲ့ ၊ ကြောက်သူကွဲ့ ၊ ရောက်မယ့်နိဗ္ဗုတာ။

ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ ၊ စာမျက်နှာ ၃၄၃၊ လှေသင်းမင်းကျောင်းဆရာတော်အကြောင်းမှာ ဒီသံပေါက်ကဗျာစုကို တွေ့ မိတော့  ဒုတိယသံပေါက်မှာပါတဲ့ (ဆိတ်စာ) ဆိုတဲ့ ဝေါဟာရထူးအကြောင်းပြောချင်လာပါတယ်။
စုံထောက်မောင်စံရှားဝတ္ထုလား၊ ဆားပုလင်းနှင်းမောင်ဝတ္ထုလား သေချာမမှတ်မိပါဘူး။ " ဒီအကြောင်း တဆိတ်လောက်ပြောပါဦး" လို့ ဖတ်မိဖူးတယ်။

အညာဒေသမှာတော့ "ငပိစိမ်းစားကလေး ဆိတ်စာလောက်ပေးပါ" ဆိုတာ သုံးကြတယ်။

ဒီဝေါဟာရထူးကို ရှေးစာတွေမှာတော့ မက်မက်စက်စက်သုံးကြတယ်။
တထွေတလာ
သည်တခါတွင်
ဆိတ်စာလွဲချော်
သနားတော်ကို
ထိပ်ပေါ်တံ့တံ့
ခံ့ပါစံ့ဟု ။ (သူဇာပျို့ -၃၆။)

ဘယ်ရပ်ဘယ်ရွာ ၊ ဘယ်ခမ်းဝါက ၊ ကြွလာသတုန်း
ဆိုင်းပါအုန်းသည်တွင် ၊ ဝင်ပါအုန်းရှင်ဘုရား၊ နားပါအုန်းဆိတ်စာ
ခရီးပမ်းလို့ ၊ ညှိုးနွမ်းရှာရော့မည်။ (ဦးပုည၊ ဥပက နှင့်မဆာဝါ-တရားဟောစာ)

ဆိတ်စာ ကို မြန်မာအဘိဓာန်က အနည်းငယ်၊ တဆိတ်စာလို့  အနက်ဖွင့်ပြတယ်။

အမရဒီပ
နိုဝင်ဘာ ၁၂၊ ၂ဝ၁၄
စာကိုး။ နန်းစကား မန်းစကား မြန်မာတို့ ရဲ့ မြန်မာစကား၊ လူထုစိန်ဝင်း။